တာအိုဂိုဏ်း၏ မူလချီ
Vol. 92 Ch. 1204
ဝင်္ကပါကြောင့် ဓားနယ်ပယ် အချုပ်ခံလိုက်ရသည်နှင့် ချင်မူ့အမူအရာ ပြောင်းလဲသွားသည်။ သူက ချက်ချင်းဆိုသလို ဓားကွက်ကို ကပ်ဘေးပင့်မြှောက်ဓားအဖြစ် ပြောင်းလဲလိုက်ရင်း ကြယ်နတ်ဘုရားများကို ခုတ်ဖြတ်လိုက်သည်။ ဝဲပျံနေသော ဓားချက်များနှင့်အတူ သူက ကြယ်နတ်ဘုရားများ ဝိုင်းခံထားရသည့်ကြားမှ ဖောက်ထွက်လိုက်နိုင်၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်ရှိ ကြယ်များက တိုးပွားလာသည်။ ကောင်းကင်ကြယ်မြေပြင်ဝင်္ကပါက ကောင်းကင်သံသရာကြယ်ဝင်္ကပါအဖြစ် ပြောင်းလဲလိုက်သည်နှင့် ပိုက်ကွန်တစ်ခုကား ချင်မူ့ဆီ ပြေးဝင်လာတော့သည်။
ချင်မူ၏ ကပ်ဘေးရင်ဆိုင်ဓားချက်များက အရပ်လေးမျက်နှာတွင် ပျံဝဲလျက် ကြယ်နတ်ဘုရားတို့အား ခုတ်ဖြတ်နေ၏။
သူ၏ဓားလမ်းစဉ်က အင်မတန် အဆင့်မြင့်မားချေသည်။
ကျင့်စဉ်စွမ်းအင်အရ ချင်မူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အသိပ်သည်းဆုံးကျင့်စဉ်စွမ်းအင်အား ပိုင်ဆိုင်ထား၏။ မည်သူမျှ သူ့အား မယှဉ်နိုင်ပေ။ တာအိုသခင်လင်းရွှမ်၏ ဓားချက်များက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အနုစိတ်လှသည့်အပြင် သူ၏သင်္ချာစွမ်းရည်သည် နက်ရှိုင်းကျယ်ပြောလင့်ကစား.... ကျင့်စဉ်စွမ်းအင်နှင့် မှော်စွမ်းအင်အရာ၌ ချင်မူ့ကို ယှဉ်နိုင်မည်မဟုတ်။
ချင်မူ၏မှော်စွမ်းအင်ကလည်း လင်းရွှမ်၏ မှော်စွမ်းအင်ထက် အဆပေါင်းများစွာ များပြားသည်။
သို့သော် ကြယ်နတ်ဘုရားမျာ ဖျက်စီးခံလိုက်ရသည့်အချိန်မှာပင် မရေမတွက်နိုင်သော ကြယ်တာရာများသည် ဝုန်းခနဲ ပူးကပ်စုဝေးသွားကြကာ ... ကပ်ဘေးကြယ်များ ဖြစ်လာတော့သည်။
ကပ်ဘေးကြယ်တို့သည် နှိုင်းယှဉ်မရလောက်အောင် လေးလံပြီး စကြ၀ဠာ၏ အလေးလံဆုံး ကြယ်တာရာများထဲတွင် ပါဝင်၏။ ပုံမှန်မဟုတ်သော ကပ်ဘေးကြယ်များကား တဝေါဝေါ လည်လာပြီး ကြောက်မက်ဖွယ် အလင်းတန်းများအား ထုတ်လွှတ်ကြသည်။ အလင်းတန်းတို့က ဓားများသဖွယ် တဝှစ်ဝှစ် ဖြတ်သန်းလျက် လမ်းကြောင်း၌ ရှိသမျှအရာရာတိုင်းအား ခွင်းဖောက်သွားကြသည်။
လင်းရွှမ်၏ ဓားရောင် ဖြတ်ခနဲ လက်သွားသည့် တခဏတွင် ကပ်ဘေးကြယ်ဆယ်လုံးကျော်သည် ချင်မူ့ဆီ လှည့်ပတ်ဝင်ရောက်လာရင်း အလင်းဓားတန်းများဖြင့် ခုတ်ပိုင်းချလိုက်ကြ၏။
ချင်မူကလည်း ဓားကို လွှဲလျက် ကာလိုက်ရာ ပေါက်ကွဲသံများ ဘုန်းခနဲ ဘုန်းခနဲ ဆင့်ကဲထွက်လာသည်။ ကြယ်ဆယ်လုံးကျော်ကား သူ့ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကြေသွားချေပြီ။
သို့သော် အနားယူရန်ပင် အချိန်မရလိုက်။ နောက်တခဏတွင် တာအိုသခင်လင်းရွှမ်၏ ဓားထိပ်ဖျား လှုပ်ခတ်လိုက်သည်နှင့် ကြေမွနေသည့် ကြယ်အစအနများက ပူးကပ်ပေါင်းစည်းလိုက်ကာ မည်သည့်အရာကိုမဆို ဝါးမြိုနိုင်သော ဧရာမအမှောင်ထုကြီးပမာ ဖြစ်လာတော့သည်။ အမှောင်ထုကြီးကား ချင်မူ့အား လွှမ်းခြုံလိုက်၏။
သူ ဝါးမြိုခံလိုက်ရသော နေရာမှာ စကြဝဠာတစ်ခု နိဂုံးချုပ်သွားသော နေရာပမာ.... မည်သည့်အရာကိုမဆို စားသုံးနေသော တွင်းနက်ကြီးပမာ ထင်ရသည်။
…..
