← Chapters

ပန်းချီနှစ်ခု

Vol. 92 Ch. 1199

ပန်းချီနှစ်ခု

Vol. 92 Ch. 1199

ဤတိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ယွဲ့သည် ယခင်တိုက်ပွဲမှ အတွေ့အကြုံကို သင်ခန်းစာယူ၍ တစ်ယောက်တည်း မတိုက်ခိုက်‌တော့ပေ။ ထိုအစား ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ရှောင်ဝေ့စုတို့နှင့်အတူ ပူးပေါင်းခဲ့သည်။

သူမက နေရာရွှေ့ပြောင်းခြင်းလမ်းစဉ်တွင် အံ့အားသင့်ဖွယ်ရာ ထူးချွန်ထက်မြက်ပြီး မည်သူမှ သူမအား မကျော်ဖြတ်နိုင်ပေ။ နေရာရွှေ့ပြောင်းခြင်းသိုင်းကွက်မှာ တိုက်ပွဲအတွက် ဖြစ်စေ၊ အခြားသူများနှင့် ပူးပေါင်းရန်အတွက် ဖြစ်စေ အင်မတန် အရေးပါသော အခန်းကဏ္ဍတွင် ပါ၀င်ချေသည်။

ယခင်တိုက်ပွဲတုန်းက သူတို့လေးဦးသည် ညီညီညွတ်ညွတ် မတိုက်ခိုက်ခဲ့ကြပေ။ သို့သော် ဤတိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ယွဲ့က လူတိုင်းကို နေရာချပေးထားသဖြင့် အမိကမ္ဘာမြေအပေါ် အန္တရာယ်ပေးနိုင်ချေသည် သိသိသာသာ တိုးမြင့်လာခဲ့၏။

အမိကမ္ဘာမြေမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး အကုန်လုံး သူမ၏အသက်အား နှုတ်ယူတော့မည့်အချိန်တွင် ရုတ်တရက် သူမ၏ဒဏ်ရာများက ပြန်လည်သက်သာလာသည်။ သူမက အမြစ်များကို ဆွဲနုတ်ကာ အသေအကြေ တိုက်ခိုက်လေသည်။

အဆုံးသတ်တွင် လင်၊ ဟွေ့နှင့် ရှောင်တို့အားလုံး တိုက်ပွဲအတွင်း သတ်ဖြတ်ခံလိုက်ရသည်။ ကောင်းကင်နတ်အရှင်ယွဲ့သာလျှင် အကောင်းပကတိအတိုင်း လွတ်မြောက်လာခဲ့သည်။

“မတရားလိုက်တာ”

ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ဘေးသို့ ပြန်လာကာ ဒေါသတကြီး ညည်းညူနေသည်။ “ဒါက လုံး၀ကို ကူကယ်လို့မရတဲ့ အခြေအနေပဲ… ဒီလို ရုတ်တရက် သက်သာသွားတဲ့ အကြောင်းရင်းက ဘာကြီးလဲ…”

“အမိကမ္ဘာမြေက အဲဒီအစွမ်းရှိတယ်..”

ချင်မူက ရှင်းပြသည်။ “အမိကမ္ဘာမြေက မြေကြီးထဲမှာ အမြစ်တွယ်ထားတာ…. ပြီးတော့ သူ့အမြစ်တွေက ကမ္ဘာဦးဘုံတခွင်လုံးမှာ ဖြန့်ထားတယ်…. နေရာတိုင်းနီးပါးမှာ သူ့အမြစ်တွေက တွယ်နေတာဆိုတော့ ကမ္ဘာဦးဘုံရဲ့ နေရာတိုင်းဆီက အာဟာရအရင်းအမြစ်တွေကို တခဏအတွင်း စုပ်ယူနိုင်မှာပဲ… ဒါ့အပြင် သူက ကမ္ဘာဦးရေကြည်ကိုလည်း သုံးသေးတယ်…. သူ အဲ့ဒီရေကြည်ကို သောက်လိုက်တာနဲ့ သူ့ရဲ့ အင်အားအကြီးဆုံး အခြေအနေဆီ ချက်ချင်း ပြန်‌ရောက်သွားနိုင်တယ်”

