ကျွန်တော့်ကို စောင့်နေပါ တာအိုရောင်ရင်း
Vol. 92 Ch. 1201
ယနေ့တွင် ကမ္ဘာဦးဘုံ၌ ဧရာမပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ပထမဧကရာဇ် ရှောင်ဝေ့စုတို့သည် အမိကမ္ဘာမြေအား သတ်ဖြတ်ကာ ကမ္ဘာဦးသစ်ပင်ကို ဖျက်ဆီးခဲ့ကြချေပြီ။
၁၅ ယောက်မြောက် တောင်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံက စစ်တပ်ကြီးကို ဦးဆောင်၍ မြောက်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံအား တိုက်ခိုက်ကာ ကမ္ဘာဦးဘုံ၏ ဒုက္ခအန္တရာယ်ကို အပြန်ရှင်းခဲ့ကြသည်။
ဤတိုက်ပွဲတွင် တောင်ချုံဧကရာဇ်ကား ကမ္ဘာဦးဘုံကို ပေါင်းစည်းခဲ့နိုင်ခဲ့သောကြောင့် ပြောမဆုံးနိုင်သော ဇာတ်လမ်းပုံပြင်များစွာ ထွက်ပေါ်လာခဲ့၏။
အမိကမ္ဘာမြေ ခေါင်းဖြတ်ခံခဲ့ရသည့်နေ့တွင် ဆန်းကြယ်သော အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သည်။ ကမ္ဘာဦးသစ်ပင်ကြီး၏ ပြိုလဲမှုအပြင် နေရာဟင်းလင်းပြင်၏ ကသောင်းကနင်းပြောင်းလဲမှုများ၊ နတ်ဘုရားများ၏ ဆင်းလက်လာမှုတို့လည်း ပါဝင်သည်။
ပြင်ပကောင်းကင်နတ်ဘုံ၏ နာမည်ကျော် ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်ဘုံမှ အဆင့်မြင့် သိုင်းပညာရှင်များကို ဦးဆောင်၍ ဆင်းသက်လာကာ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် အခြားသူများ အမိကမ္ဘာမြေကို သတ်ဖြတ်နိုင်အောင် ကူညီပေးခဲ့သည်ဟု ပြောကြသူတချို့ပင် ရှိကြသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ သူမ၏ ကောင်းကင်နတ်သိုင်းကို မထိန်းချုပ်နိုင်ခဲ့ဘဲ အမိကမ္ဘာမြေကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်ဟူ၍လည်း ဆိုကြသည်။ သူမသည် ဒုက္ခိတဖြစ်လာပြီး မျက်နှာလည်း ပျက်စီးသွားခဲ့သည်ဟု ဆိုကြ၏။
ရှောင်ဝေ့စုက ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်တို့၏ အသိအမှတ်ပြုခြင်း ခံခဲ့ရသောကြောင့် ပိုင်းဖြတ်ခံခဲ့ရသည့် ကမ္ဘာဦးသစ်ပင်အား သူ့ဆီ ပေးအပ်ခဲ့သည်ဟု ပြောသူများလည်း ရှိ၏။
တချို့ကမူ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ဟွေ့တို့သည် ရှောင်ဝေ့စုအား ကမ္ဘာဦးဘုံကို အုပ်ချုပ်စေရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
