← Chapters

ဦးလေး မင်းဖေဖေကို ရိုက်မလို့

Vol. 92 Ch. 1206

ဦးလေး မင်းဖေဖေကို ရိုက်မလို့

Vol. 92 Ch. 1206

“ကျုပ်က နားမလည်ဘူးတဲ့လား…”

ချင်မူက နှာခေါင်းရှုံ့လိုက်ကာ ခေါင်းယမ်းသည်။ ထို့နောက် ရှေ့ဆက်လျှောက်သွားလေသည်။ “ထိုက်ချူ၊ လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက ခင်ဗျား ဒီစကားကို ကောင်းကင်နတ်အရှင်ယွီဆီ ပြောခဲ့လို့ရတယ်… လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းကလည်း ကောင်းကင်နတ်အရှင်ယွင်ဆီ ပြောခဲ့လို့ရတယ်…. လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း ကျုပ် ပြောခဲ့လို့ရတယ်…. ဒါပေမဲ့ အခုတော့ အဲ့စကား ထပ်ပြီး ပြောလို့မရတော့ဘူး…”

သူက ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်ရင်း ကမ္ဘာဦးဘုံ၏ ခမ်းနားလှသော တောင်တန်းများ၊ မြစ်ချောင်းများအား ရှုစားနေသည်။

သတ္တဝါများစွာ မရေမတွက်နိုင်အောင် နေထိုင်နေကြပြီး ကောင်းကင်ဘုံများသည်လည်း အကျိုးအမြတ်အသီးသီး ရရှိနေကြချေသည်။

“ကျုပ်က အခြေအနေကို အခွင့်ကောင်းယူပြီး တိုးတက်လာအောင် လုပ်နေတာ... လောလောဆယ်တော့ ခင်ဗျားလက်ခုပ်ထဲကလို့ ထင်ရပေမယ့် နောင်တစ်ချိန်ဆိုရင်တော့ ပြောဖို့ခက်သွားပြီ”

“ခင်ဗျားရဲ့အစွမ်းက ကြီးမားပေမယ့် ယုတ်လျော့သွားနိုင်တယ်... ကျုပ်စွမ်းအားက သေးငယ်ပေမယ့် ကြီးထွားလာနိုင်သေးတယ်”

“တိုက်ပွဲက အခုမှ စတာ…”

အနောက်ကမ္ဘာမြေ၊ အထက်ကောင်းကင်နတ်ဂိုဏ်းတွင်

ချင်မူတစ်ယောက် ဤဂိုဏ်းသို့ ရောက်လာကာ ရှုရှန်းဟွာနှင့် တွေ့ဆုံသည်။ သူတို့နှစ်ယောက် တွေ့ဆုံသည့်အချိန်တွင် ရှုရှန်းဟွာမှာ သုံး၊ လေးနှစ်အရွယ်ခန့် ရှိသော ကလေးမလေးတစ်ဦးနှင့် ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။ ကလေးမလေးကို ကြည့်ရင်း ချင်မူ၏အမူအရာမှာ ထူးဆန်းနေလေသည်။ “ဒီခံစားချက်မရှိတဲ့ ရှုရှန်းဟွာက ကလေးတစ်‌ယောက်တောင် ရနေပြီလား”

ထိုကလေးမလေးသည် ရှုရှန်းဟွာနှင့် ကျင်းယန်၏ ကလေးသာ ဖြစ်ပေလိမ့်မည်။ သူမတွင် ရှုရှန်းဟွာ၏ ပါးလွှာနေသော နှုတ်ခမ်း၊‌ ဖြောင့်စင်းသော နှာတံတို့အပြင် ကျင်းယန်၏ မျက်ခုံးနှင့် နူးညံ့ပျော့ပြောင်းသော ဆံနွယ်တို့ကို ပိုင်ဆိုင်ထား၏။

