#လုချန်ရှန်းရှာတွေ့သွားခြင်း!
Vol. 28 Ch. 399
အချိန်တလတာကုန်ဆုံးသွား၏။
ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် မုဖူရှန်းတို့အားလုံးက စမ်းသပ်မှုကိုကျော်ဖြတ်ကာ တတိယထပ်သို့ ၀င်သွားကြသည်။
ရှောင်ဟိုင်ကမူ စမ်းသပ်မှုလေးခုကို ဖြတ်ကျော်ထားပြီးဖြစ်သည်။
ဤစမ်းသပ်မှုလေးခုစလုံးက အရိုးများ၊ အသားနှင့်သွေး၊ မရီဒျန်များနှင့် အရေပြားကို အသီးသီးကိုယ်စားပြုသည်။
စမ်းသပ်မှုလေးခုပြီးသွားပြီးနောက် ရှောင်ဟိုင်၏ရုပ်ခနွဓာကလည်း အဆင့်အသစ်တစ်ခုသို့ ၀င်ရောက်သွားခဲ့သည်။။
ယနေ့သူက သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေပြီဖြစ်လေရာ သူတို့ကရှောင်ဟိုင်၏ လက်သီးချက်ကိုပင် မိနိုင်မည်မဟုတ်ပေ။
ရှောင်ဟိုင် နောက်ဆုံးအခန်းသို့၀င်လာသည်။
ဒါကနောက်ဆုံးစမ်းသပ်မှုဖြစ်သည်။
အခန်းထဲတွင် အနက်ရောင်ပုံရိပ်တခုတည်းသာရှိသည်။ ထိုပုံရိပ်က ပထမစမ်းသပ်မှုတွင် ပေါ်လာခဲ့သည့်အနက်ရောင်ပုံရိပ်ဖြစ်ပြီး ရှောင်ဟိုင်နှင့် တထေရာတည်းတူနေသည်။
ထိုအချိန်တွင် အနက်ရောင်ပုံရိပ်ယောင်က တဖြည်းဖြည်းသိပ်သည်းလာကာ မရေမတွက်နိုင်လောက်သော အနက်ရောင်စွမ်းအင်များက အတူတကွစုစည်းလာကြပြီး အရိုးများ၊ မရီဒျန်များ၊ အသားနှင့်သွေး၊ အရေပြားများအဖြစ် ပြောင်းလဲသွားသည်။
အသက်ရှုအကြိမ်ရေအနည်းငယ်အတွင်းမှာပင် ရှောင်ဟိုင်နှင့်တထေရာတည်းတူသည့် သွေးသားခန္ဓာရှိသည့်လူသားအဖြစ် ပြောင်းလဲသွား၏။
ရှောင်ဟိုင်စကားပြောသည်ကိုပင် စောင့်မနေတော့ဘဲ ရှောင်ဟိုင်၏ကိုယ်ပွားအလားထင်ရသည့်လူက ရှောင်ဟိုင်ထံပြေးလာပြီး လက်သီးချက်ကို မြှောက်ကာထိုးနှက်လိုက်သည်။
ထိုလက်သီးလျက်ထဲတွင် မှော်စွမ်းအင်များက လွှမ်းမိုးနေသည်။ မှော်စွမ်းအင်ထုတ်လွှတ်ခြင်းက တခြားသူများရှိမည်ဆိုပါက ချက်ချင်းအရှုံးပေးရလောက်အောင် ပြင်းထန်သည်။
ရှောင်ဟိုင် ဤကိုယ်ပွား၏ ရုပ်ပိုင်းဆိုင်ရာအနေအထားကိုခံစားနေရသည်။
ဒါကသူ့လက်ရှိအနေအထားနှင့်လုံး၀ပတိအကျတူညီကာ အတက်အကျလုံးဝမရှိချေ။
သို့သော် ကိုယ်ပွား၏မှော်စွမ်းအင်က ရှောင်ဟိုင်ထက်အများကြီးပိုမြင့်မားသည်။
တချိန်တည်းမှာပင် လက်သီးချက်ထိုးလိုက်သည့်လမ်းကြောင်းက မှော်စွမ်းအင်ထိန်းချုပ်မှုက ရှောင်ဟိုင်ထက်မြင့်သည်။
