သေဆုံးသွားသော ရှေ့လှိုင်းလုံး
Vol. 92 Ch. 1202
ချင်မူ့အနောက်ရှိ ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်တပ်သားငါးသောင်းသည် ဦးညွှတ်အရိုအသေပေး၍ ပြိုင်တူ ပြောလိုက်ကြသည်။ “ကျေးဇူးတင်လို့ မဆုံးပါဘူး ကျေးဇူးရှင်”
မြစ်ရေသည် တဝုန်းဝုန်း ရိုက်ခတ်သွားသဖြင့် လှိုင်းတံပိုးများ ထကြွလာ၏။
မာန်ဟုန်မြစ်ကမ်းနှစ်ဖက်တွင် စင်ရော်ငှက်များသည် အုပ်စုဖွဲ့လျက် ပျံသန်းနေကြသည်။
ချင်မူက နောက်ပြန်လှည့်ပြီး ဝေစွေ့ဖုန်းအား ဆွဲထူလိုက်သည်။ သူက ဝေစွေ့ဖုန်း၏ ပခုံးနှစ်ဖက်ပေါ်သို့ လက်တင်ကာ ရယ်လိုက်၏။ “အစ်ကိုကြီးကလည်း ဘာလို့ ဒီလိုတွေ လုပ်ရတာလဲဗျာ…. အားလုံးပဲ ထကြပါ”
နဂါးအရှင်သခင်ဘုရင်၊ ဖုန့်ချိုးယွင်နှင့် အခြားသူများမှာ ထိုအခြင်းအရာကို မြင်လျှင် သိသိသာသာ မျက်နှာပျက်နေကြပြီး မအီမသာဖြစ်နေကြသည်။
အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်းသည် ဧကရာဇ်ပလ္လင်အဆင့်၏ အမြင့်ဆုံးသို့ ရောက်နေပြီဖြစ်သော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလော။ ယွီလင်နန်းစောင့်တပ်ဖွဲ့အင်အားကလည် ထောင်သောင်းချီချေရာ ကမ္ဘာဦးဘုံတစ်လျှောက် သိမ်းပိုက်ရန်ပင် လုံလောက်၏။
မှန်ပါသည်။ ကမ္ဘာဦးဘုံ၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုတော့ နိုင်မည်မဟုတ်။
ယခုအချိန်တွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသည် လောကကြီးကို စိန်ခေါ်နိုင်သည့် အင်အားကို ပိုင်ဆိုင်ပေတော့မည်။ ဤအင်အားသည် အားနည်းနေသေးလင့်ကစား ... အင်အားတစ်စုတော့ ဖြစ်နေသေးသည်။
“နဂါးအရှင်ဘုရင်၊ မမကြီးဖုန့်ချိုးယွင်၊ လင်းရှောင်… မြေအောက်ဘုံအရှင်လေးဆီမှာ ကျမ်းကျိန်ပါ” ချင်မူ့အကြည့်က သူတို့ဆီ ရောက်လာသည်။
“မြေအောက်ဘုံအရှင်သခင်လေးတဲ့လား”
သူတို့မှာ ဤမြေအောက်ဘုံအရှင်လေးက မည်သူမှန်း မသိကြသဖြင့် ကသိကအောက် ဖြစ်နေကြ၏။ သို့သော် အခြေအနေအရ သူတို့ဘက်တွင် အားနည်းနေချေရာ ချင်မူ့စကားအတိုင်း မြေအောက်ဘုံအရှင်လေးကို တိုင်တည်၍ ကျိန်ဆိုရုံမှတပါး ရွေးချယ်စရာမရှိချေ။
မြေအောက်ဘုံအရှင်လေးဆိုသူထံ တိုင်တည်ကာ ကျိန်ဆိုခဲ့သည့်တိုင် ထိုမြေအောက်ဘုံအရှင်လေးဆီမှ မည်သည့်တုံ့ပြန်ချက်မှ မရခဲ့သဖြင့် အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့သည် စာချုပ်က အသုံးမဝင်နိုင်ဟု ထင်မှတ်ကာ အံ့ဩဝမ်းသာနေကြတော့၏။
…..