ကောင်းကင်နတ်အရှင်ယွဲ့က ဒေါသကို မြိုသိပ်ရင်း ပြော၏။ “အမိကမ္ဘာမြေကို ရှင်းလင်းပစ်ဖို့က တကယ်ပဲ မလွယ်ဘူးပဲ…. ငါ့ကို စဉ်းစားခွင့်ပေးဦး”

သူမက အချိန်အတော်ကြာ တွေးတောနေပြီးနောက် စိတ်ပိုင်းဖြတ်ကာ ပြောသည်။ “နောက်တစ်ကြိမ်…”

ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်ယွဲ့သည် ကမ္ဘာဦးဘုံမြေထုအား ကမ္ဘာဦးသစ်ပင်ထံမှ ခွဲထုတ်ကာ အမိကမ္ဘာမြေ ကမ္ဘာဦးသစ်ပင်နှင့် မဆက်နွယ်နိုင်အောင် တားဆီးလိုက်၏။ သူမက တခြားသူများ၏ သိုင်းကွက်များကိုလည်း ထောက်ပံ့ပေးရင်း နေရာဟင်းလင်းပြင်အား ပြောင်းလဲနေသည့်အတွက် အကုန်လုံးသည် အရပ်လေးမျက်နှာတွင် လျှပ်တပြက် ပေါ်လိုက်၊ ပျောက်လိုက်ဖြင့် အမိကမ္ဘာမြေကို တိုက်ခိုက်နိုင်ကြ၏။

…..

ဤတိုက်ပွဲတွင် နောက်ဆုံးတော့ အမိကမ္ဘာကို သတ်ဖြတ်နိုင်ခဲ့သည်။

သူတို့လေးယောက်လုံး စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်လင်၏ ဦးခေါင်းမှာ ရုတ်တရက် ပေါက်ကွဲသွားသဖြင့် ကောင်းကင်နတ်အရှင်ယွဲ့၏ နှလုံးသားမှာ အေးခဲသွားသည်။ သူမက နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို ချက်ချင်း အသက်သွင်းကာ ရှောင်တိမ်းလိုက်သည်။

သူမ လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်နတ်အရှင်လင်၏ ဦးခေါင်းအား ထိုးနှက်ခဲ့ပြီး ရှောင်ဝေ့စုက နတ်ဓားတစ်လက်ကို ကိုင်ထားသည်။ သူက သူမအား သတ်ဖြတ်ရန် ကြိုးစားခဲ့သူပင်။

အိမ်မက်ကမ္ဘာမှာလည်း ဖျက်ဆီးခံလိုက်ရသည်။

‌ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ဘေးသို့ ပြန်ရောက်လာပြီး ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လျက် မကျေနပ်ချက်များ ပြောပြတော့သည်။ “အမိကမ္ဘာမြေ ဒဏ်ရာအပြင်းအထန် ရနေတာကနေ ချက်ချင်း ပြန်သက်သာလာတာ ထားပါဦး …. ဒါပေမဲ့ ဘာကြောင့် ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ရှောင်ဝေ့စုက ငါတို့ကို သတ်ရတာလဲ…. ဒီဟာအတွက်တော့ နင် ရှင်းပြရမယ်”

ချင်မူ့မျက်နှာအမူအရာမှာ နူးညံ့နေပြီ သူက ကြက်နာသောမျက်ဝန်းများဖြင့် သူမမျက်လုံးထဲသို့ ကြည့်ကာ ပြောသည်။ သူ၏အသံကလည်း နူးညံ့ငြင်သာနေ၏။ “ယွဲ့၊ ဒါက အိပ်မက်လေ… ကျွန်တော်က အိပ်မက်တွေ လှည့်ပတ်နိုင်အောင်ပဲ လုပ်ပေးထားတာ…. အိမ်မက်ကမ္ဘာထဲမှာ ၀င်မစွက်ဖက်နေဘူး… ယွဲ့ တွေးနေတာတွေက အိပ်မက်ကမ္ဘာမှာ ရောင်ပြန်ဟပ်နေလိမ့်မယ်…. ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ရှောင်ဝေ့စုက တစ်ကြိတ်တည်း တစ်ဉာဏ်တည်းလို့ မထင်ဘူးလား”

