ငှက်မွှေး နှုတ်ပြီ
Vol. 92 Ch. 1196
နဂါးအရှင်ဘုရင်၏ ကိုယ်ပေါ်ရှိ နဂါးကြေးခွံများမှာ တစ်ချပ်မှာ မကျန်သည့်တိုင်အောင် အခွာခံလိုက်ရတော့သည်။ ခွာစရာကြေးခွံ တစ်ချပ်မှ မတွေ့လျှင် သကောင့်သားလေး ချင်မူသည် သူ၏နှုတ်ခမ်းမွှေးများကိုပင် ဆွဲနုတ်သွားသေး၏။
“အောင်မြင်ဖို့ တဲတဲလေးပဲ လိုတော့တယ်”
ချင်မူက ဝမ်းသာအားရဖြင့် ဖုန့်ချိုးယွင်ဆီ လှမ်းပြုံးပြကာ လက်ယမ်းပြနေသည်။ “မမကြီးချိုးယွင်ရေ၊ မမကြီးဆီက ကျွန်တော် ငှားစရာလေး ရှိတယ်ဗျ”
ဖုန့်ချိုးယွင်၏မျက်နှာမှာ သွေးဆုပ်ဖြူလျော်သွား၏။ သူမက စိတ်အားတင်းလျက် သူ့ဆီ လျှောက်သွားပြီး ဇာမဏီငှက်မွှေးတစ်ချောင်း နုတ်ပေးလိုက်သည်။ “ငါ့ငှက်မွှေးတွေက အကြိမ်တစ်ထောင် အသ,ခံထားရမလို့ တစ်ချောင်းစီတိုင်းက အင်မတန်မှ ထူးခြားတဲ့ ရတနာတစ်ပါးပဲ... ငါ ငှက်မွှေးတစ်ချောင်း နုတ်ပေးလိုက်ရင် ကမ္ဘာဦးဘုံသားတိုင်း သွပ်သွပ်ခါအောင် ရူးသွားနိုင်တယ်”
နဂါးအရှင်ဘုရင်သည် ဒေါသတကြီး ဝင်ပြော၏။ “ငါတို့နဂါးအရှင်မျိုးနွယ်ရဲ့ နဂါးကြေးခွံတွေက မင်းတို့ဇာမဏီငှက်မွှေးထက် အဆတစ်ရာ ပိုတန်ဖိုးရှိတယ်ကွ... ငါတို့အားလုံး အပြောင်ခွာခံခဲ့ရတာအောင် မင်းက အမွှေးသ, ချင်နေသေးတယ်ပေါ့”
ဖုန့်ချိုးယွင်က သူ့ကို အဖက်မလုပ်ဘဲ ဇာမဏီငှက်မွှေးကို ချင်မူ့ဆီ ပေးလိုက်သည်။
ချင်မူက နဂါးအရှင်ဘုရင်ကို နှစ်သိမ့်ပေးနေ၏။ “ပြီးတော့မှာပါဗျာ... တကယ် ပြီးတော့မှာပါ”
ဖုန့်ချိုးယွင်မှာ မနေနိုင်ဘဲ ပြောမိတော့သည်။ “နင် အဲဒီစကားကို တတိယမြောက် နဂါးအရှင်ဆီက ကြေးခွံခွာနေကတည်းက ပြောနေတာလေ”
ချင်မူက သွားဖြဲပြလိုက်သည်။ “ဒီတစ်ခါတော့ မတူဘူး... တကယ် အောင်မြင်တော့မှာ”’
ဘုန်း
ဝေစွေ့ဖုန်းက အင်္ကျီလက်အိုးများကို မြှောက်တင်လိုက်ပြီး ခုနစ်ရောင်ခြယ် နေတစ်စင်း ကောင်းကင်ထက်တွင် ပေါ်ပေါက်လာ၏။ ဖုန့်ချိုးယွင်းမှာ ရောင်စုံဖြာနေသော နေလုံးကြီးကို ခါးသီးစွာ မော့ကြည့်နေလေသည်။
သူမကိုယ်ပေါ်ရှိ ဇာမဏီငှက်မွှေးများ တစတစ နည်းလာသည်။ မသိလိုက်မသိဖာသာဖြင့် တစ်ဝက်ကျော်မှာ ချင်မူ၏ သုတေသနအတွက် အနုတ်ခံရပြီးချေပြီ။ သို့သော် ချင်မူ၏စမ်းသပ်မှုများမှာ အစပိုင်းတွင် အလွန်ချောမွေ့ခဲ့သော်လည်း နောက်ဆုံးအခိုက်အတန့်ရောက်မှ အမြဲရှုံးနိမ့်သွားတတ်ရာ သူမ၏ငှက်မွှေးများမှာ တဘုန်းဘုန်း ပေါက်ကွဲနေတော့သည်။