မည်သို့ဆိုစေ ထိုအချိန်မှစ၍ ကောင်းကင်နတ်အရှင်ယွဲ့အား မြင်တွေ့ရသူ ရှားပါးသွားခဲ့၏။
ကောင်းကင်နတ်အရှင်လင်ကလည်း တံခါးပိတ်ကျင့်ကြံပြီး လူရှေ့ထွက်မလာတော့ပေ။
ထိုနေ့တွင် ဖြစ်ပွားခဲ့သည့်အရာများမှာ သမိုင်းရာဇဝင်တစ်ပုဒ်သာ ဖြစ်လာခဲ့ကာ အမှန်တရားကိုတော့ မည်သူမှ မသိရှိခဲ့ကြချေ။
ထိုနေ့တွင် ကောင်းကင်နတ်အရှင်ယွဲ့မှာ သူမ၏နန်းဆောင်သို့ ပြန်ရောက်ကာ လွတ်မြောက်လာခဲ့သည်။ သူမသာ ထွက်သွားချင်ပါက တစ်လောကလုံးရှိ မည်သူမှ သူမကို တားဆီးနိုင်မည်မဟုတ်ချေ။ သို့သော် ကောင်းကင်နတ်အရှင်လင်အား ကယ်တင်ရန် သူမသည် အိပ်မက်ထဲကအတိုင်း ရွေးချယ်ခဲ့၏။ ကောင်းကင်နတ်အရှင်လင် ထွက်ပြေးလွတ်မြောက်နိုင်အောင် သူမ၏ခြေထောက်များနှင့် မျက်နှာကို စတေးခဲ့သည်။
သူမက နန်းဆောင်ဆီသို့ တွားသွားလျက် ပြန်ရောက်လာခဲ့ပြီး နေရာဟင်းလင်းပြင် အတားအဆီးအစီအရင်မျိုးစုံ ခင်းကျင်းကာ ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများ သူမကို ရှာမတွေ့နိုင်ရန် ဟန့်တားခဲ့သည်။
“ယန်အာ၊ ကန့်လန့်ကာတစ်ခု ယူလာခဲ့…. ဘယ်သူမှ ငါ့ကို မမြင်စေနဲ့” သူမက တုန်ရီနေသော အသံဖြင့် ပြောသည်။
ကန့်လန့်ကာက သူမကို ဖုံးကွယ်ထားပေးပြီး ယန်အာသည် အလိုက်သိစွာဖြင့် သူမအတွက် မီးအိမ်ထွန်းညှိပေးခဲ့၏။
ကောင်းကင်နတ်အရှင်ယွဲ့မှာ တုန်ရီနေသော လက်ဖြင့် မှန်ကို ကောက်ယူလိုက်သည်။ မှန်ထဲရှိ အကျည်းတန်လှသော မျက်နှာကို ကြည့်ရင်း သူမက မှန်အား လွှင့်ပစ်လိုက်၏။
ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်လာသော်လည်း ယန်အာနှင့် အခြားသူများမှာ ထိုသူကို မြင်ဟန်မတူချေ။
ချင်မူက ကန့်လန့်ကာဆီသို့ လျှောက်သွားနေသည်။ ကောင်းကင်နတ်အရှင်ယွဲ့က သူမမျက်နှာကို ကာ၍ အက်ကွဲစွာ ပြောသည်။ “မလာနဲ့… ငါ့ရဲ့ ဒီလိုပုံစံကို နင့်ကို မမြင်စေချင်ဘူး”
ချင်မူက ကန့်လန့်ကာ တွန်းဖွင့်လိုက်ရာ ကောင်းကင်နတ်အရှင်ယွဲ့က စူးရှစွာ အော်သည်။ ချင်မူ မည်သည့်နေရာဆီသို့ ဦးတည်ကာ လျှောက်ပါစေ… ကန့်လန့်ကာသည် သူ့လမ်းကို အမြဲပိတ်ထား၏။
“ယွဲ့”
ချင်မူက ကန့်လန့်ကာ၏အပြင်၌ ရပ်ကာ ပြောသည်။ “ကျွန်တော် ပြန်တော့မယ်..”
