ကံကြမ္မာ ထိန်းထားနိုင်မည့် နည်းလမ်း
Vol. 1-5 Ch. 24
အခန်း (၂၄) : ကံကြမ္မာ ထိန်းထားနိုင်မည့် နည်းလမ်း
သူ ထပ်တွေ့ပြန်ပြီ …
သတ္တုဖြတ်သမားက အပေါ်ယံအလွှာ ခွာချလိုက်သည့်အခါ ဝိညာဉ်ကျောက်တုံး တစ်ခုလုံး ထွက်ပေါ်လာသည်။ ဘောလုံးအရွယ်လောက် ရှိပြီး ကျောက်စိမ်းရောင် ကြည်ကြည်လေး ဖြစ်နေ၏။
ယခင် ဝိညာဉ်နတ်မိမယ်လေး ရွေးချယ်ခဲ့သော ဝိညာဉ်သတ္တုရိုင်းထက်ပင် ပိုကြီးနေသေးသည်။
ပို၍ အရေးကြီးသည်က ထိုကျောက်အတွင်း သလင်းကျောက် တစ်ခု မကပေ။
“တစ် … နှစ် … သုံး ”
“ ဒီထဲမှာ ဝိညာဉ်သလင်းကျောက် သုံးခု ရှိနေတာပဲ။ တစ်ခုကို ဝိညာဉ်ကျောက်တုံး သုံးထောင်စီလောက် တန်တယ်မလား ”
“ ၁၈၈ နဲ့ သုံးထောင် ရလာတာလား … အကျိုးအမြတ်က မနည်းပါလား ”
“ ဝိုး .. တကယ်ကို တန်တာပဲ ”
…………....
အားလုံး၏ အားကျသည့် အကြည့်များက ကံကောင်းသူ နံပါတ်(၁)ဆီ စုပြုံလာသည်။
အကယ်၍ ဝိညာဉ်ကျောက်တုံးကိုသာ ပိုက်ဆံအဖြစ် ပြောင်းလိုက်လျှင် ငွေစ သုံးသန်းကျော် ဖြစ်သွားပေမည်။
ဤပမာဏကား ရွှေအမြုတေ ကျင့်ကြံရေးသမားကိုပင် စွဲဆောင်နိုင်လိမ့်မည်။ ကံကောင်းသူ နံပါတ်(၁)က ချီသန့်စင်ခြင်း အဆင့် (၆) သာ ရှိသေး၏။
အကယ်၍ သူသာ ဤငွေကြေးအား ဉာဏ်ရှိရှိ သုံးစွဲနိုင်လျှင် အခြေတည်အဆင့် ရောက်ဖို့ရာ မခက်ခဲပေ။
ဆိုင်ရှင် သူဌေးစုန့်က လျှောက်လာကာ ဝိညာဉ်ကျောက်တုံးရိုင်းကို စစ်ဆေးကြည့်လိုက်သည်။
သူက အသက်ပြင်းပြင်းရှုလိုက်ပြီး “ ဒီဝိညာဉ်ကျောက်တုံးရိုင်းထဲမှာ သတ္တုရိုင်းနဲ့အတူတူ ဝိညာဉ်သလင်းကျောက် သုံးခု ရှိနေတာပဲ။ အဲဒါက ဝိညာဉ်ကျောက်တုံး ၃၂၀၀ လောက် တန်တယ်။
မင်းအတွက် သတ္တုရိုင်း ဖြတ်ခ အကျိုးမြတ်ထဲက ၁၀ ရာခိုင်နှုန်း ယူလိုက်မယ်။ ပြီးတော့ တကယ်လို့ ကျုပ်ဆီ ရောင်းချင်ရင် ဝိညာဉ်ကျောက်တုံး သုံးထောင် ပေးမယ်။ ဘယ်လိုထင်လဲ … ”
အရိုးသားဆုံး ပြောရလျှင် ဆိုင်ရှင် သူဌေးစုန့်၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်နေလေပြီ။
