ကျယ်ပြောသော ခြေလှမ်းများ
Vol. 86 Ch. 1276
နောက်တစ်နေ့နံနက်တွင် ကိုယ်လက်သန့်စင် ဆေးကြောရန်အတွက် လင်းရီသည် အိပ်ယာမှ စောလျင်စွာ နှိုးထလာခဲ့သည်။
စစချင်းတုန်းကတော့ semiconductor ညီလာခံကို တက်ရောက်ရန် အစီအစဉ် သူ့တွင်မရှိ။ သို့သော်လည်း ဤ ထင်မထားသည့် ဖြစ်ရပ်က ဟွာရှ semiconductor နယ်ပယ်ကို တော်တော်လေး ရိုက်ခတ်သွားခဲ့လေသည်။
အရေးကြီးဆုံးကတော့ အထက်ကြီးပိုင်းရှိ လူများက ဤကိစ္စအပေါ် အတော်လေး စိုးရိမ်ကြောင့်ကြနေကြ၏။
ဤသည်က ဘာကြောင့်လဲဆိုတော့ လင်းယွင်အုပ်စုက လီတိုဂရပ်ဖီစက်ကို လျှို့ဝှက်ဖန်တီးနေကြောင်း သူတို့ သိရှိထားပြီး မသိလိုက်ခင်တွင်ပဲ လင်းယွင်အုပ်စုဘက်မှ အလိုအလျောက် ရပ်တည်မိလျက်သား ဖြစ်သွားခဲ့ကြသည်။
ယခု ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာခဲ့သည့်အတွက် ၎င်းတို့သည်လည်း အခြေအနေကို သေချာ နားလည်သဘောပေါက်ချင်ကြ၏။
လေးယောက်သား နိုင်ငံတကာ ထိပ်သီးညီလာခံကျင်းပမည့် ရန်ကျင်းရှိ စင်တာတစ်ခုထံ မောင်းနှင်လာခဲ့ကြသည်။
ပြတင်းပေါက်မှန်မှတဆင့် အသားအရောင် အမျိုးမျိုးရှိသည့် လူတို့အား မြင်တွေ့နေရ၏။ ၎င်းတို့အားလုံး ဤနေရာတွင် စုဝေးနေကြပုံမှာ မြင်ကွင်းကို ထူးကဲစွာ လှုပ်ရှားအသက်ဝင်သွားစေသည်။
ကားပါကင်ထိုးပြီးသည့်နောက် အန်တီရှန်း၏ အော်ဒီ အေ 8 မှာ ဝင်ပေါက် ညာဘက်ဘေးတွင် ထိုးရပ်ထားကြောင်းကို လင်းရီ မြင်တွေ့လိုက်ရသည်။
သူ ကားထဲမှ ထွက်လာခဲ့သည့် အချိန်တွင် ရှန်းရှုရီသည်လည်း ထွက်လာခဲ့၏။
သူ့အား စောင့်နေခြင်း ဖြစ်ကြောင်းကို လင်းရီ တပ်အပ်သိလိုက်သည်။
“ ဒေါက်တာရှန်း…”
ရှန်းရှုရီ လင်းရီအနား ရောက်လာ၍ ရှန်းထျန်းကျိုးအား အပြုံးလေးဖြင့် အရင်ဦးစွာ နှုတ်ခွန်းဆက်လိုက်သည်။
“ ဥက္ကဌရှန်း… မတွေ့တာတောင် အတော်ကြာပြီ…” ရှန်းထျန်းကျိုး ပြန်လည် ပြုံးပြ၍ နှုတ်ဆက်လိုက်၏။
“ ကျွန်မသာ အမှတ်မမှားဘူးဆိုရင် ကျွန်မတို့ချင်း မတွေ့ဖြစ်တာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းကပဲ… ဒေါက်တာရှန်းကတော့ ခုထိကို သွက်လက်ဖျက်လတ်နေတုန်းပါပဲနော်…”
“ ဥက္ကဌရှန်းက ကျုပ်ကို မြှောက်ပြောနေပါပြီ… ဒီအဘိုးကြီးက အရွယ်လေး ရလာပြီဆိုတော့ မှတ်ဉာဏ်တွေက သိပ်မကောင်းတော့ဘူးလေ..”