သို့သော် ဒါကရှောင်ဟိုင်ကိုအနည်းငယ်မျှပင် ထိတ်မလန့်စေပါ။
သူစပ်ဖြီးဖြီးပြုံးရင်း မှော်စွမ်းအင်နှင့် တိုက်ခိုက်ခြင်းစိတ်ဓာတ်က သူ့မျက်လုံးထဲ၌ တချိန်တည်းတွင်မြှင့်တက်လာသည်။
ညင်သာစွာဟစ်ကြွေးပြီး ရှောင်ဟိုင်လက်သီးမြှောက်ကာ သူနှင့်အတိအကျတူညီသည့်ကိုယ်ပွားထံ ပြေး၀င်သွား၏။
ရှောင်ဟိုင်ကိုယ်၌ လိုင်းသုံးကြောင်းက တချိန်တည်းမှာပင်ပေါ်လာခဲ့သည်။
ထာ၀ရနတ်ဆိုးမှော်ကိုယ်ထည်က အပြည့်အ၀ပွင့်လာသည်။
တချိန်တည်းတွင် မှော်စွမ်းအင်နက်များက ရှောင်ဟိုင်နောက်တွင်စုစည်းကာ ကြောက်ခန်းလိလိပုံရိပ်တခုက ကမ္ဘာကြီးပေါ်သို့ ဆင်းသက်လာသည်။
နတ်ဆိုးဘုရင်ဆင်းသက်လာလေပြီ။
စမ်းသပ်မှုလေးခုကိုဖြတ်ကျော်ပြီးနောက် ယနေ့ရှောင်ဟိုင်က ရုပ်ခွန်းအား၌ ကြီးမားသည့်ခုန်ပျံကျော်လွှားမှုတခုကိုရခဲ့သည်။
ယခုထိုးလိုက်သောအခါ လေဟာနယ်ပင်လျှင် တုန်ခါသွားရသည်။
နတ်ဆိုးချောက်ထဲကလေဟာနယ်က ပြင်ပကမ္ဘာထက်အများကြီးပိုအားကောင်းသည်။
ဘန်း!
လက်သီးချက်နှစ်ချက်က အတူတကွဆုံစည်းသွားကြ၏။ သို့သော် တခဏအတွင်းမှာပင် ရှောင်ဟိုင်၏အမူအရာက ပြောင်းလဲသွားခဲ့သည်။
ပြိုင်ဘက်၏မှော်က အရမ်းပြင်းထန်လွန်းတာကို သူခံစားနေရသည်။
ပြိုင်ဘက်၏လက်သီးချက်ကနေတဆင့် ၎င်းက သူ့ကိုယ်ထဲသို့ အဆက်မပြတ်ကူးစက်လာကာ တိုက်စားရင်း ဖျက်ဆီးနေပြီး ရှောင်ဟိုင်ကို အညံ့ခံစေချင်နေသည်။
ရှောင်ဟိုင်နောက်သို့လွင့်စင်သွား၏။ သူ့ပါးစပ်ထောင့်စွန်းကနေ သွေးများစီးကျလာသည်။
ကျယ်လောင်စွာတချက်အော်ရင်း ရှောင်ဟိုင်သူ့ကိုယ်ထဲက ပြင်းထန်လွန်းသည့်မှော်ကို အတင်းအကျပ်ဖိနှိပ်လိုက်သည်။
ဤခံစားချက်က အရိုးသားဆုံးပြောရမည်ဆိုပါက ရှောင်ဟိုင်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ မှော်စွမ်းအင်အရ သူက လုံး၀ချေမွဖျက်ဆီးခံရသည်။
သို့သော် ထို့အတွက်ကြောင့်ပင် ရှောင်ဟိုင်၏မျက်လုံးအစုံမှ တိုက်ခိုက်လိုသည့်စိတ်ဓာတ်က ပို၍ပင်အားကောင်းလာသည်။
သူ့ပါးစပ်ထောင့်စွန်း၌ အပြုံးတခုရှိနေပြီး သူ့မျက်နှာကစိတ်အားထက်သန်နေသည်။
မြေကြီးကိုခြေတချက်ဆောင့်ရင်း နောက်ပြန်ကန်သည့်အားအကူအညီကို ယူကာ ရှောင်ဟိုင်ထိုလူထံထပ်ပြေးသွားပြန်သည်။
ဘန်း! ဘန်း! ဘန်း!