ကောင်းကင်နတ်အရှင်ယွဲ့က တိတ်ဆိတ်နေ၏။
ချင်မူက ဆက်ပြောသည်။ “ကျွန်တော် အခု ယွဲ့ကို အခု မကယ်နိုင်ဘူး…. ရှောင်ဝေ့စုရဲ့ မွေးရာပါချီကို မဖြေရှင်းနိုင်သလို ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ကောင်းကင်နတ်သိုင်းကိုလည်း မဖြေရှင်းနိုင်ဘူး… ဒါပေမဲ့ ယွဲ့ရဲ့ မက်မွန်ပင်တွေ ကမ္ဘာပေါင်းထောင်ပေါင်းများစွာတလျှောက် ပေါက်ရောက်လာမယ့် အနာဂတ်တစ်ချိန်မှာ ကျွန်တော် ဒီပန်းချီကို ပြန်ယူလာခဲ့ရင် ယွဲ့ မူလပုံစံအတိုင်း ပြန်ပြောင်းသွားလိမ့်မယ်…. အဲ့ဒီအချိန်ကျရင် ယွဲ့က ကောင်းကင်နတ်အရှင်ယွဲ့ ဖြစ်နေဦးမှာပါ”
သူက ဦးညွှတ်အရိုအသေပေးပြီးနောက် ထွက်ခွာသွားသည်။ “ကျွန်တော့်ကို စောင့်နေပေးပါ တာအိုမိတ်ဆွေ”
ကန့်လန့်ကာနောက်တွင်မူ တိတ်ဆိတ်လျက်ပင်။
အချိန်အတော်ကြာပြီးနောက် ကန့်လန့်ကာနောက်ရှိ အမျိုးသမီးသည် အရိပ်ထဲမှ အနည်းငယ် ဦးညွှတ်လိုက်၏။
အချိန်များ ကုန်ဆုံးသွားသည်။
ချုံဧကရာဇ်ခေတ်၏ အဆုံးသတ်ကား သေချာသွားချေပြီ။
အမိကမ္ဘာမြေ သေဆုံးပြီး ကောင်းကင်နတ်အရှင်ယွဲ့မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသဖြင့် ကောင်းကင်နတ်အရှင်လင်မှာ တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ သို့သော် ကောင်းကင်နတ်အရှင်လင်မှာ မှန်းဆမရနိုင်သည့် အံ့မခန်းလိလိစွမ်းရည်များကို ပိုင်ဆိုင်ခဲ့သည်။ အထူးသဖြင့် ချုံဧကရာဇ်ခေတ်၏ နောက်ဆုံးနှစ်များတွင် ဖြစ်သည်။ သူမ၏ ကောင်းကင်နတ်သိုင်းများကို အသက်သွင်းလိုက်သည်နှင့် မည်သူမှ သူမကို မရင်ဆိုင်နိုင်ချေ။
သို့သော် ကွင်းပြင်၌ လှံတစ်လက်ကို ရှောင်တိမ်းရန် လွယ်ကူသော်လည်း အမှောင်ထဲမှ မြှားတစ်စင်းကို ရှောင်တိမ်းရန် ခက်ခဲလေသည်။ ကောင်းကင်နတ်အရှင်လင်သည် ကောင်းကင်နတ်ဧကရာဇ်၏ ခြုံခိုတိုက်ခိုက်ခြင်းခံရကာ ကောင်းကင်နတ်မြစ်ထဲတွင် သေဆုံးခဲ့ရသည်။
နှစ်ပေါင်းသုံးသိန်း တည်တံ့၍ သာယာ၀ပြောခဲ့သော မင်းဆက်တစ်ဆက်ကား မျိုးသုဉ်းပျောက်ကွယ်ခဲ့ချေပြီ။
