အဆင့် ၃ ဖီးနစ်သရဖူနဲ့ဝတ်စုံ! ၃
Vol. 38 Ch. 563
ငါးမျှားရာတွင် နှစ်ဖက်လုံးမှဆယ်ချီဖမ်းမိပြီး သဘာဝငါးပုတ်သင်အဝါကြီးတစ်ကောင်လည်းရသည်။
ရုံးခန်းထဲ၌_
ချင်လင်က သူ့စိတ်ထဲရှိဂိမ်းဖန်သားပြင်မှအာရုံပြန်ရုတ်ပြီးရုံရှိသေး၊ ကျောက်မိုချင်းရုံးခန်းထဲဝင်လာသည်။
ဒီနေ့သူမက တမူထူးခြားနေသည်။ သူ့ဆီကို ဝင်းပနေသောမျက်နှာနှင့်လမ်းလျှောက်လာပြီး_
''ယောက်ျား... ပန်းပင်လယ်ထဲကနောက်ဆုံးအသုတ်ပန်းတွေစိုက်ပြီးပြီ... လာ သွားကြည့်ရအောင်''
ဒီစကားကြားတော့မှ သူမဘာလို့ထူးခြားနေလဲ ချင်လင်သဘောပေါက်လိုက်သည်။
ပန်းတွေအကုန်စိုက်ပြီးရင် မင်္ဂလာဆောင်ဓာတ်ပုံရိုက်ရတော့မည်။
မိန်းကလေးတစ်ယောက်အတွက် တစ်သက်မှာတစ်ခါဖြစ်၍ အလေးထားရပေမည်။
''အင်း!''
ချင်လင်လည်းခေါင်းညိမ့်လိုက်သည်။
မင်္ဂလာဆောင်ဓာတ်ပုံက သူ့တစ်သက်မှာတစ်ခါသာကြုံရမည်။ သူနဲ့ကျောက်မိုချင်းရဲ့အလှပဆုံးအမှတ်တရဖြစ်၍ ဒီအတွက်အလေးထားရမည်။
ချင်းလင်စံအိမ်ပန်းပင်လယ်အကျယ်မှာ စုစုပေါင်းဧက ၁၀၀ ကျယ်ပြီး အစပိုင်းရုံချန်းမှထောက်ပံ့ပေးထားသောလုပ်ငန်းများထဲကတစ်ခုလည်းဖြစ်သည်။
သို့ရာတွင် ပန်းပင်လယ်အကျယ်၏အချိန်ရာသီပြဿနာကြောင့် သူ့ရာသီနှင့်သူခွဲပြီးစိုက်ပျိုးဖို့လိုသည်။ ထို့ကြောင့် ချင်းလင်စံအိမ်က ရုံချန်း၏ထောက်ပံ့ငွေကိုအကျေဆပ်ပြီးချိန်မှသာ ပန်းပင်လယ်အကျယ်ကပြီးတော့သည်။
စံအိမ်၏လက်ရှိအစီအစဉ်အရ ပန်းပင်လယ်အကျယ်တွင် လမ်းကြောင်းသုံးခုရှိသည်။
လမ်းကြောင်းတစ်ခုက ရေပေါ်တံတားရှုခင်းဘက်၊ နောက်တစ်ခုက စိုက်ခင်းအသစ်ဘက်သွားပြီး နောက်ဆုံးတစ်ခုက မွေးမြူရေးခြံဘက်ဦးတည်ထားသည်။
တစ်နည်းဆိုရသော် ပန်းပင်လယ်အကျယ်မှာလည်း စိုက်ခင်း၊ စံအိမ်နှင့် စားကျက်မြေသို့ဆက်စပ်နေသောနေရာရှိသည်။
သို့ရာတွင် ပန်းပင်လယ်အကျယ်မပွင့်သေးခင် လမ်းကြောင်းအားလုံးပိတ်ထားသည်။
ရေပေါ်တံတားရှုခင်းဖြတ်လာပြီးနောက် ချင်လင်နှင့်ကျောက်မိုချင်းက လေထဲယိမ်းနေသောစပါးခင်းကိုတွေ့သည်။
ရှန်းရွှေလက်ဆောင်ဆန်ပင်။ တစ်ခင်းလုံးက မျက်စိပသာဒဖြစ်ပြီး စိမ်းလန်းစိုပြေနေသည်။
မကြာခင် စပါးတွေကမှည့်တော့မည်။ အဲဒီအချိန်ကျရင် ရှန်းရွှေလက်ဆောင်ဆန်တချို့ကို စံအိမ်နှင့်အပန်းဖြေစံအိမ်အတွက်ဖြည့်ဆည်းပေးပြီး ကျန်တာကိုစိုက်ပျိုးဖို့သိမ်းထားမည်။
ဒီအကြောင်းတွေးမှ အပန်းဖြေစံအိမ်မှာ ဘယ်လောက်အရည်အသွေးရှိတဲ့ရှန်းရွှေလက်ဆောင်ဆန်ကိုဖြည့်ဆည်းပေးမလဲ?