သို့သော် မြေအောက်ဘုံအရှင်လေးကား ... မည်သူပေနည်း။ ချင်ဖုန်းကျင့် မဟုတ်ပေလော။
ချင်ဖုန်းကျင့်က ဤနေရာတွင် မရှိနေသဖြင့် သူတို့၏ကျိန်ဆိုမှုကို မတုံ့ပြန်ခဲ့မှန်း သူတို့ မသိကြပေ။ ချင်ဖုန်းကျင့်သည် လက်ရှိအချိန်တွင် လေဟာနယ်၌ ရှိနေ၏။
သူတို့ မဟာလေဟာနယ်ထဲ ခြေချလိုက်သည်နှင့် သို့မဟုတ် ချင်ဖုန်းကျင့် မဟာလေဟာနယ်မှ ဤနေရာသို့ ထွက်လာသည်နှင့် မြေအောက်ဘုံအရှင်လေးပဋိညာဉ်သည် ချက်ချင်း အသက်ဝင်သွားလိမ့်မည်။ ထိုအချိန်တွင် သူတို့ မပုန်ကန်ပါက ကိစ္စမရှိသော်လည်း ပုန်ကန်ခဲ့လျှင်တော့ သွားစရာ လမ်းတစ်လမ်းသာ ရှိပေသည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးတို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ နေမှာလား… မဟာလေဟာနယ်ဆီ သွားမှာလား”
ချင်မူက မေးသည်။ “အစ်ကိုကြီးတို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ နေရင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးရလဒ်တွေကို သင်ယူပြီး နှစ်ထောင်သောင်းပေါင်းများစွာ နောက်ကျကျန်ခဲ့တာကို ဖာထေးနိုင်လိမ့်မယ်…. မဟာလေဟာနယ်ဆီ သွားရင်တော့ ကောင်းကင်နတ်ဘုံကို တိုက်ခိုက်နိုင်မယ်”
ဝေစွေ့ဖုန်းက တခဏ စဉ်းစား၍ ဖြေ၏။ “အရင်ဆုံး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ နေကြတာပေါ့…. နှစ်အနည်းငယ်လောက် ကြာမှ မဟာလေဟာနယ်ဆီ သွားကြမယ်”
ချင်မူက အသာအယာ ခေါင်းညိတ်လိုက်သည်။
ဝေစွေ့ဖုန်းတွင် ကိုယ်ပိုင်အကြံအစည်များ ရှိချေသည်။ ယွီလင်နန်းစောင့်တပ်ဖွဲ့၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းတို့သည် နဂါးဟန်ခေတ်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ ဖြစ်နေချေသေးသည်။
သူတို့၏ သိုင်းအဆင့်များက အင်မတန် မြင့်မား၍ အနိမ့်ဆုံးမှာ ကျောက်စိမ်းမြို့တော်အဆင့် ဖြစ်သော်လည်း ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များနှင့် ယှဉ်သည့်အခါ သူတို့၏ အစွမ်းအစများမှာ နတ်ဘုရားစီရင်ရာစင်မြင့် သို့မဟုတ် နဂါးသွဲ့ရေကန်အဆင့်၌သာ ရှိကြသည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်သည်တော်များနှင့် ယှဉ်လျှင် သူတို့၏ စွမ်းဆောင်နိုင်ရည်တို့မှာ ပို၍ပင် နိမ့်ကျ၏။ နဂါးသွဲ့ရေကန်အဆင့် သို့မဟုတ် ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိကြလိမ့်မည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ခေါင်းဆောင်ကဲ့သို့သော လူတစ်ယောက်နှင့်သာ ယှဉ်ပါက ကောင်းကင်နတ်ဘုရားအဆင့်အောက်ပင် နိမ့်ကျကောင်း နိမ့်ကျနိုင်ချေသည်။