ချင်မူက ရှေ့သို့လျှောက်သွား၍ ပြုံးလျက် ပြောလိုက်သည်။ “နောင်တော်ရှုကတော့ အေးဆေးပဲဗျာ… သမီးလေးနဲ့ မိန်းမကို ဒီမှာ သင်ပေးနေတာပဲ.. သမီးလေးရဲ့ နာမည်က ဘယ်လိုခေါ်လဲကွယ့်”

ရှုရှန်းဟွာက ကလေးမလေးကို ချီမြှောက်၍ သူ၏ပခုံးပေါ် တင်လိုက်သည်။ ကလေးမလေးက ရှင်းလင်းပြတ်သားစွာ ဖြေလေသည်။ “သမီးနာမည်က ရှုမုန့်ချင်းပါ.. ဦးလေးက ချင်မူလို့ခေါ်တဲ့ မိစ္ဆာနတ်ဆိုးဘုရင်ကြီးမလား…ဟုတ်တယ်မလားဟင်”

ချင်မူမှာ အံ့အားသင့်သွားသော်လည်း ပြုံးလျက် ဖြေလိုက်သည်။ “ကလေးမ၊ မင်းအဖေကြီးရဲ့ အတွေးကို ထုတ်ပြောရဲတာ အတော် သတ္တိကောင်းတာပဲ”

ရှုရှန်းဟွာက တဟားဟား ရယ်လိုက်သည်။

ချင်မူက သူ့ကို သတိပေး၏။ “မင့်ခေါင်းပေါ်လည်း ချီးတက်ပါနေဦးမယ်”

ရှုရှန်းဟွာက ကလေးမလေးကို အောက်သို့ ချလိုက်သည်။ “သမီး သူ့ကို မိစ္ဆာနတ်ဆိုးဘုရင်ကြီးလို့ မခေါ်ရဘူး… ကောင်ကင်နတ်အရှင်မူလို့ ခေါ်ရမယ်…. သမီးရဲ့ ဦးလေးချင်က အင်မတန် အစွမ်းထက်တယ်… အဖေ့ထက် အားနည်းမနေဘူး”

ချင်မူက မခံမရပ်နိုင်သည့်အလား တုံ့ပြန်သည်။ “ငါက အခုလေးတင် တာအိုသခင်လင်းရွှမ်ကို အနိုင်ယူလာတာ”

ရှုရှန်းဟွာသည် ကလေးမလေး၏ ၀တ်ရုံ လည်ပင်းအစကို ချည်နေရင်း ခေါင်းပင် မမော့ဘဲ ပြောသည်။ “ငါလည်း သူနဲ့ တိုက်ခိုက်ခဲ့ပါတယ်... နည်းနည်းပါးပါးလောက်ပေါ့... မင်းရဲ့အစ်ကို မိစ္ဆာမျောက်ဝံကိုတောင် တိုက်ခိုက်ခဲ့သေးတယ်… သူက အခု တထာဂတ ဖြစ်နေပြီ…. နေ့တိုင်း အိပ်မက်တွေကနေ လမ်းစဉ်ထဲ ၀င်ရောက်ပြီးတော့ ‌ကောင်းကင်ဘုံတွေနဲ့ အနန္တကမ္ဘာတွေဆီ ခရီးနှင်နေတယ်…. သူ့ရဲ့ တန်ခိုးကလည်း အတော်လေးကို ကြီးမားတယ်”

ချင်မူက ပြော၏။ “သူက ငါ့အစ်ကိုလေ…. ငါ သွားရိုက်လို့ မသင့်တော်ဘူး”

“ငါက နတ်ဝိဇ္ဇာဝမ်ကိုတောင် အနိုင်ယူခဲ့ပြီးပြီ”

