← Chapters

ပြိုင်ဘက်ကင်း ပါရမီ

Vol. 92 Ch. 1207

ပြိုင်ဘက်ကင်း ပါရမီ

Vol. 92 Ch. 1207

ရှုရှန်းဟွာသည် အထက်ကောင်းကင်ဘုံတွင် မွေးဖွားခဲ့သူဖြစ်၏။ သိုင်းလောကထဲသို့ ရောက်ရှိလာပြီးနောက်တွင် သူ၏ ကောင်းကင်နတ်သိုင်းများကြောင့် ထင်ရှားကျော်ကြားလာခဲ့လေသည်။

သူ့တွင် အံ့ဩမှင်သက်ဖွယ်ကောင်းလောက်အောင် ထူးခြားသော အရည်အချင်းရှိပြီး အခြေအနေအချိန်အခါကို လိုက်၍ ပြောင်းလဲလှုပ်ရှားရာ၌ ကျွမ်းကျင်သည်။ သူသည် ရန်သူများနှင့် တိုက်ခိုက်ခဲ့စဥ်က ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် သိုင်းကွက်အမျိုးမျိုး ဖန်တီးခဲ့၏။ သူ၏ ရန်သူက သန်မာလေလေ၊ သူ အသုံးပြုမည့် သိုင်းကွက်က နည်းပါးလေလေ၊ အားပြင်းလေလေ ဖြစ်သည်။

သူ၏ဉာဏ်ရည်ဉာဏ်သွေးကမူ သူ့ကောင်းကင်နတ်သိုင်းစွမ်းရည်ထက်ပင် သာလွန်နေသေး၏။ သိုင်းလောကလမ်းကြောင်း၌ စတင် ‌လျှောက်လှမ်းခဲ့ချိန်မှစ၍ သူ ရှုံးနိမ့်သည်မှာ ရှားပါးလှသည်။ ချင်မူနှင့် ကောင်းကင်ယင်သားတော်၏ တပည့်များထံတွင်သာ ရှုံးနိမ့်ဖူးခဲ့သည်။

သူ ချင်မူ့ကို ရှုံးနိမ့်ခဲ့ရသည့် အကြောင်းအရင်းမှာ သူ၏တာအိုနှလုံးသားနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲတတ်ခြင်းကြောင့် ဖြစ်သည်။ ထိုစဉ်တုန်းက ချင်မူသည် ဒုက္ခိတဘိုးဘွားကျေးရွာ၏ သင်ပြမှုများကို လိုက်နာခဲ့သည့်အတွက် ဉာဏ်ပညာတွင်ဖြစ်စေ၊ တာအိုနှလုံးသားတွင်ဖြစ်စေ သူ့ထက် သာလွန်ခဲ့၏။

ကောင်းကင်ယင်သားတော်၏ တပည့်များကို ရှုံးနိမ်ခဲ့ခြင်းကား ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား ပထမဆုံး တွေ့ကြုံဖူးသောအချိန် ဖြစ်၍ပင်။ အထက်ကောင်းကင်ဘုံသည် အင်မတန် အင်အားကြီးမားသော်လည်း အမြင့်ဆုံးကျင့်စဉ်မှာ တောင်ကောင်းကင်မုခ်၀အဆင့်နှင့် အစစ်အမှန်နတ်ဘုရားအဆင့်တွင်သာ ရှိခဲ့၏။ သူ့အနေဖြင့် အစစ်အမှန်နတ်ဘုရားအဆင့် ကျင့်စဉ်ဖြင့်သာ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား တိုက်ခိုက်ခဲ့ရချေရာ ရှုံးနိမ့်သည်မှာ သဘာ၀ကျပေသည်။

သို့သော် ထို့နောက်ပိုင်းမှ စပြီး ရှုရှန်းဟွာကား မရှုံးနိမ့်တော့ချေ။

သူသည် ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်သို့ ၀င်ရောက်ခဲ့သော်လည်း ကောင်းကင်နတ်သိုင်း ဆိုသည်ထက် ဉာဏ်ပညာဟုဆိုလျှင် ပိုမိုသင့်တော်လိမ့်မည်။

သူ၏ နတ်လမ်းစဉ်နယ်ပယ်က သူ့ဉာဏ်ပညာကို ပုံဖော်ထားခြင်းမျိုး ဖြစ်ကာ ကောင်းကင်နတ်သိုင်းများမှာ သူ၏ ဉာဏ်ပညာကို ဖော်ပြပေးမည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူ၏ နတ်လမ်းစဉ်နယ်ပယ်ကား ပွင့်ဟလာပြီး ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်နှင့် ယှဉ်ပြိုင်နေ၏။