အချိန်ကား ရပ်တန့်မနေခဲ့ချေ။
သိုသော် ယွီလင်နန်းစောင့်တပ်သားတို့သည် ပါရမီမြင့်မားပြီး တစ်ယောက်ချင်းစီတိုင်းက ဉာဏ်ကြီးရှင်များ ဖြစ်ကြ၏။ သူတို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို စုပ်ယူနိုင်သရွေ့ ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များကို ကျော်တက်ကာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများကိုပင် လိုက်မှီနိုင်ချေသည်။
ချင်မူနှင့် ဝေစွေ့ဖုန်းသည် အချင်းချင်း ဦးညွှတ်အရိုအသေပေး၍ နှုတ်ဆက်ကြ၏။
“နောင်ကျရင် ကျွန်တော်လည်း မဟာလေဟာနယ်ဆီ သွားပြီး အဲ့ဒီက အခြေအနေကို ကြည့်ရဦးမယ်.. အစ်ကိုကြီးတို့ အရင်ဆုံး အမိကမ္ဘာမြေနဲ့ သွားတွေ့လိုက်ကြပါ… အခု အမိကမ္ဘာမြေက လောလောဆယ် ကမ္ဘာဦးဘုံတစ်ဝက်ရဲ့ အရှင်သခင်မ ဆိုတော့... နန်းဆောင် တည်ဆောက်ပေးဖို့နဲ့ တပ်ဖွဲ့တွေ ဖွဲ့စည်းနိုင်တဲ့ အာဏာလည်း ရှိတယ်…. ဒါကြောင့် အစ်ကိုကြီးတို့ရဲ့ ထောက်ပံ့မှုနဲ့သာ ဆိုရင် အမိကမ္ဘာမြေ ကမ္ဘာဦးဘုံတစ်၀က်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်လိမ့်မယ်…”
ဝေစွေ့ဖုန်းက ယွီလင်နန်းစောင့်တပ်ဖွဲ့၊ ဖုန့်ချိုးယွင်၊ နဂါးအရှင်ဘုရင်နှင့် အခြားသူများကို ဦးဆောင်ကာ ထွက်သွားသည်။ ဖုန့်ချိုးယွင်သည် ဧရိယာအကျယ်ကြီးကို အုပ်မိုးလျက် စိမ်းလန်းစိုပြည်နေသော ကမ္ဘာဦးသစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည့်အခါ ၀မ်းမမြောက်မိဘဲ မနေတော့ချေ။
'ကောင်းကင်နတ်အရှင်မူတို့က အမိကမ္ဘာမြေ သေသွားပြီလို့ ပြောကြတယ်…. သူတို့က ငါ အမိကမ္ဘာမြေကို သစ္စာဖောက်အောင် လှည့်စားနေတာပဲ နေမှာ…. အခု ငါ အမိကမ္ဘာမြေဆီ ပြန်ရောက်လာပြီဆိုတော့ အရေးပါတဲ့ ရာထူးတစ်ခု ရပြီ .... ငါ့ရဲ့ဇာမဏီမျိုးနွယ်လည်း အရေးပါတဲ့နေရာတစ်ခု ရလာမှာပဲ’
သူတို့ ကမ္ဘာဦးသစ်ပင် အနီးသို့ ရောက်လာကြသည့်အချိန်တွင် တည်ဆောက်လက်စ ကောင်းကင်နန်းဆောင်တစ်ဆောင်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
ထိုကောင်းကင်နန်းဆောင်မှာ ကမ္ဘာဦးသစ်ပင်၏ ကိုင်းခက်သစ်ရွက်များကြားတွင် မြောလွင့်နေသည်။ စက်မှုလက်မှုပညာသည်များနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ၀င်္ကပါဆရာသခင်များက ၀င်္ကပါများ ရေးဆွဲပုံဖော်ကာ တည်ဆောက်နေကြသဖြင့် ကောင်းကင်နန်းဆောင်မှာ တစ်၀က်ကျော်ပင် ပြီးဆုံးနေချေပြီ။
