← Chapters

ရှောင်ဝေ့စု၊ ထွက်သွားလိုက်

Vol. 92 Ch. 1205

ရှောင်ဝေ့စု၊ ထွက်သွားလိုက်

Vol. 92 Ch. 1205

လင်းရွှမ်က သက်ပြင်းချသည်။ “ငါ လေ့လာချင်ရင် ကပ်ဘေးရင်ဆိုင်ဓားရဲ့ ဆယ့်ကိုးချက်မြောက် ဓားကွက်ကို သုံးပြီး ငါ ဆင်းရဲဒုက္ခခံ တည်ဆောက်ထားတဲ့ ကောင်းကင်နန်းဆောင်တွေနဲ့ ကောင်းကင်ရတနာခုနစ်ခုကို ဖျက်စီးရလိမ့်မယ်... မင်းစဉ်းစားကြည့်လေ... ဘယ်သူက ဒီဖိအားကို ခံနိုင်မှာလဲ.. ဘယ်သူက မင်းလောက် အစွမ်းထက်လို့လဲ... နန်းဆောင်တွေ၊ ကောင်းကင်ရတနာတွေ ပြိုကျမှုကြောင့် သေချာပေါက် ပိသေသွားမှာ”

သူသည် တခဏ ရပ်လိုက်ပြီးနောက် ဆက်ပြော၏။ “ဒါ့အပြင် သာမန်လူတွေလည်း ကျင့်ကြံနိုင်မှာမဟုတ်ဘူး... ကောင်းကင်နတ်သိုင်းပညာရှင်အဆင့်တောင် မရောက်သေးတဲ့ သိုင်းသမားအဆင့်မှာ အဲဒီလောက်သိပ်သည်းတဲ့ ချီစွမ်းအင်တွေကို ဘယ်သူမှ ပိုင်ဆိုင်ထားမှာမဟုတ်ဘူး... စိတ်သန္တန်ထဲမှာ ကောင်းကင်နဲ့မြေပြင် ဖွင့်လှစ်ပြီး စကြဝဠာအသေးစားလေး တည်ဆောက်ဖို့အသာထား... ဝိညာဉ်သန္ဓေသား ဖော်ဆောင်ဖို့တောင် ကြိုးစားနေကြရတာ မဟုတ်ပေလား”

“မင်းက အစွမ်းထက်တာ မှန်တယ်... ဒါပေမဲ့ အခုအချိန်မှာ မင်းတစ်ယောက်ပဲ အဲဒီကျင့်စဉ်စနစ်ကို ထူထောင်နိုင်သေးတယ်... တခြားဘယ်သူ့မှာ မင်းလို အခြေခံမျိုး ရှိမှာလဲ”

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။

လင်းရွှမ်က ဆက်ပြောသည်။ “မင်းရဲ့ ဒီကျင့်စဉ်ကို လက်ဆင့်ကမ်းပေးချင်ရင်... ခက်နေတာကို နည်းနည်းလွယ်အောင် လုပ်ပေးရမယ်... ခက်ခဲမှုအဆင့်ကို လျှော့ချလိုက်ရင်တော့ မျိုးဆက်သစ်တွေအနေနဲ့ မင်းထက် ပိုပြီးတော့ အစွမ်းထက်နိုင်မှာ မဟုတ်ဘူး”

သူက စဉ်းစားနေရင်း ဆက်ပြော၏။ “ဒါပေမဲ့ ကောင်းကင်ရတနာကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်း‌ဆောင်ကျင့်စဉ်စနစ်ထက်တော့ အများကြီး အစွမ်းထက်နေသေးတယ်”

ချင်မူလည်း သေသေချာချာ တွေးကြည့်ပြီးနောက် သက်ပြင်းချရင်း ခေါင်းညိတ်သည်။ “မင်း မှန်တယ်... ငါက အစွမ်းထက်လွန်းတယ် မဟုတ်လား... တခြားသူတွေလည်း ငါ့လို အစွမ်းထက်မယ် ထင်နေတာနဲ့ ငါ့ကိုယ်ငါ လောကသခင်ခန္ဓာမှန်း မေ့, မေ့သွားတယ်ကွာ”