ရှုရှန်းဟွာက တွေးကြည့်ပြီးနောက် ဆက်ပြောသည်။ “ကျောက်စိမ်းမြို့တော်ငယ်ရဲ့ အခြေခံက မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းလောက် မကောင်းခဲ့ဘူး… ‌ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ နတ်ဝိဇ္ဇာဝမ်က အတော်လေး ခခယယ နဲ့ လိုက်ဖားခဲ့တယ် …. သူက ပညာ၊ ဗဟုသုတတွေ သင်ယူလေ့လာဖို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ နေရာတိုင်းဆီ သွားရောက်ခဲ့ပြီး ကြောက်စရာ‌ကောင်းတဲ့ ကျင့်စဉ်တစ်ခုကိုတောင် နားလည်လာခဲ့တာလေ... အဲဒီကျင့်စဉ်က သိပ်ကိုအင်အားကြီးတယ်”

ချင်မူ နောင်တရများဖြင့် သက်ပြင်းချလိုက်မိ၏။ “ငါ ပြန်လာတာ ရှားပေမယ့် မင်းတို့အားလုံးက အသက်ကြီးလာကြပြီး နာမည်ကျော်လာကြပြီပဲ”

ရှုရှန်းဟွာက ထရပ်၍ သူ့ကို တစ်ချက်ကြည့်သည်။ “မင်း ပြောချင်တဲ့ သဘောက ငါ မင်းကို အနိုင်မယူတာ ကြာပြီဆိုတော့ ဘဝင်မြင့်လာတဲ့သဘောလား”

ချင်မူက သွားဖြဲပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ ဘိုးဘေးနန်းတော်မှ ရရှိလာခဲ့သည့် ဓားမ,ပျံကို ထုတ်လိုက်သည်။ သူက ၎င်းကို ကလေးမလေး ရှုမုန့်ချင်းဆီ ပေးလိုက်ပြီး ခပ်တိုးတိုး ပြောလေသည်။ “ဦးလေး သမီးရဲ့ ဖေဖေကို အနိုင်ယူမလို့… ဟိုနားမှာ သွားဆော့နေပြီးမှ ပြန်လာခဲ့ချေ..”

ရှုမုန့်ချင်းမှာ ဓားမ,ပျံနှင့်အတူ ပြေးထွက်သွားရင်း ပြုံးပျော်နေတော့သည်။ ရုတ်တရက် သူမက ပြန်လှည့်ကြည့်ကာ ပြောလေသည်။ “ဖေဖေက ဦးလေးကို သေတဲ့အထိ ရိုက်နှက်ပစ်လိမ့်မှာ”

ရှုရှန်းဟွာက လက်ခါသည်။ “တကယ်တော့ ငါက ကမ္ဘာဦးဘုံသား ငါနဲ့ ရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းနေတာ မဟုတ်ဘူး….. ငါ ရှင်းအန်နဲ့ တိုက်ခိုက်ခဲ့တယ်.. သူ့ တိုးတက်မှုကလည်း သိပ်မြန်တယ်… ငါ့ကိုတောင် မှီလုနီးပါးပဲ..”

ချင်မူက ပြုံးလိုက်သည်။ “ရှင်းအန်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ပိုင်ဆိုင်ထားတာ ပြီးတော့ အထဲမှာ ပုန်းကွယ်နေတဲ့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုသင်္ကေတတွေလည်း ရှိနေသေးတယ်.. သူ့ရဲ့ သိုင်းကျင့်ကြံတဲ့ အမြန်နှုန်းကတော့ အတော်လေးကို မြန်မှာပဲ...”