ကောင်းကင်နန်းဆောင်တစ်ဆောင် တည်ဆောက်ရန်မှာ မလွယ်ကူချေ။ ကောင်းကင်နတ်ဘုံသည် ကမ္ဘာလောကအသီးသီးမှ အရည်အချင်းရှိသော စက်မှုလက်မှုပညာသည်မှန်သမျှအား စုဝေးခဲ့ခြင်း ဖြစ်၏။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာတော့ ထိုသို့သော လုပ်ဆောင်နိုင်စွမ်း မရှိသော်လည်း တိုင်းပြည်တစ်ပြည်တည်း၏ အင်အားတစ်ခုတည်းဖြင့် ကောင်းကင်နန်းဆောင်တစ်ဆောင် တည်ဆောက်နိုင်နေသည့် အလားအလာမျိုးသည် အံ့ဩမှင်သက်ဖွယ် ကောင်းနေသေးသည်။
ဝေစွေ့ဖုန်းက သူတို့အား ကမ္ဘာဦးသစ်ပင်အနီးသို့ ဦးဆောင်သွားသည့်အခါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်သည်တော်များက ချက်ချင်း လာရောက်စစ်ဆေးကြသည်။ မေးမြန်းပြီးနောက် သူတို့က ကောင်းကင်နန်းဆောင်ဆီ အလျင်အမြန် သွားရောက် အစီအရင်ခံကြ၏။
ဖုန့်ချိုးယွင်မှာ ကမ္ဘာဦးသစ်ပင်ကို ကြည့်ရင်း သံသယဖြစ်နေမိသည်။ ကမ္ဘာဦးသစ်ပင်အောက်တွင် ဧရာမမြို့တော်ကြီးတစ်မြို့ တွေ့လိုက်ရပြီး ကမ္ဘာဦးသစ်ပင်ပေါ်၌လည်း ဧရာမမြို့ကြီးတစ်မြို့ရှိနေ၏။ လူများက ၀င်လိုက်ထွက်လိုက်ဖြင့် အင်မတန် စည်ကားသိုက်မြိုက်နေချေသည်။
ကောင်းကင်နန်းဆောင်များမှာတော့ ခမ်းနားတင့်တယ်သော်လည်း မြို့နှစ်မြို့လောက် မစည်ကားချေ။
“အမိကမ္ဘာမြေက လူသားတွေကို အမြဲအထင်သေးပြီး ဆိုးဆိုးရွာရွား ဆက်ဆံနေကျပါ…. ဘာလို့ အခုကျ သဘောကောင်းနေရတာလဲ”
မကြာမီ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများက သူတို့အား ကောင်းကင်နန်းဆောင်အတွင်းသို့ ဖိတ်ခေါ်ကြသည်။ ဝေစွေ့ဖုန်းက တပ်သားများ၊ နဂါးအရှင်သခင်ဘုရင်၊ ဖုန့်ချိုးယွင်နှင့် အခြားသူများကို နတ်ကောင်းကင်ခန်းမအထဲ ခေါ်ဆောင်သွား၏။
သူတို့အားလုံး နတ်ကောင်းကင်ခန်းမအရှေ့သို့ ရောက်သောအခါ အ၀တ်များကို သပ်သပ်ရပ်ရပ်ပြင်ဆင်၍ ခန်းမအတွင်းသို့ တည်ကြည်လေးနက်စွာ လျှောက်ဝင်လိုက်ကြ၏။ ထို့နောက် နတ်ဘုရားအရာရှိနောက်မှ လိုက်ပါသွားရင်း အမိကမ္ဘာမြေအား ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။
ဖုန့်ချိုးယွင်က တိတ်တခိုး မော့ကြည့်လိုက်ရာ အမိကမ္ဘာမြေကို တွေ့လိုက်ရလေသည်။ သူမမှာ အံ့ဩမှင်သက်သွားပြီး အော်ဟစ်လိုက်၏။ “ယန်အာ”
ကုန်းစွန်းယန်မှာ သူမကို မြင်သည်နှင့် အံ့အားသင့်ကာ ဝမ်းသာသွားတော့သည်။ သူမက ထုံးတမ်းစဉ်လာတို့ကို ဂရုမစိုက်နိုင်တော့ဘဲ ထိုင်နေရာမှ ထ၍ ပြုံးရွှင်နေ၏။ “မမချိုးယွင်”
ဖုန့်ချိုးယွင်က အလျင်အမြန် မေးသည်။ “နင်က ဘယ်လိုလုပ် အဲ့ဒီထိုင်ခုံပေါ် ရောက်နေရတာလဲ…. မြန်မြန်ဆင်းခဲ့….. နင်…”
