အကြင်နာထားကာ ပရိဟိတ လုပ်သည်။ ကျင့်ကြံရေးလက်တွဲဖော် ရှာနေခြင်း မဟုတ်
Vol. 1-5 Ch. 22
အခန်း (၂၂) : အကြင်နာထားကာ ပရိဟိတ လုပ်သည်။ ကျင့်ကြံရေးလက်တွဲဖော် ရှာနေခြင်း မဟုတ်
ရှန်ထျန်းက နာမည် ကျော်ကြားသွားကြောင်း သူကိုယ်တိုင် မသိသေးပေ။ တခြားသူအမြင်၌ သူက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်အတွင်း ရန်စ၍ မဖြစ်သည့် သူထဲမှ တစ်ယောက် ဖြစ်သွားလေပြီ။
လောလောဆယ် ရှန်ထျန်း၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိနေသည်။
ကောင်းကောင်း အိပ်လိုက်ရရင် အရမ်းကို သက်တောင့်သက်သာ ရှိသွားမှာပဲ …
ရှန်ထျန်းက (၁၅)ကီလိုဂရမ် အလေးချိန်ကို သယ်ဆောင်ရင်း ကီလိုမီတာများစွာ လျှောက်လှမ်းလာရသောကြောင့် ပင်ပန်းနွမ်းလျနေလေပြီ။
သူက ချီဖောက်ပြန်ခြင်း ခံထားရသည်မှာ မကြာသေးသော လူငယ်လေးတစ်ယောက်လေ…
ကံကောင်းစွာဖြင့် သူ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်သို့ ပြန်ရောက်လာသည့်အခါ ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က သူ့အတွက် တည်းခိုဆောင် ဌားထားပြီးပြီ ဖြစ်၏။ ရေနွေးနွေးလေးနှင့် ချိုးပြီး နှိပ်နယ်ခံလိုက်ပြီးနောက် အတော်လေး ပေါ့ပါးလန်းဆန်းသွားကာ စိတ်သက်သာရာရသွားသည်။ သို့သော် အပြည့်အဝတော့ မဟုတ်သေးပေ။ သူ့အား နှိပ်နယ်ပေးသည့် အမျိုးသမီးအား မကျေမနပ် ဖြစ်နေရသည်။
ထိုအမျိုးသမီးက ဣန္ဒြေသိက္ခာ တစ်စက်ကလေးတောင် မရှိပေ။
သူမက အနှိပ်သမားတစ်ယောက်လေ… ထို့ကြောင့် နှိပ်စရာမလိုသည့် နေရာများကို ထိနေမည့်အစား သူမ အလုပ်ကိုသာ ကောင်းကောင်း လုပ်သင့်သည်။ သူက အရမ်းကို ချောမောလွန်းနေတာကို တွေ့တော့ သူမက သူ့ကိုတောင်လာပြီး သူမကိုလည်း ခံလို့ကောင်းအောင် လုပ်ပေးဖို့ လာပြောနေသေးသည်။
ရှန်ထျန်းလည်း ဒေါသတကြီးနှင့် သူမအား ထွက်သွားခိုင်းလိုက်၏။
အလုပ်ကိုလည်း ကောင်းကောင်း မလုပ်ဘူး… အနှိပ်ပညာမှာလည်း အဆင့်မမှီပြန်… ဒီကြားထဲ ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်ရဆိုးသေးတယ်…
ငါက အနှိပ်ခံဖို့ ပိုက်ဆံပေးထားတာလေ … ငါ့ လာပြီး သူ့ကိုလည်း ခံလို့ကောင်းအောင် လုပ်ပေးဆိုတာ ဘာသဘောလဲ …
ငါ့ကို ပြန်နှိပ်ခိုင်းနေတာလား ….
ငါလေး ဒီလောက်ပင်ပန်းနေတာ … စာနာစိတ်လေး နည်းနည်းပါးပါးတောင် မရှိဘူးလားကွ…
ဒါနဲ့များတောင် ငါ့ဆီကနေ ပိုက်ဆံ ယူချင်နေသေးတယ် ဟုတ်လား …
…………….....