တစ်နည်းပြောရရင် အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်က သာမန်ရှန်းရွှေလက်ဆောင်ဆန်ထက်ပိုကောင်းသည်။ သူ့အာဟာရတန်ဖိုးကိုစမ်းသပ်ပြီးရင် ချင်းလင်လက်ဆောင်ဆန်ဟုခေါ်နိုင်ပြီ။
အဲဒီကျရင် သူ့ချင်းလင်လက်ဆောင်ဆန်ကို ချင်းလင်ဖရဲသီးလို မြို့တော်အားကစားဌာနအတွက်ထောက်ပံ့ဖို့လိုမလိုတော့ သူမပြောတတ်။ အထူးထောက်ပံ့စရာမလိုရင် လက်ဆောင်ပဏ္ဏာဆန်လို့မခေါ်နိုင်။
''ယောက်ျား... ရှန်းရွှေလက်ဆောင်ဆန်တွေက ကောင်းကောင်းဖြစ်နေတာပဲ''
ကျောက်မိုချင်းက စပါးခင်းဘေးလှစ်ခနဲရောက်သွားပြီး ငုတ်တုတ်ထိုင်၍စူးစမ်းကြည့်သည်။
ချင်လင်နှင့်ကျောက်မိုချင်းက ကြာကြာဆက်မနေဘဲ ပန်းပင်လယ်အကျယ်ဆီသွားလိုက်သည်။
နောက်ဆုံးစိုက်ထားသောပန်းများတွင် နွေထင်းရှူး၊ နေကြာ၊ မေရီဂိုးလ်၊ ကန္တာရနှင်းဆီနှင့် နွယ်နှင်းဆီများပါသည်။ ထိုပန်းများနှင့်တခြားအကွက်မှပန်းများကိုတဆက်တည်းစိုက်ထားသောကြောင့် တစ်ချက်ကြည့်ရုံနှင့် ဧက ၁၀၀ မှာ အရောင်စုံပန်းများနှင့်ပြည့်နေသည်။
သာမန်ရှုမျှော်ခင်းနေရာတစ်ခုအဖို့ ဒီဧက ၁၀၀ မှာ ပန်းအရေအတွက်နှင့်ဆိုရင်တောင် အတော်လေးလှသည်။
တကယ်တော့ ချင်းလင်စံအိမ်တွင် ရေပေါ်တံတားရှုခင်း၊ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၊ စားကျက်မြေတို့နှင့်စာလျှင် ပန်းပင်လယ်အကျယ်မှာ နည်းနည်းသာမန်ဆန်နေသည်။
သို့သော် ပန်းပင်လယ်အကျယ်ထဲ၌ ထူးထူးခြားခြားအလယ်တွင်စိုက်ထားသောနှင်းဆီပင် ၆ ပင်ရှိသည်။
မြို့စားနှင်းဆီပင်။