ကောင်းကင်နတ်အရှင်ယွဲ့မှာ သူ့မျက်ဝန်းများကို ကြည့်ရင်း နစ်မျောသွားကာ ခေါင်းတဆတ်ဆတ် ညိတ်နေသည်။ သူမက ပိုမိုနူးညံ့ချိုသာနေသော အသံလေးဖြင့် ပြန်ပြောသည်။ “နင်ကလည်း ငါ စိတ်ကူးဖန်တီးထားတဲ့ နင်ဆိုတာ ငါ မေ့သွားတယ်…. ချောတယ်၊ ခံ့ညားတယ်၊ နူးညံ့တယ်.. နင်အစစ်ထက် ပိုပြီး ခန့်တယ်…”

ချင်မူက သူမကို ပြုံးလျက် ကြည့်နေပြီး ပြောသည်။ “ဒါပေမဲ့ ကျွန်တော်အစစ်က မမယွဲ့လောက် အရပ်မရှည်သလို ချောလည်း မချောပါဘူး…”

ကောင်းကင်နတ်အရှင်ယွဲ့မှာ ရင်တဒိန်းဒိန်း ခုန်လာကာ ရှက်လာမိသည်။ သူမက မျက်လုံးဝေ့ကြည့်ရင်း ရယ်လိုက်၏။ “အရင်တုန်းက ငါ့နှလုံးသားထဲက နင်က နင်အစစ်နဲ့ အတော်လေး ဆင်တူခဲ့ပါတယ်…. ဒါပေမဲ့ နင် နှစ်ပေါင်းများစွာ ပျောက်သွားတဲ့နောက်ပိုင်း နင်နဲ့ပတ်သက်တဲ့ ငါ့မှတ်ဉာဏ်တွေ ဝေဝါးသွားခဲ့တော့ သိပ်မတူတော့ဘူး... နင် ပန်းချီဆွဲတတ်တယ်မလား…. နင် ပြန်သက်သာလာရင် ငါ့ကို နင့်ရဲ့ ပုံတူပန်းချီဆွဲပေး… ဒါဆို နင့်ကို အခုလို ခန့်ချောကြီးဆိုပြီး မှတ်မိတော့မှာမဟုတ်ဘူး”

သူမသည် စိတ်အားတင်းလိုက်ရာ နောက်ထပ် အိပ်မက်နောက်တစ်ခု ပေါ်လာ၏။

ဤတိုက်ပွဲ၏ အဆုံးသတ်တွင် ကောင်းကင်နတ်အရှင်ယွဲ့မှာ ရှောင်ဝေ့စု၏ ခြုံခိုတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်လင်ကို သတ်ဖြတ်ခဲ့သည်။

“ကောင်းကင်နတ်အရှင်ဟွေ့နဲ့ တခြားသူတွေက ယုံစားမရဘူးဆိုတာ ကောင်းကင်နတ်အရှင်လင်ဆီ ပြောပြလို့ရလား” ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ဘေးသို့ ပြန်လာကာ မေးသည်။

ချင်မူက ခေါင်းညိတ်၏။

အိပ်မက်နောက်တစ်ခုထဲ၌…

ကောင်းကင်နတ်အရှင်ယွဲ့က ရှောင်ဝေ့စု၏ ဓားကို ရှောင်တိမ်းပြီး ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်အရှင်ဟွေ့၏ လက်သီးချက်ကို ရှောင်တိမ်းခဲ့သည်။ မိန်းကလေးနှစ်ဦး ဟန်ချက်ထိန်းနေစဉ် ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ကျန်လူများ ဘွားခနဲ ပေါ်လာကြသည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ ဤမြင်ကွင်းအား ‌ပူဆွေး၀မ်းနည်းစွာ ကြည့်နေလေသည်။ နောက်ဆုံးတွင် သူမသာ လွတ်မြောက်ခဲ့ပြီး ကောင်းကင်နတ်အရှင်လင်မှာ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် အခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ဘေး ပြန်လာသည်။ ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်ရှိသူများ သူတို့အား ဝိုင်းသတ်ကြသည့် အကြောင်းရင်းအား မမေးတော့ပေ။ ထိုအစား အတွေးထဲ နစ်မျောနေ၏။