ရှုရှန်းဟွာသည် အေးအေးလူလူ လမ်းလျှောက်နေရင်း ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “ဒါပေမဲ့ သူ့လမ်းစဉ်က မှားယွင်းနေခဲ့တယ်… ဒါကြောင့်ပဲ သူ ငါ့ကို ရှူံးသွားတာ… ‌ငါ ကောင်းကင်နတ်အရှင်ယွီအစစ်နဲ့တောင် တွေ့ခဲ့ရသေးတယ်”

ချင်မူက မျက်ခုံးများ ပင့်လိုက်ရင်း မလုံမလဲ မေးလေသည်။“သူ့ကို အနိုင်ယူခဲ့တာလား”

ရှုရှန်းဟွာက ဖြေသည်။ “သူက ကျန်းယွင်ကျန့်နဲ့ ပေါင်းနေတာ... ကျန်းယွင်ကျန့်ရဲ့ ဆရာလည်း ဟုတ်တယ်…. ဒါပေမဲ့ သူ့သိုင်းအဆင့်က အင်မတန် ထူးဆန်းတယ်… ပြီးတော့ သူ ကျန်းယွင်ကျင့်ကို သင်ပေးခဲ့တဲ့ သိုင်းအဆင့်ကလည်း ထူးဆန်းတယ်”

သူက မျက်မှောင်ကြုတ်နေသည်။

ဤသည်မှာ ရှုရှန်းဟွာ မျက်မှောင်ကြုတ်‌သည်ကို ချင်မူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ဤပုဂ္ဂိုလ်သည် အမြဲတစေ မျက်နှာသေသာ ရှိနေခဲ့သည်။ အံ့ဩသည်ဖြစ်စေ၊ ၀မ်းမြောက်သည်ဖြစ်စေ မျက်နှာအမူအရာမှာ တထေရာတည်းပင်။

သူ ပြုံးသည်ကိုပင် ချင်မူမှာ တစ်ကြိမ်၊ နှစ်ကြိမ်သာ မြင်ဖူး၏။ မျက်မှောင်ကြုတ်ခြင်းက ပို၍ပင် ရှားပါးသော အရာဖြစ်ချေသည်။

သို့သော် ကောင်းကင်နတ်အရှင်ယွီ လန်ယွီတျန်းက သူ့ကို မျက်မှောင်ကြုတ်စေခဲ့ချေပြီ။

“ငါ သူ့သိုင်းအဆင့်ကို နားမလည်နိုင်တော့ဘူး…”

ရှုရှန်းဟွာက အသက်တစ်ရှိုက်ကို တုန်ရီစွာ မှုတ်ထုတ်လိုက်ရင်း ပြောသည်။ “ငါ သူ့ကို အရင်က လိုက်ရှာခဲ့ဖူးတယ်… သူ့သိုင်းအဆင့်က ဝိညာဉ်သန္ဓေသားအဆင့်က စတယ်... ပြီးရင် ကြယ်စင်စုအဆင့်...”

ချင်မူက ခေါင်းညိတ်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွီ ကြယ်စင်စုအဆင့်အား ဖွင့်လှစ်ခဲ့သည့်အချိန်ကို သူ သိထားလေသည်။ သို့သော် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ဖြစ်ပွားတော့မည့်အချိန်တွင် သူ့အား ယိုတိုသို့ ပို့ဆောင်ခဲ့သဖြင့် သူ့သိုင်းအဆင့်အကြောင်း ချင်မူ များများစားစား မသိချေ။

“တတိယက ကောင်းကင်နတ်အမြစ်အဆင့်… စတုတ္ထက ဝင်ရိုးစွန်းလေးခုပဲ..”

ရှုရှန်းဟွာ၏ မျက်နှာအမူအရာမှာ ပို၍ပင် ထူးဆန်းလာသည်။ “ပဉ္စမအဆင့်က ယွမ်တုအဆင့်၊ ဆဌမအဆင့်က ယိုတုအဆင့်၊ သတ္တမအဆင့်က အဆုံးသတ်မြို့ပျက်အဆင့်…. အဆင့်ခုနစ်ဆင့်ပြီးရင် နတ်ဘုရားအဆင့်လို့‌ ခေါ်တဲ့အဆင့်ဆီ ရောက်တယ်…. ဒါပေမဲ့ သူက နတ်ဘုရားတွေထက် အများကြီး ပိုသန်မာတယ်…”