လင်းရွှမ်၏မျက်နှာမှာ အိုးမည်းသုတ်ခံလိုက်ရသလို မည်းမှောင်သွားတော့သည်။ သူ့လက်က ဓားရိုးကိုပင် ကိုင်လိုက်မိပြီး ဤသကောင့်သားအား ခုတ်သတ်လိုစိတ် ဝင်လာမိ၏။ သို့သော် စိတ်လျှော့လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ “ငါက မင်းကို မနိုင်တာ မဟုတ်ဘူး”

နောက်ဆုံးတော့ ချင်မူသည် ပထမမူလချီကို သင်ယူသော်လည်း ‌မဟာသင်္ချာတာအိုနယ်ပယ်ကို မဖော်ဆောင်နိုင်ပေ။ သူက လင်းရွှမ်ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ “အနောက်ကမ္ဘာမြေမှာ ရှုရှန်းဟွာနဲ့ သွားတွေ့လိုက်ဦးမယ်”

လင်းရွှမ်၏မျက်လုံးများ အရောင်တောက်သွားလာသော်လည်း သူက ဣန္ဒြေအပြည့်ဖြင့် ယဉ်ကျေးစွာ ပြောသည်။ “ရှုရှန်းဟွာ မင်းကို စိန်ခေါ်ရင် အကောင်းဆုံး ကြိုးစားပါ... သူ မင်းကို အခွင့်အရေးယူခွင့်မပေးနဲ့”

ချင်မူ နားလည်၏။ “ငါ နားလည်ပါတယ် မစိုးရိမ်ပါနဲ့”

တာအိုသခင်လင်းရွှမ်က သက်ပြင်းချပြီး ချင်မူ့ကို တက်ကြွလက်ကြွ လိုက်ပို့ပေးသည်။ သူ့မှာ ချင်မူ အဝေးရောက်သွားသည်အထိ ကြည့်နေပြီးနောက် မလှည့်ချင်လှည့်ချင်ဖြင့် တာအိုဂိုဏ်းထဲသို့ ပြန်လှည့်လာတော့သည်။

...

ချင်မူသည် မီးအိမ်ကို ကိုင်လျက် ကမ္ဘာဦးဘုံ၏အလယ်သို့ ရောက်လာခဲ့၏။ ကမ္ဘာဦးသစ်ပင်မှာ စိမ်းစိုအုံ့ဆိုင်းနေပြီး အကိုင်းအခက်များ ဝေဆာစွာဖြင့် ကမ္ဘာဦးဘုံအား လွှမ်းခြုံထားချေသည်။ ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်နန်းဆောင်က သစ်ပင်ထိပ်ဖျားထက်တွင် မျောလွင့်နေပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် သစ်ပင်ဘေး၌ ပျံဝဲနေ၏။

ချင်မူ ကမ္ဘာဦးသစ်ပင်ဘေးမှ ဖြတ်သွားတော့မည့်အချိန် အသံတစ်သံ ထွက်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ ခဏလေး”

ချင်မူက ရပ်၍ လှည့်ကြည့်လိုက်ရာ နောက်ဆုံးတော့ ချင်မူသည် လက်ဝဲယံ လက်ထောက်ဝန်မင်း ယန်ရှောင်ချင်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ယန်ရှောင်ချင်းသည် သူ့ကို ပထမဆုံးတွေ့ဖူးသကဲ့သို့ နှုတ်ဆက်၏။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ရှောင်က တွေ့ချင်နေပါတယ်”

“ကောင်းကင်နတ်အရှင်ရှောင်က ကျွန်တော့်ကို တွေ့ချင်တယ်လား”

ချင်မူလည်း တစ်ယောက်တည်း ရေရွတ်လိုက်ရင်း ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်နန်းဆောင်ဆီ မော့ကြည့်လိုက်သည်။

ယန်ရှောင်ချင်းသည် ကျီးလန့်စာစားနေသကဲ့သို့ သူ့ကို အကဲခတ်နေ၏။

ယန်ရှောင်ချင်းကား ခေသူတော့ မဟုတ်ပေ။ အသိစိတ်အလျဉ်နယ်ပယ်တွင် သူ၏အောင်မြင်မှုများက ကောင်းကင်နတ်ဘုံ၌ အမြင့်မားဆုံး ဖြစ်သည်။ ကောင်းကင်နတ်အရှင်ဆယ်ယောက်စလုံးက သူ ဧကရာဇ်ပလ္လင်အဆင့် အသိစိတ်အလျဉ်ကျင့်စဉ် ဖန်တီးနိုင်မည်ကို မျှော့်လင်ထားကြလေသည်။

