အိပ်မက်တစ်ခုလို
Vol. 92 Ch. 1200
ကောင်းကင်နတ်အရှင်ယွဲ့မှာ ပျော်ရွှင်ကြည်နူးနေမိသည်။ ချင်မူသည် သူမအတွက် အလေးအနက် ပန်းချီဆွဲပေးနေပြီး သူ၏တံဆိပ်ပင် ခတ်နှိတ်နေသေးကြောင်း တွေ့လိုက်ရ၏။
“ဟဲ့ ဒါက အိပ်မက်ပဲဟာ.. တကယ့် လက်တွေ့ဟုတ်ပါဘူး…. ငါ ပန်းချီထဲက ထွက်ပြေးသွားမှာ ကြောက်လို့လား” ကောင်းကင်နတ်အရှင်ယွဲ့က ပန်းချီကားကို ဆတ်ခနဲ ဆွဲယူလိုက်ရင်း ၀မ်းသာစွာ လိပ်ယူလိုက်သည်။
သူမအတွက် ဤပန်းချီမှာ လက်တွေ့ကမ္ဘာတွင် ရှိနိုင်မည်မဟုတ်သော အိပ်မက်တစ်ခု၏ သက်သေပင် ဖြစ်သည်။
အနာဂတ်တွင် သူမ အမှန်တကယ် ရုပ်ပျက်ဆင်းပျက် ဖြစ်၍ ရုပ်ဆိုးသွားပါက အိပ်မက်ထဲတွင် ဤပန်းချီကို ပြန်ထုတ်ကြည့်ရင်း ယခင်ရုပ်ရည်သွင်ပြင်ကို ပြန်အမှတ်ရနိုင်လေသည်။
ချင်မူက ပြုံး၍ ပန်းချီဆက်ဆွဲနေသည်။ သူက ကောင်းကင်နတ်အရှင်ယွဲ၏ ပန်းချီနောက်ချပ်အား ဆွဲနေပြီး သူမအား အမှန်မပြောပြပေ။
မည်သို့ဆိုစေ ကောင်းကင်နတ်အရှင်ယွဲ့ လုပ်ကို လုပ်မည့်အရာများ ရှိသည်။ ကောင်းကင်နတ်အရှင်ယွဲ့ အမိကမ္ဘာမြေအား သတ်ဖြတ်မည်ကို မတားဆီးနိုင်ချေ။
ဤမိန်းကလေးအနေဖြင့် ချုံဧကရာဇ်ခေတ်အား နှစ်သုံးသိန်းကြာ ထောက်ပံ့နိုင်ရန်မှာ ကိုယ်ပိုင်အတွေးအမြင်နှင့် ခံယူချက်တို့ ရှိရပေလိမ့်မည်။ အမိကမ္ဘာမြေသည် ကမ္ဘာဦးဘုံအတွက် ကောင်းကျိုးများ ဖြစ်ပေါ်စေခဲ့သော်လည်း ဒုက္ခများစွာလည်း ရှာခဲ့သည်။
တောင်ချုံဧကရာဇ်နှင့် မြောက်ချုံဧကရာဇ်ကြားရှိ နှစ်သုံးသိန်းကြာ တိုက်ပွဲအတွင်းတွင် အသက်များစွာ ဘေးဒုက္ခရောက်ခဲ့ကြရ၏။ မည်သို့ဆိုစေ အမိကမ္ဘာမြေ သေရပေလိမ့်မည်။
ကောင်းကင်နတ်အရှင်ဟွေ့ အကြံပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူမက သတ်ဖြတ်ပေလိမ့်မည်။ ကောင်းကင်နတ်အရှင်ယွဲ့သည် ထိုသို့ပုဂ္ဂိုလ်မျိုးပင်။
ချင်မူအနေဖြင့် သူမအနာဂတ်အတွက် မျှော်လင့်ချက်သာ ထားရှိခဲ့နိုင်မည်။
“ဒီပန်းချီကို ကျွန်တော် သိမ်းထားမယ်”
ချင်မူက ပြုံးလိုက်သည်။ “တစ်ခုက မမကြီးရဲ့ နှလုံးသားထဲမှာ ခတ်နှိပ်ထားရမယ်... နောက်တစ်ခုက ကျွန်တော့်နှလုံးသားထဲမှာ ခတ်နှိပ်ထားတယ်…”
ကောင်းကင်နတ်အရှင်ယွဲ့မှာ ရှက်သွေးဖြာသွားကာ ပြုံးလိုက်၏။ “အိပ်မက်ထဲမှာ ဖြစ်နေတာ ကံကောင်းသွားတယ်… မဟုတ်ရင် နင် ငါ့ကို ရည်းစားစကား ပြောနေတယ် ထင်မိသွားမှာ”