ချင်မူမှာ ကြောင်အနေပြီးနောက် ချီးကျူးလိုက်မိသည်။ “အဲ့ဒီအဆင့်ခုနစ်ဆင့်က ငါ့သိုင်းအဆင့်တွေလို ဩချလောက်စရာပါပဲ…. ဒါပေမဲ့ သူက အပြင်ကနေ လျှောက်လှမ်းနေတာ... ငါက အတွင်းက လျှောက်လှမ်းနေတာ”

ရှုရှန်းဟွာက သူ့ထံ တစ်ချက်လှမ်းကြည့်သည်။ “မင်းနဲ့ငါက အတော်လေး ဆင်တူပြီးသားပါ…. မင်းကိုယ်မင်း ချီးကျူးနေစရာမလိုဘူး”

ချင်မူက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခါကာ ဝိညာဉ်သ‌န္ဓေသား ကောင်းကင်ရတနာကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်းများသည် အထက်ကောင်းကင်နတ်ဂိုဏ်းတစ်လျှောက် ဖြာထွက်ကွန့်မြူးသွားပြီး မိုင်ထောင်များစွာအား လွှမ်းခြုံသွား၏။ ပေါ်လွင်လာသော ကောင်းကင်ရတနာ၏ ဗဟိုတွင်ကား ဘိုးဘေးနန်းတော် တည်ရှိနေပြီး အထွတ်အမြတ်နတ်သစ်ပင်အောက်၌ ပေတစ်ရာ မြင့်သော ချင်မူ၏ ဝိညာဉ်သန္ဓေသားက နေရာယူထားသည်။

ကောင်းကင်အထက်တွင် ကောင်းကင်နတ်ဘုံ၊

ကောင်းကင်နတ်ဘုံ၏ အထက်တွင် ရွှမ်တု၊

အောက်တွင်ကား ကောင်းကင်ယင်ကမ္ဘာ၊ ယိုတု၊ ယွမ်တုနှင့်

၎င်းတို့အောက်တွင် အဆုံးသတ်မြို့ပျက် တည်ရှိလေသည်။

ကောင်းကက်နတ်မြစ်၏ မြစ်လက်တက်များက ကမ္ဘာအမျိုးမျိုးအား ဆက်သွယ်လျက် ခွဲထွက်နေသည်။

ကမ္ဘာအသီးသီး၏ နတ်ဘုရားများက စောင့်ကြပ်ပေးနေကြပြီး တာအိုသံများ ပဲ့တင်ရိုက်ခတ်ကာ မြည်ဟည်းနေတော့သည်။

ရှုရှန်းဟွာ အံ့ဩမှင်သက်သွား၏။ သူက ချင်မူ၏ ကောင်းကင်ရတနာထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ စစ်ဆေးကြည့်ရှုနေသည်။ သူ့မျက်လုံးထဲရှိ အံ့ဩမှင်သက်မှု အရိပ်အယောင်များက ပို၍ပင် ပြင်းထန်လာသည်။

“မင်းအဆင့်တွေက တကယ်ကို ပြောင်းပြန်ဖြစ်နေတာပဲ”

ရှုရှန်းဟွာ၏ မျက်နှာအမူအရာမှာ မပြောင်းလဲသော်လည်း သူ၏မျက်လုံးများထဲတွင် အံ့ဩမှင်သက်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေချေသည်။ “လန်ယွီတျန်းက ဝိညာဉ်သန္ဓေသားကို အရင်ဖွဲ့တည်ခဲ့တယ်…. အဲ့ဒီနောက်မှာတော့ ကြယ်စင်စုနဲ့ ရွှမ်တု…. ပြီးတော့ ကောင်းကင်နတ်မြစ်… ကောင်းကင်နတ်မြစ်ကနေတဆင့် ယွမ်တု၊ ယိုတုနဲ့ အဆုံးသတ်မြို့ပျက်တွေကို တည်ထောင်ခဲ့တယ်… ငါ သူနဲ့ တလောက တွေ့ခဲ့ရတုန်းက သူ အဋ္ဌမအဆင့်ကို လေ့လာနေခဲ့တာ”