လက်သီးချင်းထိခတ်သံများက ခန်းမထဲ၌မြည်ဟီးနေပြီး လုံး၀မရပ်တန့်ပေ။
ရှောင်ဟိုင်က အဆက်မပြတ် ထပ်တလဲလဲအထိုးခံနေရသည်။ သို့သော် သူက ထိုလူထံ ထပ်ဖန်တလဲလဲ တိုး၀င်သွားသည်။
ရုပ်ခန္ဓာများက အဆက်မပြတ်တိုက်မိကြသည်။ လက်သီးချက်များကလည်း အချင်းချင်း ဆက်တိုက်ပေါက်ကွဲနေသည်။
အကယ်၍တစ်ယောက်ယောက်သာဒါကို တွေ့မည်ဆိုပါက အံ့ဩသင့်သွားနိုင်ပေသည်။
ရှောင်ဟိုင်အနီးတွင် ဝဲလည်နေသည့် မှော်စွမ်းအားက ဖြည်းဖြည်းချင်းပြောင်းလဲနေသည်။ တစ်နည်းအားဖြင့် သူ့ရှေ့ကလူနှင့် သဟဇာတဖြစ်နေသည်။
မှော်စွမ်းအားက အားကောင်းသထက်ပို၍ အားကောင်းလာပြီး ယင်းထဲရှိ စိုးမိုးခြယ်လှယ်သည့်အဓိပ္ပာယ်နှင့် ဖျက်ဆီးခြင်းတို့က အဆက်မပြတ်ထိုးတက်နေသည်။
တချိန်တည်းမှာပင် လက်သီးချက်များကလည်း ထိုလူရှိရာဘက်သို့ရွေ့လျားနေသည်။
အရင်ကရှောင်ဟိုင်အတွက်မူ ပြိုင်ဘက်ကမည်သူပင်ဖြစ်စေကာမူ ဒါကလက်သီးချက်သာဖြစ်ပြီး ထိုကဲ့သို့မထိုးနှက်ဖူးပေ။ သူက ကျွမ်းကျင်မှုကိုလည်း ထည့်သွင်းခဲ့ခြင်းမရှိချေ။
ပြိုင်ဘက်၏တာအိုက မည်မျှပင် ကတ်သီးကတ်သတ်နိုင်ပါစေ ရှောင်ဟိုင် ကိုယ်ပိုင်ခွန်အားဖြင့် ချိုးဖျက်ပစ်ခဲ့သည်။
သို့သော် ယခုမူ မတူတော့။
ရှောင်ဟိုင်၏လက်သီးစွမ်းရည်များက ပို၍ခြယ်လှယ်ကာ ဖျက်လိုအားပြင်းပြီး ကြမ်းတမ်းလာသည်။
တဖြည်းဖြည်းနှင့် ရှောင်ဟိုင်ပြောင်းပြန်လွင့်စင်သွားရသည့်အကြိမ်ရေက နည်းသထက်နည်းလာသည်။
တရက်ပင်ကုန်ဆုံးသွားပြီဖြစ်ကာ ရှောင်ဟိုင်က ထိုလူနှင့်အဆင့်တူတွင် အတူတကွ ရပ်တည်နိုင်လေပြီ။
ဘေးကျပ်နံကျပ်အနည်းငယ်ရှိသေးသော်လည်း တိုးတက်နှုန်းက အတော်လေးကြီးမားသည်။
တချိန်တည်းမှာပင် ရှောင်ဟိုင်နားလည်လာသည်။ ယခုတကြိမ်စမ်းသပ်မှုက သူ့မှော်စွမ်းအင်နှင့် လက်သီးကို ဦးတည်ထားသည်။