ချင်မူ တဟားဟား ရယ်လိုက်မိသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏အသံလေးသည် တိုးညှင်းစွာ ထွက်လာသည်။ “ဒါက အိပ်မက်ဆိုရင် ဒီနေရာမှာ ဖြစ်ပျက်သွားတာတွေအကုန်လုံးက အမှတ်တရကောင်းတွေ ဖြစ်လာမှာပဲ”
ချင်မူက သူမစကား၏ အဓိပ္ပာယ်ကို နားလည်ပုံမရဘဲ ပြောသည်။ “အိပ်မက်တွေဆိုတာ အဆုံးသတ်မှာပေါ့ အိပ်မက်ပဲလေ… နိုးထရမှာပဲ…မမကြီးယွဲ့၊ ကျွန်တော့် မျက်လုံးထဲကို ကြည့်လိုက်”
ကောင်းကင်နတ်အရှင်ယွဲ့က ခေါင်းမော့၍ သူ့ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် ဆောင်းဦးရေပြင်များကဲ့သို့ ကြည်လင်နေ၏။ သူမက မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
သို့သော် အချိန်တော်ကြာသည်အထိ ချင်မူ့ထံမှ စကားသံကို မကြားရချေ။ သူမက မျက်လုံးများကို တိတ်တခိုး ဖွင့်လိုက်ရာ ချင်မူ့ဘေး၌ ရပ်နေရသည်ကို တွေ့လိုက်ရသည်။ ဝေစွေ့ဖုန်းက အဝေးတွင် ယွီလင်နန်းစောင့်တပ်ဖွဲ့များအား ညွှန်ကြားနေသည်။ နဂါးအရှင်ဘုရင်က နဂါးအရှင်ခုနစ်ပါးကို ခေါ်ဆောင်လာခဲ့ပြီး သူတို့ရှစ်ယောက်လုံးမှာ အကြေးခွံများ ပြောင်ရှင်းနေရာ ကိုယ်လုံးတီးချွတ်ထားသကဲ့သို့ ဖြစ်နေတော့သည်။ သူတို့က ခေါင်းငုံ့ထားကြပြီး လောကကြီးကို စိတ်ကုန်နေသယောင်ပင် ထင်ရ၏။
ချင်မူက ရုပ်ခန္ဓာပြန်ကုသနိုင်အောင် ထိုက်ကျိမူလကျောက်တုံးဖြင့် အကောင်းဆုံး ကြိုးစားနေဆဲ ဖြစ်သည်။ အရာရာတိုင်းက သူမ၏ အိပ်မက်သာ ဖြစ်ခဲ့လေသည်။
“အိပ်မက်ပဲ ဖြစ်နေတာ... နှမြောစရာကောင်းလိုက်တာ....”
ကောင်းကင်နတ်အရှင်ယွဲ့ စိတ်ပျက်သွားမိ၏။ ရုတ်တရက် သူမလက်ထဲတွင် ပန်းချီကားလိပ်တစ်ခု ရှိနေကြောင်း ခံစားလိုက်သည့်အခါ သူမမှာ အံ့အားသင့်ပြီး ရှက်ရွံ့သွားမိသည်။ ပန်းချီကားကို အလျင်အမြန် ဖြေကြည့်လိုက်သော်လည်း ပန်းချီကားထဲရှိ သူမတွင် မိန်းမငယ်လေးတစ်ဦး၏ ရှက်သွေးဖြာမှုတို့ ရှိနေပြီး သူမခေါင်းထက်တွင် လမင်းကြီးက ပြည့်ဝန်းထိန်သာနေကြောင်း တွေ့ရသည်။
ကောင်းကင်နတ်အရှင်ယွဲ့သည် ပန်းချီကားကို ပြန်လိပ်၍ ချင်မူ့ဆီ ကြည့်လိုက်၏။ ချင်မူက ရုပ်ခန္ဓာကို ပြန်ဖွဲ့တည်နေဆဲ ဖြစ်ပြီး သူ့ဘေးတွင် ပန်းချီကားနောက်တစ်ခု ရှိနေသည်။
သူမ၏မျက်စိရှေ့ရှိ ကမ္ဘာမှာ အဖြူအမည်းကမ္ဘာအဖြစ်မှ ရောင်စုံဖြာကာ တောက်ပလာသလို ခံစားလိုက်ရလေသည်။
ကောင်းကင်နတ်အရှင်ယွဲ့က ပန်းချီနှင့်အတူ ထွက်သွားသည်။ ဤပန်းချီသည် သူမ၏ရုပ်ရည်သွင်ပြင်အတွက် အမှတ်တရသာမဟုတ်၊ သံယောဇဉ်ကြိုးတစ်ချောင်းဆိုလည်း မမှားပေ။
