ကောင်းကင်ရတနာကို ပြုပြင်ခြင်း
Vol. 92 Ch. 1197
ယွီလင်နန်းစောင့်တပ်တပ်သားသည် စွမ်းအင်ကိုယ်ထည် ဖြစ်လာသည့်အတွက် ရုပ်ခန္ဓာ မရှိတော့ဘဲ ပိုင်ဆိုင်ထား၏။ ယခုအချိန်ကား သူ၏ကောင်းကင်တံတား ကောင်းကင်ရတနာကို ပြောင်းလဲပေးရန် အသင့်တော်ဆုံးအချိန် ဖြစ်ပေသည်။
ထို့ကြောင့် ချင်မူကား ချက်ချင်း စတင် ပြောင်းလဲတော့သည်။
သို့သော် ဤလုပ်ရပ်မှာ အင်မတန် အန္တရာယ်များ၏။ ချင်မူမှာလည်း အခြားသူများ၏ ကောင်းကင်ရတနာကို ပြုပြင်ပေးရန် တစ်ကြိမ်တစ်ခါမှ မကြိုးစားကြည့်ခဲ့ဖူးချေ။
ဇာမဏီငှက်မွှေးနှင့် နဂါးကြေးခွံများအား ပြောင်းလဲခဲ့သော စမ်းသပ်မှုများအရ ရှုံးနိမ့်သွားနိုင်ခြေမှာ အလွန်မြင့်မားသည်။ ထိုစမ်းသပ်မှုများမှာ ဇာမဏီငှက်မွှေးတောင်နှင့် နဂါးကြေးခွံများအား ဆုံးရှုံးလိုက်ရခြင်းနှင့်သာ အဆုံးသတ်ခဲ့၏။ ယခု မအောင်မြင်လျှင် ယွီလင်နန်းစောင့်တပ်သား၏ အသက်ကို ပေးဆပ်ရလိမ့်မည်။
သို့သော် ချင်မူသည် သူ့တွင် ယုံကြည်ချက်များ ပြည့်ဝနေသလို ခံစားနေရ၏။
သူ့အနေဖြင့် အခြားသူများ၏ ကောင်းကင်နန်းဆောင်များကို အသွင်ပြောင်းလဲပေးရန် ယုံကြည်ချက်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နန်းဆောင်များတွင် မတူညီသော ပင်ကိုစွမ်းရည်များ ရှိသည့်အပြင် မတူညီသော ကျင့်စဉ်ဂုဏ်သတ္တိများအပေါ်လည်း မူတည်သေးသည်။
သို့သော် သူကား ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ၏ အဆောလျင်ဆုံး တည်ထောင်သူများထဲမှ တစ်ယောက် မဟုတ်ပါလော။ ရှုရှန်းဟွာထက် မစောကောင်း မစောနိုင်သော်လည်း ချင်မူမှာ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖွင့်နိုင်ရန် အမှားပေါင်းများစွာ လုပ်ခဲ့မိသည့်အတွက် လူ့ခန္ဓာကိုယ်၏ ခုနစ်ခုမြောက် ကောင်းကင်ရတနာအား မည်သူမဆိုထက် ပို၍ ကောင်းကောင်းနားလည်ပေသည်။
ထို့ကြောင့် ယွီလင်နန်းစောင့်တပ်ဖွဲ့ တပ်သားများ၏ ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ပြောင်းလဲရန် သူ ယုံကြည်ချက်ရှိသည်။
ဝေစွေ့ဖုန်းမှာ အလွန်စိုးရိမ်လာသော်လည်း မနှောင့်ယှက်ရဲချေ။ သူက ယွီလင်နန်းစောင့်တပ်သား၏ ရုပ်ခန္ဓာ၊ မူလဝိညာဉ်နှင့် ဝိညာဉ်ကိုပင် ချင်မူ ပြန်လည်တည်ဆောက်နေသည်ကို ကြည့်နေသည်။
မကြာမီ ချင်မူသည် ယင်ယန်ချီ၏ ဆင့်ကဲပြောင်းလဲခြင်း သဘောတရားကို သုံးရင်း ထိုက်ကျိမူလကျောက်တုံး၏ စွမ်းအင်ဖြင့် ယွီလင်နန်းစောင့်တပ်ဖွဲ့တပ်သားကို ပြန်တည်ဆောက်ပေးနိုင်သွား၏။