“အဆုံးသတ်မြို့ပျက်ရဲ့ အမှောင်ထု… မင်းရဲ့သင်္ချာစွမ်းရည်က အဆုံးသတ်မြို့ပျက်ရဲ့ မဟာတာအိုကောင်းကင်နတ်သိုင်းကိုတောင် ဖော်ဆောင်နိုင်ပြီလား”
ချင်မူ့အသံက အမှောင်ထုကို ခွဲလျက် ပျံ့လွင့်လာပြီး တစ်ဆက်တည်းမှာပင် ဓားနယ်ပယ်၏ စွမ်းအားသည်လည်း လုံးလုံးလျားလျား ပေါက်ကွဲထွက်လာသည် တာအိုသခင်လင်းရွှမ်၏ ဓားရောင်ကြောင့် ဖွဲ့တည်လာသည့် အဆုံးသတ်မြို့ပျက်အမှောင်ထုမှာ အမှန်တကယ် ပြိုကွဲပေတော့မည်။ ချင်မူကား လွတ်မြောက်ပေတော့မည်။
တာအိုသခင်လင်းရွှမ်က ညာလက်ဖြင့် ဓားကိုမြှောက်၍ ဘယ်လက်ဖြင့် ဓားကျင့်စဉ်ကို ဆုပ်ကိုင်လိုက်ရင်း ဓားသွားတစ်လျှောက် သပ်ချလိုက်သည်။ သူ့လက် ဓားထိပ်ဖျားနား ရောက်သည့်အခါ သူက လေးနက်ဩရှနေသောအသံဖြင့် ပြောသည်။ “အလုံးစုံသော တာအိုအပေါင်း... တစ်ခုတည်းအဖြစ် ... ပေါင်းစည်းစေ... ကို ဖော်ဆောင်လိုက်၏။ ထို့နောက် ဓားနှင့်အတဓားကိုမြှောက်လိုက်ပြီး ဘယ်လက်ကိုသုံး၍ ဓားသိုင်းကွက်တစ်ခု ဖော်ဆောင်လိုက်၏။ သူက ဓားတလျှောက် ရှေ့သို့ လျှောက်သွားပြီး ဓားထိပ်တွင် သုတ်လိမ်းလိုက်သည်။ သူက တည်ကြည်လေးနက်စွာ ပြော၏။ “တာအိုတွေ အားလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းစေ… မွေးရာပါမူလချီ”
ဝှစ်…
ချင်မူ အဆုံးသတ်မြို့ပျက်၏ အမှောင်ထုထဲမှ ထွက်လာသည်နှင့် လင်းရွှမ်၏ ဓားကား ချင်မူ့အား ထိုးချလိုက်ချေပြီ။
လျင်မြန်လှသော ဓားရောင်က ချင်မူ့ရှေ့သို့ တခဏအတွင်း ရောက်လာသည်။
ချင်မူမှာ ဓားလွှဲရမ်းရန် အချိန်မရလိုက်ချေ။ သူက ညာလက်ဖြင့် ဓားကို မြှောက်၍ ကျော၌ ကပ်လိုက်ပြီး ဘယ်လက်က ဓားကျင့်စဉ်ကို ဆုပ်ကိုင်လျက် မျက်ခုံးနှစ်ဖက်ကြားသို့ မြှောက်လိုက်သည်။ သူ့အသံသည်လည်း ဩရှနေ၏။ “ကောင်းကင်ရတနာ… ပွင့်စေ…”
တာအိုသခင်လင်းရွှမ်၏ ဓားက သူ၏ ဘယ်လက်ခလယ်ထိပ်သို့ ချွင်ခနဲ ထိုးစိုက်သွားသည်။ သွေးတစ်စက်က သူ၏လက်ထိပ်မှ ဓားပေါ်သို့ စီးကျသွား၏။
တစ်ချိန်တည်းမှာပင် ချင်မူ၏ ကောင်းကင်ရတနာ ပေါ်ထွက်လာသည်။ တာအိုသံများ မြည်ဟည်းလာပြီး ကြောက်စရာကောင်းလှသော စွမ်းအားကြီးက လိမ့်ထွက်လာသည်။
ချင်မူ၏လက်ခလယ်ထိပ်က လင်းရွှမ်၏ ဓားကို တွန်းထုတ်လိုက်၏။
ဝုန်း….