ချင်မူ့အကြည့်က လင်းလက်သွားသည်။ သူက ပြောလိုက်လေသည်။ “သူ့ရဲ့ အဋ္ဌမအဆင့်က ဘိုးဘေးနန်းတော်ပဲ”

ရှုရှန်းဟွာက တုံ့ပြန်၏။ “အဲ့ဒါက အင်မတန် ကောင်းမွန်တဲ့အဆင့်လို့ ပြောတယ်…. အကယ်လို့ အဲဒီအဆင့်ကိုသာ ဖွင့်နိုင်ခဲ့မယ်ဆိုရင် ကောင်းကင်နန်းဆောင်စနစ်နဲ့ ကောင်းကင်နတ်ဘုံစနစ်ထက်တောင် ပိုပြီး အားကောင်းပြင်းထန်လိမ့်မယ်တဲ့…. အဖြေရှာနေဆဲဆိုတော့ မသေချာသေးဘူး…. ဒါပေမဲ့ ဂိုဏ်းသခင်ချင်၊ မင်းက ဘိုးဘေးနန်းတော်ကို အရင်တည်ထောင်ပြီးမှ ရွှမ်တု၊ ယိုတု၊ ယွမ်တုလို နေရာတွေကို ချမှတ်တယ်…. ကြည့်ရတာ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေကို လိုက်နာနေတဲ့ပုံ ပေါက်ပေမယ့် လက်တွေ့ကျင့်ကြံဖို့တော့ နှိုင်းမရလောက်အောင် ခက်ခဲလွန်းတယ်”

ချင်မူမှာ တွေးတောနေပြီး အမှန်ဖြစ်ကြောင်း သဘောပေါက်သွားသည်။ လင်းရွှမ်လည်း ထိုသို့ပြောခဲ့၏။

“လန်ယွီတျန်းက အခြားနေရာကို အရင်တည်ဆောက်ရင်း အပြင်ကနေ အတွင်းဘက်ကို သွားတာဆိုတော့ ခက်ခဲမှုအဆင့်က အတော်လေး လျော့ကျသွားခဲ့တယ်”

ရှုရှန်းဟွာက ပြော၏။ “ကျင့်စဉ်စနစ်နှစ်ခုကို လက်ဆင့်ကမ်းလိုက်ရင် မင်းရဲ့စနစ်ကတော့ အရင်တိမ်ကောပျောက်ကွယ်သွားနိုင်တယ်... ဒါပေမဲ့ လန်ယွီတျန်းရဲ့ အမွေကတော့ မျိုးဆက်ပေါင်းတစ်သောင်းအထိ လက်ဆင့်ကမ်းသွားလို့ရတယ်”

ချင်မူမှာ ပါးစပ်ဟလိုက်သော်လည်း စကားတစ်လုံးသာ ထွက်လာသည်။ “ဟုတ်တယ်”

ရှုရှန်းဟွာက သူ့ထံမှ အကြည့်မလွှဲဘဲ မနှေးလွန်း၊ မမြန်လွန်းသော အသံဖြင့် မေးသည်။ “မင်းစိတ်ထဲမှာ မပျော်မရွှင်ဖြစ်နေတာလား…. မင်းရဲ့ဉာဏ်ပညာမှာ အဆင့်နိမ့်သွားပြီး အဓိပ္ပာယ်မရှိတဲ့အရာတွေ လုပ်ခဲ့မိတယ်လို့ ခံစားနေရလား…. မင်းက ဒုတိယ၊ သူက ပထမလို့ ထင်နေတာလား”

