← Chapters

အခန်း (၅၅၉)

Vol. 38 Ch. 559

အခန်း (၅၅၉)

Vol. 38 Ch. 559

စံအိမ်ဖွံ့ဖြိုးလာခြင်းကြောင့် ဝန်ထမ်းတွေပိုပိုများလာသည်။ မူလဝန်ထမ်းစားသောက်ခန်းမှာ အသုတ်လိုက်ခွဲစားရသည်။ မဟုတ်ရင် တန်းစီပြီးပြွတ်သိပ်နေလိမ့်မည်။

အခုတောင်တန်းစံအိမ်ချဲ့ထွင်ပြီး မန်နေဂျာများတိုးလာခြင်းကြောင့် သူတို့အဖို့ဝန်ထမ်းများလိုတန်းစီနေဖို့မသင့်တော်။ ထို့ကြောင့် စီမံရေးစားသောက်ခန်းတစ်ခန်းသီးသန့်ပြင်ဆင်လိုက်ရာ မန်နေဂျာများတန်းစီစရာမလိုဘဲစားနိုင်သည်။ စားသောက်ခန်းနေရာကိုစီမံရာတွင်လည်း အကျိုးရှိသည်။

ကျောက်မိုချင်းနှင့်စားသောက်နေရင်းတောင် စားသောက်ခန်းကိုစီမံပေးနေရသည်။

''ကောင်းပါပြီ သူဌေး!''

ဆရာလင်းကပြုံးရွှင်နေသောမျက်နှာနှင့် ခေါင်းညိမ့်လိုက်သည်။

သူကလည်း မန်နေဂျာ။

ဒီထဲမှာ သူ့ဝေစုပါပြီ။

ဒီလောက်အကြာကြီးစားဖိုမှူးလုပ်လာပြီးမှ ဒီလိုကြီးတဲ့ပင်လယ်စာမျိုးကို အကြိမ်ရေအကန့်အသတ်နှင့်သာစားဖူးသည်။ ပြီးတော့ သဘာဝတဲ့။ သူဌေးယူလာတဲ့ပင်လယ်စာက သာမန်ထက်အရသာရောအသားပါ လုံးဝပိုကောင်းမှာပြောစရာမလို။

အစားအသောက်နဲ့ပတ်သက်ရင် သူဌေးကဘယ်တော့မှစိတ်မပျက်ရ။ သူယူလာတဲ့အစားအသောက်တိုင်းက အကောင်းဆုံးပင်။

…

ညနေပိုင်းတွင် ချင်လင်ကကျောက်မိုချင်းနှင့်ထမင်းစားရန် သူမရုံးခန်းသွားလိုက်သည်။

ရုံးခန်းထဲမှထွက်လာရင်း ကျောက်မိုချင်းကမေးသည်_

''ဒီလောက်ကြီးတဲ့ပုစွန်တွေ ပင်လယ်ဂဏန်းတွေ အားလုံးစားရအောင် ရှင်ဘယ်ကဝယ်လာတာလဲ?''

''ကိုယ်အဆက်အသွယ်အသစ်တွေ့တယ်... အပန်းဖြေစံအိမ်ဖွင့်တဲ့အချိန်ကျရင် အဆင့်မြင့်ဧည့်သည်တွေကိုဖြည့်ဆည်းပေးဖို့စီစဉ်ထားတာ... မင်းဘယ်လိုလုပ်သိလဲ?''

ချင်လင်ကရှင်းပြပြီးမေးလိုက်သည်_

''ကိုယ်ကအံ့ဩသွားအောင်လုပ်မလို့ပါဆို''

ကျောက်မိုချင်းကရှင်းပြသည်_

''ဆရာလင်းက အဖွဲ့ထဲမှာစာပို့ထားပြီးပြီ... ယောင်ယောင်နဲ့အစ်မလန်ဇီတို့အကုန်စားချင်နေကြတာ... စောစောကပဲ အဖွဲ့ထဲမှာပြောနေကြတယ်လေ... Wechat စီမံရေးအဖွဲ့ထဲကစာတွေ ရှင်မတွေ့ဘူးလား?''