ချင်မူ စိတ်အေးလက်အေး သက်ပြင်းချနိုင်သွားပြီး အခြားသူများမှာလည်း ဝမ်းသာပျော်ရွှင်သွားကြသည်။
“ညီလေး၊ ယွီလင်နန်းစောင်တပ်သားနောက်တစ်ယောက်အတွက် ကောင်းကင်ရတနာကို ပြုပြင်ပေးလို့မဖြစ်ဘူး” ဝေစွေ့ဖုန်းက ရုတ်တရက် ပြောသည်။
ချင်မူမှာ အံ့ဩမှင်သက်သွားမိသည်။ “အစ်ကိုကြီး၊ ယွီလင်နန်းစောင့်တပ်သားတွေ အနာဂတ်ကို ပြန်သွားတဲ့အခါကျရင် ကောင်းကင်နတ်ဘုံကို လုံး၀ပြန်သွားနိုင်မှာမဟုတ်ဘူးလေ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပေါင်းစည်းရုံပဲ တတ်နိုင်မှာ.. သူတို့ကျင့်တဲ့ ကျင့်စဉ်တွေက ရှေးဆန်လွန်းနေပြီ…. ကောင်းကင်နတ်ဘုံကို ဖွင့်လှစ်ဖို့ကလည်း ခက်ခဲလွန်းတယ်…. လူတိုင်း မလုပ်နိုင်ဘူး….”
သူက ပြုံးလျက် ရှင်းပြနေသည်။ “ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်ဆီးပြီး ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ဖွင့်နိုင်တဲ့သူတွေလည်း ကောင်းကင်နတ်သိုင်းပညာရှင် တစ်သောင်းမှာ တစ်ယောက်ပဲ ရှိတယ်…. ကျွန်တော် ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ပြန်တည်ဆောက်ရမယ်… ဒါမှ သူတို့ရဲ့ အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ်မဲ့လာမှာ…”
ဝေစွေ့ဖုန်းက ခေါင်းရမ်းသည်။ “ညီလေး၊ ငါ့လက်အောက်က စစ်သားတွေက တစ်သောင်းမှာ တစ်ယောက်ထက် ပိုတယ်….အနည်းဆုံး တစ်သန်းမှ တစ်ယောက်ပဲ တွေ့ရနိုင်တဲ့ ပါရမီရှင်တွေပဲ... နဂါးဟန်ခေတ်တုန်းက ကောင်းကင်နတ်အရှင်ကိုးယောက်ဟာ ကောင်းကင်ရတနာအဆင့်နဲ့ ကောင်းကင်နန်းဆောင်အဆင့်ကို တည်ထောင်ခဲ့တယ်….ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်းဆောင်ဆိုတာ ကိုယ်တိုင်ဖွင့်လှစ်ရတာ.. အမွေဆက်ခံရရှိတာမျိုး ရှားတယ်... အထူးသဖြင့် ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ပဲ… သူတို့က ကိုယ်ပိုင်စွမ်းရည်ကို သုံးပြီးတော့ ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်းဆောင်တွေကို ဖွင့်ခဲ့ကြတာ…. မင်းအနေနဲ့ သူတို့ရဲ့ ခုနစ်ခုမြောက် ကောင်းကင်ရတနာကို တည်ဆောက်ပေးနေတာက အန္တရာယ်များလွန်းတယ်…. သူတို့က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်ရင် ကောင်းကင်တံတားကို လုံး၀ဖျက်ဆီးပြီး ကောင်းကင်နတ်မြစ် ဖွင့်နိုင်မယ့် ပါရမီရှင်တွေပါ..”