အရင်က ဟိုရှီနို၏နိုင်ငံတော်ပန်းကို သန့်စင်ခန်းပေါက်ဝထားခဲ့သဖြင့် လူအတော်များများစိတ်ဝင်စားခဲ့သည်။ နောက်ပိုင်း ဟိုရှီနိုကလူများနှင့်သဘောထားကွဲလွဲပြီး ဝန်ကြီးလုနှင့်ဆွေးနွေးကာ သန့်စင်ခန်းအပေါက်ဝတွင်မထားဖို့ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် တစ်ပင်မှခြောက်ပင်အထိပွားလာခဲ့သည်။
ပတ်ဝန်းကျင်မရွေးသောကျန်မျိုးစေ့ ၄ စေ့ကိုမူ အရံဆောင်ထားပြီး အပန်းဖြေစံအိမ်တွင် တစ်ပင်နှစ်ပင်စိုက်ဖို့ စဉ်းစားထားသည်။
မြို့စားနှင်းဆီကြောင့် ပန်းပင်လယ်အကျယ်လည်း အတော်လေးအဆင့်မြင့်မြင့်ဖြစ်သွားသည်။
ဘာပဲဖြစ်ဖြစ် ရှင်းကျန့်တယ်ရဲ့နိုင်ငံတော်အဆင့်ရှိတဲ့ပန်း၊ ရှင်းကျန့်တယ်ရဲ့အိမ်ဖြူတော်မှာပဲတွေ့နိုင်တဲ့ပန်း။ နောက်ပြီး ရှင်းကျန့်တယ်ရဲ့ ၉၉% သောပြည်သူတွေတောင် မမြင်ဖူးတဲ့ပန်း။ ထိပ်တန်းလူတစ်စုသာ မြင်ခွင့်ရှိသောပန်းဖြစ်သည်။
ပန်းပင်လယ်အကျယ်ပွင့်ရင် တရုတ်လူမျိုးတွေအားလုံး ဒါကိုကြည့်နိုင်ပြီး ဆန္ဒရှိရင် ဓာတ်ပုံတွေ၊ဗီဒီယိုတွေပါလာရိုက်နိုင်သည်။
ဘယ်လောက်ကောင်းတဲ့ခံစားချက်မျိုးဖြစ်မလဲ?
ဒီအပင်က ၆ ပင်ပွားတဲ့သတင်း ရှင်းကျန့်တယ်ကိုသာပြန့်သွားရင် ရှင်းကျန့်တယ်ရဲ့ ၉၉% သောပြည်သူတွေ နေမထိထိုင်မသာဖြစ်ပြန်ဦးမည်။
သူတို့နိုင်ငံရဲ့နိုင်ငံတော်ပန်းကို သူတို့ကမမြင်ရ၊ တစ်ဖက်မှာက ပျိုးထောင်ပြီး စိုက်ချင်တိုင်းစိုက်နေတယ်ဆိုရင် ဘယ်လောက်ကသိကအောက်ဖြစ်လိုက်မလဲ?
ဒါပေမဲ့ အဲဒါချင်လင်နဲ့မဆိုင်။ မြို့စားနှင်းဆီကိုဒီမှာစိုက်တာ အားလုံးကိုမြင်စေချင်လို့။ ရှင်းကျန့်တယ်ကလူတွေ ဘယ်လိုဖြစ်ဖြစ် သူ့အလုပ်မဟုတ်ဘူးမလား?
ကျောက်မိုချင်းက မြို့စားနှင်းဆီကိုကြည့်ရင်းမေးလိုက်သည်_
''ယောက်ျား... ရှင်မှာထားတဲ့ဝတ်စုံရော?''