ရှန်းထျန်းကျိုးမှ ကိုယ့်ကိုယ်ကို အပြစ်တင်စကား ဆိုလိုက်၏။ နည်းပညာ ခိုးယူခံလိုက်ရသည့် ကိစ္စအပေါ် ရင်ခံနေသေးကြောင်းကို သိသာစွာ မြင်တွေ့နိုင်ပေသည်။
ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် လင်းရီ ရှန်းရှုရီကို စွန်းဖုယွီ၊ လုရင်းတို့နှင့် မိတ်ဆက်ပေးသည်။
သို့သော်လည်း ၎င်းတို့မှာ တူညီသည့် နယ်ပယ်တစ်ခုတည်းမှ လူများ မဟုတ်ကြသဖြင့် စွန်းဖုယွီနှင့် လုရင်းတို့မှာ ရှန်းရှုရီသည် မည်မျှ အံဖွယ်ကောင်းသည့် အမျိုးသမီး တစ်ယောက်ဖြစ်ကြောင်းကို သူတို့ မသိရှိကြ။ သူမက ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်မည်ကိုတော့ သိကြသည်။ မဟုတ်ပါက လင်းရီနှင့် ရင်းနှီးနေနိုင်မည် မဟုတ်သည်မှာ ကျိန်းသေလေသည်။
“ ဒါရိုက်တာရှန်းတို့ အထဲ အရင်သွားနှင့်ကြလေ… ကျုပ် ခဏနေ လာခဲ့မယ်…”
“ ကောင်းပြီ… မင်းနဲ့ ဥက္ကဌရှန်းတို့ အေးဆေး စကားပြောနှင့်ကြဦး…”
ရှန်းထျန်းကျိုး ပြုံးလျက် ရှန်းရှုရီကို ခေါင်းတစ်ချက်ညိမ့်ပြသွားခဲ့၏။ ထို့နောက် စွန်းဖုယွီနှင့် လုရင်းတို့ကို ခေါ်ကာ စင်တာထဲ ဝင်ရောက်သွားခဲ့သည်။
“ သွားစို့…. ဒီနေရာက စကားပြောကောင်းတဲ့ နေရာ မဟုတ်ဘူး…”
ရှန်းရှုရီ၏ ဦးဆောင်မှုအောက်တွင်ပဲ နှစ်ယောက်သား ညီလာခံကျင်းပမည့် စင်တာဘေးရှိ ကော်ဖီဆိုင် တစ်ဆိုင်ထဲ ရောက်လာခဲ့ကြပြီး ထောင့်တစ်နေရာတွင် ၀င်ထိုင်လိုက်ကြသည်။ ထို့နောက် ကော်ဖီ နှစ်ခွက် ချခိုင်းလိုက်၏။
“ ဒေါက်တာရှန်းရဲ့ စိတ်အခြေအနေက မဟန်ဘူးထင်တယ်…” ရှန်းရှုရီမှ ပြောလိုက်၏။
“ ထားပါဗျာ… အဲ့အကြောင်းတွေ မပြောကြစို့…” လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ မနေ့က အဖြစ်အပျက်က သူ့ရဲ့ အရှိုက်ကို ထိုးလိုက်သလိုကို ဖြစ်သွားခဲ့တာ… ကျွန်တော့်မှာတော့ တစ်ညလုံးလည်း ကောင်းကောင်း မအိပ်နိုင်ဘူး… မတော် ဒေါသကြောင့် ရူးရင်ရူး ၊ မရူးရင် အမြင့်က ခုန်ချနေမှာစိုးလို့…”
“ ဒါရိုက်တာရှန်းက ထက်မြက်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ… နင်ကလည်း သူ့ကို အကြွင်းမဲ့ ယုံကြည်ထားတယ်… ဒါပေမယ့် ဒီလိုကိစ္စတွေ ဖြစ်ပျက်သွားခဲ့တယ်ဆိုတော့ သူ့စိတ်ထဲ ယူကျုံးမရ ဖြစ်နေမှာ သေချာတယ်… ဒီလိုပါပဲ…” ရှန်းရှုရီ ပြောလိုက်ပြီး “ ဆိုတော့ နင်ဘယ်လိုထင်လဲ…”
