လှိုင်းလုံးများကို ဖျက်စီးခြင်း
Vol. 92 Ch. 1203
ချင်မူက ရေနွေးကြမ်းခွက်ကို မြှောက်၍ လက်ဖက်ရွက်များကို အသာအယာ မှုတ်လိုက်သည်။ သူက ပြုံးလိုက်ရင်း ပြော၏။ “ငါ ကောင်းကင်နတ်ဘုံမှာ လျှောက်သွားနေခဲ့တာ နှစ်အတော်များများ ကြာခဲ့ပြီ… ဒါပေမဲ့ အခုထိ မသေခဲ့ဘူး…. မင်းရဲ့ တာအိုဂိုဏ်းငယ်လေးထဲမှာ လျှောက်သွားရင်း ငါ သေသွားနိုင်ခြေက ရှိသေးရဲ့လား”
တာအိုသခင် လင်းရွှမ်က ရေနွေးကြမ်းကို တစ်ကျိုက်တည်း သောက်လိုက်ပြီး ချင်မူကလည်း တစ်ကျိုက်တည်း သောက်လိုက်သည်။ နှစ်ယောက်စလုံး ရေနွေးခွက်များကို ပြိုင်တူ ချလိုက်ကြ၏။ ရေနွေးခွက်များမှာ ကျောက်စားပွဲထဲ နစ်၀င်သွားပြီး ရေနွေးခွက်၏ နှုတ်ခမ်းဝကား ကျောက်စားပွဲမျက်နှာပြင်နှင့်ပင် တစ်ပြေးတည်း ဖြစ်နေသည်။
ဤသည်ကား ဖန်ဆင်းကောင်းကင်နတ်သိုင်းပင်။
နှစ်ယောက်စလုံးသည် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းများကို တစ်ချိန်တည်း အသက်သွင်း၍ ကျောက်စားပွဲနှင့် ရေနွေးကြမ်းခွက်၏ တည်ဆောက်ပုံကို ပြောင်းလဲကာ တစ်သားတည်းဖြစ်သွားစေခဲ့၏။
အဝေးရှိ တာအိုရသေ့များမှာ ကွက်ကြည့်ကွက်ကြည့် ခိုးကြည့်ရင်း တီးတိုးပြောနေကြသည်။
“တာအိုသခင်က အမြဲ တည်ငြိမ်အေးဆေးပြီး လေးနက်ခံ့ညားတယ်... ကောင်းကင်လို မြင့်မားပြီး တိမ်တွေလို ဝေးလံတယ်... ငယ်ပေမယ့် သူ့သိုင်းအဆင့်က မှန်းကြည့်လို့တောင် မရနိုင်ဘူး…. ကြိုးကြာရိုင်းလို ဘာသိဘာသာ နေတတ်တဲ့ အကျင့်မျိုးလည်း ပိုင်ဆိုင်ထားတယ်... တာအိုဘိုးဘေးကြီး ဒီကို လာခဲ့ကတည်းက တာအိုသခင်က ပိုပြီး မှန်းဆမရနိုင်အောင် ဖြစ်လာခဲ့တာ… သူ့ရဲ့ သိုင်းအဆင့်က ကျယ်ပြောတဲ့ ပင်လယ်ပြင်ကြီးလိုပဲ”
တာအိုရသေ့ငယ်တစ်ဦးက တွေဝေစွာ ပြောသည်။ “ဘာလို့ သူ ဒီနေ့ ဒေါသ ထွက်နေတာလဲ”
သူ့ဘေးရှိ တာအိုရသေ့အိုကြီးက ပြုံးလိုက်ကာ ဖြေသည်။ “ဘာလို့လဲဆို မင်းက သူ ဘယ်သူမှန်း မသိလို့ပေါ့… ဒီဧည့်သည်က နာမည်ကျော် ကောင်းကင်နတ်အရှင်မူပဲ.…. လောကကို ကသောင်းကနင်း ဖြစ်စေခဲ့တာ သူပေါ့… အရင်က တာအိုသခင် သူ့လက်ထဲမှာ အတော်လေး ခံစားခဲ့ရတယ်..”