ထိုနှစ်တွင် နဂါးဖြူမျိုးနွယ်စုမှ မိန်းမငယ်တစ်ဦးသည် ကျောတွင် ဓားရှည်တစ်လက်ကို လွယ်လျက် ပြင်ပကောင်းကင်ဘုံမှ မိစ္ဆာများ၊ နတ်ဘုရားများ မဖမ်းမိနိုင်အောင် စုတ်စုတ်ချာချာ အ၀တ်များဖြင့် လူများအား ဦးဆောင်လာခဲ့၏။ သူမမှာ အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ရင်း နောက်ဆုံးတွင် အရှေ့ပင်လယ်သို့ ရောက်ရှိလာခဲ့သည်။
သူမက ချုံဧကရာဇ်ခေတ်မှ ရှင်ကျန်ခဲ့သူများကို ပင်လယ်ဆီသို့ ခေါ်ဆောင်သွားသည်။
အချိန်တစ်ခုကြာပြီးနောက် သူတို့သည် ရေမျက်နှာပြင်ထက်၌ ပေါလာပေါ်နေသော ကျွန်းတစ်ကျွန်းဆီသို့ ရောက်ရှိလာခဲ့၏။ ကျွန်းပေါ်တွင် မက်မွန်ပန်းများ ပွင့်လန်းနေကာ အင်မတန် လှပချေသည်။
ထိုနေရာ၏ ပိုင်ရှင်က သူတို့အား လက်ခံပေးခဲ့သည်။ ပိုင်ရှင်၏ စိတ်အခြေအနေမှာ ထူးဆန်းသည့်အပြင် ကန့်လန့်ကာနောက်တွင်သာ ပုန်းကွယ်၍ မည်သည့်ဧည့်သည်ကိုမှ လက်ခံမတွေ့ပေ။
“ငါ နင်တို့ကို လျှို့ဝှက်ကောင်းကင်ဘုံတစ်ဘုံဆီ ပို့ပေးပြီး ဇာတ်မြုပ်နေနိုင်အောင်ပဲ ကူညီပေးနိုင်တယ်”
မက်မွန်ဥယျာဉ်၏ ပိုင်ရှင်က နဂါးဖြူမိန်းကလေးအား ပြောသည်။ “ချုံဧကရာဇ်ကပ်ဘေး ပြီးရင်တော့ နင်တို့ ဒီမြေကို ပြန်လာလို့ရတယ်”
နဂါးဖြူမျိုးနွယ်စုသည် ပိုင်ရှင်ကို ကျေးဇူးတင်ခဲ့၏။
နဂါးဖြူမျိုးနွယ်ခေါင်းဆောင် မိန်းကလေးသည် မကြာခဏ ဓားသိုင်းကျင့်တတ်ပြီး မက်မွန်ဥယျာဉ်ပိုင်ရှင်က မိန်းကလေးတစ်ဦး တွန်းပေးသော ဘီးတပ်ခုံတစ်လုံးတွင် ထိုင်ကာ လာကြည့်တတ်သည်။ သူမက မျက်နှာကို ပဝါစဖြင့်ကွယ်လျက် ထိုမိန်းကလေး ဓားဖြင့် ကခုန်နေသည်ကို တိတ်ဆိတ်စွာ ကြည့်ရှုတတ်လေသည်။
ဓားက ငါးတစ်ကောင် ခုန်ပျံနေသည့်အလား ၊ နဂါးတစ်ကောင် လူးလွန့်နေသည့်အလား ကခုန်နေပြီး အရှေ့ပင်လယ်တစ်လျှောက် ဓားရောင်များ ရောင်ပြန်ဟပ်နေသည်။
နဂါးဖြူမိန်းကလေးသည် ကျွန်းပေါ်၌ ထူးဆန်းသော အရာများကို ရှာတွေ့ခဲ့၏။ ကျွန်းပေါ်က မက်မွန်တောအုပ်ထဲတွင် ရောက်တတ်ရာရာ လျှောက်သွားသည့်အခါ တစ်ခါတရံတွင် အခြားကောင်းကင်ဘုံများ၊ တစ်ခါတရံတွင် ကမ္ဘာဦး၊ ယိုတုနှင့် ရွှမ်တုသို့ပင် ရောက်သွားတတ်သည်။
မက်မွန်ဥယျာဉ်ပိုင်ရှင်၏ စိတ်အခြေအနေမှာ ထူးဆန်းသည်ကိုလည်း သူမ သိခဲ့ရသည်။ ယန်အာဟုခေါ်သည့် မိန်းကလေးအား မက်မွန်တောအုပ် မည်သည့်နေရာအထိ ပေါက်ရောက်နေကြောင်းလည်း မေးကြည့်မိသည်။