သူမမှာ ရုတ်တရက် သဘောပေါက်သွားပြီး ရေရွတ်လိုက်မိ၏။ “နင်က အမိကမ္ဘာမြေလား”
သူမမှာ နားမလည်နိုင်တော့ချေ။ သူမနောက်မှ တကောက်ကောက် လျှောက်လိုက်နေခဲ့သော ညီမငယ်လေးမှာ ကမ္ဘာဦးဘုံတစ်၀က်ကို အုပ်ချုပ်နေသည့် အမိကမ္ဘာမြေ အမှန်တကယ် ဖြစ်လာခဲ့သည်လော….။
ထိုအချိန်များတုန်းက ကုန်းစွန်းယန်ကို သူမ မှတ်မိနေသေးသည်။ ကုန်းစွန်းယန်သည် အမြဲနူးညံ့ပြီး ကြင်နာတတ်လွန်းသဖြင့် လူတိုင်းက သူမကို သနားကရုဏာသက်လေ့ရှိကြသည်။ သူမမှာ အမိကမ္ဘာမြေ၏ သစ်သီးမှ မွေးဖွားလာခဲ့သော်လည်း အမိကမ္ဘာမြေသည် သူမ၏ကလေးကို မနှစ်သက်သဖြင့် တံခါးစောင့်ရန်သာ အပြင်ထုတ်ထားခဲ့၏။
သို့သော် ကုန်းစွန်းယန်က စောဒကမတက်ခဲ့ပေ။ သူမသည် အပြင်တွင် သစ်သီးဥယျာဉ်တစ်ခုပင် စိုက်ပျိုးခဲ့ပြီး နေ့စဉ်နေ့တိုင်း အပင်ရေလောင်းလိုက်၊ ပိုးမွှားများ ဖမ်းလိုက်ဖြင့် အလုပ်များနေခဲ့၏။
ထိုမိန်းကလေးကား ယခုအချိန်တွင် ယခုလိုရာထူးအဆင့်အတန်းမျိုးအား ပိုင်ဆိုင်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ကုန်းစွန်းယန်က သွက်သွက်ကလေး လျှောက်လာရင်း ၀မ်းပန်းတသာ ပြောသည်။ “ကျွန်မသစ်ကိုင်းလေ မကျိုးကျသေးဘူးသိလား... တိုက်တိုက်ဆိုင်ဆိုင် မမချိုးယွင်လည်း နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ”
ဖုန့်ချိုးယွင်မှာ မူးဝေနေချေသည်။ သူမသည် တစ္ဆေသင်္ဘောပေါ်၌ ဆယ်နှစ်၊ နှစ်နှစ်ဆယ်ခန့်သာ ပိတ်မိနေခဲ့သော်လည်း ပြောင်းလဲမှုများက ဤမျှကြီးမားလိမ့်မည်ဟု ထင်မထားခဲ့ချေ။
အခြားတစ်ဖက်တွင် ချင်မူက တာအိုဂိုဏ်းသို့ ရောက်သွားပြီး တာအိုသခင် လင်းရွှမ်က သူ့အား အလောတကြီး ကြိုဆိုသည်။
ချင်မူက တာအိုဂိုဏ်းဘေးရှိ မက်မွန်တောအုပ်ကို ကြည့်လိုက်သဖြင့် တာအိုသခင်လင်းရွှမ်က ပြုံးသည်။ “ဂိုဏ်းသခင်ချင်က မက်မွန်ဥယျာဉ်ရဲ့ ပိုင်ရှင်နဲ့ တွေ့ချင်လို့လား”
ချင်မူက ပြောသည်။ “သူက ငါ့ရဲ့ မိတ်ဆွေတစ်ယောက်လေ… ငါ သူနဲ့ သိပ်တွေ့ချင်မိပေမယ့် ငါ့မှာ သူ့ရဲ့ ရောဂါကို ကုပေးနိုင်တဲ့ အစွမ်း အခုထိ မရှိသေးဘူး…. ဒါကြောင့် ခဏလောက် ထပ်စောင့်ရဦးမယ်”
တာအိုသခင်လင်းရွှမ်၏ မျက်ဝန်းများ လင်းလက်သွားသည်။ သူက ပြောလေသည်။ “ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ ဆယ်နှစ်ကျော်ခဲ့ပြီ… ဂိုဏ်းသခင် အခု ဘယ်လောက်အထိ အစွမ်းထက်နေပြီလဲ ငါ မေးခွင့်ရှိမလား…. မင်း အချောင်ခိုမိမှာကို ငါ အမြဲစိုးရိမ်ခဲ့တာ..”