ချင်မူက သူမကို မနှောင့်ယှက်ဘဲ တွေးခွင့်ပေးထားသည်။

အချိန်အနည်းငယ်ကြာသော် ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးလိုက်ပြန်သည်။ “ကဲ ထပ်ကြိုးစားကြည့်တာပေါ့”

ဤတစ်ကြိမ်တွင်လည်း ကောင်းကင်နတ်အရှင်လင် သေရပြီး သူမတစ်ယောက်သာ လွတ်မြောက်လာခဲ့သည်။

သူမသည် နေရာဟင်းလင်းပြင်တာအိုကို ထိန်းချုပ်သော ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သည့်အလျောက် သူမအား သတ်ရခက်၏။

“နောက်တစ်ကြိမ်” ကောင်းကင်နတ်အရှင်ယွဲ့မှာ စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း အသံများ တုန်ရီနေသည်။

သို့သော် ရလဒ်က အတူတူပင်။ ကောင်းကင်နတ်အရှင်လင် သေရသည့် ရလဒ်ကို သူမ မပြောင်းလဲနိုင်ပေ။ မည်မျှကြိုးစားစေကာမူ အမိကမ္ဘာမြေကို သတ်ပြီးသည်နှင့် ကောင်းကင်နတ်အရှင်လင်မှာ ကျန်ရှိသူများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေရစမြဲပင်။

စမ်းကြည့်လိုက် ကျရှုံးလိုက် ဖြစ်နေပြီး ကောင်းကင်နတ်အရှင်လင်အား မကယ်နိုင်ပေ။

“ထပ်စမ်းကြည့်မယ်” သူမက အနည်းငယ် အက်ကွဲနေသည့်အသံဖြင့် ချင်မူ့ကို ပြောသည်။

....

ဤတစ်ကြိမ်တွင် သူမသည် သူမကိုယ်သူမ မကယ်တော့ပေ။ ထိုအစား ကောင်းကင်နတ်သိုင်းကို အတတ်နိုင်ဆုံး ထုတ်လွှတ်ကာ ကောင်းကင်နတ်အရှင်လင်အား အဝေးသို့ တွန်းထုတ်လိုက်သည်။

သူမ၏ နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းကား ဆန်းပြားထူးခြားသည်။ ကောင်းကင်နတ်အရှင်ဟောင်၊ လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကျန်ရှိသူများ မည်မျှတားစေကာမူ သူမအား မတားနိုင်ကြပေ။

သို့သော် ကောင်းကင်နတ်အရှင်လင်ကို တွန်းထုတ်လိုက်သည့်အချိန်၌ ကောင်းကင်နတ်အရှင်ယွဲ့မှာ အန္တရာယ်ထဲ ကျရောက်သွားသည်။ သူမ ထွက်ပြေးနေစဉ် ရှောင်ဝေ့စု၏ ဓားက သူမခါးကို ပိုင်းဖြတ်လိုက်ပြီး ကောင်းကင်နတ်အရှင်ဟွေ့၏ လက်သီးချက်က သူမမျက်နှာအပေါ် ကျလာသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ ချိတ်တံဆိပ်သည် သူမ၏ ကျောဆီသို့ ခတ်နှိပ်လိုက်၏။

လန်ရွှမ်၏ အသိစိတ်အလျဉ်က သူမ၏အသိစိတ်အလျဉ်ကို ဝင်တိုက်ကာ မူးဝေသွားစေသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ သိုင်းကွက်က သူမ၏ဦးခေါင်းခွံကို ခွဲပစ်လိုက်သည်။

“ဒီရလဒ်က တော်တော် ကောင်းနေပြီ”