တာအိုရသေ့ငယ်မှာ အူကြောင်ကြောင် ဖြစ်နေမိသည်။ “ကောင်းကင်နတ်အရှင်မူတဲ့လား…. ဘာလို့ ကောင်းကင်နတ်အရှင်က တာအိုသခင်ကို လာတွေ့ရတာလဲ…. ဘာလို့ တာအိုသခင်က ဒေါသထွက်ရတာလဲ”
“မင်း ဒါကို မသိပေမယ့် အရင်မျိုးဆက်တွေက အတော်လေး အကျင့်ပုတ်ကြတယ်ကွ…. အရင်က ကောင်းကင်နတ်အရှင်မူကို မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းသခင်ချင်လို့ ခေါ်ကြတာ… ကောင်းကင်မိစ္ဆာဂိုဏ်းသခင်ပေါ့ ...တာအိုသခင်က သူ့ကို ပထမအကြိမ်နဲ့တင် အရှုံပေးခဲ့ရပြီး သူ့တာအိုဓားလည်း ကျိုးသွားခဲ့တယ်”
ကျန်သည့် တာအိုရသေ့အိုကြီးများကလည်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး တာအိုသခင်လင်းရွှမ်၏ လျှို့ဝှက်ချက်မှန်သမျှအား ဖော်ထုတ်နေကြသည်။ “ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နတ်ဝိဇ္ဇာဝမ်၊ အနောက်ကမ္ဘာမြေရဲ့ ရှုရှန်းဟွာ၊ အလယ်ကမ္ဘာမြေရဲ့ ကျဲ့ဟွလီနဲ့ မြင့်းမိုရ်တောင်ရဲ့ တထာဂတတို့ကလွဲရင် ဒီလောကမှာ တာအိုသခင်ကို ယှဉ်နိုင်တဲ့သူ သိပ်မရှိဘူး…. ပြီးတော့ ချီကျုံရီဆိုတဲ့တစ်ယောက်ကလည်း အင်မတန် အစွမ်းထက်ပေမယ့် သူနဲ့ သိပ်ပြီးအဆက်အဆံမရှိဘူး…. ဒါပေမဲ့ တာအိုသခင် အတိုက်ခိုက်ချင်ဆုံးသူက ကောင်းကင်နတ်အရှင်မူပဲ… အခု သူကိုယ်တိုင် ငါတို့ တံခါး၀ရှေ့ ရောက်လာပြီဆိုတော့ တိုက်ပွဲက သေချာပေါက် ဖြစ်လာတော့မယ်...”
ကျောက်စားပွဲရှေ့တွင် ချင်မူက ရေနွေးခွက်ကို မွှေလိုက်ရာ ၎င်းက လှည့်ပတ်သွားရင်းကျောက်စားပွဲထဲမှ ပြန်ထွက်လာသည်။ ကျောက်စားပွဲ၏ မျက်နှာပြင်မှာ လုံး၀ ထိခိုက်ပျက်စီးသွားခြင်းမရှိပေ။ သူက အေးအေးဆေးဆေး ပြောလေသည်။ “ငါ မင်းတို့တွေကို မရိုက်နှက်ရတာ အတော်ကြာပြီပဲဟ... ကြည့်ရတာ မင်းတို့တွေ ဇီးသီးသည် မဗျိုင်းဖြစ်လာကြပြီ ထင်တယ်”
….