ဤထိုးတက်လာသည့်မှော်စွမ်းအားက သူကပို၍ပို၍ပင်ရင်းနှီးကျွမ်း၀င်လာစေသည်။
ကြည့်ရသည်မှာ သူ့ရှေ့ကကိုယ်ပွားထုတ်လွှတ်သည့်မှော်စွမ်းအားက သူထိန်းချုပ်ချင်နေသည့် မှော်စွမ်းအားဖြစ်ပုံရကာ မူလဇစ်မြစ်တူပုံပေါ်သည်။
ထိုစဉ် ရှောင်ဟိုင်အော်ဟစ်ကာ လက်သီးမြှောက်လိုက်စဉ် လိုင်းသုံးကြောင်းက တချိန်တည်းမှာပင် တောက်ပလာသည်။
ကြောင်ခမန်းလိလိမှော်စွမ်းအားက သူ့လက်သီးချက်ထဲတွင်စုဝေးလာသည်။ ချက်ချင်းဆိုသလို လက်သီးချက်တစ်ချက်က ပစ်၀င်လာသည်။
သု့ရှေ့ကလူကလည်းလက်သီးမြှောက်ကာ ရှောင်ဟိုင်နှင့်တချိန်တည်းတွင် ထိုးနှက်လိုက်သည်။
အငွေ့အသက်များက ဘာမှထူးခြားမှုမရှိချေ။ သို့သော်လက်သီးချက်နှစ်ချက် စုဆုံမိသည့်အခိုက်အတန့်တွင် နှစ်ယောက်လုံး၏ ကိုယ်က နောက်သို့တချိန်တည်းမှာပင် ဆုတ်သွားကြရသည်။
ရှောင်ဟိုင်နောက်သို့ရှစ်လှမ်းခန့် ဆုတ်လိုက်ရသလို ထိုလူကလည်း ရှစ်လှမ်းဆုတ်လိုက်ရသည်။
ထိုအချိန်တွင် ထိုလူကလက်သီးချက်ကို ရုပ်သိမ်းကာ ရှောင်ဟိုင်အား တိတ်ဆိတ်စွာကြည့်ရင်း ပထမဆုံးအကြိမ်ပြောလာသည်။
"အောင်မြင်ပါပြီ"
ရှောင်ဟိုင်အနည်းငယ်လန့်သွားသည်။
ဘာလို့အသံကလည်းတူနေရတာလဲဟ!
ထိုအသံက ရှောင်ဟိုင်၏အသံနှင့် အနည်းကယ်မျှသာ ကွဲပြားသည်။
"နတ်ဆိုးချောက်ရဲ့အနက်ရှိုင်းဆုံးနေရာကို တတ်နိုင်သမျှမြန်မြန်သွားပါ၊ ပစ္စည်းကိုရပြီးတဲ့အခါကျရင် နတ်ဆိုးနယ်မြေက တယောက်က အရှင့်ရဲ့တည်ရှိမှုကို သတိထားမိလာပါလိမ့်မယ်"
"ရှေ့ဆက်မယ့်လမ်းက ပိုပိုပြီးအန္တရာယ်များလာလိမ့်မယ်၊ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့နဲ့ သူမကိုကာကွယ်ဖို့ အရှင့်ရဲ့ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံးတိုးတက်အောင် လုပ်ဖို့လိုတယ်"
သူမကို!