ချင်မူသည် ယွီလင်နန်းစောင့်တပ်သားငါးသောင်းဆီ လှမ်းကြည့်ရင်း မျက်လုံးများလင်းလက်သွား၏။
နဂါးဟန်ကောင်းကင်နတ်ဘုံသည် ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ကို နှစ်ထောင်ပေါင်း၊ ရာပေါင်းများစွာ အချိန်ယူ၍ ရွေးချယ်ခဲ့သည့်အတွက် သူတို့အားလုံးကား ထိပ်တန်းတကာ့ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ယွီလင်နန်းစောင့်တပ်ဖွဲ့မှ တပ်သားတိုင်း၏ သိုင်းအဆင့်သည် အလွန်မြင့်မားပြီး ကျောက်စိမ်းမြို့တော်အဆင့်တွင် အနည်းဆုံး ရှိကြ၏။
ထိုမျှသာမက ထိုပုဂ္ဂိုလ်များသည် မိမိ၏အစွမ်းအစများကို အားကိုး၍သာ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များကို ဖွင့်ခဲ့သည်။ ထိုသို့ အရည်အမျိုးနှင့်သာဆိုလျှင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတောင်မှ ယင်းပုဂ္ဂိုလ်ငါးသောင်းကို စုစည်းနိုင်မည်မဟုတ်ချေ။
သူတို့ကား မည်သို့သော မကောင်းဝါးဆိုးဝါးများနည်း။ ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့် ဖြစ်တည်မှုမျိုးပင် မဟုတ်ပါလော။
မှန်ပါသည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဟ ပြုပြင်ပြောင်းလဲမှုမှာ အချိန်တခဏသာ ကြာမြင့်ခဲ့သည်။ ပါရမီရှင်မျိုးစုံ ပေါ်ထွက်ခဲ့သော်လည်း အချိန်က တိုတောင်းလွန်း၍ အခြေခံက သေးငယ်လွန်းသေးသည်။ ရလဒ်များကို ထင်ထင်ရှားရှား မြင်ရနိုင်ရန် ခက်ခဲသေးသည်။
“အစ်ကိုကြီး၊ ယွီလင်နန်းစောင့်တပ်သားတိုင်းက အစ်ကိုကြီးကို သစ္စာခံမယ်လို့ အာမခံနိုင်လား…” ချင်မူက တိတ်တဆိတ် မေးကြည့်သည်။
ဝေစွေ့ဖုန်းက အေးအေးလူလူ ဖြေလေသည်။ “ငါ အတိတ်တုန်းကတော့ အာမ,မခံနိုင်ခဲ့ဘူး…. ဒါပေမဲ့ တစ္ဆေသင်္ဘောနဲ့ တစ်သားတည်း ဖြစ်ပြီးတဲ့အခါမှာတော့ သူတို့ ကောင်းကင်နတ်ဧကရာဇ်ကို သစ္စာခံတော့မှာမဟုတ်ဘူးလို့ ငါ တပ်အပ်ပြောနိုင်တယ်…. ငါက သူတို့နဲ့အတူ တစ်သားတည်းဖြစ်ခဲ့တော့ သူတို့နှလုံးသားထဲမှာ ငါက သူတို့ရဲ့ ခေါင်းဆောင်ဖြစ်နေမှာပဲ”
ချင်မူက ပြုံးလိုက်ပြီး ယွီလင်နန်းစောင့်တပ်သားများအား စွမ်းအင်ကိုယ်ထည်မှ ရုပ်ခန္ဓာများအဖြစ်သို့ ပြောင်းလဲပေးနေသည်။
သူသည် ပိုမို ကျွမ်းကျင်လာပြီး မကြာမီ ယွီလင်နန်းစောင့်တပ်သား အယောက်တစ်ရာအား ပြောင်းလဲပေးနိုင်ခဲ့၏။