ချင်မူက တစ်ကြိမ်မအောင်မြင်တိုင်း အချိန်ယူ စဉ်းစားတတ်သည်။
ဤသို့ဖြင့် နောက်ထပ် လဝက်ကြာသွားသည်။ ဝေစွေ့ဖုန်းပင်လျှင် စိတ်မရှည်တော့သည့်တိုင်အောင် ညှင်းပန်းနှိပ်စပ်ခံနေရလေသည်။ သူ့မှာ စိတ်ပျက်လက်မှိုင်ကျလာသော်လည်း သူ့ကိုယ်သူ အားတင်းထား၏။
နာမည်ကျော်ကြားသော အဆုံးမဲ့တိမ်တိုက်ဧကရာဇ်အနေဖြင့် သူသည် ဒုက္ခမုန်တိုင်းများစွာ ရင်ဆိုင်ကြုံတွေ့ဖူးသလို၊ မရေမတွက်နိုင်သော သူရဲကောင်းတို့၏ တိုးတက်မှု၊ ကျရှုံးမှုများကို မြင်ဖူးသည်မဟုတ်ပါလော။ လူကို ဖျက်စီးသည်က ပြင်ပအန္တရာယ်များမဟုတ်ဘဲ ထိုလူ၏ တာအိုနှလုံးသားပင် ဖြစ်ကြောင်း သူ ကောင်းကောင်း သိလေသည်။
ရှုံးနိမ့်မှုကြောင့် တာအိုနှလုံးသား ပြိုလဲသွားသူများအနေဖြင့် ဘယ်တော့မှ နလန်ပြန်ထူနိုင်တော့မည်မဟုတ်ပေ။
ဤသဘောတရားကို သူ နားလည်သော်လည်း နဖူးတွေ့ဒူးတွေ့ ကြုံရသည့်အခါ သည်းခံနိုင်စွမ်းမှာ ကျဆင်းလာတော့သည်။
“ဒါပေမဲ့ ညီလေးကြည့်ရတာ မူလရည်ရွယ်ချက် မပျောက်သေးပုံပဲ.... ပြောရရင် ရှုံးပြီးရင်း ရှုံးနေရင် သူ အတော်လေး စိတ်ဓာတ်ကျနေရမှာ... အခုတော့ ကြည့်ရတာ အဆင်ပြေတဲ့ပုံပဲ... မဟုတ်ဘူး.. သူက နှလုံးသားမရှိတဲ့ ကောင်ပဲ ဖြစ်ရမယ်”
သူ့မှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ချင်မူ့အပေါ် လေးစားနေမိသည်။ ‘အဆုံးထိ တိုက်ခိုက်နေတဲ့ အကျင့်စရိုက်.. အဲဒါကပဲ သူ ကောင်းကင်နတ်အရှင်မူအဖြစ် ချီးမြှောက်ခံခဲ့ရတဲ့ အကြောင်းရင်း ဖြစ်ရမယ်... အဲဒါကြောင့်ပဲ ငါက သူ့အောက် နိမ့်ကျနေတာ”
ရုတ်တရက် ချင်မူက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “အောင်မြင်ပြီ”
အားလုံး စိတ်လှုပ်ရှားလာကြကာ ချင်မူ့လက်ဆီသို့ ကပျာကယာ လှမ်းကြည့်ကြသည်။ သူကား ဇာမဏီငှက်မွှေးတစ်ချောင်းကို ကိုင်ထားလေသည်။
ချင်မူသည် ငှက်မွှေးကို ညင်ညင်သာသာ လှုပ်ခတ်လိုက်ရာ ငှက်မွှေးမှာ ခုနစ်ရောင်တောက်လာသည်။ အလင်းရောင်တို့က တဖျတ်ဖျတ် လက်နေပြီး နတ်စွမ်းအားတို့ ကိန်းဝပ်နေ၏။
ချင်မူ့အသွင်မှာ စိတ်လှုပ်ရှားနေဟန်မပေါ်သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်မှာ တစတစ တောက်ပလာသည်။ သို့သော် များစွာမကြာလိုက်ဘဲ သူ၏ ဖိနှိပ်ခြင်း ခံလိုက်ရသည်။
“အားလုံး စိတ်အေးအေးထားကြပါ”
ချင်မူက လူတိုင်းကို နှစ်သိမ့်ပေးနေသည်။ “ပေါက်ကွဲကုန်ကြဦးမယ်.... မမကြီးချိုးယွင်၊ အောင်မြင်နှုန်းကို ထိန်းဖို့ နည်းနည်းလောက် ထပ်စမ်းရဦးမယ်သိလား”