ကောင်းကင်ဝိညာဉ်ပြခန်း၌ ဝိညာဉ်သတ္တုရိုင်းတုံးအားလုံးကို စစ်ဆေးခဲ့ပြီးသား ဖြစ်ရာ ပစ္စည်းကောင်း ပါလောက်သည့် ဝိညာဉ်သတ္တုရိုင်းတုံးများအား ဖယ်ထားပြီးပြီ ဖြစ်၏။ ကျန်ရှိသည်များကား “ ကံအပြောင်းအလဲ အခွင့်အရေး နည်းပါးသော သတ္တုရိုင်းများ” သာ ဖြစ်ပေသည်။
ဆိုင်ရှင် သူဌေးစုန့်က ဝိညာဉ်ကျောက်တုံး ၁၈၈ တုံးတန် သတ္တုရိုင်းတုံးတွင် ဝိညာဉ်သလင်းကျောက် သုံးခု ပါလာလိမ့်မည်ဟု တစ်ခါမှ မတွေးကြည့်ဖူးပေ။ ဤသည်မှာ ဝိညာဉ်ကျောက်တုံး သုံးထောင်ကျော် တန်နေသေးသည်။
ငါ ဒီသတ္တုရိုင်းတုံးကို ငါ့ဘာသာ ဖွင့်လိုက်နိုင်ရင် သိပ်ကောင်းမှာပဲ …
သူ မည်မျှပင် ဆုတောင်းစေကာမူ သူဌေးစုန့်က သူ့အတွက်သူ သတ္တုရိုင်း မဝယ်ရဲချေ။ ဤသည်မှာ အရမ်းစွန့်စားရာ ကျလွန်း၏။
အခွင့်အရေးက အလွန်နည်းပါးမှန်း သူ ကောင်းကောင်း သိထားသည်။
အကယ်၍ သူသာ သတ္တုရိုင်းတုံးအားလုံးကို ဖွင့်ကြည့်လိုက်လျှင် အရှုံး အကြီးကြီးပေါ်သွားနိုင်လေသည်။
ယခု သူက ဒီသတ္တုရိုင်းတုံးကို ဝိညာဉ်ကျောက်တုံး သုံးထောင်ဖြင့် ဝယ်ယူပြီး အနည်းဆုံး သုံးထောင်ငါးရာနှင့် ပြန်လည် ရောင်းချလျှင်ပင် အကျိုးမြတ် ရပေဦးမည်။
“ သုံးထောင်လား … ရတယ်လေ ”
ကံကောင်းသူ နံပါတ်(၁)က ဈေးနှုန်းကို ကျေနပ်နေမိသည်။
တစ်ချိန်တည်းတွင် သူက ကိုယ်တိုင် မဖြတ်တောက်ခဲ့သည့်အတွက် နောင်တရမိသွားသည်။ သူ့ဘာသာ ဖြတ်တောက်ခဲ့ပါက အနည်းဆုံး ဝိညာဉ်ကျောက်တုံး သုံးရာလောက် ခြွေတာနိုင်လိမ့်မည် မဟုတ်ပါလော။
ရှန်ထျန်းက ပြုံးကာ
“ အားလုံးကို မရနိုင်ဘူး။ အားလုံး ယူသွားရင် ကံကြမ္မာက ပျောက်ကွယ်သွားလိမ့်မယ် ”
တကယ်လို့ ကိုယ့်ဘာသာ သတ္တုရိုင်းကို ဖြတ်ခဲ့ပြီး ဆိုင်ပိုင်ရှင်အား အကျိုးမြတ် မရစေခဲ့လျှင် နောက်တစ်ခါ ထပ်လာသည့်အခါ နှင်ထုတ်ပစ်လောက်၏။
ထို့အပြင် သာမန်လူများအတွက် ဝိညာဉ်သတ္တုရိုင်းတုံး ရောင်းချဖို့ မလွယ်ကူပေ။ တန်ဖိုးကား လျော့ကျသွားနိုင်သည်။
ဝိညာဉ်ကျောက်တုံး သုံးထောင်တောင် ကျန်မှာ မဟုတ်ဘူး …..
…………....