တာအိုသခင်လင်းရွှမ်ကလည်း ရေနွေးကြမ်းခွက်ကို မွှေလိုက်ရင်း သာမန်ကာလျှံကာ ပြောသည်။ “ဂိုဏ်းသခင်က ဘယ်သူက လောကသခင်ခန္ဓာအစစ်လဲ... ဘယ်သူက လောကသခင်ခန္ဓာအတုလဲ သိလို့လား”
သူ၏ရေနွေးကြမ်းခွက်မှာလည်း မြောက်တက်လာပြီး ကျောက်စားပွဲပေါ်၌ မည်သည့်အရာမှ ထင်ကျန်မနေခဲ့ပေ။
“ပြီးခဲ့တဲ့နှစ်တွေမှာ ငါလည်း အဏုစိတ်သင်္ချာကို သုံးပြီး ကောင်းကင်နတ်ဘုံရဲ့ အထွတ်အမြတ် တာအိုသင်္ကေတတွေကို ပြန်တည်ဆောက်နိုင်ခဲ့တယ်… တာအိုဘိုးဘေးကြီးကလည်း မူလသင်္ချာကို သင်ယူခဲ့သေးတယ်…. သင်္ချာအောင်မြင်မှုမှာဆိုရင် ငါနဲ့မင်းက တိမ်နဲ့ ရွှံ့လိုပဲ… ငါက တိမ်၊ မင်းကတော့ ရွှံ့ပေါ့”
တာအိုသခင် လင်းရွှမ်သည် ဓားကို ဆွဲထုတ်လိုက်ကာ ကျောက်စားပွဲထဲသို့ ချွင်ခနဲ ထိုးစိုက်လိုက်သည်။ သူက ပြုံး၍ ပြော၏။ “ခိုင်ဧကရာဇ်လည်း တာအိုဂိုဏ်းဆီ လာပြီး ဓားလမ်းစဉ် လွှဲပြောင်းပေးခဲ့သေးတယ်…. တာအိုအဆင့်ရဲ့ အန္တိမခမ်းနားမှုတွေကို မြင်တွေ့စေခဲ့တာပေါ့…. ရွာလူကြီးလည်း ဒီကို လာခဲ့သေးတယ်… သူက မင်းကို အများကြီး စိတ်ပျက်နေခဲ့တဲ့ လေသံရှိပေမယ့် ငါ့ကိုတော့ အများကြီး ချီးကျူးသွားခဲ့တယ်… မင်းတော့ အသုံးမကျဖြစ်ပြီး လမ်းစဉ်ကနေ သွေဖယ်သွားပြီလို့ သူတို့ ထင်နေကြတာ”
ချင်မူက သူ့ဓားကို စိုက်ကြည့်၍ လက်တစ်ချက် ဝှေ့ရမ်းကာ ဆွဲထုတ်လိုက်သည်။ ထို့နောက် စားပွဲထဲသို့ သူ၏ ဓားကျိုးကို ထိုးစိုက်၍ နှာခေါင်းရှုံ့လိုက်၏။ “အသုံးမကျဖြစ်နေတာ ငါ မဟုတ်ဘူး…. ရွာလူကြီးနဲ့ ခိုင်ဧကရာဇ်ပဲ… ငါက မှန်တဲ့သူ… သူတို့နှစ်ယောက်လုံးကို ငါ အနိုင်ယူခဲ့ပြီးပြီ”
တာအိုသခင်လင်းရွှမ်၏ မျက်လုံးများသည် တောက်ပလင်းလက်လာသော်လည်း သူ၏ အရှိန်အဝါမှာ ပို၍ ထိန်းချုပ်ခံလာရသည်။ “မကောင်းဆိုးဝါးတွေနဲ့ မိစ္ဆာတွေလည်း အဲ့လို ပြောကြတာပဲလေ… နှစ်တွေအများကြီး ကြာသွားတာတောင် မင်းက မပြောင်းလဲသေးဘူးပဲ”
ချင်မူက ရယ်လိုက်သည်။ “ငါ မင်းကို အနိုင်မယူခဲ့ရင် မင်းက မင်းကိုယ်မင်း ပထမလို့ ထင်နေခဲ့မှာပဲ…. ငါ့ရဲ့ လောကသခင်ခန္ဓာရဲ့ ကံကြမ္မာကို လုယူနိုင်မယ်လို့ မင်း ထင်နေသေးတာလား”
တာအိုသခင်လင်းရွှမ်က ထရပ်လိုက်ရာ သူ၏ တာအို၀တ်ရုံသည် လေထဲတွင် တဖျတ်ဖျတ် လွင့်ခတ်သွားသွားသည်မှာ လေအဟုန်ကို စီးနင်းသွားတော့မည့်အလားပင် ထင်ရ၏။ “ထပ်ပြောလို့ အကျိုးမရှိတော့ဘူး… မင်းက အတုပဲဖြစ်ဖြစ်၊ အစစ်ပဲဖြစ်ဖြစ် အမှန်တရားက ပေါ်လာမှာပဲ”