ချင်မူမှာ ထောင်ပေါင်းများစွာသော မဟာတာအိုစည်းမျဉ်းများ ပြောင်းလဲသွားသည်ကိုသာ မြင်လိုက်ရသည်။ အချိန်ရလိုက်၏။ နောက်တခဏတွင် သူ၏ကိုယ်ပိုင်တာအိုနယ်ပယ်က ရုတ်တရက် ပြောင်းလဲသွားပြီး ပြန့်ကျဲနေသော မဟာတာအိုစည်းမျဉ်းများမှာ စနစ်တကျ ဖြစ်လာသည်။

ဘိုးလေးနန်းတော်၊ နတ်သစ်ပင်၊ ရွှမ်တု၊ ယိုတု၊ ယွမ်တု၊ ကောင်းကင်နတ်မြစ်၊ ၀င်ရိုးစွန်းလေးခုနှင့် ရှုရှန်းဟွာ၏ မဟာတာအိုစည်းမျဉ်းများကြောင့် ဖြစ်ပေါ်လာသော ဝိညာဉ်သ‌န္ဓေသားကိုသာ မြင်လိုက်ရချေသည်။

အချိန်တခဏလေးအတွင်း ရှုရှန်းဟွာကား သူ၏ ကောင်းကင်ရတနာနယ်ပယ်အား ပုံတူကူးပွားခဲ့၏။

ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ ရှုရှန်းဟွာ၏ မဟာနတ်လမ်းစဉ်နယ်ပယ်သည် သူ၏ ကောင်းကင်ရတနာနယ်ပယ်နှင့် တစ်ထပ်တည်းတူသော နယ်ပယ်တစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားခဲ့လေပြီ။ ယင်းကား အံ့အားသင့်ဖွယ်ရာ ကောင်းသည်။

'ငါ အခုလေးတင် ငါ့နယ်ပယ်ကို သူ့ကို ကြွားလိုက်မိတော့ သူက အစကနေ အဆုံးအထိ မြင်သွားခဲ့တာပဲ….. ဒါကြောင့် သူ့ ကောင်းကင်နတ်သိုင်းကို ငါ့ရဲ့ ကောင်းကင်ရတနာနယ်ပယ်အဖြစ် အချိန်တိုအတွင်း ပြောင်းလဲနိုင်ခဲ့တာ…’

ချင်မူ့မျက်လုံး‌ထောင့်စွန်းများ တွန့်ချိုးသွားသည်။ ‘ဒါက ပေါ်တင်ကြီး ခိုးချတာပဲ… အခုအချိန်ကစပြီး ရှုရှန်းဟွာက ရိုးသားတဲ့သူပါလို့ တစ်ယောက်ယောက်ကများ ငါ့အရှေ့မှာ ပြောလာခဲ့ရင် အဲ့လူကို သေတဲ့အထိ ရိုက်ပစ်မယ်’

အဘွားစစ်သည်လည်း ကောင်းကင်နတ်သိုင်းလမ်းစဉ်သို့ ၀င်ရောက်ခဲ့၏။ သို့သော် အဘွားစစ်၏လမ်းစဉ်မှာ ရှုရှန်းဟွာနှင့်ယှဉ်ပါက အနည်းငယ် နိမ့်ကျသည်။ ရှုရှန်းဟွာ၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းတို့၏ နက်နဲကျယ်ပြောမှုက အဘွားစစ်ထက် များစွာ သာလွန်ချေသည်။

အဘွားစစ်၏ရတနာသည် တာအိုလှည်းဘီးဟု ခေါ်ပြီး သူမ၏လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက ၎င်းအထဲတွင် ကိန်းဝပ်နေကြခြင်း ဖြစ်၏။ ယင်းကို နိယာမတစ်သောင်းတာအိုလှည်းဘီးဟု ခေါ်ဆိုသင့်ပေသည်။

အခြားတစ်ဖက်တွင် ရှုရှန်းဟွာသည် ခိုင်ဧကရာဇ်ဆီမှ သွန်သင်ပြသပေးမှု ရရှိခဲ့ပြီး ကျင့်ကြံခဲ့ခြင်း ဖြစ်မည်။ သူ၏နယ်ပယ်တွင် ပို၍များပြားသော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ ပါရှိနေသည်။ ရှုရှန်းဟွာသည် လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့၏ အနှစ်သာရကိုပင် နားလည်ပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် မဟာနတ်လမ်းစဉ်နယ်ပယ်ဟု ခေါ်ခြင်းပင်။