ချင်မူက သူ့အား အထင်သေးစွာ ကြည့်လိုက်ရင်း ဖြည်းဖြည်းချင်း ပြောသည်။ “ငါက ဘယ်ကို ခြေလှမ်းလှမ်း မင်းထက် စွမ်းသေးပါတယ်ဟ...”
တာအိုသခင်လင်းရွှမ်က နှိမ့်ချဝန်ခံသည်။ “အေးပါ အေးပါ… ပြောရရင် ဂိုဏ်းသခင်ချင်က လောကသခင်ခန္ဓာပဲမလား… တာအိုရသေ့လေးတွေက ပြီးခဲ့တဲ့နှစ်တွေအတွင်း ကြိုးကြိုးစားစား သိုင်းကျင့်နေခဲ့ကြတာ…. ဒါပေမဲ့ သူတို့ရဲ့ သိုင်းအဆင့် နက်နဲလာတာနဲ့အမျှ သူတို့ရဲ့ ပြိုင်ဆိုင်လိုစိတ်က မှေးမှိန်လာကြတယ်…. တိုက်ခိုက်သတ်ဖြတ်ဖို့ စိတ်မပါကြတော့ဘူး…. အထူးသဖြင့် ငါ့တာအိုဓားရဲ့ မဟာသင်္ချာတာအိုကို နားလည်ပြီးတဲ့အခါမှာပေါ့…. ငါလည်း ဓားကို သုံးတာ အရမ်းရှားသွားပြီ… ငါ့ဓား ထုတ်ဖို့ တန်တဲ့သူလည်း နည်းလာပြီလေ”
ချင်မူက အပြုံးပန်းများ ဝေဆာနေသည်။ “ကြည့်ရတာ တာအိုဘိုးဘေးက ခင်ဗျားကို ကောင်းတာ တော်တော်များများ သင်ပေးထားပုံပဲ”
လင်းရွှမ်က ချင်မူ့အတွက် ရေနွေးကြမ်း ငှဲ့ပေးပြီး သူကိုယ်တိုင်မှာလည်း ပြုံးဖြီးနေသည်။ “တာအိုဘိုးဘေးက ကျုပ်ကို လမ်းညွှန်ပြသပေးခဲ့ပေမယ့် ကျုပ် ကိုယ့်အားကိုယ်ကိုးပြီး သိုင်းကျင့်ခဲရတာဆိုတော့ သူ့အပေါ်မှာ ကျေးဇူးကြွေးမရှိပါဘူး…. ကျွန်တော် သူ့ကို အဏုစိတ်သင်္ချာကို သင်ပေးခဲ့တုန်းက သူက ကလေးတစ်ယောက်လို ပျော်နေပြီးတော့ သူ့တာအိုက အောင်မြင်သွားပြီလို့ ပြောခဲ့တာ… သူ အခု ဘယ်ရောက်သွားပြီလဲတောင် ကျွန်တော် မသိပါဘူး..”