ချင်မူလည်း ထရပ်၍ အေးအေးလူလူ ပြောသည်။ “မင်းတို့တွေက ငါ့အပေါ် အထင်သေးလွန်းတယ်…. မင်းတို့တွေ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို ဆက်လုပ်ရင်တောင် ငါက မင်းတို့အောက် နိမ့်ကျနေမှာမဟုတ်ဘူး... ကျင့်စဉ်စွမ်းအင်မှာ ငါက အသိပ်သည်းဆုံး၊ ဓားလမ်းစဉ်မှာ အစွမ်းထက်ဆုံး၊ အတိုက်ခိုက်စွမ်းရည်မှာ အင်အားအကြီးဆုံး၊ သင်္ချာလမ်းစဉ်မှာလည်း... ငါက ထိပ်ဆုံးကနေ မင်းတို့ကို ငုံ့ကြည့်နေတဲ့သူပဲ”
တာအိုသခင်လင်းရွှမ်က အင်္ကျီလက်အိုးများကို လှုပ်ခါလိုက်ရာ ဓားရောင်များ ကောင်းကင်တွင် ပြည့်နှက်သွားသည်။ သို့သော် နောက်တခဏတွင် ဓားရောင်များ ပျောက်ကွယ်သွား၏။
ယင်းနေရာတွင်ကား စကြ၀ဠာ၏ ကြယ်တာရာများ နေရာယူသွားသည်။ ကြယ်အစုဝေးများ၊ ဂြိုဟ်များကား တာအိုဂိုဏ်းငယ်လေးထဲတွင် ဖွဲ့တည်လာကာ ဆန်းကြယ်ထူးကဲသော အလှတရားကို ဖော်ကျူးပြသနေသယောင် ထင်ရသည်။
သေချာကြည့်ရှုပါက ထိုကြယ်တာရာဂြိုဟ်များထဲရှိ သဲမှုန်တစ်မှုန်၊ မြက်တစ်ပင် သို့မဟုတ် ရေစက်လေးတစ်စက်ကပင် မဆုံးနိုင်သော အဏုစိတ်ဖွဲ့စည်းပုံများအား ပြသနေရာ အဏုစိတ်ကမ္ဘာ၏ အလှတရားမှာ ပေါ်လွင်နေတော့သည်။
ချင်မူ့မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူက စိတ်ထဲတွင် ရေရွတ်လိုက်မိ၏။ ’ကြည့်ရတာ ငါက သင်္ချာမှာ အတော်ဆုံး မဟုတ်တော့တဲ့ပုံပဲဟ’
တာအိုသခင်လင်းရွှမ်၏ မူလသင်္ချာနှင့် အဏုစိတ်သင်္ချာတို့သည် တာအိုအဆင့်သို့ ရောက်ရှိခဲ့ချေပြီ။
သူ၏ဓားကွက်များတွင် မူလသင်္ချာနှင့် အဏုစိတ်သင်္ချာတို့က ပြီးပြည့်စုံစွာ ပေါင်းစည်းနေပြီး မဟာတာအိုအမျိုးအစားမှန်သမျှအား သင်္ချာဖြင့် ပြန်လည်ခွဲခြမ်းစိတ်ဖြာထားသေးသည်။ သင်္ချာပြောင်းလဲမှုများက တာအိုပြောင်းလဲမှုများကို ဖြစ်ပေါ်လာစေနေ၏။
ယင်းက သူ၏ ဓားတာအိုကိုလည်း ပြောင်းလဲသွားစေသည်။
သင်္ချာတွင် ချင်မူမှာ သူ့ထက် များစွာ နိမ့်ကျသလို ခံစားလိုက်ရတော့သည်။
ဓားတာအို၏ တာအိုဓားအပြင် လင်းရွှမ်၏ ဓားတာအိုတွင် ခိုင်ဧကရာဇ်နှင့် ရွာလူကြီး၏ အရိပ်အယောင်များ ကိန်းဝပ်နေသေးသည်။