ဖုန့်ချိုးယွင်မှာ အံတင်းတင်းကြိတ်၍ ငှက်မွှေးဆယ်ချောင်းကျော် နုတ်ပေးလိုက်ရသည်။ သူမက ကပျာကယာ မေးလေသည်။ “လောက်ပြီးလား ဒီလောက်ဆို”
ချင်မူက ဖြေရခက်နေသော အမူအရာဖြင့် ပြောသည်။ “ထိုက်ကျိနတ်ကျောက်တုံးကို သုံးရုံပဲဆို လောက်ပါတယ်... မအောင်မြင်ရင်တောင်မှ ကျရှုံးနိုင်ခြေက သိပ်မမြင့်ဘူး.. ဒါပေမဲ့ ထိုက်ကျမူလကျောက်တုံးကို သုံးဖို့ လိုနေသေးတာ မမကြီးရယ်... ထိုက်ကျိမူလကျောက်တုံးရဲ့ စွမ်းအားက ထိုက်ကျိနတ်ကျောက်တုံးထက် အစွမ်းထက်တာဆိုတော့လေ.....”
ဖုန့်ချိုးယွင်သည် မာထန်နေသော အမူအရာဖြင့် ငှက်မွှေးတစ်ရာကျော် နုတ်ပြီး သူ့ဆီ အကုန်ပေးလိုက်၏။ သူမက ခပ်သွက်သွက် လှည့်ထွက်သွားကာ မှင်သေသေ လှမ်းပြောသည်။ “ငါ့ကိုယ်ကို ခြုံဖို့ အဝတ်စား သွားရှာလိုက်ဦးမယ်.. နင် အောင်မြင်သွားရင် လှမ်းခေါ်လိုက်”
ချင်မူက ခေါင်းညိတ်ပြီး ငှက်မွှေးများအား သိမ်းလိုက်သည်။
ဝေစွေ့ဖုန်းက ခပ်တိုးတိုး ကပ်ပြော၏။ “ညီလေး၊ ငါတို့ ငှက်မွှေးတွေ မသုံးတော့ဘူးလား... ငါတို့ ဆံပင်မွှေးတွေကိုလည်း စမ်းသပ်လို့ ရတယ်ထင်တယ်နော်”
“အာ... ဟုတ်သားပဲဗျာ ချီးပဲ ကျွန်တော် မေ့သွားတယ်”
ခပ်လှမ်းလှမ်းရှိ ဖုန့်ချိုးယွင်မှာ ဒူးများ ညွတ်ကျသွားကာ လဲသွားတော့သည်။ ထို့နောက် ပြန်လှည့်မကြည့်ဘဲ ထထွက်သွား၏။
ချင်မူက ထိုက်ကျိနတ်ကျောက်တုံးဖြင့် ဆယ်ကြိမ်ကြော် စမ်းသပ်ပြီးနောက် အောင်မြင်နှုန်းကို ထိန်းနိုင်သွားသည်။ ထို့နောက် ထိုက်ကျိမူလကျောက်တုံး ထုတ်ကာ ဆက်စမ်းနေလေသည်။
ထိုက်ကျိမူလကျောက်တုံးအတွင်းရှိ ယင်နှင့်ယင် ပြောင်းလဲခြင်းသဘာဝမှာ ပို၍ပင် ရှုပ်ထွေးသည့်အပြင် နားလည်ရန်လည်း ပိုခက်သည်။ ချင်မူမှာ အကြိမ်များစွာ ကျရှုံးနေပြီး ရှုံးနိမ့်သွားတိုင်း ထိုက်ကျိမူလကျောက်တုံးဆီမှ ယင်ယန်ပြောင်းလဲခြင်းသဘာဝအား ဆင်ခြင်သုံးသပ်နေရသည်။
ယခုထိ မအောင်မြင်သေးသော်လည်း ထိုက်ကျိတာအိုအပေါ် သူ၏နားလည်မှုမှာ ပို၍ပင် နက်ရှိုင်းလာခဲ့သလို၊ တွေးခေါ်နိုင်စွမ်းလည်း ပိုမိုမြင့်မားလာခဲ့ချေပြီ။
‘အိပ်မက်ထဲကနေ အဖြေရှာမရတာ ဆိုးတာပဲ... မဟုတ်ရင် ထိုက်ကျိကျောက်တုံးရဲ့ သဘာဝကို နားလည်အောင် လုပ်ဖို့ ဒီလောက် အချိန်ပေးနေစရာ မလိုဘူး’