သူမမှာ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သော်လည်း မိန်းမသားပီပီ ခံစားချက်များ ရှိသည်။ ခံစားချက်များက သူမကို ရစ်မူးစေခဲ့၏။ သို့သော် အပြင်လောကသို့ ပြန်ရောက်လာသည်နှင့် ခံစားချက်များကို နောက်ပို့လိုက်သည်။
ချင်မူ ဤအိပ်မက်များကို သူမအား ကြုံတွေ့စေခဲ့သည့် အကြောင်းရင်းကို သူမ မြင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ အမိကမ္ဘာမြေကို ရှင်းပစ်ရပေမည်။ အမိကမ္ဘာမြေ ကမ္ဘာဦးဘုံသားများအပေါ် ဆက်လက်ဒုက္ခပေးနေသည်ကို သူမ ရပ်မကြည့်နိုင်ချေ။
“ဒီတိုက်ပွဲမှာ ငါ့အတွက် အဆိုးဆုံးအခြေအနေက ခြေကျိုးပြီး မျက်နှာပျက်စီးရတာပဲ ရှိတယ်... ဒါပေမဲ့ အမိကမ္ဘာမြေ သုတ်သင်ခံလိုက်ရပြီး လူသားတွေအပေါ် ဒုက္ခပေးနိုင်တော့မှာ မဟုတ်ဘူး”
သူမက ပြုံးလိုက်သည်။ “တန်ပါတယ်... ညီမလင်က အရေးအကြီးဆုံးပဲ... သူ အသက်ရှင်နေသေးသရွေ့ ဘယ်အရာမဆိုအတွက် မျှော်လင့်ချက်ရော၊ အခွင့်အရေးရော ရှိတယ်”
သူမသည် ပေါ့ပါးနေသော ခြေလှမ်းများဖြင့် တောင်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံဆီ လျှောက်သွား၏။ ‘ညီမလင် ဒီမှာ ရှိနေသရွေ့ သူ့ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ဆို ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး... ငါ ကောင်းကင်နတ်အရှင်ယွဲ့၊ ယွဲ့အာကတော့ ညီမလင်အတွက် ကူညီပေးနေရမယ့် အရိပ်တစ်ခုပဲ...”
ချင်မူ၏ရုပ်ခန္ဓာမှာ တစတစ ဖွဲ့တည်လာပြီး သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာသည်လည်း သူထင်ထားသည့်အတိုင်း ပေါ်လွင်လာနေ၏။
သူက ကောင်းကင်နတ်အရှင်ယွဲ့၏ ပန်းချီကို တိတ်ဆိတ်စွာ သိမ်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် စွမ်းအင်ကိုယ်ထည် ဖြစ်နေသည့်အတွက် ကောင်းကင်နတ်အရှင်ယွဲ့၏ ပန်းချီမှာလည်း စွမ်းအင်သက်သက်သာ ဖြစ်နေ၏။ သို့သော် သူက ဤပန်းချီနှစ်ခု ရေးဆွဲရန် စွမ်းအင်ကုန်သွားမည်ကိုပင် နှမြောမနေပေ။
ချင်မူ ဤပန်းချီကားကို တန်ဖိုးထားသည်။ နောက်တစ်ချိန်တွင် ကောင်းကင်နတ်အရှင်ယွဲ့၏ ရုပ်ရည်သွင်ပြင်အား ဤပန်းချီကားအတိုင်း ပြန်ပြင်ပေးရပေမည်။
ယခုအရေးအကြီးဆုံးက ကတိပေးထားသည်နှင့်အတူ ယွီလင်နန်းစောင့်တပ်သားများ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်အား ပြန်တည်ဆောက်ပေးရန်ပင်။