ခိုင်ဧကရာဇ်နှင့် ရွာလူကြီးတို့ နှစ်ဦးစလုံးသည် ကိုယ်ပိုင်ဓားနယ်ပယ်များ တည်ဆောက်၍ ဓားတာအိုတွင် အမြင့်ဆုံးသို့ ရောက်ရှိနေကြသူများ ဖြစ်၏။ ဓားလမ်းစဉ်တွင် တာအိုသခင်လင်းရွှမ်၏ ပါရမီမှာလည်း အလွန့်အလွန် မြင့်မားချေသည်။ ဓားလမ်းစဉ် သိုင်းပညာရှင်နှစ်ဦး၏ သင်ကြားပေးမှုဖြင့် သူ၏ ဓားလမ်းစဉ်အောင်မြင်မှုမှာ သူမတူသော အဆင့်တစ်ဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
နှစ်ဆယ်ချက်မြောက် ဓားချက်အား လင်းရွှမ် သင်ယူပြီးမပြီး ချင်မူ မသိချေ။
‘ရှုရှန်းဟွာက သူနဲ့ တစ်ခါတစ်ခါ လာတွေ့ခဲ့တယ်... လာတွေတဲ့အချိန်မှာ လင်းရွှမ်က မနိုင်ဘူးဆိုတော့ ရှုရှန်းဟွာက ပိုပြီး အစွမ်းထက်နေတဲ့ အဓိပ္ပာယ်မလား’
ချင်မူသည် ၎င်းကို တွေးမိသည့်အခါ စားပွဲထံမှ ဓားကျိုးကို ဆွဲထုတ်လိုက်သည်။ “ဒါပေမဲ့ မင်းတို့အားလုံးက အတုတွေပဲ”
သူ ဓားကျိုးကို ဆွဲထုတ်လိုက်သည်နှင့် သူ၏ ဓားနယ်ပယ်ကား ဖွဲ့တည်လာတော့သည်။ မဟာသင်္ချာတာအိုနယ်ပယ်နှင့် ကပ်ဘေးဓားနယ်ပယ်တို့သည် ၀င်တိုက်သွာပြီး တာအိုဂိုဏ်းကို ဝိုင်းရံထားသည့် ဧရာမဂြိုဟ်ကြီးများမှာ သူ၏ ကပ်ဘေးဓားနယ်ပယ်ထဲတွင် ပြိုကျကုန်၏။
တာအိုသခင်လင်းရွှမ်က မာန်သွင်းဟိန်းဟောက်လိုက်ရင်း အခြေအနေကို ပြောင်းပြန်လှန်ရန် သူ၏သိုင်းကွက်ကို အသက်သွင်းလိုက်၏။ ပြိုကျလာသော ကြယ်တာရာများသည် ကျုံ့သွားပြီးနောက် လျင်မြန်စွာ ပြန်ကားထွက်လာကာ မီးလောင်ကျွမ်းလာသည်။ ထို့နောက် ကောင်းကင်မီးလျှံတို့ လောင်မြိုက်နေသည့် မီးလုံးကြီးများသဖွယ် ဖြစ်လာတော့သည်။
မဟာနေဧကရာဇ်များသည် တောင်ပံများ တဖျတ်ဖျတ် ခတ်လျက် နေလုံးများထဲမှ ပျံထွက်လာကြပြီး ခြေသုံးချောင်း ရွှေကျီးကန်းများအသွင်ဖြင့် ချင်မူ့ဆီသို့ တိုးဝင်သွားကြသည်။ သူတို့တွင် မွေးရာပါတာအိုစွမ်းအား ကိန်းဝပ်နေ၏။
နေလုံးများက ဓားဝင်္ကပါတစ်ခုကို ဖွဲ့တည်လိုက်ကြကာ နေဧကရာဇ်များကား ဝင်္ကပါ၏ ဗဟိုချက် ဖြစ်လာသည်။
ဤသည်က မဟာနေဓား၏ ဓား၀င်္ကပါပင်။
လင်းရွှမ်သည် အစတုန်းက တာအိုဂိုဏ်း၏ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ကို ကျင့်ကြံခဲ့၏။ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ကို ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းမှ နှင်ထုတ်ခံခဲ့ရသော အစွန့်ပစ်ခံတပည့်များမှ သင်ကြားပေးခဲ့ခြင်း ဖြစ်ရာ တာအိုဘိုးဘေးကြီး၏ ထိုက်ရွှမ်တာအိုကျင့်စဉ်မှ တစ်စိတ်တစ်ပိုင်းဟု ဆိုရပေမည်။