“ ဘယ်သူ့ကြောင့်လဲ ဆိုတာတော့ အနည်းနဲ့အများ သိထားပြီးပြီ…”
“ ဒီအခြေအနေထိ ဖြစ်ပြီးမှတော့ ဘယ်သူ့ကြောင့်မှန်း သိရင်တောင် ဘာထူးသွားမှာမို့လို့…”
“ အဆင်ပြေပါတယ်… ကြီးကြီးမားမား ပြဿနာလည်း မဟုတ်ပါဘူး.. ကျွန်တော့် အဆက်အသွယ်တွေနဲ့ ချိတ်ဆက်ပြီးသွားပြီ… စီစဉ်ဖို့ လိုအပ်တဲ့ တချို့ အသေးအမွှားလေးတွေလောက် ကျန်တော့တာ…”
ရှန်းရှုရီ ထိုင်ခုံနောက်သို့ မှီလျက် စကားမပြောမီ အတန်ငယ်ကြာအောင် အတွေးနက်နေသည်။
“ နင် ဒီမနက် သတင်း မြင်ပြီးပြီလား.. Samsung နဲ့ ထိုင်ဝမ်း အီလက်ထရောနစ်က သိပ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ချို့ ထွက်လာခဲ့တယ်… သူတို့က မစ်ဆူ အုပ်စုနဲ့ နီးနီးကပ်ကပ် လက်တွဲပူးပေါင်းချင်ပါတယ်တဲ့… ခု မနေ့က ကျသွားခဲ့တဲ့ သူတို့ရဲ့ စတော့တွေ တက်ကိန်းပြန်ပြနေပြီ…”
“ ယာယီပေါ့… သူတို့ရဲ့ ခေါင်းဆောင်ဟောင်းကြီးတွေ ဆိုရင်တောင် ကျွန်တော့်ကိုမြင်ရင် ယဉ်ယဉ်ကျေးကျေးလေး ဦးညွှတ်ရမှာ… အဲ့သုံးယောက်လောက်နဲ့ ဘယ်လို ကြမ်းတမ်းတဲ့ လှိုင်းလုံးမျိုးမှ မဖန်တီးနိုင်ဘူး…”
“ နင် ဒီကိစ္စမှာ ဘာအမှားအယွင်းမှ ရှိသွားလို့မဖြစ်ဘူးနော်… ခေါင်းဆောင်ကြီးပိုင်းတွေကလည်း ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေကြတယ်…” ရှန်းရှုရီ ပြောလိုက်ပြီး “ လျန်မိသားစုက နင့်ကို ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် နင့်အနာဂတ်ကို နင်ကိုယ်တိုင် ဖန်တီးယူရမှာ… အဆက်အသွယ်တွေကိုလည်း နင့်ဘာနင်ပဲ တည်ဆောက်ရမှာ…”
“ အန်တီပြောတာ ကျွန်တော် နားလည်တယ်… ဘာပြဿနာမှ မရှိစေရဘူး…”
“ နင့်ဘက်က ယုံကြည်ချက် ရှိတယ်ဆိုရင် ပြီးတာပါပဲ..” ရှန်းရှုရီ သူမ နာရီကို ကြည့်လိုက်ပြီး “ သွားကြစို့… အချိန်ကျတော့မယ်…”
လင်းရီ ပိုက်ဆံရှင်း၍ နှစ်ယောက်လုံး စင်တာ ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့ကြသည်။
တစ်ချိန်တည်းတွင် ယာမာဇူကီ မစ်ဆူနှင့် သူ့လူအုပ်စုသည်လည်း အဝင်ဝသို့ ရောက်လာခဲ့၏။
ယာမာဇူကီ မစ်ဆူ၏ ရောက်ရှိလာမှုက လူတိုင်း၏ အာရုံကို တစ်မဟုတ်ခြင်း ယူဆောင်လာလေသည်။
ယမန်နေ့ညက သူတို့အုပ်စုမှာ လီတိုဂရပ်ဖီစက်ကို ဖန်တီးထုတ်လုပ်နိုင်ပြီဟူ၍ တစ်ကမ္ဘာလုံးကြားအောင် ကြွေးကြော်ခဲ့ကြသည်။