ဤအခြေအနေကို ကြုံတွေ့၍ ရုပ်ခန္ဓာကို ပြန်တည်ဆောက်ပြီးနောက် သူသည် ပို၍ပင် သန်မာအားကောင်းလာခဲ့၏။ သူ ပြန်လည်နေရာချထားသော ကောင်းကင်ရတနာများတွင်လည်း ထူးဆန်းသော စွမ်းအားမျိုးစုံ ကိန်းဝပ်နေသည်။ အဆန်းကြယ်ဆုံးသည် ပြန်လည်ဖွင့်လှစ်လိုက်သည့် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖြစ်၏။ ဘိုးဘေးနန်းတော်၏ သဘာဝအတိုင်း တည်ဆောက်ထားသည့်အလျောက် ကောင်းကင်ရတနာထဲတွင် ချင်မူပင် စိတ်ကူးမကြည့်နိုင်သော ဆန်းပြားမှုတို့ ပါဝင်နေသည်။
အထူးသဖြင့် ကျောက်တုံးတွင်းငါးတွင်း ဖြစ်သည်။ ထိုက်ရှီ၏ စွမ်းအား၊ ထိုက်ချူ၏ စွမ်းအား၊ ထိုက်စု၏ စွမ်းအားနှင့် ထိုက်ရှီ၏ စွမ်းအားတို့အား တည်ရှိလာတော့မည့် အရိပ်အယောင်များ ပြလာသည်။ ထိုက်ယွီ၏စွမ်းအား၊ တစ်နည်းအားဖြင့် ဖရိုဖရဲချီသာလျှင် မည်သည့်စွမ်းအားမှ မပြသသေးပေ။
ထို့အပြင် သူက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ဗဟိုချက်အဖြစ် ဘိုးဘေးနန်းတော်ကို အသုံးပြုထားသည်။ ဘိုးဘေးနန်းတော်ကို မူလအစအဖြစ် သဘောထား၍ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ စကြဝဠာအား ဖွင့်လှစ်လိုက်ကာ ကမ္ဘာဦးဘုံကို တည်ဆောက်သည်။ ရွှမ်တုကို ဖော်ဆောင်၍ ယိုတုကို ဖွင့်လှစ်ပြီးနောက် ဝင်ရိုးစွန်းလေးခု ထူထောင်၏။ ကောင်းကင်နတ်မြစ်က ဘိုးဘေးနန်းတော်၏ နဂါးသွဲ့ရေကန်မှ မြစ်ဖျားခံကာ ရွှမ်တုကို ဖြတ်လျက် ဝင်ရိုးစွန်းလေးခုဆီ စီးဆင်းသွားသည်။ ဤသို့ဖြင့် ရွှမ်တုမှ ယိုတုသို့ ဆက်လက်စီးကျသွားပြီးနောက် အဆုံးသတ်မြို့ပျက်ထဲ ဝင်ရောက်သွားသည်။
ထို့နောက် အဆုံးသတ်မြို့ပျက်မှတစ်ဆင့် နဂါးသွဲ့ရေကန်ထဲ ပြန်ရောက်လာကာ သံသရာတစ်ပတ် ပြည့်သည်။
ချင်မူ၏ ချီစွမ်းအင်က ကောင်းကင်နတ်မြစ်ကို ဖွဲ့တည်ထားခြင်း ဖြစ်ပြီး ကောင်းကင်နတ်မြစ်၏ မြစ်လမ်းကြောင်းကား လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ စွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းပင်။
ချီစွမ်းအင် စီးဆင်းသွားသည့် နေရာများဖြစ်သော ... နတ်သစ်ပင်အောက်က ဝိညာဉ်သန္ဓေသား၊ ရွှမ်တု၏ ကောင်းကင်နယ်စားမင်း၊ ဝင်ရိုးစွန်းလေးခု၏ နတ်မင်းလေးပါး၊ ယွမ်တု၏ အမိကမ္ဘာမြေ၊ ယိုတု၏ မြေအောက်ဘုံအရှင်သခင်၊ အဆုံးသတ်မြို့ပျက်၏ အမြွှာပန်းပွင့်၊ ကြယ်တာရာ အရှင်သခင်များနှင့် ကောင်းကင်နတ်ဘုရားများ ... အစရှိသည်တို့တွင် ပိုင်ရှင်ရှေးဟောင်းနတ်ဘုရား၏ မဟာတာအိုအလိုက် မတူကွဲပြားသော ချီစွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းများ ရှိနေကြသည်။