သို့သော် ရှုရှန်းဟွာအနေဖြင့် သူ့ကို မတုပနိုင်ဟု ချင်မူ လုံးဝယုံကြည်သည်။ ရှုရှန်းဟွာမှာ ဘိုးဘေးနန်းတော်၏ ကျင့်စဉ်စနစ်ကို ကျင့်ကြံထားသူ မဟုတ်ချေရာ သူ၏အရည်အချင်းက မည်မျှထက်မြက်ထူးချွန်နေစေကာမူ ချင်မူ့လောက် အစွမ်းထက်မည်မဟုတ်ချေ။

“ငါ့ကို တုပနေသရွေ့ ငါ လုပ်ခဲ့တာတွေ မင်း ဘယ်တော့မှ မလုပ်နိုင်ဘူး”

သူ့ကောင်းကင်ရတနာနယ်ပယ်၏ စွမ်းအားက ပေါက်ကွဲထွက်လာသည်။ ဤတစ်ကြိမ်တွင် ချင်မူက ဦးစွာတိုက်ခိုက်လိုက်ပြီး သူ ထုတ်လွှတ်သော ပထမဆုံးသိုင်းကွက်ကား ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံ ဖြစ်သည်။

လင်းရွှမ်၊ ပထမလူသားဧကရာဇ်၊ ယန်ချီလင်းနှင့် ဘိုးဘေးနန်းတော်ရှိ အခြားသူများကို တိုက်ခိုက်ခဲ့စဉ်ကပင် ချင်မူသည် ဘယ်တော့မှ စတင် မတိုက်ခိုက်ခဲ့ပေ။ သူက ရန်သူကို ထိပ်တိုက်ရင်ဆိုင်၍ ဖိအားပေးကာ အနိုင်ယူတတ်သည်။

အဘယ့်ကြောင့်ဆိုသော် ချင်မူသည် သူ့စိတ်ထဲတွင် ကောင်းကင်နတ်အရှင်များလို ဖြစ်တည်မှုများမှလွဲ၍ သူ့ဘက်မှ စတိုက်ပေးရန် ထိုက်တန်သောလူစား မရှိဟု သတ်မှတ်ထား၏။

သို့သော် ရှုရှန်းဟွာကား ခြွင်းချက်ပင်။

ရှုရှန်းဟွာသည် ဓားကွက်များအား မကျွမ်းကျင်သော်လည်း ဤအခိုက်အတန့်တွင် ဓားလမ်းစဉ်၏ ဆရာသခင်တစ်ဦးအလား ထင်ရ၏။ သူ၏ဓားချက်များက အံ့မခန်းလိလိ ငေးမောဖွယ်ကောင်းသော်လည်း ချင်မူ့မျက်လုံးထဲတွင်တော့ ရှုရှန်းဟွာမှာ တာအိုဖြင့် ဓားချက်များကို ပြန်တည်ဆောက်နေခြင်း ဖြစ်ကြောင်း မြင်တွေ့ရနေသည်။ သူ၏ဓားချက်များက ဓားချက်အစစ်များမဟုတ်ပေ။ နက်နဲသိမ်မွေ့သော တာအိုသင်္ကေတများဖြင့် တည်ဆောက်ထားခြင်းသာ ဖြစ်သည်။

သို့သော် ရှုရှန်းဟွာ၏ ဓားချက်များတွင် ဓားကွက်အပြောင်းအလဲများစွာ ပါဝင်သည်။ ဓားလမ်းစဉ်၏ တာအိုသင်္ကေတအမှတ်အသားများပင် မြင်တွေ့နေရသည်။

ဤသည်က ပေါ့သေးသေးကိစ္စ မဟုတ်ချေ။ ဓားချက်နှင့် ဓားလမ်းစဉ်ကြားတွင် ကျယ်ပြောလှသော ကွာဟမှုကြီး ရှိသည်။ ချင်မူ ကပ်ဘေးပင့်မြှောက်ဓားကို ဖန်တီးပြီးနောက် သူ၏ဓားချက်များက နှစ်ပေါင်းများစွာ ပြိုင်ဘက်ကင်းပေသည်။ ယန်ယွင်ရှီဖြစ်စေ၊ ရွာလူကြီးဖြစ်စေ၊ ခိုင်ဧကရာဇ်တောင်မှ ဓားချက်များနှင့်ပတ်သက်လာလျှင် သူ့ထက် နိမ့်ကျပေသည်။