ချင်မူ တစ်ယောက်တည်း သက်ပြင်းချနေမိသည်။ ထိုက်ကျိမူလကျောက်တုံးအတွင်း၌ နက်ရှိုင်းသိမ်မွေ့သော ပကတိအမှန်တရားတို့ ကိန်းဝပ်နေ၏။ ဒြပ်ထုမှ စွမ်းအင်၊ စွမ်းအင်မှ ဒြပ်ထုသို့ ကူးပြောင်းပေးရုံလောက် မရိုးရှင်းပေ။ မဟာတာအို၏ ဆင့်ကဲပြောင်းလဲမှုလည်း ပါဝင်နေသေးသည်။ ယင်းက အချိန်တိုအတွင်း အဖြေထုတ်နိုင်မည့်အရာမဟုတ်။
သို့သော် ထိုက်ကျိမူလကျောက်တုံးကို အသုံးပြု၍ ဒြပ်ထု-စွမ်းအင်ပြောင်းလဲကြည့်ခြင်းဖြင့် အောင်မြင်နှုန်းကား ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းသို့ ရောက်နေချေပြီ။
သူ့အနေဖြင့် မဟာကမ္ဘာဦးအစ မူလကျောက်တုံး (ထိုက်ချူမူလကျောက်တုံး) ကို ထုတ်ကာ အားလုံး၏ စွမ်းအင်ကိုယ်ထည်များကို သက်ရှိကိုယ်ထည်အဖြစ် ပြောင်းလဲနိုင်ရန် ယုံကြည်ချက် ရှိသည်။ သို့သော် ထိုက်ချူမူလကျောက်တုံးမှာ အားလုံး၏ ရုပ်ခန္ဓာနှင့် မှော်စွမ်းအင်ကိုသာ ဖွဲ့တည်ပေးနိုင်၏။ အားလုံး၏ သိုင်းအခြေခံများကို ပြန်မပြောင်းပေးနိုင်ပေ။
သို့သော် ထိုက်ကျိမူလကျောက်တုံးကတော့ မတူ။
ထိုက်ကျိမူလကျောက်တုံးသည် အားလုံးကို အပြီးပြည့်စုံဆုံးသော အခြေအနေသို့ ပြန်ပို့ပေးနိုင်သည်သာမက ပို၍ပင် သန်မာအားကောင်းလာစေနိုင်၏။
မှန်၏၊ ဆံပင်မွှေးများ၊ အကြေးခွံများ၊ ငှက်အမွှေးအတောင်များတော့ ပြန်ပေါက်လာမည်မဟုတ်ပေ။ ၎င်းတို့က သဘာဝအလျောက်သာ ပြန်ပေါက်နိုင်မည်။
ချင်မူသည် ကျန်ရှိသော ဇာမဏီငှက်မွှေးများကို ဆက်လက်စမ်းသပ်နေပြီးနောက်ဆုံး အောင်မြင်သွား၏။ ထိုက်ကျိမူလကျောက်တုံး၏အစွမ်းဖြင့် ငှက်မွှေးက ခုနစ်ရောင်တောက်လာသည်။ အတွင်းထဲရှိ နတ်စွမ်းအင်မှာ ပေါများနေပြီး ဇာမဏီမျိုးနွယ်၏ တာအိုသင်္ကေတအမှတ်အသားများပင် ပြည့်နှက်နေသည်။
ချင်မူက ငှက်မွှေးကို အသာအယာ ခါလိုက်ရာ ခုနစ်ရောင်အလင်း ဖြာထွက်သွားသည်။ ဝှစ်ခနဲ လေအဝှေ့နှင့်အတူ သူ့အရှေ့ရှိ တောင်ကြီးတစ်လုံး ကြေမွသွားသည်။
‘ဒီငှက်မွှေးက ဖုန့်ချိုးယွင်ရဲ့ မူလငှက်မွှေးထက်တောင် မာကြောလာပါလား’
သူက ခေါင်းညိတ်လိုက်၏။ ဝေစွေ့ဖုန်း၊ နဂါးအရှင်ဘုရင်နှင့် ကျန်ရှိသူများမှာ မျှော်လင့်အားကိုးနေသော အမူအရာများဖြင့် သူ့ကို ကြည့်နေကြပြီး သူ စကားပြောမည်ကို စောင့်နေကြသည်။
ချင်မူက ဆက်လက်စမ်းသပ်နေပြီး အကြိမ်တိုင်း အောင်မြင်နေချေသည်။
လက်ကျန်ငှက်မွှေးများဖြင့် စမ်းသပ်ရင်း အောင်မြင်နှုန်းက မြင့်မားလာသည်။ ကျရှုံးနိုင်ခြေပင် မရှိသလောက်ပင်။ ထိုအခါမှ သူက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချကာ ပြုံးလိုက်သည်။ “အားလုံး ကျွန်တော် ပြန်ပြောင်းပေးနိုင်ပြီ”