အဆုံးသတ်၌ ကွေ့ကုန်းကုန်းကတောင် အနှိပ်ပညာတွင် ပို၍ ကျွမ်းကျင်နေလေသည်။ သူက ဘယ်နားလေးကို ဘယ်လိုနှိပ်ပြီး အင်အား ဘယ်လောက်သုံးရမလဲ ဆိုတာကို သေချာသိလေသည်။
ကွေ့ကုန်းကုန်းက မင်းသား(၁၃)ကို သွေးလည်ပတ်မှု ကောင်းစေရန်နှင့် သူ့အရွတ်များနှင့် အရိုးများကို ပြန်ဆက်နိုင်စေရန်အတွက် (၁၆)နှစ်လုံးလုံး လေ့ကျင့်ကာ အရည်အချင်းကို တိုးမြင့်ခဲ့ခြင်း ဖြစ်သည်။
မကြာခင် ကွေ့ကုန်းကုန်း၏ အနှိပ်ကျွမ်းကျင်မှုတို့ကြောင့် ရှန်ထျန်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျောက်သွားလေတော့သည်။
နောက်တစ်ရက် နေရောင် မြင့်တက်လာပြီ။
ရှန်ထျန်းက နှိုးလာသောအခါ သူ့တစ်ကိုယ်လုံး ပြန်လည် မွေးဖွားလာသကဲ့သို့ ပေါ့ပါးနေကြောင်း ခံစားမိလိုက်၏။
ဘေးရှိ ကွေ့ကုန်းကုန်းက စိုးရိမ်စွာဖြင့် “ အရှင့်သား… မနေ့က အရမ်းပင်ပန်းထားတာ… ဒီနေ့ နားလိုက်ရအောင်ပါလား ”
“ နားလို့ မဖြစ်ဘူး။ လေ့ကျင့်ဖို့ဆိုပြီး နန်းတော်ကနေ ထွက်လာတာလေ… နည်းနည်လေး ပင်ပန်းရုံနဲ့ နားလို့ ဖြစ်မလားဗျ ”
ဒီအနက်ရောင် ရောင်ဝါစက်ဝန်းကို အမြန်ဆုံး အဖြူဖြစ်အောင် လုပ်ပစ်ရမယ် …
ရှန်ထျန်းက ကြေးမုံထဲမှ သူ့ပုံရိပ်သူ ပြန်ကြည့်လိုက်ပြီး သူ့အနက်ရောင် ရောင်ဝါစက်ဝန်းမှ အဖြူအကွက်လေးများကို စိုက်ကြည့်လိုက်သည်။ သူ့တိုးတက်နှုန်းကို မြင်ကာ စိတ်ဓာတ် တက်ကြွလာလေ၏။
ငါ ရတော့မယ် … နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေး တစ်ခု၊ နှစ်ခုလောက်ကို အလကား မျှဝေယူနိုင်လိုက်ရင် ရပြီ…
အဲဒါဆို လုံးဝ အဖြူ ဖြစ်သွားလောက်ပြီ …
ဒီလို အရေးကြီးတဲ့အချိန်မျိုးမှာ အပျင်းထူနေလို့ ဘယ်ဖြစ်မလဲ …
“ ဦးလေးကွေ့… ကျွန်တော်အတွက် ဒီဓားကို သေချာသိမ်းပေးထားပါဦး ” ရှန်ထျန်းက ကျောက်စိမ်းရေစင်ဓားကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။
“ ဒါက အရှင့်သားအတွက် သခင်မလေး ပေးထားခဲ့တဲ့ ချစ်သက်သေ မဟုတ်ဘူးလား။ ကျွန်တော်မျိုး သိမ်းထားလို့ မသင့်တော်ဘူး ထင်ပါတယ် ”
“ ဟင်း … ပထမတစ်ချက်… လျန်အာက ကျွန်တော့် ဇနီး မဟုတ်သေးဘူး။ ဒုတိယအချက်… ကျွန်တော်က ဓား မသုံးနိုင်သေးဘူး။ တတိယအနေနဲ့ … ဒီဓားက ကျွန်တော် သယ်ထားဖို့ အရမ်းလေးနေတယ်ဗျ ”
ရှန်ထျန်းက ဤဓားကို သယ်ထားရင်း ကီလိုမီတာ အတော်အတန် လျှောက်လှမ်းခဲ့ရပြီးပြီ။ သူ့နောက်ကျောရှိ အရည်ပြားတစ်လွှာပင် ကွာကျတော့မလို ခံစားနေရသည်။
သူက ဓားကို နေ့တိုင်းသယ်ပြီး သွားလာမည့်အစား အသေသာခံလိုက်ချင်သည်။
ကွေ့ကုန်းကုန်းက အခိုင်အမာ ပြောလိုက်သည် “ ဒါဆိုလည်း အရှင့်သားကို ကျွန်တော်မျိုး ကူပြီး သယ်ပေးပါ့မယ်”
သခင်မလေးနဲ့ ပြန်တွေ့တဲ့အခါကျမှ အရှင့်သားဆီ ဓားကို ချက်ချင်း ပြန်ပေးလိုက်ရင် ပြဿနာ မရှိလောက်ပါဘူးလေ…