မှန်သည်၊ ကောင်းကင်နတ်ဘုံတွင် အသိစိတ်အလျဉ်နယ်ပယ်၌ သူ့ထက် သာသူ အနည်းဆုံး သုံးယောက် ရှိ၏။ မဟာဧကရာဇ်တဖြစ်လဲ ကောင်းကင်နတ်အရှင်ချန်း၊ နတ်ဘုရင်ကုန်းယွင်တဖြစ်လဲ ကောင်းကင်နတ်အရှင်ကုန်းနှင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ သားတော် နတ်ဧကရာဇ်လန်ရွှမ်တို့ပင်။

ဤသုံးဦးသည် သူတို့၏အရည်အချင်းများအား ဖုံးကွယ်ထားသောကြောင့် လူအများအမြင်အရ လက်ဝဲယံလက်ထောက်ဝန်မင်း ယန်ရှောင်ချင်း၏ အသိစိတ်အလျဉ်အဆင့်က အမြင့်ဆုံး ဖြစ်နေသေးသည်။

ယန်ရှောင်ချင်း၏ အသိစိတ်အလျဉ်အဆင့်မှာ မြင့်မားသော်လည်း အကြမ်းစားဆန်လွန်းသည်။ သူသည် ချင်မူနှင့် ကျန်းပိုင်ကွေ့၏ ထောင်ချောက်ထဲ ကျရောက်ခဲ့ဖူးပြီး ပုံရိပ်ယောင်ကမ္ဘာထဲမှ မထွက်နိုင်လုဆဲဆဲပင် ဖြစ်ခဲ့ဖူး၏။

နောက်ပိုင်း ချင်မူ၏အကြံပြုချက်ကို နားထောင်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားကာ ပြုပြင်ပြောင်းလဲမှု၏ အသီးအပွင့်များအား သင်ယူခဲ့သည်။ အကျိုးအမြတ်များစွာ ရရှိခဲ့သည့်အလျောက် ဧကရာဇ်ပလ္လင်အဆင့်နှင့်ပင် နီးကပ်လာခဲ့သည်။

‘ကောင်းကင်နတ်အရှင်ရှောင်က... မာန်ဟုန်မြစ်မှာတုန်းက တစ္ဆေသင်္ဘောကို ပစ္စုပ္ပန်ထဲ ပြန်ဆွဲချင်ခဲ့တဲ့ အမည်မသိဖြစ်တည်မှုပဲ ဖြစ်မယ်’

ချင်မူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ငါ သူ့ကို နောက်ဆုတ်ဖို့ ပြောခဲ့သလို သူကိုယ်တိုင်ကလည်း ကောင်းကင်တန်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ ထိုက်ရှီရဲ့ တာအိုထဲမှာ ပိတ်သွားမှာ ကြောက်လို့ ထွက်သွားခဲ့တယ်... တစ္ဆေသင်္ဘောကိစ္စအတွက် ငါနဲ့ တွေ့ချင်တာပဲ နေမယ်... သင်္ဘောပေါ်မှာ ကောင်းကင်နတ်ဧကရီရဲ့ ရုပ်ခန္ဓာအပြင် ကျွယ်ဝူချိန်ရဲ့ ရုပ်ခန္ဓာလည်း ရှိတယ်... အမ်း ယွီလင်နန်းစောင့်တပ်ဖွဲ့လည်း ရှိနေတာပဲ... သူက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ လူဝင်စားပဲ မဟုတ်လား...”