ဖုန့်ချိုးယွင်က စိတ်လှုပ်ရှားနေသော အမူအရာဖြင့် လျှောက်လာသည်။
ချင်မူက တစ်ယောက်တည် ရေရွတ်နေပြီးနောက် ဝေစွေ့ဖုန်းဆီ တစ်ချက်ကြည့်၏။ ဝေစွေ့ဖုန်းက သူ့အကြည့်ကို နားလည်သည်။ “ယွီလင်နန်းစောင့်တပ်သားတချို့ကို အရင်ပြောင်းကြည့်ပြီးတော့မှ ငါတို့အားလုံး ပြောင်းကြတာပေါ့”
ချင်မူသည် ပြုံးလိုက်၏။ “ဒီယွီလင်နန်းစောင့်တပ်သားတွေက သူတို့ကိုယ်သူတို့ စတေးခံနေကြတာပဲ... အင်မတန် လေးစားစရာကောင်းပါပေတယ်”
ဖုန့်ချိုးယွင်နှင့် နဂါးအရှင်ဘုရင်မှာ အကင်းပါးသူများပီပီ ချင်မူနှင့် ဝေစွေ့ဖုန်း ထိုသို့ပြောလိုက်သည့် အကြောင်းရင်းအား မသိဘဲ မနေပေ။ သူတို့က သူတို့နှစ်ယောက် ပုန်ကန်ပြီး ကျန်ရှိသူများအား လုပ်ကြံသတ်ဖြတ်မည်ကို စိုးရိမ်နေကြခြင်းပင်။
ယွီလင်နန်းစောင့်တပ်သားများကမူ သစ္စာရှိသော တပ်သားများဖြစ်ကြသည်။ သူတို့သည် တပ်မှူး၏ စကားကိုသာ မြေဝယ်မကျ နားထောင်ကြသည့်အတွက် ဝေစွေ့ဖုန်းအပေါ် သစ္စာရှိကြ၏။
ဝေစွေ့ဖုန်းက တပ်သားတချို့ လှမ်းခေါ်လိုက်ပြီး ချင်မူက ထိုက်ကျိမူလကျောက်တုံး ထုတ်လိုက်သည်။ ယွီလင်နန်းစောင့်တပ်သား၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်သည် နှလုံးသားတစ်ခုအဖြစ် တစတစ ဖွဲ့တည်လာပြီး နှလုံးသား ဖြစ်တည်လာ၏။
ယင်းကား နတ်နှလုံးသားပင်။
နတ်ဘုရား၏ နှလုံးသားထဲရှိ သွေးကြောများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားရင် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီအား ဖုံးလွှမ်းသွားသည်။ ဤသွေးကြောများနှင့်အတူ အရိုးများ၊ ကိုယ်တွင်းအင်္ဂါများလည်း ဖြည်းဖြည်းချင်း ဖွဲ့တည်လာချေပြီ။
၎င်းတို့ ကောင်းကင်ရတနာများ ရှိနေသော နေရာများဆီသို့ ရောက်လာသည့်အခါ ကောင်းကင်ရတနာများလည်း တဖြည်းဖြည်း ပေါ်လွင်လာသည်။
ရုတ်တရက် ဝေစွေ့ဖုန်း တအံတဩ ပင့်သက်ရှိုက်လိုက်မိသည်။ ဤယွီလင်နန်းစောင့်တပ်သား၏ ကောင်းကင်တံတား ကောင်းကင်ရတနာမှာ အစတုန်းက မပြည့်စုံခဲ့ပေ။ ယခုတွင် ၎င်းကား ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာအဖြစ် ပြောင်းလဲခံလိုက်ရလေပြီ။
‘ညီလေးက သူ့ကို ပြောင်းလဲပေးနေတာပဲ... သိပ်သတ္တိကောင်းလိုက်တာ... မှားသွားရင် ဘယ်နှယ့်လုပ်လိမ့်မလဲ’