ရှန်ထျန်းက ကိုယ်လက်သန့်စင်ဆေးကြောပြီးနောက် ဝတ်ရုံနှင့် နှုတ်ခမ်းမွေးတုကို သပ်သပ်ရပ်ရပ် ပြန်ပြင်ကာ သူ့စာတန်းကို သယ်ဆောင်ရင်း ဆိုင်ဖွင့်ဖို့ ပြင်လိုက်သည်။
သို့သော် သူက အတွေးတစ်ခု ပေါ်လာ၍ ချက်ချင်း ရပ်လိုက်၏။
သူက စုတ်တံကို ထုတ်ကာ “ အကြင်နာထားကာ ပရိဟိတ လုပ်သည် ” ဟူသော စာလုံးနောက်တွင် “ ကျင့်ကြံရေး လက်တွဲဖော် ရှာနေခြင်း မဟုတ်” ဟု ထည့်သွင်းရေးသားလိုက်သည်။
ထို့အခါကျမှ ရှန်ထျန်းမှာ စိုးရိမ်ပူပင်မှုမရှိ သက်ပြင်းချနိုင်တော့သည်။
သူတို့သုံးယောက်လုံးက ယမန်နေ့က ဆိုင်ခင်းကျင်းခဲ့သည့် နေရာဆီသို့ ရောက်လာကြသည်။ သူတို့ကို အံ့အားသင့်သွားစေသည်က လူများ ပြည့်နှက်နေသည့် အချက် ဖြစ်၏။ မိန်းကလေးတချို့က ရှန်ထျန်းကို မြင်သည်နှင့် သူတို့စာတန်းကြီးများကို ကိုင်ကာ အားပေးနေကြသည်။
“ စိတ်ဝိညာဉ်ကြွက်လေးက နတ်ဆန်ကို ကြိုက်သလိုမျိုး ကိုကိုနတ်သားလေးကို ချစ်တယ် ”
“ ကိုကိုနတ်သားလေးက တို့ရဲ့ နတ်ဘူးခြောက်ခွံလေး … တို့ကတော့ ရှင့်ရဲ့ ပန်းပွင့်လေးပေါ့။ ကိုကိုနတ်သားလေးကို နှလုံးသားထဲ အမြဲတမ်း ထည့်ထားမယ်နော် ”
“ ကိုကိုနတ်သားလေး ကံတရားက တံတားတစ်ခုဆိုရင် မြစ်တွေတောင်တွေ တံတားကို ဖြတ်ပြီး ရှင့်ကို တွေ့ဖို့ လာခဲ့မယ် ”
……………...
အရူးအမူး အားပေးနေကြသည့် လူအုပ်ကြီးကို မြင်ကာ ရှန်ထျန်းက သူ့စာတန်းကို အေးစက်စက် ညွှန်ပြလိုက်တော့သည်။
“အကြင်နာထားကာ ပရိဟိတ လုပ်သည် … ကျင့်ကြံရေးလက်တွဲဖော် ရှာနေခြင်း မဟုတ်”
ထိုအခိုက် အသည်းကွဲသံများက ပဲ့တင်ရိုက် ထွက်ပေါ်သွားလေသည်။
ရှန်ထျန်းက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်လေ၏
“ ကျွန်တော်က နီပွန်းတောင်ပေါ်က အနက်ရောင်ချိုင့်ဝှမ်းရဲ့ အထွတ်အထိပ်ရှင် ဖူတဲရဲ့ တပည့် ရှန်အောင်းထျန်းပါ။ ဒီကို ကံပါတဲ့လူတွေအတွက် သတ္တုရိုင်းတုံး ရှာပေးရင်း ပရဟိတ လုပ်ဖို့ ရောက်လာတာပါ။
ကျွန်တော်ကို ထောက်ခံအားပေးကြတဲ့ ပရိတ်သတ်များအနေနဲ့ ဒီနေရာနဲ့ နေ့စဉ်ဘဝအပေါ် အနှောင့်အယှက် မဖြစ်အောင် နေပေးဖို့ မျှော်လင့်မိပါတယ်။
ပြီးတော့ နေ့တိုင်း ရေများများ သောက်ပါ… မိမိနှစ်သက်အားပေးချင်သူနောက်ချည်းပဲ မလိုက်ကြပါနဲ့ …. အဲဒါက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ပိုကောင်းပါတယ်ဗျာ ”
ရှန်ထျန်း စကားအဆုံးတွင် လူအုပ်ကြီး၏ စိတ်ဓာတ်က တစ်ဖန် မြင့်တက်လာပြန်သည်။
“ ကိုကိုနတ်သားလေးက အရမ်းဂရုစိုက်တတ်တာပဲ ”
“ သူက ငါတို့ကို ဂရုစိုက်ပေးတယ်။ အရမ်းစဉ်းစားပေးတတ်တာပဲ ”
“ကျွန်မတော့ ချစ်မိသွားပြီ ထင်တယ်။ ကိုကိုနတ်သားလေးနဲ့ ကံပါဖို့ မျှော်လင့်မိတယ်ရှင် ”
“ကိုကိုနတ်သားလေး … ကျေးဇူးပြုပြီး တို့နဲ့ ကံပါပါရစေနော် … ”
………….....