သို့သော် ဓားလမ်းစဉ်၌မူ ချင်မူ၏ ကပ်ဘေးပင့်မြှောက်ဓားသည် အစပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။

ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၄ ဘုံကသာ ဓားလမ်းစဉ်၏ အမှန်တကယ် အမြင့်ဆုံးအထွတ်အထိပ် ဖြစ်လေသည်။

သို့သော် ရှုရှန်းဟွာက ဓားလမ်းစဉ်ကို တုပ၍ သူ၏ ကောင်းကင်နတ်သိုင်းဖြင့် နက်နဲသိမ့်မွေ့လှသော ဓားတာအိုသင်္ကေတများအား ဖော်ပြနေသည်။ ယင်းက အမှန်တကယ်ပင် ပညာရစေ၏။

သူ၏ ဓားလမ်းစဉ်က ချင်မူ အသက်သွင်းခဲ့သော ‌ဓားနယ်ပယ် ကောင်းကင်ဘုံ ၃၃ ဘုံနှင့် ၀င်တိုက်သွားသည်။ ရှုရှန်းဟွာမှာ ကောင်းကင်နတ်သိုင်းများကို တုပနေခြင်းသာ ဖြစ်သော်လည်း ချင်မူ၏ ဓားကို ပိတ်ဆို့လိုက်နိုင်သဖြင့် ချင်မူ့အား အံ့အားသင့်သွားစေသည်။

ထိုအချိန်တွင် ရှုရှန်းဟွာသည် ဗျူဟာကို ချက်ချင်းပင် ပြောင်းလဲလိုက်၏။

သူ့ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ၎င်းတို့နေရာတွင် သူ့ကောင်းကင်နတ်သိုင်း၏ ကောင်းကင်ဘုံ ၃၃ ဘုံက အစားထိုးသွားသည်။ ‌ကြောက်မက်ဖွယ်ရာ ကောင်းကင်ဘုံ ၃၃ ဘုံကား ချင်မူ့ကို ဖိချနေသည့်အလားပင်။ ကောင်းကင်ဘုံတစ်ဘုံပြီးတစ်ဘုံ အတူတကွ ဖိကပ်နေသောကြောင့် ၎င်းတို့၏စွမ်းအားက ပြင်းထန်အားကောင်းလှသည်။

စောစောက ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံမှာ ရှုရှန်းဟွာ၏ အစွမ်းစစ်မဟုတ်၊ တုပမှုတစ်ခုသာ ဖြစ်သည်။ ယခုတွင်‌ ကောင်းကင်နတ်သိုင်း၏ ကောင်းကင်ဘုံ ၃၃ ဘုံကမူ ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၃ ဘုံမှ အခြေခံကာ ဖွဲ့တည်လာသော အစစ်အမှန် မဟာကောင်းကင်နတ်သိုင်းပင်။

ဤသည်က ရှုရှန်းဟွာ၏ အစွမ်းအစစ် ဖြစ်သည်။

ချင်မူမှာ ရှုရှန်းဟွ၏ ခေါင်းကို ရိုက်ခွဲ၍ ကောင်းကင်ဘုံ ၃၃ ဘုံအား အချိန်တိုအတွင်း မည်သို့ပြန်လည်တည်ဆောက်ပြီး ဓားသိုင်းကွက်များကို ကောင်းကင်နတ်သိုင်းများအဖြစ် မည်သို့ပြောင်းလဲ ခဲ့သည်လဲ ကြည့်ချင်သွားမိသည်။

ချင်မူမှာ ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံကို သင်ယူနိုင်ရန် တစ်လှမ်းချင်း လှမ်းခဲ့ရ‌သည်။ အောက်ဆုံးအထပ် ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ စ၍ အမြင့်ဆုံးအထပ်အထိ တိုက်ခိုက်သွားပြီးနောက်မှသာ ယန်ယွင်ရှီဆီမှ အရာအားလုံး သင်ယူနိုင်ခဲ့လေသည်။