တစ်ချိန်တည်းတွင် ရှန်ထျန်းက ရောင်ဝါစက်ဝန်း၏ အရောင်ပြောင်းလဲမှုအား လေ့လာနေသည်။
အကယ်၍ ရှန်ထျန်းသာ ဝင်မရှုပ်ဘဲ သူတို့ဘာသာ အခွင့်အရေးကို ရယူခိုင်းခဲ့လျှင် ရောင်ဝါ ပြောင်းလဲလာမည် မဟုတ်ပေ။
သို့သော် ရှန်ထျန်း ဝင်ပါလိုက်သည့်အတွက် သူတို့ကံကောင်းမှုကား ရှန်ထျန်းနှင့်အတူတူ တိုးတက်လာလေသည်။ ရှန်ထျန်းက အကြောင်းအရင်းကို မသိသော်လည်း ဤသည်မှာ သူ့စွမ်းရည်ကြောင့် ဖြစ်နိုင်ကြောင်း သံသယ ဖြစ်လာမိ၏။
လက်ရှိ၌ ကံကောင်းသူ နံပါတ်(၁)၏ ရောင်ဝါစက်ဝန်းက အလျှင်အမြန် ပြောင်းလဲနေသည်။ အစပိုင်းတွင် အဖြူ ဖြစ်နေသော်လည်း လက်ရှိ၌ မှိန်ဖျဖျ အစိမ်းရောင် ထုတ်လွှင့်နေသည်။ သူက ဤအပြောင်းအလဲမှ အကျိုးကျေးဇူး သေချာပေါက် ရပေလိမ့်မည်။
ဒါက အကောင်းဆုံး အခြေအနေပဲ …
ရှန်ထျန်း၊ ကံကောင်းသူ နံပါတ်(၁) နှင့် ဆိုင်ရှင် သူဌေးစုန့်တို့အားလုံး အကျိုးမြတ် ရလိုက်ကြသည်။
တစ်ချိန်တည်းတွင် ရှန်ထျန်းက သူ့စွမ်းရည်က တိကျမှန်ကန်လွန်းနေသည့်အတွက် ပြခန်းများက သူ့အား အမည်ပျက် စာရင်းဝင်သွားကာ မလာရောက်ဖို့ တားဆီးထားမည်ကို စိုးရိမ်လာမိပြန်သည်။
အရမ်းကို ခက်တယ် …
ရှန်ထျန်းက စဉ်းစားနေစဉ် ဆိုင်ရှင် သူဌေးစုန့်က ဝိညာဉ်ကျောက်တုံး သုံးထောင်ကို အိတ်လေးဖြင့် ထည့်ပေးလိုက်သည်။
အိတ်တစ်အိတ်စီတွင် ဝိညာဉ်ကျောက်တုံး တစ်ရာရှိပြီး စုစုပေါင်း အိတ် သုံးဆယ် ရှိပေသည်။ ထို့ကြောင့် ပေါင်းကြည့်လိုက်သည့်အခါ အလေးချိန် အတော်အတန် ရှိ၏။
“ ငါတော့ ချမ်းသာပြီ … ချမ်းသာပြီဟေ့”
ကံကောင်းသူ နံပါတ်(၁)က ဝိညာဉ်ကျောက်တုံးများကို သူ့အိတ်ထဲ ပျော်ပျော်ပါးပါး ကောက်သိမ်းလိုက်တော့သည်။
ထိုအချိန်တွင် နောက်ထပ် ကံကောင်းသူ အမျိုးသားက ထွက်လာကာ ကံကောင်းသူ နံပါတ်(၁) အနားကပ်ပြောလိုက်သည် “ ဟေး မိတ်ဆွေ … ”
ကံကာင်းသူ နံပါတ်(၁)က ပြုံးကာ မေးလိုက်သည် “ဘာကိစ္စများလဲ ”
“ မင်းက အိမ်ကို ဒီအတိုင်း ပြန်တော့မှာလား … ဒီဝိညာဉ်ကျောက်တုံးတွေနဲ့လေ ”
“ ဒါပေါ့ဗျ … ဘာဖြစ်လို့လဲ ”
ကံကောင်းသူ နံပါတ်(၂)၏ အသံက စိတ်ကုန်ဟန်ဖြင့် “ မင်းက အရမ်းကို တုံးတာပဲ။ ငါတို့ ဆရာနတ်မင်းအတွက် ဝေစုရော ဘယ်မှာလဲ ”
ကံကောင်းသူ နံပါတ်(၁)က စိတ်ရှုပ်သွားကာ “ သူက အလကား လုပ်ပေးတာ မဟုတ်ဘူးလား ”
“ သူက အလကားလို့ ပြောပေမဲ့ ငါတို့က မပေးဘဲ နေလို့ ရတယ်လို့ မဆိုလိုဘူးလေကွာ ”
“ အမ် … ဘာကွာလို့တုန်း ”