ထိုလူပြောသည့်အမျိုးသမီးက သူ့မှတ်ဉာဏ်ထဲကအမျိုးသမီးဖြစ်သည်ဟု ရှောင်ဟိုင်ဝေဝါးဝါးခံစားနေရသည်။
"ခင်ဗျားသိလား....."
ရှောင်ဟိုင်အလျင်အမြန်မေးလိုက်သည်။
သို့စေကာမူ သူစကားပြောပြီးသည်နှင့် သူ့ရှေ့ကသူနှင့်တူသည့်လူက ထိုနေရာ၌ပင် ပျောက်ကွယ်သွားလေတော့သည်။
ပျောက်သွားပြီလား!
ဤသည်ကိုမြင်ရသောအခါ ရှောင်ဟိုင် သူမေးလိုသည့်စကားကို ပြန်လည်သိမ်းဆည်းထားရုံသာတတ်နိုင်တော့သည်။
ကြည့်ရသည်မှာ သူ့ကိုယ်ပိုင်ခွန်အားတိုးလာသည့်အခါမှသာ ဒီအရာအားလုံးကို သိနိုင်မည့်ပုံပေါ်လေသည်။
ငါ့ခွန်အားကိုမြန်မြန်တိုးမြှင့်ဖို့လိုတယ်!
ချက်ချင်းဆိုသလို ရှောင်ဟိုင်ရှေ့က ပွင့်နေသည့်တံခါးထဲသို့၀င်ကာ အလယ်အလတ်သုံးလွှာကို ၀င်သွားခဲ့သည်။
ထိုအချိန်အမှောင်ထုထဲတွင် ၀တ်စုံဖြူနှင့်လူတစ်ယောက်က ထိုမြင်ကွင်းကိုကြည့်ရင်း မေ့စေ့ကိုပွတ်သပ်နေသည်။
"ကြည့်ရတာ ဒီနေရာကအားလုံးက ဒီကောင်လေးရှောင်ဟိုင်ရဲ့အထောက်အထားနဲ့ ဆက်စပ်နေပုံရတယ်"
"ဒီတော့ ဒီနေရာကိုထပ်ပြီးလာစရာမလိုတော့ပုံပဲ၊ လုံခြုံမှုကိုပြောရရင်တော့ ဘာပြဿာနာမှမရှိလောက်ပါဘူး"
စကားပြောပြီးနောက် ၀တ်စုံဖြူနှင့်လူက ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် သူတဖက်လှည့်လိုက်သည်နှင့်တပြိုင်နက် သူ့ရှေ့တွင် လေနက်အမျှင်စများက ပျံဝဲလာသည်။
ချက်ချင်းဆိုသလို ၎င်းတို့ကစုစည်းလာပြီး ဆံပင်နက်လူအဖြစ်သို့ပြောင်းလဲသွား၏။
ထိုလူက ၀တ်စုံဖြူနှင့်လူအား သတိအပြည့်ဖြင့်ကြည့်ရင်း မေးလိုက်သည်။
"ခင်ဗျားကဘယ်သူလဲ"
"ခင်ဗျားက နတ်ဆိုးချောက်ထဲကို တိတ်တဆိတ်၀င်လာနိုင်ပြီး အဲဒီလူရဲ့ ရှာဖွေမှုကနေတောင် လွတ်မြောက်နိုင်တာလား"
လုချန်ရှန်းစကားမပြောသေးဘဲ ထိုမှော်ပြောင်းလဲမှုအားကြည့်နေသည်။
ဆံပင်နက်လူမှာ လုချန်ရှန်း၏တည်ရှိမှုကို ယခုထိပင် မရှာတွေ့နိုင်သေးပေ။
"ခင်ဗျားရဲ့ရည်ရွယ်ချက်ကဘာလဲ၊ ဘာလို့နတ်ဆိုးအရှင်ကို စောင့်ကြည့်နေရတာလဲ"
အပိုင်း(400) coming။