ချင်လင်က အသိပေးစရာရှိမှ Wechat အဖွဲ့ထဲစာဝင်ကြည့်တတ်သည်။



စီမံရေးအဖွဲ့ထဲမှာတောင် ကောင်းယောင်ယောင်၊ လင်းလန်ဇီနှင့်ကျန်းကွေ့ကျူတို့လိုအမျိုးသမီးများက အဖွဲ့ထဲပြောချင်ရာပြောကြသည်။ စကားအတော်များများက အလာပသလာပ။

ချင်လင်နှင့်ကျောက်မိုချင်း စီမံရေးစားသောက်ခန်းထဲရောက်သောအခါ ကောင်းယောင်ယောင်၊ လင်းလန်ဇီနှင့်ချန်တပေတို့ရောက်နေကြပြီ။ အားလုံးသာသာယာယာပင်။

ဘာပဲဖြစ်ဖြစ် ဒီလောက်ကြီးတဲ့ပုစွန်၊ပင်လယ်ဂဏန်းမျိုးကို အရင်ကမစားဖူးကြပေ။ ဆရာလင်းက အားလုံးသဘာဝတွေဟုပြောထားသည်။

မန်နေဂျာများလည်း ချင်လင်နှင့်ကျောက်မိုချင်းဝင်လာသည်ကိုမြင်လျှင် ရိုရိုသေသေနှင့်နှုတ်ဆက်လိုက်ကြသည်။

ခဏအကြာ_

ဆရာလင်းနှင့်စားသောက်ဆိုင်ဝန်ထမ်းများက ပုစွန်၊ပင်လယ်ဂဏန်း၊ဆာမွန်ငါးပန်းကန်များကိုင်၍ဝင်လာသည်။

ပုစွန်နှင့်ပင်လယ်ဂဏန်းမှာ အခွံများသော်လည်း အများစုက ကတ်တီ ၂၀၊ ၃၀ အချိန်စီးပြီး အသားအများကြီးပါသည်။ အားလုံးမြည်းစမ်းကြည့်နိုင်သည်။

တစ်ဖက်တွင် ကတ်တီ ၃၀ ဆာမွန်ငါးများရှိသည်။ အားလုံးအသားချည်းဖြစ်၍ လူတိုင်းအဝစားနိုင်သည်။

အရံဟင်းပွဲများပါပေါင်းလိုက်ရင် ညစာမှာအတော်ခမ်းခမ်းနားနားရှိနေသည်။

''သူဌေး... ဒါသူဌေးနဲ့သူဌေးကတော်အတွက်... ကျုပ်အကောင်းဆုံးပုစွန်နဲ့ဂဏန်းသားကိုရွေးထားတာ''

ဆရာလင်းကိုယ်တိုင် လင်ပန်းမပြီး သူတို့စားပွဲကို ပုစွန်၊ပင်လယ်ဂဏန်းနှင့်ဆာမွန်ငါးပန်းကန်များလာချသည်။

''ပင်ပန်းသွားပြီနော်''

ချင်လင်ကအပြုံးနှင့်ပြောလိုက်သည်။

ဆရာလင်းကတခြားဟင်းပွဲများချနေစဉ် လင်းဖန်နှင့်ဝမ်ချိုင်ဝင်လာသည်ကို ချင်လင်တွေ့သည်။ အထူးသဖြင့် သူ့အမေဘေးမှာ သူ့ယောက္ခမချန်ရှောက်လည်းပါသည်။

ဒီနေ့ သူ့ယောက္ခမအတည်ပေါက်ချလာသည်။ သူမမျက်နှာကနည်းနည်းမှုန်ကုပ်ပြီး ဒေါသထွက်နေသလိုပင်။

ချန်ရှောက်က လင်းဖန်နှင့်စားပွဲဝိုင်းရောက်လာပြီး ဒေါသတကြီးထိုင်ချလိုက်သည်။

လင်းဖန်က သူမဘေးထိုင်၍နှစ်သိမ့်ပေး၏_

''ချန်ရှောက်... ဒေါသမထွက်ပါနဲ့... ကျန်းမာရေးအတွက်မကောင်းဘူး... ဒီည ရှောင်လင်နဲ့မိုချင်းကို ရှင့်အတွက်ပြောပေးခိုင်းမယ်''

''အမေ... ဘာဖြစ်လို့လဲ?''

ကျောက်မိုချင်းက ချန်ရှောက်ကိုဇဝေဇဝါနှင့်မေးလိုက်သည်။ သူမအမေအကြောင်း ကောင်းကောင်းသိသည်။ သာမန်ဆို ဒီလောက်စိတ်ဆိုးမှာမဟုတ်။

စိတ်ဆိုးပြီဆိုရင်လည်း လုံးဝပေါ့သေးသေးမဟုတ်။

ချန်ရှောက်လည်း ပြောချင်နေပုံရသည်_

''နင့်အစ်ကိုနဲ့ယောက်မပေါ့... အိမ်ထောင်ကျတာပဲဘယ်လောက်ကြာနေပြီလဲ''

''နှစ်နှစ်ပြည့်တော့မှာပါ''

ကျောက်မိုချင်းကပြန်ဖြေသည်။

''ဟုတ်ပါ့''

ချန်ရှောက်က အလေးအနက်နှင့်_

''နှစ်နှစ်ပြည့်တော့မယ်... ဒါပေမဲ့ နင့်ယောက်မဗိုက်ကထူးခြားမလာဘူး... ငါသူ့ကိုမေးပြီးပြီ... သူနဲ့နင့်အစ်ကိုက ဘာအကာအကွယ်မှမသုံးထားဘူးတဲ့''

''အာ... အမေ... ယောက်မကိုဒီအကြောင်းတွေတောင်မေးတာလား?''