ချင်မူက ပြုံးလိုက်၏။ “ဒါပေမဲ့ အဏုစိတ်သင်္ချာကို ငါက မင်းဆီ လွှဲပြောင်းပေးခဲ့တာနော်”
တာအိုသခင်လင်းရွှမ်သည် ပြုံးလိုက်ပြီး ပြင်ပြောကာ သတိပေးလိုက်သည်။ “မင်းက ငပျင်းလေ…. အဏုစိတ်သင်္ချာကို ပြည့်စုံအောင် လုပ်ခဲ့လို့လား.. ဒါပေမဲ့ ငါက စိတ်အပြောင်းအလဲမများဘူး.. မင်း မလုပ်နိုင်တာကို ငါ လုပ်နိုင်ခဲ့တာ”
ချင်မူ့အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွားပြီး သူက ရေနွေးကြမ်း သောက်လိုက်သည်။ “ဒါပေမဲ့ ရှုရှန်းဟွာကလည်း အဏုစိတ်သင်္ချာကို နားလည်ခဲ့ပြီးပြီ…. သူက မင်းနဲ့ ယှဉ်ရင် ဘယ်လိုလဲ…”
တာအိုဆရာသခင်လင်းရွှမ်၏ မျက်နှာအမူအရာကား တောင့်တင်းသွားတော့သည်။ သူက ခါးသီးမုန်းတီးစွာ ပြောလေသည်။ “ငါနဲ့ သူနဲ့က နည်းနည်းလောက်ပဲ တွေ့ဆုံဆွေးနွေးဖူးတော့တာပါ... .သူက အဝေးကြီးမှာ နေတာဆိုတော့ ဒီနေရာကို လာဖို့ မလွယ်ဘူး…. အဝေးက ဧည့်သည်ဆိုတော့လည်း သူ ၀မ်းနည်းမသွားအောင် ငါ့ဖက်က နည်းနည်းပါးပါး အနိုင်ပေးရတာပေါ့ကွာ”
ချင်မူက တဟားဟား ရယ်လိုက်ရင်း အေးအေးလူလူ ပြောသည်။ “ရှုရှန်းဟွာ အဲဒီမာနခဲ,ကလည်း ငါ့အောက် နည်းနည်းနိမ့်ကျတယ်”
တာအိုဆရာသခင်လင်းရွှမ်က နှာမှုတ်လိုက်သည်။ “ရှုရှန်းဟွာရဲ့ ကောင်းကင်နတ်သိုင်းက အဏုစိတ်နယ်ပယ်ကို ရောက်နေပြီ… ငါ့ဓားလိုပေါ့…. ငါက မဟာသင်္ချာတာအိုနယ်ပယ်မှာ သုက မဟာနတ်လမ်းစဉ်နယ်ပယ်မှာ…. နတ်ဝိဇ္ဇာဝမ့်မူရန်လည်း အတော်လေး ထူးချွန်တယ်… သူက ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ကျင့်စဉ်တွေကို တစ်ခုတည်း ပေါင်းစည်းပြီး ကောင်းကင်နန်းဆောင် ၁၂ ဆောင် ဖွဲ့တည်နိုင်ခဲ့တယ်… သူက သူနဲ့ရွယ်တူတွေထဲမှာ နံပါတ်တစ်ပဲ…. လောကသခင်ခန္ဓာနဲ့ ချင်မျိုးရိုး…. မင်းတော့ နောက်ကျကျန်ခဲ့ပြီ”
သူက ရေနွေးကြမ်းခွက်ကို နှုတ်ခမ်း၌ တေ့လိုက်သော်လည်း မသောက်ချေ။ “မာန်ဟုန်မြစ်နောက်က လှိုင်းတွေက ရှေ့ကလှိုင်းတွေကို တွန်းပေးတယ်… ရှေ့လှိုင်းဖြစ်တဲ့ မင်းက ကမ်းခြေမှာ တင်ကျန်သေဆုံးခဲ့တာ ကြာပြီ”