ASML ကို စိန်ခေါ်ပြီး လီတိုဂရပ်ဖီစက် ထုတ်လုပ်မှု နယ်ပယ်တွင် ဂျပန်၏ မြင့်တက်လာမှုကို ကမ္ဘာကြီးအား သက်သေပြခဲ့ကြ၏။
တက်ရောက်လာကြသူတိုင်းက semiconductor နယ်ပယ်တွင် လက်ရွေးစင်များ ဖြစ်ကြပြီး ယခုအချိန်မှစ၍ မစ်ဆူ မိသားစုသည် semiconductor နယ်ပယ်တွင် ထိပ်သီး အင်အားစု တစ်ရပ် ဖြစ်ပြီ ဖြစ်ကြောင်းကို သူတို့အားလုံး သိရှိနေကြသည်။
ကားထဲမှ ထွက်လာပြီးနောက် လူတိုင်းမှ ယာမာဇူကီ မစ်ဆူနား လှမ်းလာရင်း လက်ဆွဲနှုတ်ဆက်ကာ နာမည်ကတ်များ ကမ်းပေးကြ၏။
ယာမာဇူကီ မစ်ဆူသည်လည်း ၎င်းတို့ တစ်ယောက်ချင်းစီတိုင်းကို အင်မတန် ခင်မင်ဖွယ်ကောင်းသည့် ဂျပန်၏ အလေ့ထုံးတမ်းနှင့်အညီ ပြုမူဆက်ဆံလေသည်။
“ မစ္စတာ မစ်ဆူ… ကျုပ် စုံစမ်းပြီးသွားပါပြီ… intel ဘက်က သူတို့ရဲ့ အထွေထွေမန်နေဂျာ အဲလစ်ဂရို့ဖ်ကို ညီလာခံ တက်ရောက်ဖို့ စေလွှတ်လာခဲ့ပါတယ်..”
လာရောက် နှုတ်ဆက်သည့် လူများအားလုံး ထွက်ခွာသွားခဲ့ပြီးနောက် လက်ထောက်ဖြစ်သူမှ ပြောလိုက်သည်။
“ ကောင်းပြီ… ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စကိုတော့ ခဏနေကျရင် စကားပြောလိုက်မယ်…”
ယာမာဇူကီ သူ၏ ဝတ်စုံကို သေသပ်အောင် ပြုလုပ်၍ ညီလာခံတက်ရောက်ရန် ဟန်ပြင်လိုက်၏။
“ မစ္စတာမစ်ဆူ… ဟိုမှာ သူတို့မဟုတ်လား…”
ယာမာဇူကီ ခေါင်းလှည့်ကြည့်လိုက်တော့ လင်းရီနှင့် ရှန်းရှုရီတို့ သူ့ထံ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ဟွာရန်အုပ်စု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ရှန်းရှုရီမှာ တစ်ချက်ကြည့်လိုက်သည်နှင့် တစ်ဖက်သူ မည်သူဖြစ်ကြောင်း မှတ်မိသွားခဲ့ပြီး လင်းရီနားထဲသို့ တီးတိုးပြောလိုက်၏။
“ ဒါ မစ်ဆူအုပ်စုရဲ့ ဒုတာဝန်ခံ ယာမာဇူကီ မစ်ဆူ… မစ်ဆူ အကြီးစား စက်မှုလုပ်ငန်းက သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ကမ္ဘာ့ဇာတ်ခုံပေါ် ပြန်ရောက်လာနေပြီ…”
“ ကျွန်တော်လည်း မနေ့တုန်းက သူ့အကြောင်းတွေ သိပြီးသွားပြီ… ဆိုးတော့ မဆိုးပါဘူး… တော်တော် အရည်အချင်းရှိတဲ့လူပဲ…”
“ သွားစို့… ကြည့်ရတာ တို့ကို အဲ့မှာ စောင့်နေတဲ့ပုံပဲ…”
နှစ်ယောက်သား စင်တာ အဝင်ဝသို့ ပေါ်ပေါ်ထင်ထင်ပင် ရောက်လာခဲ့ကြသည်။ ယာမာဇူကီ မစ်ဆူလည်း သူတို့ကို မြင်တော့ လင်းရီတို့ထံ လှမ်းလာခဲ့၏။