ထားလိုက်ပါတော့ …
ရှန်ထျန်းက သူတို့အား ဆက်လက် ဖျောင်းဖျဖို့ရာကို လက်လျော့လိုက်တော့သည်။
သူ ရုပ်ချောနေသရွေ့ ဘေးနားက မိန်းကလေးအရေအတွက် လျော့ကျသွားဖို့ရာ မဖြစ်နိုင်ချေ။ နန်းတွင်းအပြင်က လူတွေထဲမှာ သူ အရင်တုန်းက ဘယ်လောက်ကံဆိုးခဲ့မှန်း မသိသည့်သူက များလှသည် မဟုတ်ပါလော။
ရှန်ထျန်းက လန်နန်းဆောင်၏ တိတ်ဆိတ်အေးချမ်းသည့် အနေအထားလေးကို လွှမ်းဆွတ်မိသည်။
လက်ရှိအနေအထားတွင် လူအုပ်ကြီးက သူ့အား ဝိုင်းထားသည့်အတွက် သူ့ကိုယ်ပိုင်နေရာပင် မရှိတော့လုနီးပါး ဖြစ်နေရသည်။ ဤသည်ကား ပြဿနာတစ်ရပ် ဖြစ်၏။
“ အားလုံးပဲ တိတ်တိတ်လေး နေပေးကြပါ … တစ်ယောက်ချင်းစီ တန်းစီပေးကြပါနော်။ ကျွန်တော်နဲ့ ကံစပ်တဲ့သူတွေက ဘယ်ဘက်မှာ ရပ်ပေးပါ။ ပြီးသွားရင် သတ္တုရိုင်းတုံး ရွေးပေးဖို့ ခေါ်သွားပေးပါ့မယ်။ ကျွန်တော်နဲ့ ကံမစပ်တဲ့သူတွေကတော့ နေချင်ရင်လည်း ဆက်နေလို့ ရသလို ထွက်သွားချင်ရင်လည်း ထွက်သွားလို့ရပါတယ်။ အတင်းဖိအားမပေးပါဘူးဗျာ ”
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့၏ တည်ရှိမှုနှင့်အတူ မိန်းကလေးအုပ်စု၏ ပူးပေါင်းမှုကြောင့် လူတန်းကား စီစီရီရီ ဖြစ်သွားသည်။
ရှန်ထျန်းရှေ့တွင် သူတို့ ကံပြောင်းလဲရန် သတ္တုရိုင်းတုံး အလောင်းကစား လုပ်လိုကြသည့် လူတန်းကြီး ရှိနေသည်။
ရှန်ထျန်းက အလျှင်မလိုပေ။ သူက လူတိုင်းကို သေချာလေ့လာပေးပြီး ဘယ်နေရာမှာ ရပ်ရမည်ကို သေချာပြပေးသည်။
“ တကယ်ကား … တို့က ကိုကိုနတ်သားလေးနဲ့ ကံပါတယ်လား … ကောင်းလိုက်တာ ”
“ ခဏလေး စောင့်ပေးပါဦး … ခဏနေရင် သတ္တုရိုင်းတုံး ရှာဖို့ ခေါ်သွားပေးပါ့မယ်။ ကျွန်တော်တို့ကြားက ကံကို အဆိုးဘက် မရောက်စေချင်ရင် ကျွန်တော်ပေါ်က လက်ကို ဖယ်လိုက်ပါ ”
“ ဘာလို့လဲ … ငါက ဆရာနတ်မင်းနဲ့ ဘာလို့ ကံမပါရတာလဲ .. ”
“ စိတ်ညစ်နေဖို့ မလိုပါဘူးဗျာ။ ကံဆိုတာက ဆန်းကြယ်ပြီးတော့ ခန့်မှန်းရခက်တဲ့အမျိုး… ဒီနေ့ ကံမပါပေမဲ့ နောက်ရက်တွေ ရှိသေးတာပဲလေ ”
……….
