ကပြောင်းကပြန် အခြေအနေ
Vol. 86 Ch. 1278
“ ဘာကိုလဲ…”
အဲလစ် အေးတိအေးစက် တုံးတိကြီး မေးမြန်းလိုက်၏။ ယာမာဇူကီ မစ်ဆူ၏ ရောက်ရှိလာမှုအပေါ် စိတ်ဝင်စားမှု မရှိသည့် သူမ၏ သဘောထားကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပါသည်။
ယာမာဇူကီ မည်သည်အား ပြောလာမည်ကို သူမတို့တတွေ မသိမဟုတ်၊ သိသည်။
သို့သော် လင်းရီက Intel နှင့် Cymer ၏ ရှယ်ယာ ၁၂ ရာခိုင်နှုန်းကို ကိုင်ဆောင်ထားသောကြောင့် သူမတို့ နှစ်ယောက်လုံးက သွယ်ဝိုက်သော နည်းဖြင့် လင်းရီ၏ လက်အောက်ငယ်သားများ ဖြစ်နေလေသည်။ ထို့ကြောင့် ယာမာဇူကီ မစ်ဆူနှင့် လုပ်ငန်း ဆွေးနွေးဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် အရာ တစ်ခုပင်။
“ ဒီလိုပါ.. အခု ကျုပ်တို့က 5 nm လီတိုဂရပ်ဖီစက်ကို ထုတ်လုပ်နိုင်ပြီဆိုတော့ ကျုပ်တို့ဘက်က cymer နဲ့ intel ရဲ့ အလင်းအရင်းအမြစ်နှင့် မှန်(lense)တွေ လိုအပ်နေပါတယ်… ကျုပ်တို့ ဒီအပိုင်းမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်…”
Intel က Cymer ၏ ရှယ်ယာများကို ကိုင်ဆောင်သူ ဖြစ်သောကြောင့် ယာမာဇူကီ အဲလစ်ကို ဦးစွာ စကားပြောလိုက်သည်။
အကယ်၍ သူမဘက်ကသာ ငြင်းဆန်မှု တစ်စုံတစ်ရာ မရှိပါက နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း သူမနှင့်တင် အဆင်ပြေပြေ ဆွေးနွေးနိုင်လေသည်။
“ ရှင်က 5 nm စက်ကို ဖန်တီးလိုက်တယ်… “ အဲလစ် မျက်ခုံးပင့်ပြီး မေးလိုက်၏။ သူမ၏ မျက်ဝန်းတို့ထဲတွင် လှောင်ပြောင်မှုနှင့် အထင်သေးမှုတို့က မသိမသာ ပြည့်နှက်လို့နေသည်။
“ ဟုတ်တာပေါ့.. ကျုပ်တို့မှာ ဒီစက်ကို ဖန်တီးဖို့ မူပိုင်ခွင့်တင်ထားတဲ့ နည်းပညာတွေမှ အများကြီးပဲ.. တကယ်လို့ မိန်းကလေးကသာ အချိန်ရရင် ကျုပ် ပြပေးလို့ရတယ်..”
“ ရှင်တို့ဘက်က တင်ထားပြီးတဲ့ သတင်းကို ကျွန်မ ဖတ်ပြီးပါပြီ… ဒါပေမယ့် ရှင်က cymer ရဲ့ အလင်းအရင်းအမြစ်နဲ့ zeiss ရဲ့ မှန်တွေမရှိဘဲနဲ့ 5 nm စက်ကို ဘယ်လိုများ ဖြစ်မြောက်အောင် ဖန်တီးလိုက်နိုင်တာပါလိမ့်…”
“ ဟင်…”
ယာမာဇူကီ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားမိပြီး “ မိန်းကလေးတို့ နှစ်ယောက်က ကျုပ်နဲ့ မပူးပေါင်းချင်ဘူးလား… တကယ်လို့ ပူးပေါင်းနိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိမယ့် ကိစ္စပဲလေ…”
“ ဟမ့်.. ကျွန်မတို့နဲ့ လက်တွဲလုပ်နိုင်မယ့် တခြားလူမရှိတော့ဘူးလို့များ ရှင်ထင်နေတာလား..” အဲလစ်မှ မေး၏။
“ တစ်ကမ္ဘာလုံးမှာ ASML နဲ့ ကျုပ်တို့ မစ်ဆူမိသားစုကပဲ 5 nm စက်ကို ဖန်တီးနိုင်သေးတာ.. ကျုပ်တို့ကလွဲရင် တခြား ဘယ်သူရှိသေးလို့…”
“ ကျွန်မတော့ မထင်ဘူးနော်…” အဲလစ် ပြောလိုက်ပြီး “ ကျွန်မ ကြားမိတာတော့ ဟွာရှကလည်း လီတိုဂရပ်ဖီစက်ကို ဖန်တီးနေတယ်ဆိုလားပဲ… ပြီးတော့ သူတို့က အောင်လည်း အောင်မြင်နေပြီ… ဆိုတော့ ရှင့်ရဲ့ သီအိုရီတွေက မမှန်ကန်ဘူး..”