ချင်မူ၏ ကောင်းကင်နန်းဆောင်များဆီမှ မြည်ဟည်းသံများ ထွက်လာပြီး ဘိုးဘေးနန်းတော်၊ ရွှမ်တု၊ ယိုတု၊ ယွမ်တု၊ ဝင်ရိုးစွန်းလေးခု၊ ကမ္ဘာလောကများနှင့် မဟာတာအိုများမှလည်း တစ်ပြိုင်တည်း ပဲ့တင်ရိုက်ခတ်ကြသည်။ အားကောင်းပြင်းထန်လှသော စွမ်းအားလှိုင်းကြီးသည် တာအိုသခင်လင်းရွှမ်နှင့် တာအိုဓားကို ကောင်းကင်ဆီသို့ တွန်းထုတ်လိုက်လေသည်။
တာအိုသခင်လင်းရွှမ်ကို ဝန်းရံနေသော ဓားရောင် လွင့်ပျယ်သွားပြီး ဓားအတွင်းထဲရှိ မူလချီလည်း တစ်လွှာပြီးတစ်လွှာ ပျက်စီးသွားသည်။
ဝုန်း… ဝုန်း…. ဝုန်း
ပေါက်ကွဲသံများ ညံသွားပြီး လင်းရွှမ်ကိုယ်ပေါ်ရှိ တာအို၀တ်ရုံမှာ စုတ်ပြတ်သွားသည်။ သူက သူ့ဓားနှင့်အတူ နောက်သို့ လွင့်ထွက်သွားကာ တောင်စွန်းတစ်ခုနှင့် တိုက်မိသွားသည်။
ကံကောင်းစွာဖြင့် ချင်မူသည် အားလှိုင်းကို အချိန်မီ ရုတ်သိမ်းခဲ့သဖြင့် လင်းရွှမ် ဒဏ်ရာအပြင်းအထန် မရသွားပေ။ သို့သော် ဤတိုက်ကွက်၏ စွမ်းအားကြောင့် သူ၏မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအို၀တ်ရုံမှာလည်း အပေါက်များ ပြည့်နေ၍ သူ့ခန္ဓာကိုယ်ကို မဖုံးထားပေးနိုင်တော့ပေ။
တောင်စွန်းက သူ၏ဝင်တိုက်မှုကြောင့် အက်ကွဲသွားပြီး တာအိုသခင်လင်းရွှမ်မှာ တောင်စွန်းမှာ ပြုတ်ကျ၍ ဖုန်ထဲတွင် နစ်မြုပ်သွားသည်။
ချင်မူမှာ အလန့်တကြား ထခုန်မိပြီး ကပျာကယာ ပြေးသွားလိုက်သည်။ သူ ဒဏ်ရာများကို စစ်ဆေးကြည့်တော့မည့်အချိန် တာအိုသခင်လင်းရွှမ်က ငေါက်ခနဲ ထထိုင်လေသည်။ သူက သူ၏တာအိုဓားကိုပင် မလိုချင်တော့ဘဲ အဝေးသို့ လွှင့်ပစ်လိုက်ပြီး ခြေလက်များကို လွှဲရမ်း၍ ပတ်ပြေးနေတော့သည်။ “ငါ သူ့ကို ဒဏ်ရာအောင် လုပ်နိုင်ပြီဟေး”
ချင်မူတစ်ယောက် ခွေးအကြီး လည်နင်းခံလိုက်ရသကဲ့သို့ ကြောင်နေသည်။
တာအိုသခင်လင်းရွှမ်သည် အပေါက်ဗလပွဖြင့် တာအို၀တ်ရုံကို ဝတ်ထားပြီး သူ၏ မျက်လုံးများ၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့တွင် သွေးများပေကျံနေ၏။ သူက ၀မ်းပန်းတသာ အော်ဟစ်နေသည်။ “ငါ သူ့ကိူ သွေးထွက်အောင် လုပ်နိုင်ခဲ့ပြီ… ဓားနဲ့ ထိုးနိုင်ခဲ့ပြီ… ဟားဟားဟား…. ဘ၀င်လေဟပ်နေတဲ့ ဂိုဏ်းသခင်က ငါ့ရဲ့ဓား၊ ငါ့တာအိုဂိုဏ်းကြောင့် ဒဏ်ရာရခဲ့ပြီ”
တာအိုဂိုဏ်းရှိ တာအိုရသေ့များမှာ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိကြသည်။