မိန်းကလေးယန်အာဆီမှ စကားအရ မက်မွန်ဥယျာဉ်ပိုင်ရှင်က ဤဆန်းကြယ်မက်မွန်တောအုပ်ကို စိုက်မျိုးခဲ့ခြင်းဖြစ်ကြောင်း ကြားသိခဲ့ရသည်။ တောအုပ်မှာ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် ဤအတိုင်းအတာအထိ တိုးပွားခဲ့ခြင်းပင်။
မက်မွန်ဥယျာဉ်ပိုင်ရှင်သည် လူတစ်ယောက်ကို စောင့်နေခြင်းဖြစ်ကြောင်းလည်း သိခဲ့ရ၏။ ထိုသူသည် မက်မွန်တောအုပ် ကမ္ဘာလောကများတစ်လျှောက် ပြည့်နှက်လွှမ်းခြုံသွားသည့်အချိန်မှ ရောက်လာလိမ့်မည်ဟု ဆိုသည်။
အဆုံးသတ်တွင် နဂါးဖြူမိန်းကလေးသည် မက်မွန်တောအုပ်ထဲသို့ မျိုးနွယ်ဝင်များ ခေါ်သွားပြီး လျှို့ဝှက်ကောင်းကင်ဘုံတစ်ဘုံထဲ ဝင်ရောက်သွား၏။ သူတို့က ထိုနေရာတွင် အခြေချကာ မျိုးနွယ်စုအား ပြန်တည်ထောင်ချေသည်။
နဂါးဖြူမိန်းကလေးက အပြင်သို့လည်း မကြာခဏ ထွက်လာကာ ကမ္ဘာဦးဘုံသားတို့အား လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ သင်ကြားပေးရင်း ချုံဧကရာဇ်ခေတ်၏ အတွေးအခေါ်၊ အယူအဆတို့ လက်ဆင့်ကမ်းဖြန့်ဝေပေးတတ်သည်။
ထိုမိန်းကလေးကား ချုံဧကရာဇ် ဓားနတ်ဘုရားဟု တင်စားခေါ်ကြချေသည်။
သူမသည် မက်မွန်တောအုပ်ဆီသို့ တစ်ခါတစ်ခါ လာလည်တတ်၏။ မက်မွန်တောအုပ်မှာ ကောင်းကင်ဘုံများစွာဆီသို့ ပျံ့နှံ့နေပြီဖြစ်သော်လည်း မက်မွန်ဥယျာဉ်ပိုင်ရှင် စောင့်နေခဲ့သော သူအား ရှာမတွေ့သေးပေ။
နဂါးဖြူမိန်းကလေးသည် ချင်ယဲ့ဆိုသော လူငယ်၊ ထင်းခုတ်တတ်သော ဝမ်ထျန်းကဲ၊ စိတ်အပြောင်းအလဲမြန်သော တိရီယွဲ့၊ ယောက်ျားတစ်ယောက်လို ဝတ်စားတတ်သော မိန်းမလှလေး ယန်ယွင်ရှီတို့နှင့် တွေ့ဆုံခဲ့၏။
သူမက ကမ္ဘာလောကထဲတွင် တစ်ယောက်တည်း လျှောက်သွားနေတတ်သည်။ မက်မွန်ဥယျာဉ်၏ ပိုင်ရှင်က လူတစ်ယောက်ကို စောင့်နေသလို၊ သူမကိုယ်တိုင်သည်လည်း လူတစ်ယောက်ကို စောင့်နေခြင်းဖြစ်သည်။
မသိလိုက်မသိဖာသာဖြင့် နှစ်နှစ်သောင်း ကုန်လွန်သွားခဲ့ပြီး ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံသည်လည်း ပြာကျသွားခဲ့သည်။ အတိတ်ခေတ်၏ ခမ်းနားထည်ဝါမှုကား ပျက်စီးသွားခဲ့၏။ မက်မွန်တောအုပ်ပိုင်ရှင်မှာ ထိုသူအား ရှာမတွေ့သေးသလို၊ သူမလည်း ထိုလူ့ကို မတွေ့သေးပေ။