“ မင်း ဘာတွေ လာပြောနေတာ…”
ယာမာဇူကီ ဒေါသ ထောင်းခနဲ ဖြစ်သွားခဲ့သည်။ အဲလစ်၏ စကားလုံးများက သူ့ကို သတိလက်လွတ် ဖြစ်သွားစေသည်။
ယာမာဇူကီသည်လည်း ဤအခြေအနေထိတိုင် ရောက်ရှိလာသည့် စီးပွားရေး သမားတစ်ယောက်ဖြစ်သဖြင့် မတုံးအချေ။
အဲလစ်မှ တစ်စုံတစ်ရာကို သွယ်ဝိုက်၍ ပြောဆိုနေကြောင်း သူ ပြောပြနိုင်သည်။ မစ်ဆူအုပ်စုက နည်းပညာကို လင်းရီလက်ထဲမှ ခိုးယူသွားခဲ့ခြင်းကိုပင် သူမ သိနေလောက်၏။
သို့သော်လည်း ဤကဲ့သို့ အရာမျိုးက ထိပ်တန်းလျှို့ဝှက်ချက် တစ်ခု ဖြစ်သင့်လေရာ သူမက အဘယ်သို့သော နည်းလမ်းဖြင့် သိရှိသွားခဲ့သနည်း။
“ မစ္စတာလင်း ရောက်လာပြီ..”
နှစ်ဖက် လေထုမှာ သိပ်သည်းပြင်းထန်နေစဉ် ကလယ်ရာမှ တစ်ဖက်သို့လှည့်ပြီး ပြောလိုက်၏။
အဲလစ်လည်း လှည့်ကြည့်လိုက်သည်တွင် လင်းရီ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
“ သွားပြီး နှုတ်ဆက်ကြရအောင်…”
နှစ်ယောက်သား တစ်ပြိုင်တည်းလိုလို မတ်တပ်ရပ်ပြီး ယာမာဇူကီ မစ်ဆူကို လျစ်လျူရှုကာ လင်းရီထံသို့ လျှောက်လှမ်းသွားခဲ့ကြ၏။
နှစ်ယောက်သား လင်းရီထံ လျှောက်လှမ်းသွားနေသည်ကို ကြည့်ရင်း ယာမာဇူကီ ထိုင်ခုံတွင် ငူငူငိုင်ငိုင်ကြီး ကျန်နေရစ်ခဲ့၏။
ယခုလို မြင်ကွင်းကို သူ မမျှော်လင့်ထားခဲ့ချေ။
သို့ဖြစ်သည့်တိုင်အောင် အဲလစ်နှင့် ကလယ်ရာက လင်းရီကို မြင်သည်တွင် အဘယ်ကြောင့် သူ့အား မြင်သည်ထက် စိတ်အားထက်သန်မှု ရှိနေရသနည်း။
ယင်းက လုံးဝကို ကျိုးကြောင်းညီညွှတ်ခြင်း မရှိချေ။
“ ကျုပ်တို့ ခုဘာဆက်လုပ်ကြမလဲ မစ္စတာမစ်ဆူ…” သူ၏ လက်ထောက်မှ မေးမြန်းလိုက်သည်။
“ အလောသုံးဆယ် မဖြစ်နဲ့… သွားပြီး တစ်ချက်ကြည့်ကြမယ်…” ယာမာဇူကီ မျက်လုံးမှေးကျဉ်းပြီး ပြောလိုက်သည်။
တစ်ချိန်တည်းတွင် အဲလစ်နှင့် ကလယ်ရာတို့က လင်းရီထံ ရောက်နေနှင့်ပြီးဖြစ်၏။
“ မင်းတို့ကောင်တွေ အသင့်ပဲလား..” လင်းရီ မေးလိုက်၏။
“ အကုန် အသင့်ပဲ… ဘာပြဿနာမှ မရှိစေရဘူး… တချို့ manufacturer(ဖန်တီးထုတ်လုပ်သူ) တွေလည်း ပူးပေါင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ကြလိမ့်မယ်..” အဲလစ် ပြောလိုက်ပြီး “ ဒါပေမယ့် နောက်ထပ် ရက်နည်းနည်းလောက် ထပ်စောင့်လိုက်မယ်ဆိုရင် ကျွန်မတို့ရဲ့ ကြေညာချက်က ပါတီအများစုရဲ့ ပံ့ပိုးကူညီမှုကို ရရှိနိုင်ပြီးတော့မှ ပိုပြီးမှတောင် အကျိုးသက်ရောက်မှု ကောင်းမွန်လိမ့်ဦးမယ်…”