သူတို့၏ တာအိုသခင်ကား တောင်များ၊လွင်ပြင်များတလျှောက် သွေးရူးသွေးတန်း ပြေးလွှားနေပြီး အင်မတန်မှ ပျော်ရွှင်နေပုံပင်။
သို့သော် တာအိုသခင်၏ တာအို၀တ်ရုံမှာ ခန္ဓာကိုယ်ကို မဖုံးပေးထားနိုင်သောကြောင့် သူ၏ လုံးဝန်းနေသော ဖင်လုံးလုံးလေးကို အနောက်မှ အတိုင်းသာ မြင်နေရသည်။
တာအိုရသေ့မများက ကပျာကယာ မျက်နှာကို ကွယ်လိုက်ကြပြီး ပေါ်တင်မကြည့်ရဲသဖြင့် လက်ချောင်းကြားမှ ချောင်းကြည့်နေကြလေသည်။
ချင်မူ့မျက်နှာကြီးမှာ နီရဲလာပြီး သူက လင်းရွှမ်ကို တားလိုက်၏။ “ဟေ့ကောင်၊ မင်းက ငါ့လက်ချောင်းကို ဓားနဲ့ ထိုးနိုင်ခဲ့ပေမယ့် ငါက မင်းကို သေလုမြောပါးဖြစ်အောင် ရိုက်ခဲ့တာနော်… ဒါပေမဲ့ မင်းပဲ နိုင်သွားသလို စိတ်လှုပ်ရှားနေရလား”
တာအိုသခင်လင်းရွှမ်က ခါးကို ထောက်ကာ တည်ကြည်ဖြောင့်မတ်စွာ တုံ့ပြန်သည်။ “ငါ မင်းကို ဒဏ်ရာရစေခဲ့ရင် ငါ့ အနိုင်ပဲလေ.. ရှုရှန်းဟွာက အင်မတန် အစွမ်းထက်သလို၊ နတ်ဝိဇ္ဇာ ဝမ့်မူရန်ကလည်း ဩချလောက်တယ်… သူတို့တောင် မင်းကို တစ်ခါမှ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘူး... ငါကတော့ လုပ်နိုင်ပြီ... ငါက သူတို့ထက် အစွမ်းထက်တယ် ဟားဟား”
ချင်မူမှာ ရေရွတ်လိုက်မိသည်။ “အဲ့ဒါက ငါ အစွမ်းထက်လို့လေ... မင်းက ဘာတွေများ ပျော်နေ…”
တာအိုသခင်လင်းရွှမ်မှာ ဖော်ပြမတတ်နိုင်အောင်ပင် အူမြူးနေသည်။ “ငါ ကောင်းကင်နတ်အရှင်မူကို ဒဏ်ရာရစေခဲ့ပြီ…. ဘယ်သူမှ မလုပ်နိုင်ဘူး… ငါပဲ လုပ်နိုင်တာ…. ရှုရှန်းဟွာတောင် မလုပ်နိုင်ဘူး... ငါက ပထမ၊ သူက ဒုတိယပဲ…”
ချင်မူက ချောင်းဟန့်ရင်း သူ့အား သတိပေးလိုက်၏။ “မင်း အခု ဖင်ပြောင်ကြီးနော်”
“မွေးကတည်းက ဖင်ပြောင်မွေးလာတာပဲဟာ…. ဘာကို ကြောက်နေရမှာလဲ” တာအိုသခင်လင်းရွှမ်မှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သေးချေ။
ချင်မူ သက်ပြင်းချလိုက်မိသည်။ တာအိုသခင်လင်းရွှမ်ကား ရိုက်ချက်ပြင်းလွန်းသဖြင့် ရူးသွားချေပြီ။
'ရှုရှန်းဟွာက သူ့ကို ဆော်ပလော်တီးလိုက်တာ ပြင်းသွားတာလား’
ချင်မူက စိတ်ထဲမှ ရှုရှန်းဟွာကို အပြစ်တင်နေသည်။ ‘သူက ဒုတိယလောကသခင်ခန္ဓာပဲဟာ… ဘယ်လိုလုပ် ငါနဲ့တူမှာလဲ… ငါ တိုက်ခိုက်တိုင်း ငါ့လက်ဆကို ငါသိပြီးသား..’