“ သူက ရက်ရောပြီး ကြင်နာတတ်လွန်းတော့ အလကား လုပ်ပေးတာလေ။ ငါတို့က မသိတတ်ရင် ကျေးဇူးမသိတတ်သလို ဖြစ်သွားမှာပေါ့ ”
ကံကောင်းသူ နံပါတ်(၂)က ဆက်ပြောပြလိုက်သည် “ ပြီးတော့ သူ အခုလေးတင် ပြောလိုက်တဲ့ စကားကို မေ့သွားပြီလား။ “ အားလုံးကို မရနိုင်ဘူး … အားလုံး ယူရင် ကံကြမ္မာ ပျောက်ကွယ်သွားလိမ့်မယ်တဲ့ …”
သူ ဘာလို့ အဲ့ဒီလို စကားကို ပြောနေတယ် ထင်လဲ… သူက မင်းကို သဲလွန်စ ပေးနေတာကွ… ဆိုင်ရှင်စုန့်က မင်းဆီကနေ ဝိညာဉ်ကျောက်တုံး ငါးရာလောက် ရလိုက်တယ်ကွာ။ ဆရာနတ်မင်းက ဒီလောက် အားစိုက်ပြီး မင်းကို ကူညီထားတာတောင် မင်းက ကျေးဇူးမသိတတ်ဘူးလား။
တကယ်လို့ သူ စိတ်ပျက်သွားပြီး နောင်ကျ သတ္တုရိုင်းတွေ ကူမရှာပေးတော့ရင် ဘယ်လိုလုပ်မလဲ … မင်းက မင်းဝေစု ရထားပြီးပြီဆိုပေမဲ့ နောက်ထပ် ၁၆ ယောက်တောင် ကျန်နေသေးတယ်လေ ”
ကံကောင်းသူ နံပါတ်(၁)က ပြုံးကာ “ ခင်ဗျား ပြောတာ သိပြီ။ စိတ်မကောင်းပါဘူး … ဒါပေမဲ့ ကျုပ်က ဝေစု ရထားပြီးပြီလေဗျာ”
“ မင်းက ဘာလို့ ရှေ့ရေးကို ကြိုမမြင်တတ်ရတာလဲ ” ကံကောင်းသူ နံပါတ်(၂)က သရော်ဟန်ဖြင့်
“ ဆရာနတ်မင်းက ကံကြမ္မာ ဘယ်လိုထူးဆန်းကြောင်း ပြောဖူးတာ မှတ်မိသေးတယ်မလား။ မင်းက သူနဲ့ ဒီနေ့ ကံပါပေမဲ့ နောက်ရက်ကျ မတူတော့တာ ဖြစ်သွားနိုင်တာပဲ … အေး အဲလို အပြန်ပြန်အလှန်လှန်ပဲ …
ငါ့အမြင်မှာတော့ မင်း ဒီနေ့ ဒီနေရာမှာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့မယ်ဆိုရင် မင်းနဲ့ ဆရာနတ်မင်းကြားမှာ နောက်ထပ် အချိန်တွေ အများကြီး ကျန်နေဦးမှာပဲ။ တကယ်လို့ မင်းက လက်ရှိအခြေအနေကိုပဲ ကြည့်ပြီး အနာဂတ်ကို လျစ်လျူရှုထားမယ်ဆိုရင်တော့ မင်းတို့နှစ်ယောက်ကြားက ကံကြမ္မာက ဒီနေ့ပဲ အဆုံးသတ်သွားလိမ့်မယ်။
မင်းအနေနဲ့ အဆုံးသတ်ချင်လား… ဒါမှမဟုတ် ကံကြမ္မာကို ဆက်လက်ထိန်းထားပြီးတော့ အကျိုးမြတ် လိုချင်လား… ဒါမှမဟုတ် အခု ရပ်တန့်ပစ်လိုက်ချင်ပြီလား ”
အခုမှ ကံကောင်းသူ နံပါတ်(၁)က နောက်ကွယ်မှ အကျိုးအကြောင်းကို နားလည်သွားလေ၏။
“ ပေါက်ပြီ… ကျုပ်သဘောပေါက်ပြီ… ကျေးဇူးတင်ပါတယ်ဗျာ။ ကျုပ်တော့ ဘဝမှာ အမှားအကြီးကြီး လုပ်မိတော့မလို့။ သူ့ကို ဝေစုထဲက ၃၀ ရာခိုင်နှုန်း ခွဲပေးလိုက်မယ်။ မဟုတ်သေးပါဘူး … ၃၀ ရာခိုင်နှုန်းက မလောက်ဘူး။ ၅၀ ရာခိုင်နှုန်း ခွဲပေးမယ် … မဖြစ်သေးပါဘူး ၈၀ ရာခိုင်နှုန်းဆိုရင် ပိုလေးနက်တာပေါ့ ”