ယန်ရှောင်ချင်းခမျာ ကျောရိုးတစ်လျှောက် စိမ့်အေးသွားကာ ကြက်သီးတဖြန်းဖြန်း ထလာတော့သည်။ သူ့နားသူ ပိတ်ကာ ထပ်မနားထောင်ချင်သော်လည်း ကြားမိသွားပြီမဟုတ်လော။ ‘များများသိလေ ၊ မြန်မြန် သေရလေ... ငါတော့ သေတော့မယ်’

ချင်မူက သူ့ကို တစ်ချက်ကြည့်၍ ဖြည်းဖြည်းချင်း ဆက်ပြောနေသည်။ “ယွီလင်နန်းစောင့်တပ်သား ငါးသောင်းလုံးက ဉာဏ်ကြီးရှင်တွေချည်းပါပဲ... နည်းနည်းလောက် လေ့ကျင့်ပေးလိုက်တာနဲ့ သူတို့ရဲ့ အတိုက်အခိုက်စွမ်းရည်က ခုန်ပျံကျော်လွှား တက်သွားမှာဆိုတော့... သူ့အတွက် ပိုပြီး အကူအညီဖြစ်လာမယ်... ကောင်းကင်နတ်ဧကရီရဲ့ ရုပ်ခန္ဓာကိုကျ ကောင်းကင်နတ်ဧကရီကို ခြိမ်းခြောက်ဖို့ သုံးနိုင်တယ်... ကျွယ်ဝူချိန်ရဲ့ ရုပ်ခန္ဓာကတော့ အဟဲဟဲ... ကျွယ်ဝူချိန်ကို မသိမ်းပိုက်လိုက်ရဘဲ ကောင်းကင်နတ်အရှင်တို့ သတ်တာ ခံလိုက်ရတာမဟုတ်လား... ဒီတော့ အရသာတော့ မြည်းချင်ဦးမှာပေါ့...”

ယန်ရှောင်ချင်း အရူးမီးဝိုင်းလာတော့သည်။ သူ့ခြေထောက်နှစ်ဖက်လုံးတွင် အားမရှိတော့သဖြင့် ခွေကျသွားလေသည်။

ချင်မူက ခါးကိုင်း၍ သူ၏ပခုံးကို ပုတ်ပေးကာ ပြုံးနေသည်။ “လက်ဝဲယံ လက်ထောက်ဝန်မင်းက တောင်ကောင်းကင်မုခ်ဝကို မပိတ်ရသေးသလို၊ ကောင်းကင်တံတားကိလည်း မဖျက်စီးရသေးဘူးပဲ... ကြည့်ရတာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အားမကိုးချင်တော့ဘူးနဲ့ တူတယ်... ဒီတော့ ကျွန်တော်လည်း ခင်ဗျားကို အသက်ရှင်နိုင်မယ့်အခွင့်အရေး ပေးစရာ မလိုတော့ဘူး”

ယန်ရှောင်ချင်း၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူက ခေါင်းမော့ကာ ပြောလိုက်၏။ “ငါ ငါ့ကောင်းကင်တံတားကို ဖျက်စီးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ သွားခိုလှုံပါ့မယ်... ငါ့ကို အခွင့်အရေးတစ်ခု ပေးပါ ကောင်းကင်နတ်အရှင်”

ချင်မူက ပြုံးလိုက်သည်။ “ကြည့်လေ ဒီလိုလေး ပြောရတာ ဘာခက်တာ မှတ်လို့... မပူပါနဲ့ ဒီနေရာကို အသိစိတ်အလျဉ်နဲ့ ပိတ်ဆို့ထားတယ်... ကောင်းကင်နတ်အရှင်ရှောင်တောင် မမြင်ရဘူး.. ကျွန်တော်တို့ ဘာပြောလဲ သူ မကြားရဘူး”

ယန်ရှောင်ချင်း မှင်သက်သွားသည်။

ချင်မူသည် မီးအိမ်ကို ကိုင်၍ ရှေ့ဆက်လျှောက်သွားရင်း အေးအေးလူလူ လှမ်းပြော၏။ “ဒါပေမဲ့ ခင်ဗျားက ဒီလျှို့ဝှက်ချက်ကို သိသွားပြီ.... ခင်ဗျား ကောင်းကင်နတ်ဘုံကို မပုန်ကန်ရင် ကောင်းကင်နတ်အရှင်ရှောင်နဲ့ နတ်အရှင်မချန်းဆီ ကျွန်တော် ပြောပြလိုက်မယ်... ဒါဆို ခင်ဗျားမှာ ‌ခေါင်းချစရာ အသုဘမြေတောင် ရှိလိုက်မှာမဟုတ်ဘူး”