“ မင်းတို့ကလွဲရင် အဲ့ဒီ အရင်းရှင်ကြီး (သူဌေးကြီး)တွေက သူတို့ရဲ့ အကျိုးအမြတ် ဘယ်လောက်ရှိမလဲဆိုတာ တွက်ချက်နေကြတာ… အကျိုးအမြတ် မမြင်သေးသရွေ့တော့ ဘာမှ လှုပ်ရှားကြဦးမှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး
“ ဒီတော့ ညီလာခံ စတာနဲ့ချက်ချင်း မင်းတို့ရဲ့ အသင်းသားတွေကို ချက်ချင်း အလုပ်စဖို့ ပြောလိုက်… ရေနစ်ရင် ဝါးကူထိုးမယ့်လူတွေက အများကြီး… များလေ ကောင်းလေပဲ… ခုချိန်မှာ စကားတွေ အများကြီးပြောနေတာက ဘာအကျိုးသက်ရောက်မှုမှ သိပ်ရှိမှာ မဟုတ်ဘူး…”
“ အွန်း… နားလည်ပြီ…”
တစ်ချိန်တည်းတွင် ယာမာဇူကီ မစ်ဆူသည်လည်း လင်းရီထံ လျှောက်လှမ်းလာခဲ့၏။ သူ၏ အမူအရာတို့က မောက်မာနေဆဲ ဖြစ်ပြီး လင်းရီအပေါ် လုံးဝ လေးလေးနက်နက်ကို မရှိချေ။
“ ငါ့ဆီကို Lenses နဲ့ light source ကို မရောင်းနိုင်လောက်တဲ့အထိ မင်းတို့ရဲ့ ဆက်ဆံရေးက ကောင်းနေလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး… ဒါပေမယ့် ငါပြောချင်တာကတော့ မင်းတို့ ဒီလိုလုပ်လည်း အချည်းနှီးပဲ… အသုံးမဝင်ဘူး… သိပ်မကြာခင် ငါ မင်းတို့ရဲ့ ကုမ္ပဏီကို မစ်ဆူ အုပ်စုရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အလည်လာခဲ့ဦးမယ်… အဲ့ခါကျရင် မင်းတို့ရဲ့ အစီအစဉ်လေးက မအောင်မြင်နိုင်တော့ဘူး…”
ယာမာဇူကီ ချီတုံချတုံ ဖြစ်နေချင်း အလျဉ်းကင်းစွာဖြင့် လင်းရီ၏ ပုံစံကို အတုခိုးကာ ပခုံးပုတ်လိုက်ရင်း “ ကောင်လေး… မင်းရဲ့ ညစ်ပတ်တဲ့ လှည့်ကွက်လေးတွေက သာမန်လူတွေပေါ်မှာပဲ အလုပ်ဖြစ်မယ်… မစ်ဆူ အုပ်စုဆိုတာ ကမ္ဘာ့ဒိတ်ဒိတ်ကျဲကြီးတွေနဲ့တောင် ရင်ဘောင်တန်းနေနိုင်တဲ့ ကော်ပိုရေးရှင်းကြီးဆိုတာကို မမေ့လိုက်နဲ့… ငါတို့ ဒီကိစ္စကို အချိန်တိုအတွင်း ဖြေရှင်းပြမယ်… မင်းရဲ့ လှည့်ကွက်သေးသေးလေးတွေက အသုံးမဝင်ပါဘူးကွာ…”
လင်းရီ စိတ်ဆိုးသွားခြင်း မရှိချေ။ ထိုအစား သူ ယာမာမစ်ဆူ အနားသို့ တိုးလာပြီး သူတို့ နှစ်ဦးကြား အကွာအဝေးကို နီးကပ်စေလိုက်၏။
“ ခင်များပြောလိုက်တာ ကုမ္ပဏီနှစ်ခုရဲ့ အထက်ကြီးပိုင်းတွေကို မစ်ဆူအုပ်စု ကိုယ်စားလှယ်အနေနဲ့ စကားပြောမယ် ဟုတ်လား… ကျုပ် နားကြားတော့ မမှားဘူးမလား…”