“ ဥက္ကဌရှန်း… ဥက္ကဌလင်း… တွေ့ရသာဝမ်းသာပါတယ်…”
ရှန်းရှုရီ၏ လွှမ်းမိုးမှုက လင်းရီထက် ကျယ်ပြန့်လေသည်။ ထို့ကြောင့် ယာမာဇူကီမစ်ဆူမှ သူမကို ကောင်းစွာ သိနေခဲ့၏။
“ ရှင်တို့ မစ်ဆူ မိသားစုက တစ်ခုခုတော့ တစ်ခုခုပဲနော်… ရှင်တို့ 5 nm စက်ကို ဖန်တီးလိုက်နိုင်ပြီဆိုတော့ ASML နောက်က ရင်းနှီးမြုပ်နှံသူတွေတော့ ည ကောင်းကောင်း အိပ်ပျော်ကြမယ်တောင် မထင်ဘူး… “
ရှန်းရှုရီ၏ စကားထဲတွင် အဓိပ္ပာယ် တစ်မျိုး ပါဝင်နေသည်။ ယင်းက သူမသည် ယာမာဇူကီ မစ်ဆူကို သတိပေးနေသကဲ့သို့ပင်။
ASML ၏ ရာချီသည့် ရင်းနှီးမြုပ်နှံသူတို့မှာ ကမ္ဘာအရပ်ရပ်ရှိ ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြ၏။
မစ်ဆူ မိသားစုက လီတိုဂရပ်ဖီစက်ကို ဖန်တီးလိုက်နိုင်ပြီဟု ကြေညာလိုက်သည့် လုပ်ရပ်မှာ ASML ကိုသာမက ၎င်းတို့နောက်ကွယ်ရှိ အရင်းရှင်ကြီးများကိုလည်း စိန်ခေါ်လိုက်သည့်အသွင် ရောက်လေသည်။
အနာဂတ်၏ semiconductor နယ်ပယ်က မည်သို့ ရှိလိမ့်မည်လဲဆိုတာကိုတော့ မည်သူကမျှ မသိရှိကြချေ။
“ မစ်ဆူ မိသားစုရဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ဆိုရင် နိုင်ငံတကာက သူဌေးကြီးတွေကို ကိုင်တွယ်ဖို့ မခက်ခဲပါဘူးဗျာ…” ယာမာဇူကီ ပြုံးလျက်သာ ပြန်ဖြေလိုက်ပြီး “ မစ်ဆူမိသားစုရဲ့ ရာချီတဲ့ ပညာရှင်တွေရဲ့ ကြိုစားမှုအောက်မှာ လီတိုဂရပ်ဖီစက်က ကြီးမားတဲ့ ဈေးကွက်ရှယ်ယာတွေ ရယူနိုင်မယ်ဆိုတာ ကျိန်းသေပေါက်ပဲ… ရင်းနှီးမြုပ်နှံသူတွေက အရူးတွေ မဟုတ်ကြပါဘူး… အချိန်ကျလာရင် သူတို့တွေက မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်ကြမယ်ဆိုတာ ကျုပ် ယုံကြည်တယ်… “
ပြောပြီးနောက် လင်းရီကို ခပ်ထေ့ထေ့ အပြုံးမျိုးဖြင့် ကျီစယ်လိုက်ရင်း “ ဥက္ကဌလင်း… ငါ ပြောတာ မှန်တယ်မလား…”
“ မှန်တာပေါ့.. ဒါပေမယ့် သုတေသန ပြုတာနဲ့ တကယ့် အလုံးအရင်း ထုတ်လုပ်နိုင်တာရဲ့ ကြားမှာ ကြီးမားတဲ့ ကွာဟမှုတွေဆိုတာ ရှိသေးတယ်…” လင်းရီ ယာမာဇူကီ မစ်ဆူ၏ ပခုံးကို ပုတ်လျက် ဆိုလိုက်ရင်း “ ကိုယ့်လူက ခုမှ စလုံးရေ စတာ… ဆိုတော့ ဖြည်းဖြည်းချင်း အချိန်ယူ… အသွား မတော် တလှမ်းတဲ့.. မတော်လို့ ခလုတ်တွေ တိုက်နေကုန်လိမ့်မယ်…”