ချင်မူက ခေါင်းရမ်းသည်။ “ငါက မင်းတို့နဲ့ မတူဘူး.... မင်းတို့က ငါတိုက်ခိုက်တာ ခံရတာနဲ့ ကျင့်သားရနေပြီ.. ငါတော့ သူ့ဆီမှာ တစ်ခါတလေပဲ ရှုံးတာ”

“မင်း နေသားကျသွားမှာပါ”

ရှုရှန်းဟွာက သာမန်ကာလျှံကာ ပြောသည်။ “မင်းက ဘိုးဘေးနန်းတော်တောင် ရောက်ခဲ့ပြီး စကြ၀ဠာရဲ့ ကမ္ဘာဦးခေတ်တုန်းက အနေအထားတွေကိုတောင် သိတာပဲ…. သူက အဲ့ကို တစ်ခါမှ မရောက်ဖူးဘူး… ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုလှည့်ပတ်မှုကိုပဲ အခြေခံရင်း ဒီနေရာကို ဖော်ဆောင်ထားတာ… သူ့အတွက် ဒီအဆင့်ကို ဖွင့်ဖို့က မင်းထက် အများကြီး ခက်ခဲတယ်”

ချင်မူ ခေါင်းညိတ်မိသည်။

“ငါ သူ့ကို သုံးပြီး မင်းရဲ့ တာအိုနှလုံးသားကို တိုက်ခိုက်မယ်…. အဲ့ဒါမှ ငါနိုင်မယ်လို့ ယုံကြည်ချက် ရှိလာမှာ”

ရှုရှန်းဟွာက တည်ငြိမ်အေးဆေးစွာ ပြောသည်။ “မင်းရဲ့ တာအိုနှလုံးသားက ခိုင်မာတယ်…. ဘယ်သူမှ မချိုးဖျက်နိုင်လုနီးပါးပဲ… အထူးသဖြင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး အပြီးမှာ မင်းရဲ့တာအိုနှလုံးသားဟာ တစ်ခါမှ မရောက်ဖူးတဲ့ အခြေအနေတစ်ခုအထိ ရောက်ခဲ့တယ်…. မင်းရဲ့တာအိုနှလုံးသားက အဆင့်တစ်ဆင့်သာ ဆိုရင် မင်းအဆင့်က မြင့်လွန်းတဲ့အတွက် ဒီလောကသားအများစု မင်းနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး… ကံမကောင်းစွာနဲ့ အဲ့ဒါက အဆင့်တစ်ဆင့် ဟုတ်မနေဘူး”

ချင်မူ၏မျက်ဝန်းများသည် တောက်ပလာပြီး သူက ပြုံးလျက် တုံ့ပြန်လိုက်၏။ “ဒါပေမဲ့ ငါ့တာအိုနှလုံးသားက အလွယ်တကူ မပြိုလဲသွားဘူး... လန်ယွီတျန်းရဲ့ အရည်အချင်းက ငါ့ထက်သာတာ အမှန်ပဲ…. သူက ငါနဲ့ တူတဲ့လမ်းကို လျှောက်တယ် … ငါ့အောင်မြင်မှုတွေ သူ့အောက် လျော့ကျနေမှာမဟုတ်တဲ့အပြင် သူ့ထက် ပိုကြီးမားလိမ့်မယ်... သူ နားလည်တာကို ငါ နားလည်ပေမယ့် ငါ နားလည်တာကိုတော့ သူ နားလည်လောက်မှာ မဟုတ်ဘူး”

သူက လက်ကို နောက်ပစ်၍ အေးအေးလူလူ ဆက်ပြောသည်။ “နောင်တော်ရှု၊ ငါ့ကို မင်း နိုင်နိုင်မယ့် အခွင့်အရေးမရှိဘူး”

ရှုရှန်းဟွာသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး နတ်လမ်းစဉ်နယ်ပယ်ကား ပေါ်ထွက်လာချေပြီ။

All Chapters