“ ဆရာနတ်မင်းရေ အဒေါ့်သမီးဖြစ်သူနဲ့ ကံပါလားဆိုတာကို မေးဖို့ ရောက်လာတာပါ။ ဒါနဲ့လေ ဆရာဆီမှာ ကျင့်ကြံရေး လက်တွဲဖော်များ ရှိလားရှင့် ”
“ ဒေါ်လေးက ကျွန်တော်နဲ့ ကံမပါဘူး။ တကယ်လို့ ဒေါ်လေးသမီးဖြစ်သူ စိတ်ဝင်စားရင် သူမကို ကိုယ်တိုင် လာတွေ့ခိုင်းလိုက်ပါ။ ပြီးတော့ ကျွန်တော်က ကျင့်ကြံရေး လက်တွဲဖော် ရှာနေတာ မဟုတ်တဲ့အကြောင်း ရေးထားပြီးသားပါဗျ … ကဲ နောက်တစ်ယောက် ”
………..
“ ငါက ရွှေအမြုတေ ကျင့်ကြံသူကွ … မင်းက ငါ့ကို ကံမပါကြောင်း ပြောရဲတယ်ပေါ့လေ … ”
“ ကံက အတင်းကျပ် လုပ်ယူလို့ မရပါဘူးဗျာ။ စီနီယာ အတင်းကျပ် လုပ်ချင်ရင် အရင်ဆုံး စည်းကမ်းကိုင်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ် ”
“ မင်း စောင့်နေ … ငါ သေချာပေါက် ပြန်လာခဲ့မယ် ”
…………....
အစီအစဉ်တကျ ဖြစ်နေသော လူတန်းကြီးအောက်တွင် ရှန်ထျန်းက နေ့တစ်ဝက်တာ ကုန်ဆုံးသွားပြီးနောက် ကံပါသူ အယောက် (၂၀) ရလိုက်သည်။ ဤသူများထဲတွင် ကျင့်ကြံဆင့် နိမ့်သူ၊ မြင့်သူ၊ အမျိုးသား၊ အမျိုးသမီး အစုံ ပါဝင်နေသည်။ သူတို့အားလုံးက ရှန်ထျန်းနောက်တွင် အစီအစဉ်တကျ ရပ်နေကြ၏။
ဒီနေ့အတွက်တော့ ဒီလောက်ပဲ …
ရှန်ထျန်းက ပြုံးကာ လူများအား ရေတွက်ရင်း အဖွဲ့ခွဲလိုက်သည်
“ နံပါတ် ၁၊ ၃၊ ၈၊ ၁၅… ဒီလေးယောက်က တစ်ဖွဲ့ ဖြစ်မယ်။ ကျွန်တော်နဲ့အတူတူ ကောင်းကင်ဝိညာဉ်ပြခန်းဆီ လိုက်ခဲ့ပါ။ ကျန်တဲ့လူတွေက စိတ်ကြိုက်နေလို့ ရပါတယ် ”
ထို့နောက် ရှန်ထျန်းက လူလေးယောက်အား ခေါ်ဆောင်၍ သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးများ စောင့်ဆိုင်းနေသည့် ကောင်းကင်ဝိညာဉ်ပြခန်းဆီသို့ ဦးတည်လိုက်သည်။
ကံဆိုးစွာဖြင့် ရှန်ထျန်း မည်သို့ပြောပြော အသုံးမဝင်ပေ။ အားလုံးက စိတ်ဝင်စားနေကြသောကြောင့် ရှန်ထျန်းနောက်မှ ကောင်းကင်ဝိညာဉ်ပြခန်းအထိ တသီတတန်းကြီး လိုက်လာကြလေသည်။
အားလုံးက ဆရာနတ်မင်းဆီမှာ အံ့ဖွယ် သတ္တုရိုင်းတုံး အကဲဖြတ်စွမ်းရည်ကို ပိုင်ဆိုင်ထားတာလား ဒါမှမဟုတ် ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့က ကံကောင်းထောက်မပြီး ဖြစ်သွားသည့် တိုက်ဆိုင်မှုသပ်သပ်လား ဆိုတာကို သိချင်နေကြသည်။
ဤအဖြေကို မကြာမီ အချိန်တိုအတွင်း သိရပေတော့မည်။