ချင်မူက ဝေစွေ့ဖုန်းကို ကြည့်လိုက်ရာ ဝေစွေ့ဖုန်းက သူ ဆိုလိုသည်ကို နားလည်စွာဖြင့် ရှေ့သို့ လျှောက်လာသည်။ ဖုန်ချိုးယွင်နှင့် နဂါးအရှင်ဘုရင်သည် ယခုအချိန်တွင် လိမ္မာနေကြသော်လည်း လိုလိုလားလား အညံ့ခံမည့်သူများ မဟုတ်ပေ။ သူတို့မလှုပ်ရှားရဲအောင် ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်တပ်သားများကဲ့သို့ အဆင့်မြင့်သိုင်းပညာရှင်များဖြင့် ခြောက်လှန့်ပေးထားရန် လိုအပ်သည်။
ဝေစွေ့ဖုန်းသည် အစွမ်းထက်လွန်းသောကြောင့် သူ့အား ပြောင်းလဲပေးရသည်မှာ အခြားသူများထက် ပိုမိုခက်ခဲလေသည်။ ချင်မူမှာ သူ စွမ်းအင်ကိုယ်ထည်အခြေအနေမှ ပြန်လည်သက်သာရုံလေး သက်သာလာစေအောင် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။
“ညီလေး၊ မင်း အရင် အနားယူသင့်တယ်… မင်းရဲ့အခြေအနေက အတော်လေးကို တည်ငြိမ်မနေဘူး… ဒီအတိုင်း ကိုယ့်ကိုကိုယ် ထပ်နှိပ်စက်နေရင် သိုင်းမကျင့်နိုင်တော့ဘဲ ချီစွမ်းအင်ကိုလည်း ပြန်ဖြည့်တင်းနိုင်မှာမဟုတ်တော့ဘူး…. အနှေးနဲ့အမြန် မင်းရဲ့ကျင့်စဉ်စွမ်းအင်တွေ လျော့နည်းလာလိမ့်မယ်..” ဝေစွေ့ဖုန်းက သတိပေးသည်။
ချင်မူလည်း ခေါင်းညိတ်လိုက်၏။
စွမ်းအင်ကိုယ်ထည်မှာ အမှန်တကယ် အန္တရာယ်များလွန်း၏။ အနည်းငယ်မျှ ပေါ့ဆမိရုံနှင့် ပေါက်ကွဲသွားနိုင်သည်။ ထိုမျှသာမက ထိုက်ကျိစွမ်းအင်ကို အသက်သွင်းခြင်းက သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကို ကုန်ခမ်းစေသည်။ သူသာ သိုင်းမကျင့်နိုင်ပါက စွမ်းအင်များ အမှန်တကယ် ကုန်ဆုံးသွားပြီး အားဖြည့်နိုင်တော့မည်မဟုတ်ချေ။
သူက တခဏ နား၍ ပြန်လည် အားဖြည့်လိုက်သည်။
ထိုက်ကျိမူလကျောက်တုံးကို အသက်သွင်းသည့်အချိန်၌ ချင်မူ့နှလုံးသားသည် ရုတ်တရက် လှုပ်ခါလာပြီး သူ့အတွေးများက နိုးကြွလာသည်။ “အစ်ကိုကြီးက သူ့လက်အောက်ငယ်သားတွေကို အသွင်မပြောင်းစေချင်ဘူး … ဒါပေမယ့် ငါ့ကိုယ်ငါတော့ ပြောင်းလဲလို့ရသေးတယ်’
သူ၏မျက်လုံးများက တောက်ပလင်းလက်လာသဖြင့် ဝေစွေ့ဖုန်းမှာ ၎င်းကို မြင်သည့်အခါ ဤကောင်လေး၏ မျက်လုံးများ ပေါက်ကွဲ၍ ခေါင်းပေါက်ထွက်သွားမည်ကို မစိုးရိမ်မိဘဲ မနေတော့ချေ။
“ညီလေး၊ ကိုယ့်ကိုကိုယ် မနှိပ်စက်ပါနဲ့တော့…”
ဝေစွေ့ဖုန်းက လေးနက်စွာ ပြောသည်။ “ငါ တခြားသူတွေကို စိတ်မပူဘူး… မင်းက အခုလို လျှောက်စူးစမ်းရင်း သေမှာကိုပဲ စိတ်ပူတာ”
ချင်မူက တုံ့ပြန်လိုက်သည်။ “စိတ်မပူပါနဲ့ အစ်ကိုကြီးရာ… ကျွန်တော် ဘာလုပ်နေလဲ ကျွန်တော်သိပါတယ်…”
“ပေါက်ကရတွေ..”