ဒါကလည်း ချင်လင်ကိုပန်းပင်လယ်ကြည့်ဖို့ဆွဲခေါ်လာရတဲ့အကြောင်းရင်းတစ်ခု။
ချင်လင်ကိုဒီအကြောင်းမမေ့ဖို့လည်း သတိပေးချင်သည်။
''မပူပါနဲ့... မင်းစိတ်တိုင်းကျမှာသေချာတယ်... အဲဒီအချိန်ကျရင် ဖီးနစ်သရဖူနဲ့အနီရောင်ဝတ်စုံဝတ်ပြီး မင်းဧကရီဖြစ်သွားလိမ့်မယ်''
ချင်လင်က ယုံကြည်မှုအပြည့်နှင့်ပြန်ဖြေလိုက်သည်။
အဆင့် ၃ ရှိတဲ့ဖီးနစ်သရဖူနဲ့အနီရောင်ဝတ်စုံကို ဒီကမ္ဘာပေါ်ကဘယ်မိန်းကလေးမှသဘောမကျဘဲမနေနိုင်တာ သူယုံသည်။ ကျောက်မိုချင်းဝတ်လိုက်ရင် သေချာပေါက် မိန်းကလေးအားလုံး အားကျကုန်လိမ့်မည်။
''အင်း!''
ကျောက်မိုချင်းက ချင်လင်စကားကိုယုံသောကြောင့် ကြည်ကြည်ရွှင်ရွှင်နှင့်သူ့လက်မောင်းကိုတွဲလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမယောက်မနှင့် မင်္ဂလာဝတ်စုံတွေအများကြီးကြည့်ခဲ့သော်လည်း ချင်လင်ကစိတ်တိုင်းကျဖီးနစ်သရဖူဝတ်စုံချုပ်ချင်သည်ဆိုသောကြောင့် မင်္ဂလာဝတ်စုံဆက်မရွေးတော့ဘဲ သူ့အင်္ကျီကိုမျှော်လင့်စောင့်စားနေခဲ့သည်။
ချင်လင်က ကျောက်မိုချင်း၏ပြုံးရွှင်နေသောမျက်နှာကိုကြည့်ရင်း_
''ပန်းပင်လယ်ပြီးပြီဆိုမှတော့ နောက်ရက်ကျရင် ချင်ရန်တို့နဲ့ချိတ်ထားလိုက်မယ်... အရင်ဆုံးမင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ ချင်ရန်တို့အဖွဲ့ကိုအချိန်သက်သက်ပေးရမယ်''
သူက ဒီကိစ္စကိုလည်းစိတ်ထဲရှိသည်။
သို့ရာတွင် သူ့ရှေ့ကပန်းပင်လယ်ကိုကြည့်ရင်း တစ်ခုခုလိုနေသလိုခံစားရသည်။ ပန်းပင်လယ်ဖန်တီးထားသော်လည်း စိုက်ထားသောပန်းများက ပြီးပြည့်စုံသောအခြေအနေမရှိသေး။
လက်ကျန်ကမ္ဘာ့စမ်းရေပုံးသုံးပြီး ပန်းများကိုရေလောင်းချိန်တန်ပြီဟုထင်သည်။ ဒီရက်ပိုင်းအတွင်း ပန်းပင်လယ်ထဲကပန်းတွေမြန်မြန်ဆန်ဆန်ပွင့်လာပြီး အပြည့်စုံဆုံးအခြေအနေရောက်လာလိမ့်မည်။
အထူးမြေကြီးသုံးဖို့ ဆင်ခြေရှာရဦးမည်။
ကမ္ဘာ့စမ်းရေနှင့်အထူးမြေကြီးကိုဖြုန်းတီးခြင်းဆိုသော်လည်း ဂိမ်းထဲမှတူးနိုင်သောပစ္စည်းက ကျောက်မိုချင်းကိုပျော်အောင်လုပ်ပေးနိုင်သည်။
အရင် သူ့မိသားစုအကြွေးတွေနစ်ပြီး ချွတ်ခြုံကျစဉ်က ကျောက်မိုချင်းမှာအိမ်ထောင်စုစာရင်းခိုးလာပြီး သူနှင့်တိတ်တိတ်လေးလက်ထပ်ထားခဲ့သည်။
ထို့ကြောင့် သူတတ်စွမ်းသရွေ့ ဘာဖြစ်ဖြစ် သူမအတွက်လုပ်ပေးတာလုံးဝမလွန်။