တာအိုသခင်လင်းရွှမ်မှာ အတော်ကြာသည်အထိ စိတ်လှုပ်ရှား၀မ်းမြောက်နေပြီး တောင်တစ်တောင်လုံးအား ပတ်ပြေးနေချေသည်။ နောက်ဆုံးတွင်တော့ တာအိုရသေ့အိုကြီးတစ်ဦးက တာအို၀တ်ရုံတစ်စုံ ထုတ်ကာ သူတို့၏တာအိုသခင်အပေါ်ခြုံပေးလိုက်သည်။
ထိုအချိန်မှသာ လင်းရွှမ်သည် စိတ်တည်ငြိမ်လာပြီး ရှက်သွား၏။ ပုံမှန်စိတ်ပြန်ဝင်သွားကာ တာအိုဂိုဏ်း၏ တာအိုသခင် ပြန်ဖြစ်သွားသဖြင့် တောင်းပန်လေသည်။ “ငါ ဣန္ဒြေမဆည်နိုင်ခဲ့ဘူး… ကျေးဇူးပြုပြီး ဗွေမယူပါနဲ့”
ချင်မူ ပြုံးစစဖြင့် နောက်လိုက်မိသည်။ “တောင်ပေါ်က တာအိုရသေ့တွေခမျာ မင့်လုပ်ရပ်ကြောင့် ရူးတော့မလို့”
တာအိုသခင်လင်းရွှမ်က ပြုံးသည်။ “ငါ့တာအိုဂိုဏ်းက အဲ့လိုပဲ… တစ်ယောက်နဲ့တစ်ယောက် သိပ်ဂရုစိုက်တာ”
သူ သိက္ခာပြန်ဆယ်နေကြောင်း ချင်မူ သိသဖြင့် ဆက်မပြောတော့ပေ။ “ငါ ပညာယူချင်လို့ လာခဲ့တာ… ကျေးဇူးပြုပြီး ငါ့ကို သင်ပေးပါဦး..”