ဝေစွေ့ဖုန်းမှာ စိတ်ရှုပ်ထွေးလာပြီး ဒေါသတကြီး ဆူတော့သည်။ “မင်း ဘယ်တုန်းကများ ကိုယ့်အကန့်အသတ်ကို သိခဲ့ဖူးလို့လဲ…. အခြားသူတွေကို သေအောင် နှိပ်စက်နေရုံတင် မဟုတ်သေးဘဲ မင်းကိုယ်မင်းပါ သေအောင် နှိပ်စက်နေတာပဲ…. မင်း လျှောက်မဆော့ဘဲနဲ့ ဒီတိုင်း ငြိမ်ငြိမ်လေး ကိုယ့်ကိုယ်ကိုသာ ပြန်ကုစမ်းပါကွာ”
ချင်မူက ခေါင်းတဆတ်ဆတ် ညိတ်၍ စိတ်ထဲမှ တွေးနေ၏။ 'ငါ့ရဲ့ ကျင့်စဉ်စနစ်က အခြားသူတွေနဲ့ မတူဘူး…. ငါ့မှာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာပဲ ရှိတယ်.. ပြီးတော့ ကောင်းကင်နတ်ဘုံရဲ့ အဆင့်ခုနစ်ဆင့်ဆိုတာ အဆင့်သေးသေးလေးပဲ ရှိသေးတာ…. အဆင့်တွေနဲ့ပက်သက်ရင် ငါ့အနေနဲ့ သိပ်မပြောင်းလဲနိုင်ဘူး ... ဒါပေမဲ့ ခိုင်ဧကရာဇ် တီထွင်ခဲ့တဲ့ တာအိုအဆင့်ကျင့်စဉ်စနစ်ကတော့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်နားလည်နိုင်စွမ်းကို လိုအပ်တယ်…. ဒီစွမ်းအင်_ ဒြပ်ထုအကူးအပြောင်းကနေ ကျင့်ကြံလို့မရဘူး... ဒီတော့ ငါအခု ပြောင်းလဲနိုင်တာက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာပဲ…’
သူ့မျက်လုံးများမှာ တောက်ပလာပြန်သဖြင့် ဝေစွေ့ဖုန်းမှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။
‘ငါ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖွင့်ခဲ့တုန်းက ယင်ယန်ဆင့်ကဲပြောင်းလဲခြင်းကို နက်နက်ရှိုင်းရှိုင်း နားမလည်ခဲ့ဘူး…. ဒါကြောင့် အတော်လေး လိုအပ်ခဲ့တယ်…. ဒီတစ်ကြိမ် ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို ပြန်လည်တည်ဆောက်ပြီးရင်တော့ နားလည်ထားတာတွေကို ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲ စမ်းသပ်ကြည့်နိုင်ပြီ…. အဲ့ဒါပြီးရင်တော့ ထိုက်စုတာအိုဆီ ဆက်သွားရမယ်’
ချင်မူက စိတ်ထဲမှ တွေးနေ၏။ ‘ထိုက်စု၊ ဒြပ်ထုရဲ့ မူလအစ…. အသွင်သဏ္ဍာန် ရှိပေမယ့် ဒြပ်ထုမရှိဘူး…. အသွင်သဏ္ဍာန်ရှိပြီး ခန္ဓာတစ်ခု မဖွဲ့တည်ရသေးတော့ ဘယ်အရာမဆို ပြောင်းလဲနိုင်တယ်…. ဒါပေမဲ့ ထိုက်စုမဟာတာအိုအပေါ် ငါ နားလည်ထားတာက မနက်ရှိုင်းသေးဘူး… ဒါပေမယ့်... ထိုက်စု နတ်ဘုရားဥရဲ့ ဥရေကြည်ကို ငါ့ခန္ဓာကိုယ်ထဲ ပေါင်းစည်းကြည့်ရင်ရော…’’
ထို့နောက် သူက ခေါင်းရမ်းလိုက်က်ပြီး မျက်လုံးများ မှေးမှိန်သွားသည်။
ဝေစွေ့ဖုန်းမှာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