သူက ခေါင်းပြန်လှည့်လာကာ မျက်လုံးမှိတ်ပြသည်။ “ဒါပေမဲ့ ဒီလျှို့ဝှက်ချက်ကို ခင်ဗျား ထိန်းနိုင်အောင် ကူညီပေးပါ့မယ်”

ယန်ရှောင်ချင်း၏မျက်နှာတွင် သွေးမရှိတော့ပေ။

ချင်မူက တဟားဟား ရယ်လျက် မီးအိမ်နှင့်အတူ ထွက်သွားသည်။

ယန်‌ရှောင်ချင်းသည် ကပျာကယာ လှမ်းအော်၏။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ရှောင်က တွေ့ချင်နေတယ်... သွားမတွေ့ဘူးလား”

“မတွေ့ဘူး”

ချင်မူ့အသံက အဝေးမှပျံ့လွင့်လာသည်။ “ကျွန်တော်က ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲ ငါးဦးထဲက တစ်ဦး.. ကောင်းကင်နတ်အရှင်ရှောင်က ကျွန်တော့်ရဲ့ တူလို့တောင် ပြောရတယ်... ခင်ဗျားလည်း ကျွန်တော့်ကို တာအိုနောင်တော်လို့ ခေါ်သင့်တယ်... ကျွန်တော်က သူနဲ့ တွေ့ရမယ် ဟုတ်လား... သူကမှ ကျွန်တော့်ကို လာတွေ့ရမှာ”

ယန်ရှောင်ချင်းမှာ ဆွံ့အနေတော့သည်။

ချင်မူသည် မီးအိမ်ကို ကိုင်လျက် ရှေ့ဆက်လျှောက်သွားပြီး သူ့ဖဝါးအောက်တွင် တောင်တန်းလွင်ပြင်များ တရိပ်ရိပ် ကျန်ခဲ့၏။ သူက အေးအေးဆေးဆေး လျှောက်နေသော်လည်း ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကြောင့် နေရာဟင်းလင်းပြင်မှာ ချုံ့ခံနေရချေသည်။

ရုတ်တရက် အလင်းတန်းတစ်တန်းက သူ့နောက် လိုက်လာသော်လည်း နေ့ဝက်ကြာမှ လိုက်မီလာသည်။ ၎င်းသည် သူ့လမ်းကို ပိတ်လိုက်၏။

အလင်း လွင့်ပျယ်သွားသည့်အခါ မှုန်ကုပ်နေသော မျက်နှာဖြင့် ချင်မူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည့် ကောင်းကင်နတ်အရှင်ရှောင် ပေါ်လာသည်။

ချင်မူက ပြုံး၍ မီးအိမ်ကို သိမ်းလိုက်သည်။ “ရှောင်ဝေ့စု၊ ငါက မင်းရဲ့ ကျွန်မဟုတ်ဘူး... မင်း ငါ့ဆီက အကူအညီလိုချင်ရင် ငါ့ကို လာတွေ့ရမယ်... ဒါတောင် မင်းက ငါ့ကို လာတွေ့စေချင်တယ်ဆိုတော့ တော်‌တော်မာန်တက်နေတာ ထင်ပါ့”

ကောင်းကင်နတ်အရှင်ရှောင်သည် အေးစက်စက် တုံ့ပြန်၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ လက်ဖျောက်တီးလိုက်တာနဲ့ မင့်အသက်ကို နုတ်ပစ်နိုင်တာ မမေ့နဲ့.. မင်းလိုကောင်က ငါ့အရှေ့မှာ ရာရာစစ အတင့်ရဲရတယ်လို့”

ချင်မူက တဟားဟား ရယ်လိုက်ပြီးနောက် သူ၏ အမူအရာမှာ ရုတ်တရက် အေးစက်သွားသည်။ “ကျုပ်ကို သတ်ဖို့ လက်ဖျောက်တောင် တီးရဦးမယ် ဟုတ်စ...ခင်ဗျားကို သတ်ဖို့ဆို ကျုပ်ပါးစပ်လေး လှုပ်လိုက်ရုံပဲ…. အရှင်မင်းကြီး၊ ခင်ဗျားရဲ့ လူ၀င်စားကို သိတဲ့သူ များများစားစား မရှိဘူးနော်”

ကောင်းကင်နတ်အရှင်ရှောင်၏ မျက်လုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ပေါ်ထွက်လာတော့သည်။