တာအိုသခင်လင်းရွှမ်၏ အပြုံးကား ဖုံးဖိ၍ မရနိုင်တော့ပေ။ သူက သွားဖြဲကာ ပြောသည်။ “အမိန့်မဖီဆန်ရဲပါဘူး”
တာအိုဂိုဏ်း၏ တာအိုရသေ့များမှာ စောစောက တာအိုသခင်၏အဖြစ်အပျက်ကြောင့် အံ့အားသင့်နေရာမှာ သတိပြန်မဝင်ကြသေးပေ။ တာအိုသခင်လင်းရွှမ်က ကျယ်လောင်စွာ အော်ဟစ်၍ ဆုံးမနေသည်။ “တာအိုရသေ့တွေအနေနဲ့ ချီးကျူးစကားတွေ၊ အရှက်ကွဲစရာတွေမှာ မြောပါမသွားဖို့ လိုအပ်တယ်… မင်းတို့ စိတ်မခိုင်သေးရင် သုံးရက်တိတိ နံရံကို မျက်နှာမူနေကြ”
တာအိုရသေ့များမှာ အမိန့်အတိုင်း ရိုကျိုးစွာဖြင့် နံရံကို မျက်နှာမူလိုက်ကြသည်။
တာအိုသခင်သည် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သေးပေ။ သူက ရှေ့သို့ လျှောက်နေရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ငါ သူ့ကို ဒဏ်ရာရစေခဲ့ပြီ…. သွေးထွက်အောင် လုပ်နိုင်ခဲ့ပြီ… ဟီးဟီး… ငါ ကောင်းကင်နတ်အရှင်မူကို ဒဏ်ရာရစေခဲ့ပြီ… အဟွတ်… အဟွတ်.. ဂိုဏ်းသခင်ချင်…. ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ”
ချင်မူသည် တာအိုသခင်လင်းရွှမ်၏ မဟာသင်္ချာတာအိုနယ်ပယ်ကို လေ့လာရန် တာအိုဂိုဏ်း၌ ဆယ်ရက်ကြာနေခဲ့သည်။ သို့သော် သူ၏ အဓိကပန်းတိုင်မှာ လင်းရွှမ်၏ ပထမမူလချီ ဖြစ်နေသေးသည်။
မူလချီ တစ်နည်းအားဖြင့် ကောင်းကင်နတ်ဧကရာဇ်၏ မွေးရာပါချီဆိုသည်မှာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ မဟာတာအိုပင် ဖြစ်ပြီး ဆန်းကြယ်နက်နဲ၏။ ကောင်းကင်နတ်အရှင်ဆယ်ပါးအပြင် တာအိုဂိုဏ်း၏ တာအိုဘိုးဘေးကြီးလည်း ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို မြင်ဖူးသည်။
တာအိုဘိုးဘေးကြီးက ကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုမှ လေ့လာထားသည့် အသိပညာတို့ကို လင်းရွှမ်ဆီ သင်ကြားပေးခဲ့သည်။ ထို့ကြောင့် လင်းရွှမ်၏ ပထမမူလချီမှာ အင်မတန် အစွမ်းထက်နေခြင်းပင်။ နောက်ဆုံးတိုက်ကွက်က ချင်မူ့ကိုပင် ဒဏ်ရာရသွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ချင်မူသာ သူ၏ ကောင်းကင်ရတနာကို အသက်မသွင်းခဲ့ပါက လက်ထိပ်ပေါက်သွားရုံသာ ဖြစ်မည်မဟုတ်။ လင်းရွှမ်ကြောင့် အပြင်းအထန်ပင် ဒဏ်ရာရသွားနိုင်၏။
တာအိုဘိုးဘေးကြီးသည် မူလသင်္ချာကို သုံး၍ မူလမွေးရာပါချီကို တည်ဆောက်ခဲ့ပြီး လင်းရွှမ်ကမူ ခေတ်သစ်သင်္ချာ၊ အဏုစိတ်သင်္ချာကျမ်းဖြင့် ထပ်မံအားဖြည့်ပေးခဲ့သည်။ ယင်းက စစ်မှန်သော မူလချီနှင့် အနီးစပ်ဆုံး တာအိုကျင့်စဉ်ဟုပင် ဆိုရနိုင်သည်။
ချင်မူက လင်းရွှမ်ဆီမှ အလေးအနက် သင်ယူပြီး နားမလည်လျှင် မေးမြန်းသည်။
တာအိုသခင်လင်းရွှမ်ကလည်း ဤအခွင့်အရေးကို အသုံးချ၍ သူ့အား မေးခွန်းများစွာ မေးခဲ့သည်။ ထို့ကြောင့် ချင်မူသည် သူ နားလည်ခဲ့သော ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ကျင့်စဉ်စနစ် အသစ်အား မျှဝေပေးခဲ့၏။
လင်းရွှမ်မှာ နားထောင်ပြီးသောအခါ စိတ်ရှုပ်ထွေးသွားပြီး အံ့ဩမှင်သက်လွန်းသဖြင့် အချိန်အတော်ကြာ ဆွံ့အနေခဲ့သည်။ အတော်လေးကြာပြီးမှ အသိစိတ်ပြန်၀င်လာကာ တခဏ စဉ်းစားပြီးနောက် ပြောလေသည်။ “ဒီကျင့်စဉ်စနစ်က မင်းအတွက်ပဲ... အခုချိန်မှာ မင်းပဲ ကျင့်ကြံနိုင်တယ်.. ငါ မသင်ယူနိုင်ဘူး”
ချင်မူမှာ အံ့ဩမှင်သက်စွာ မေးလိုက်မိသည်။ “ဘာလို့လဲ”