အခြားတစ်ဖက်တွင် ရှုရှန်းဟွာသည် သူ၏ ကောင်းကင်နတ်သိုင်းဖြင့် ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၃ ဘုံကို တခဏအတွင်း ပြန်လည်တည်ဆောက်ကာ ကောင်းကင်နတ်သိုင်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခဲ့၏။

ဤနေရာတွင် ရှုရှန်းဟွာလောက် သူ ဉာဏ်မကောင်းဟု ချင်မူ ဝန်ခံရပေမည်။

မှန်ပါသည်။ လူတိုင်းလူတိုင်းတွင် ကျွမ်းကျင်မှုကိုယ်စီ၊ အားသာချက်ကိုယ်စီ ရှိကြသည်။ ရှုရှန်းဟွာသည် အထက်ကောင်းကင်ဘုံတွင် မွေးဖွားခဲ့သည့်အချိန်မှစ၍ ကောင်းကင်နတ်သိုင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့၏။ သူ၏ကောင်းကင်နတ်သိုင်းအားလုံးမှာ လက်တန်း ဖန်တီးထားခြင်းဖြစ်ကာ အခြေအနေအလိုက် ပြောင်းလဲနိုင်သည်။ သူသည် သူ၏ထက်မြက်လှသော ဉာဏ်ရည်ကို သုံးကာ ရန်သူ၏ ကောင်းကင်နတ်သိုင်းများ၊ ဓားကွက်များနှင့် ၀င်္ကပါများကို ချိုးဖျက်နိုင်၏။

ရှုရှန်းဟွာမှာ ထိုနယ်ပယ်တွင်သာ စိတ်ရောကိုယ်ပါ နှစ်ပေါင်းများစွာ မြုပ်နှံထားခဲ့ပြီး ‌ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ အခမ်းနားဆုံးနေ့ရက်များကိုလည်း တွေ့ကြုံခဲ့ရသေးသည်။ သူက ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်သို့ ၀င်ရောက်ကာ ကောင်းကင်နတ်သိုင်း၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့သည်။ အခြားသူများနှင့် ချင်မူ့အမြင်တွင်ပင် ယင်းက မဖြစ်နိုင်သော်လည်း သူက လုပ်နိုင်ခဲ့လေသည်။

ထို့ကြောင့် သူသည် အန္တရာယ်များအကြား မသေခဲ့သလို ၊ တစ်ခါမှလည်း မရှုံးခဲ့ဘဲ အနိုင်ရလာခဲ့၏။

ချင်မူ အမြဲတိုးတက်နေခဲ့သလို သူလည်း နောက်ကျမကျန်ခဲ့ပေ။

ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်က ကားထွက်လာကာ သူ၏ နတ်လမ်းစဉ်နယ်ပယ်နှင့် ဝင်တိုက်သွားသည်။ ချင်မူက ပြုံးလျက် ပြောသည်။ “နောင်တော်ရှုက အင်မတန် စွမ်းအားကြီးတဲ့အပြင် ပါရမီကလည်း အံ့မခန်းပါပဲ… ငါ ‌အတော်လေး ၀မ်းမြောက်မိတယ်… ဒါပေမဲ့ ငါ မင်းကို မရှုံးစေရဘူးလို့ လင်းရွှမ်ကို ကတိပေးခဲ့ပြီပြီ”

ချင်မူ့ရုပ်သွင်ကား ဘိုးဘေးနန်းတော်၏ အလယ်ဗဟိုရှိ နတ်သစ်ပင်အောက်တွင် ရပ်နေသော မျက်နှာလေးဖက် နတ်ဘုရားအလားပင်။ ယိုတု၊ ရွှမ်တု၊ ယွမ်တု၊ ၀င်ရိုးစွန်းလေးခုနှင့် ကောင်းကင်ဘုံများအတွင်းရှိ နတ်ဘုရားအားလုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြ၏။ ကောင်းကင်နန်းဆောင် ဆယ့်ခြောက်ဆောင်ထဲတွင် ချင်မူ၏ မူလဝိညာဉ်များသည် ရှုရှန်းဟွာထံ မျက်နှာမူလိုက်ကြလေသည်။

ရှုရှန်းဟွာက ရှေ့သို့ တိုက်ခိုက်လိုက်ရာ သူတို့၏နယ်ပယ်များ ထိတွေ့ရိုက်ခတ်သွားကြသည်။ ရှုရှန်းဟွာ၏ တာအိုနယ်ပယ်မှာ ချက်ချင်း ကြေမွပြိုကွဲသွားတော့သည်။

All Chapters