တာအိုဘိုးဘေးကြီးက သူ့ထံ လာရောက်လည်ပတ်ခဲ့ချိန်တွင် ပြီးပြည့်စုံသော ထိုက်ရွှမ်တာအိုကျင့်စဉ်ကို သူ့ထံ လွှဲပြောင်းသင်ကြားပေးခဲ့သည်။
လင်းရွှမ်၏ ကျင့်စဉ်စွမ်းအင်သည်လည်း အင်အားကြီးမားသလို၊ သိုင်းအခြေခံသည်လည်း ခိုင်မာ၏။ မဟာသင်္ချာတာအိုနယ်ပယ်အပြင် အဆုံးမဲ့သော သင်္ချာ၏ အလှတရားမှာလည်း ငေးမောဖွယ်ရာ ကောင်းပေသည်။
ဤမြင်ကွင်းအရ သူသည် မူလမဟာတာအိုကို သုံး၍ ၀င်္ကပါကို ခင်းကျင်းနေပုံရသော်လည်း ဓားသိုင်း ဖော်ကျူးနေသယောင် ထင်ရ၏။ ဓားသိုင်းနှင့် တူပြန်သော်လည်း ဝင်္ကပါအလား ထင်ရပြန်သည်။ ဝင်္ကပါနှင့် တူပြန်သော်လည်း... အမှန်တွင် သင်္ချာသာ ဖြစ်သည်။
အရာရာတိုင်းသည် သင်္ချာသာ ဖြစ်၏။ သင်္ချာသည် လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းတို့၏ အနှစ်သာရပင်။
ချင်မူ၏ ဓားကျိုးသည် လျင်မြန်စွာ ဓားတစ်လက် ဖြစ်လာပြီး သူ၏ ဓားနယ်ပယ်က ပြန့်ကားလာသည်။ သူက သူ၏ဓားဖြင့် ၀င်္ကပါနှင့် မဟာနေဓားကို ချိုးဖျက်လိုက်၏။
“စွမ်းချက်ပဲ”
သူ စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ ၀င်္ကပါကို ချိုးဖျက်ခဲ့ချိန်တွင် လင်းရွှမ်၏ ဓား၀င်္ကပါမှ ထွက်ပေါ်လာသည့် စွမ်းအားကို ခံစားခဲ့ရ၏။ ‘လင်းရွှမ်ရဲ့ သိုင်းအခြေခံက ငါ့လောက် မကောင်းပေမယ့် မူလသင်္ချာနဲ့ အဏုစိတ်သင်္ချာက သူ လိုအပ်နေတဲ့ မှော်စွမ်းအင်ကို ဖြည့်တင်းပေးတယ်… ဒီနှစ်တွေအတွင်း သူ့ရဲ့တိုးတက်လာမှုက မသေးဘူးပဲ’
မျှော်လင့်မထားစွာနှင့် ဓား၀င်္ကပါချိုးဖျက်ခံလိုက်ရသည်နှင့် ကြယ်တာရာများက ပြောင်းလဲနေရာရွှေ့သွားကြသည်။ တာအိုသခင်လင်းရွှမ်၏ ဓားရောင်သည် ပြန့်ကျဲသွားပြီး ကြယ်တာရာတို့၏ ရှေးဟောင်းနတ်ဘုရားများအသွင် ဖွဲ့တည်လိုက်ကာ ကောင်းကင်ကြယ်မြေပြင်ဝင်္ကပါကို ဖော်ဆောင်လိုက်၏။
ကောင်းကင်ရှိ ကြယ်တာရာများမှာ ရုတ်တရက် အရေအတွက် တိုးပွားလာကြပြီး ကြယ်တာရာရှေးဟောင်းနတ်ဘုရားများသည်လည်း နေလုံးကြီးများအလား တောက်ပလာသည်။ အသွင်သဏ္ဍာန်များက ရိုးရှင်းသော်လည်း ရက်စက်ကြမ်းကြုတ်သောဟန်ပန်များ ရှိကြ၏။ ဝင်္ကပါက ဖြစ်တည်လာသည်နှင့် ချင်မူ၏ ဓားနယ်ပယ်အား ချုပ်ပစ်လိုက်တော့သည်။