ဤအချိန်တွင် ဤစွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းက ပြီးပြည့်စုံတော့မည်ဟု ချင်မူ ခံစားလိုက်ရသည်။
“အဆင့်နဲ့ ခွဲခြားရင် ဘိုးဘေးနန်းတော်ရဲ့ ဝိညာဉ်သန္ဓေသားက ပထမအဆင့်၊ ရွှမ်တုက ဒုတိယအဆင့်၊ ကောင်းကင်သံသရာကြယ်နတ်ဘုရားက တတိယအဆင့်၊ ဝင်ရိုးစွန်းလေးခုကတော့ စတုတ္ထအဆင့်ငယ် လေးဆင့်၊ ယွမ်တုအမိကမ္ဘာမြေက ပဉ္စမအဆင့်၊ ယိုတုမြေအောက်ဘုံအရှင်သခင်က ဆဋ္ဌမအဆင့် ဖြစ်ပြီး အဆုံးသတ်မြို့ပျက်က သတ္တမအဆင့်ပဲ”
ချင်မူက မျက်လုံးများဖွင့်ကာ သူ့ဘာသာသူ တွေးနေသည်။ “ဒီအဆင့်ခုနစ်ဆင့်က ကောင်းကင်ရတနာအဆင့်ခုနစ်ဆင့်လို့ ခေါ်တယ်... သံသရာတစ်ပတ် လည်ပြီးရင် ကောင်းကင်နတ်ဘုံ ဖြစ်လာတယ်... ကောင်းကင်နတ်ဘုံပြီးရင်တော့ ဘိုးဘေးနန်းတော်ရဲ့ မဟာကျောက်တုံးတွင်းငါးတွင်းကို အဆင့်မြှင့်ပေးနိုင်မယ့် စွမ်းအား ရှိလာလိမ့်မယ်...’
ချင်မူ၏မျက်ဝန်းများသည် တောက်ပလာပြီး တမူထူးခြားသော လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွား၏။
ဤလမ်းစဉ်က လက်ရှိကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်ထက် ပိုမိုပြည့်စုံပေသည်။ တာအိုကျင့်စဉ်စနစ်ထက်ပင် ပြည့်စုံသေးသည်။
ထို့အပြင် ဤလမ်းစဉ်၏ အဆုံးတွင် ... ထိုက်ကျိ၊ ထိုက်စု၊ ထိုက်ရှီ၊ ထိုက်ချူနှင့် ထိုက်ယီဟူသော မဟာအဆင့်ကြီးငါးဆင့် ရှိနေလိမ့်မည်။
လက်ရှိအချိန်တွင် သူတစ်ယောက်တည်းသာ ဤလမ်းစဉ်တွင် ရှိသေးသော်လည်း ကျင့်စဉ်စနစ်တစ်ခု တည်ထောင်ပြီးသွားလျှင် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် ဤလမ်းကြောင်းအတိုင်း လျှောက်လှမ်းရင်း အမြင့်ဆုံးသို့ပင် ရောက်ရှိသွားနိုင်သည်။
ချင်မူ့လမ်းစဉ်အား ကျင့်ကြံခြင်းသည် အတိုင်းထက်အလွန် ခက်ခဲမည်မှာ မှန်သော်လည်း ဘိုးဘေးနန်းတော်ကား ဖြစ်တည်လာခဲ့ပြီးချေပြီ။ နောင်တစ်ချိန်တွင် ဤလမ်းစဉ်မှ အကျိုးအမြတ်များကို သဘောပေါက်၍ ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်ကို စွန့်ခွာလာသူတချို့ ရှိကောင်း ရှိလာလိမ့်မည်။ သူ၏လမ်းစဉ်ကို လုံ့လဝီရိယများဖြင့် မဆုတ်မနစ် လျှောက်မည့်သူများလည်း ပေါ်လာလိမ့်မည်။
အတိတ်တုန်းက သူ့လမ်းစဉ်မှာ အလွန်ခက်ခဲခဲ့သော်လည်း ယခုလမ်းစဉ်တွင်တော့ အခြားသူများလည်း လျှောက်လှမ်းနိုင်မည့် ဖြစ်နိုင်ခြေ ရှိလာခဲ့ချေပြီ။
သူက ထရပ်ပြီး ယွီလင်နန်းစောင့်တပ်ဖွဲ့ဆီ လျှောက်သွားသည်။