ကျောက်မိုချင်းက ရှက်ကိုးရှက်ကန်းနှင့်မေးလိုက်သည်။

''ငါ့မြေးချီဖို့လောတာ မရဘူးလား?''

ချန်ရှောက်ကငေါ့လိုက်သည်_

''နှစ်နှစ်ပြည့်ခါနီးနေပြီ... ငါလောတာပေါ့... နင့်အစ်ကိုကိုဆေးရုံသွားပြီးဆေးစစ်စေချင်တာ... ပြဿနာတစ်ခုခုရှိတယ်ဆို ကုလေ... ဒါပေမဲ့ သူက ငါ့စကားနားမထောင်ဘူး''

''အန်... အစ်ကို့မှာပြဿနာရှိနေတာ ဟုတ်လို့လား?''

ကျောက်မိုချင်းက မေးသည်။

ချန်ရှောက်က ဒေါသသံနှင့်_

''နင့်အစ်ကိုမှာပြဿနာရှိမရှိ သွားစစ်ကြည့်ရင်သိမှာပဲမလား... သူကကိုမသွားချင်တာ... ငါအရမ်းဒေါသထွက်တယ်''

သူ့ယောက်ဖမှာ ဒီလိုပြဿနာမျိုးရှိမည်ဟု ချင်လင်မထင်မိ။ ပွင့်ပွင့်လင်းလင်းပြောရရင် တစ်နှစ်အတွင်းကလေးမရတာ ပုံမှန်ဆိုသော်လည်း ဘာအကာအကွယ်မှမသုံးဘဲ တစ်နှစ်ကျော်ဆိုလျှင် ပြဿနာတချို့ရှိလိမ့်မည်။

သို့သော်လည်း ယောက်ျားတွေက ဒီလိုပြဿနာမျိုးနှင့် ကိုယ်တိုင်သွားမစစ်တတ်။

ဒါနဲ့ တိုက်ဆိုင်တာမလား?

ပင်လယ်ခွေးရိုးစိမ်ထားတဲ့ဆေးဖက်ဝင်ဝိုင်က သူ့ယောက်ဖနဲ့မရီးမှာ အာနိသင်ပြမလား သူမပြောတတ်။

ချန်ရှောက်ကရုတ်တရက် ချင်လင်နှင့်ကျောက်မိုချင်းကိုစူးစမ်းသောအကြည့်နှင့်ကြည့်ကာ_

''ချင်လင်... မင်းမိုချင်းနဲ့ချိန်းတွေ့တာကြာပြီ... မနှစ်ကတည်းက မင်းတို့အတူတူနေကြတယ်မလား?''

ပြောချင်တဲ့အဓိပ္ပါယ်ကရှင်းသည်။

သူ့ယောက္ခမက သူနဲ့ကျောက်မိုချင်းဘက်လှည့်လာမည်ဟုမထင်မိ။ ချင်လင်က ကမန်းကတန်းပြောလိုက်သည်_

''အမေ... ကျွန်တော်နဲ့မိုချင်းက ဘာမှမဖြစ်ပါဘူး... အကာအကွယ်သုံးထားလို့ပါ... စံအိမ်နဲ့မွေးမြူရေးခြံလည်ပတ်တဲ့အထိစောင့်ပြီးမှ ကလေးမယူခင် မင်္ဂလာပွဲလုပ်ဦးမှာပါ''

ကျောက်မိုချင်းနည်းနည်းရှက်သွားသည်။ ချန်ရှောက်က သူမကိုကြည့်နေသဖြင့် ချက်ချင်းခေါင်းညိမ့်ပြီး မှန်ကြောင်းထောက်ခံလိုက်သည်။

ချင်လင်က ဒီအကြောင်းမပြောချင်သောကြောင့် ချန်ရှောက်ကိုမြန်မြန်စကားလမ်းကြောင်းလွှဲလိုက်သည်_

''အမေ... ကျွန်တော့်မှာ အဲဒီအတွက်အာနိသင်ရှိတဲ့ ဆေးဖက်ဝင်ဝိုင်တစ်မျိုးရှိတယ်... ယောက်ဖအတွက်ယူသွားလိုက်ပါလား? သူနဲ့မရီးကို ညတိုင်းဒီလိုအချိန် ခွက်လေးတစ်ခွက်သောက်ခိုင်း... တကယ်လို့ ဘာမှမထူးရင် ယောက်ဖကိုသွားပြဖို့ ကျွန်တော်တို့ကူပြောပေးမယ်''



All Chapters