‘ထိုက်စုဥရေကြည်ကို ထိုက်စုနတ်ကျောက်တုံးနဲ့ပဲ ဓာတ်ပြုလို့ရတယ်… ငါ အားသုံးပြီး ပေါင်းစည်းစေလိုက်ရင် ငါကိုယ်တိုင် ဥရေကြည်ကန်ကြီးဖြစ်ပြီး သူများတွေ စားတာ ခံရလိမ့်မယ်’
ချင်မူ တွေးနေရင်း အကြံတစ်ခု ထပ်ရသွား၏။ ထိုက်ရှီတာအိုရဲ့ သင်္ကေတတွေကို ထုတ်နုတ်ပြီး ဒီဒြပ်ထုစွမ်းအင်အကူးအပြောင်းထဲ ထည့်ကြည့်လို့ရတာပဲ.... ဟုတ်တယ်…. ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူရဲ့ ဥခွံပေါ်မှာလည်း မဟာတာအိုသင်္ကေတတွေ ရှိတယ်…. သိပ်တော့ နားမလည်ပေမယ့် အဲ့ဒါတွေ ကူးယူပြီး ငါ့ရဲ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာမှာ ခတ်နှိပ်လို့ရတာပဲ…. ဒါက ဖြစ်နိုင်ချေရှိတယ်…”
သူ့မှာ စိတ်လှုပ်ရှားလာသဖြင့် မျက်လုံးများ တောက်ပလာပြန်၏။ ဝေစွေ့ဖုန်းမှာ စိုးရိမ်ပူပန်ရပြန်သည်။
ချင်မူက ထိုက်ကျိမူလကျောက်တုံးကို ပတ်လျှောက်ရင်း စိတ်ထဲမှ တွေးနေသည်။ 'ထိုက်ယီရဲ့ဥခွံကိုလည်း ငါ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲ ပေါင်းထည့်ပြီး ဥခွံရဲ့ နှစ်ခြမ်းကို ငါ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာရဲ့ အုတ်မြစ်အနေနဲ့ သုံးသင့်တယ်…. ဟုတ်တယ်… ငါ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို လက်စကြ၀ဠာအပေါ် အခြေမခံဘဲ ဘိုးဘေးနန်းတော်အပေါ် အခြေခံပြီး တည်ဆောက်သင့်တယ်…. ထိုက်ကျိစက်၀န်းကို ဗဟိုချက်အနေနဲ့ သုံးပြီး ဘေးနှစ်ဖက်ကို ဖြန့်ချလိုက်မယ်….မဟုတ်ဘူး… သစ်ပင်နက်ကြီးနဲ့ သစ်နက်တောင်တန်းတွေကို ဗဟိုအနေနဲ့ သုံးသင့်တာ”
သူ့မှာ ပိုတွေးလေလေ၊ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေ၏။ ဝေစွေ့ဖုန်းက ချက်ချင်း အော်လိုက်သည်။ “ညီလေး၊ စိတ်အေးအေးထား…. မင်းရဲ့ မျက်လုံးတွေ ပေါက်ထွက်တော့မယ်”
ချင်မူလည်း အလျင်အမြန် စိတ်ထိန်း၍ တည်ငြိမ်စေလိုက်သည်။ သူက စိတ်ထဲမှ တွေးလိုက်ပြန်၏။ 'သစ်နက်တောင်တန်းတွေက စကြ၀ဠာ ၁၆ ခုကို ဆက်သွယ်ပေးထားတဲ့ နတ်သစ်ပင်ကြီးပဲ….ငါ သစ်ပင်နက်ကြီးကို အသုံးချပြီး ငါ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှာ အထွတ်အမြတ်နတ်သစ်ပင် ဖန်တီးကောင်း ဖန်တီးနိုင်လောက်တယ်…. ကမ္ဘာခေတ်ဦးတာအိုငါးခုကိုလည်း ငါ့ရဲ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှာ ရှေးဟောင်းကျောက်တုံးတွင်းငါးတွင်းအဖြစ် ပြောင်းလဲလိုက်လို့ ရတယ်... ဟုတ်တယ်… လုပ်ကြည့်တာပေါ့’