အမှောင်ထုကြီး ကြီးစိုးနေသော နောက်နှစ်နှစ်သောင်းကြာသော် နဂါးဖြူမိန်းကလေးမှာ ထိုလူနှင့် ပတ်သက်၍ သဲလွန်စများအား ရှာတွေ့ခဲ့ချေပြီ။
ယနေ့တွင် သူမသည် မာန်ဟုန်မြစ်အစပိုင်းတွင် ဖြတ်သွားနေရင်း မြူခိုးများ ဝေလာကြောင်း တွေ့လိုက်ရ၏။ သူမမှာ နတ်ဓားကို လွယ်ထားလျက် သက်ပြင်းချမိသည်။ ဤမြစ်ထဲ၌ သမိုင်းရာဇဝင်များစွာ တိမ်မြုပ်နေသည့်အတွက် မာန်ဟုန်မြစ်၏ ရေစီးသံများကပင် အချိန်၏ တီးတိုးညီးသံများသဖွယ် ဖြစ်လာသည်။
ဤအချိန်တွင် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ အပြေးအလွှား လာနေကြသည်ကို မြင်လိုက်ရသည်။
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားက ခြင်းတောင်းတစ်ခု သယ်ထားသော မိန်းကလေးတစ်ယောက်အား လိုက်ဖမ်းနေကြသည်။ နဂါးဖြူမိန်းကလေးမှာ ထိုမိန်းကလေးကို ကယ်ပေးခဲ့သော်လည်း သူမကိုယ်တိုင်လည်း ပင်ပန်းခဲ့ရ၏။
သူမက ဤမိန်းကလေး၏ သတ္တိကို လေးစားသောကြောင့် သူမသွားချင်သည့် နေရာဆီ လိုက်ပို့ပေးသော်လည်း အဆုံးသတ်တွင် မိန်းကလေးမှာ မာန်ဟုန်မြစ်ထဲ ကျသွားခဲ့သည်။
ခြင်းတောင်းထဲမှ ကလေးသေးသေးလေးတစ်ယောက်၏ ငိုသံက စူးခနဲ ထွက်လာသည်။
သူ၏ရင်ဘတ်ပေါ်တွင်ကား ချင်စာလုံးကျောက်စိမ်းလည်ဆွဲတစ်ခု။
ညရောက်လာသဖြင့် နဂါးဖြူမိန်းကလေးက မွေးကင်းစကလေးငယ်ကို မာန်ဟုန်မြစ်ဘေးရှိ ရွာငယ်လေးတစ်ရွာဆီ ပို့ပေးလိုက်သည်။
“နားထောင်ကြ”
အသက်ကြီးကြီး အဘွားအို၏အသံက ရွာထဲမှ ထွက်လာသည်။ “အပြင်မှာ ကလေးငိုသံ ကြားရတယ်”
လေးဆယ့်ခြောက်နှစ်ကြာသော်.... မာန်ဟုန်မြစ်ထဲတွင် လှိုင်းလုံးများ အုံကြွနေပြီး လှိုင်းတံပိုးများသည် မြစ်ကမ်းစပ်အား တဝုန်းဝုန်း ရိုက်ခတ်လျက် ရှိ၏။
မြူများ ဝေလာပြီး အလင်းတန်းများ ကူးလူးဖြတ်ပြေးသွားသည်။ ချင်မူကား ဝေစွေ့ဖုန်း၊ နဂါးအရှင်ဘုရင်၊ ဖုန့်ချိုးယွင်၊ လင်းရှောင်၊ ယွီလင်နန်းစောင့်တပ်သားများနှင့်အတူ မြစ်ရေပြင်ထက်၌ ပေါ်လာခဲ့ချေပြီ။
မြင့်မားလှသော လှိုင်းလုံးကြီးများကြောင့် လေကြမ်းများက တိုက်ခတ်လိုက်သည့်အခါ မြူများ လွင့်စင်သွားသည်။ နတ်စွမ်းအားတစ်ရပ်က ရိုက်ခတ်သောင်းကြမ်းနေသော လှိုင်းလေလုံးများကို ကာဆီးလိုက်၏။