“ခင်ဗျားက ဒီကို ကောင်းကင်နတ်ဧကရီနဲ့ ကျွယ်ဝူချိန်တို့ရဲ့ ရုပ်ခန္ဓာကို ရှာချင်လို့ ရောက်လာတာမလား... ဟာသပဲ… မြင့်မြတ်လှတဲ့ ကောင်းကင်နတ်ဧကရာဇ်ကြီးတော့ လောဘကြောင့် စုံလုံးကန်းသွားခဲ့ပြီ”

ချင်မူက မှင်သေသေ ပြောနေသည်။ “ကျုပ် ခင်ဗျားကို ကောင်းကင်နတ်ဧကရီရဲ့ ရုပ်ခန္ဓာနဲ့ ကျွယ်ဝူချိန်ရဲ့ ရုပ်ခန္ဓာ ပေးလိုက်ရင်တောင် ကောင်းကင်နတ်အရှင်ယန်ကို ခြိမ်းခြောက်နိုင်မှာ မလို့လား.. ကောင်းကင်နတ်အရှင်ယန်က ဒီရုပ်ခန္ဓာကို မလိုတော့ဘူး... ကျွယ်ဝူချိန်ကတော့ ခင်ဗျားအတွက် ကစားစရာအဖြစ် အသုံးဝင်ရင် ဝင်မှာပေါ့လေ... ဒီဟာလေးနှစ်ခုကြောင့်နဲ့ ခင်ဗျားက ကျုပ်ကို အတိုက်အခံ လုပ်ချင်တယ်ပေါ့”

ကောင်းကင်နတ်အရှင်ရှောင်သည် သရော်တော်တော် ပြော၏။ “မင်းကမှ ငါ့ကို အတိုက်အခံ လုပ်ချင်နေတာ မဟုတ်လား”

ချင်မူ ဟက်ခနဲ ရယ်လိုက်သည်။ “ကောင်းကင်နတ်ဧကရီတောင် သူ့ရုပ်ခန္ဓာသူ စွန့်လွှတ်နိုင်တယ်... ခင်ဗျားကတော့ မစွန့်လွှတ်နိုင်ဘူး... ကျုပ်က တစ္ဆေသင်္ဘောကို ကယ်တင်နိုင်သလို၊ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကိုလည်း ချိုးဖျက်နိုင်တယ်... ခင်ဗျား ကျုပ်ကို ကလန်ကဆန် လာလုပ်ရင် ခင်ဗျားရဲ့ ရုပ်ခန္ဓာကို ပြန်ယူနိုင်ဖို့ မေ့လိုက်တော့”

‌ကောင်းကင်နတ်အရှင်ရှောင်၏ မျက်ဝန်းများ တွန့်သွား၏။

ချင်မူက အင်္ကျီလက်အိုးကို ခါကာ ပြောသည်။ “ခင်ဗျား ထွက်သွားလို့ရပြီ”

ကောင်းကင်နတ်အရှင်ရှောင်က အံကြိတ်ကာ ထွက်သွားသည်။ သူက ချင်မူ့အနောက် ရောက်သည့်အခါ ရုတ်တရက် ရပ်ပြီး ခေါင်းလှည့်ကြည့်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါ့လက်ခုပ်ထဲမှာ မရှိတော့ဘူး... မင်း ကြီးပြင်းလာတာ သိပ်မြန်တယ်”

ချင်မူ အနိမ့်အမြင့်မရှိသည့် လေသံဖြင့် တုံ့ပြန်သည်။ “ခင်ဗျားကျေးဇူးကြောင့်ပေါ့... ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးတုန်းက ကျုပ် ခင်ဗျားဆီက အများကြီး သင်ယူခဲ့ရတယ်”

ကောင်းကင်နတ်အရှင်ရှောင်သည် ပြုံးပြီး ပျံထွက်သွား၏။ သူ၏ အေးအေးလူလူ အသံက ပျံ့လွင့်လာသည်။ “ဒါပေမဲ့ မင်း နားမလည်တာ ရှိတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ တည်ရှိနေသရွေ့ မင်း ငါ့လက်ခုပ်ထဲက ဘယ်တော့မှ ပြေးမလွှတ်ဘူး”

All Chapters