ကောင်းကင်နတ်အရှင်ယွဲ့သည် အိပ်မက်မှ နိုးလာပြီး ထပ်တလဲလဲ ပြန်ကြိုးစားကြည့်နေသည်။ ကောင်းကင်နတ်အရှင်လင်ကို အဝေးပို့ပြီးနောက် သူမကိုယ်တိုင်မှာ မလွဲဧကန် သေရမည့်အခြေအနေ ဖြစ်နေခဲ့၏။ သို့သော် နောက်ပိုင်းတွင် အသက်မသေဘဲ ဒဏ်ရာအပြင်းအထန်ရမည့် အခြေအနေသို့ တိုးတက်လာခဲ့သည်။ သို့စေကာမူ မည်မျှပြင်းပြင်းထန်ထန် ကြိုးစားစေကာမူ သူမ၏ခြေထောက်နှစ်ချောင်းမှာ ရှောင်ဝေ့စုကြောင့် အမြဲကျိုးရစမြဲပင်။

မျက်နှာသည်လည်း ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် အမြဲပျက်စီးရသည်။

“ဒါက အိပ်မက်ပဲဟာ.... အကုန်လုံးတော့ ဖြစ်မလာလောက်ပါဘူး”

သူမက ချင်မူ့ကို ပြုံးပြသည်။ “ဒီအခြေအနေနဲ့ပဲ ထားလိုက်တာပေါ့... ဘယ်လိုပဲနေနေ၊ အမိကမ္ဘာမြေ သေကိုသေရမယ်... မူ၊ ဒါက တကယ် အိပ်မက်ကမ္ဘာလားဟင်”

ချင်မူ ‌ခေါင်းညိတ်ပြလိုက်သည်။

ရုတ်တရက် ကောင်းကင်နတ်အရှင်ယွဲ့သည် ခြေဖျားကလေး ထောက်၍ သူ့ပါးကို နမ်းလိုက်၏။ ထို့ကြောင့် ရှက်ရွံ့စွာ ပြေးထွက်သွားကာ တခစ်ခစ် ရယ်နေသည်။ “ဒါက အိပ်မက်ဆိုတော့.... အိပ်မက်ထဲမှာ နမ်းတာက ဘာမှမဟုတ်ဘူးမလား”

သူမက ရပ်လိုက်ပြီး သူ့ဆီ ပြန်လှည့်ကြည့်သည်။ “ကောင်းကင်နတ်အရှင်မူက လက်စွမ်းထက်တဲ့ ပန်းချီဆရာတစ်ယောက်ပဲ.... င့ါရဲ့ အခုပုံစံကို ပုံတူဆွဲပေးလို့ရမလား... နောင်တစ်ချိန် အရုပ်ဆိုးသွားရင် ငါ့မျက်နှာကို စွဲနေအောင် မှတ်မိချင်လို့ပါ...”

ချင်မူက စုတ်တံမြောက်လိုက်သည်။ အမျိုးသမီးငယ်သည် ဖြာကျနေသော လရောင်ခြည်အောက်ဝယ် ချစ်ရသူကို တိတ်တိတ်ကလေး အနမ်းခြွေလိုက်ရသည့်အတွက် ရှက်သွေးဖြာနေသော အသွင်လေး ရှိနေ၏။

ချင်မူလည်း ထိုမြင်ကွင်းကို ရေးဆွဲလိုက်သည်။

ဤရှုခင်း၊ မြင်ကွင်းသည် ကောင်းကင်နတ်အရှင်ယွဲ့ သူ့ကို ပေးခဲ့သည့် ပန်းချီနှင့် အတူတူပင် ဖြစ်၏။ ပန်းချီထဲရှိ ရှုခင်းမှာ အိပ်မက်တစ်ခုသဖွယ် ဖြစ်နေခဲ့သလို၊ လက်ရှိ သူတို့ ရောက်နေသည်မှာလည်း ကောင်းကင်နတ်အရှင်ယွဲ့၏ အိပ်မက်ထဲပင်။

ကောင်းကင်နတ်အရှင်ယွဲ့က သူ့ဘေးသို့ ခပ်သွက်သွက်ကလေး ပြေးချလာကာ ပန်းချီကို ကြည့်သည်။ သူမ၏ လှပသော ဆံနွယ်လေးများက လျောကျလာပြီး လရောင်အောက်တွင် ဣန္ဒြေလေးဖြင့် တင့်တယ်ကြော့ရှင်းနေသည်။ သို့သော် သူမ၏နှုတ်ခမ်းထောင့်စွန်းလေး၌ ရှက်ပြုံးကလေး ခိုတွဲနေချေသည်။

All Chapters