“ အမှန်ပဲ… ငါတို့မှာ အဲ့လိုလုပ်နိုင်တဲ့ ခွန်အားနဲ့ အသိအမှတ်ပြုမှုတွေ ရှိတယ်… ဒါပေမယ့် မင်းတို့ကောင်တွေကတော့ မရဘူး… မင်းရဲ့ လင်းယွင်အုပ်စုဆိုတာ ငါတို့နဲ့ အလှမ်းအဝေးကြီးမှာ…”
“ ဒါဆိုလည်း ကွက်တိပဲ.. အနာဂတ်ဆိုတာ မရေရာဘူး… ခုပဲ ပြောလိုက်ကြစို့…”
“ မင်း ဘာတွေ လာပြောနေတာ… ငါတို့ကြားမှာ ဘာပြောစရာရှိလို့…”
“ အိုး ဟုတ်သားပဲ.. ခင်များမှ မသိသေးတာ....”
လင်းရီ သူ၏ ခေါင်းကို ယာမာဇူကီ မစ်ဆူ၏ နားအနားသို့ တိုး၍ တီးတိုးလေသံဖြင့် “ ကျုပ်မှာ Intel ရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်းနဲ့ Cymer ရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်း ရှိတယ်… ဆိုတော့ သူတို့ဆီကနေ light source တွေ lense တွေ ဝယ်နိုင်မယ်လို့ ထင်သေးလား…”
ဘုန်း…
အဆိုပါ သတင်းကို ကြားတော့ ယာမာဇူကီ မစ်ဆူ သူ့ခေါင်းအတွင်းသို့ ဗုံးကြီး ထပေါက်ကွဲသွားသည့်နှယ် ခံစားသွားခဲ့ရသည်။
သူ၏ လက်ထောက်က နောက်မှနေပြီး ထိန်းထားပေးသောကြောင့်သာ မဟုတ်ပါက ယခုလောက်ဆို ကြမ်းပြင်သို့ ပြိုလဲနေလောက်ချေပြီ။
“ မင်း .. မင်း တကယ်ကြီး….”
လင်းရီ ပြုံးပြီး တိတ်တိတ်နေရန် လက်ဟန်ပြလိုက်၏။
“ သိပ်ပြီးလည်း အံ့ဩမနေစမ်းပါနဲ့… ဟိုလို ထွေထူးလည်း မဟုတ်ပါဘူး… ဒီတိုင်း ရှယ်ယာနည်းနည်းလေးကို ဘယ်လောက်မှ အဖိုးမတန်ပါဘူးဗျာ… ဟားဟားဟား….”
လင်းရီ နောက်သို့ဆုတ်၍ ကျောကို ဖြောင့်တန်းထားပြီး အပြုံးလေးဖြင့် “ ခင်များတို့ကောင်တွေကိုတော့ ကျုပ် တကယ် မလေးစားဘဲ မနေနိုင်ဘူး… Cymer ရဲ့ light source နဲ့ Zeiss ရဲ့ lense တွေမပါဘဲ 5 nm စက်ကို တကယ်ကြီး ဖန်တီးလိုက်နိုင်တယ်.. ပြောင်မြောက်ပေစွ ပြောင်မြောက်ပေစွ… လူတိုင်း ခင်များဆီကနေ စံပြထားပြီး သင်ယူသင့်တယ်…”
“ အဲ့တာက….”
ပြောပြီးနောက် လင်းရီ မိန်းကလေးနှစ်ယောက်နှင့်အတူ ရှေ့တန်းခုံ တစ်နေရာတွင် သွားထိုင်လိုက်သည်။
ရှန်းရှုရီနှင့် အခြား ခေါင်းဆောင်များကတော့ တစ်ဖက်ခြမ်းတွင် ထိုင်နေကြပြီး ဤကိစ္စအပေါ် မည်သည့် စိုးရိမ်ပူပန်မှုတို့မျှ မရှိကြတော့ချေ။
အတန်ငယ်ကြာပြီးနောက် ယာမာဇူကီ မစ်ဆူ စိတ်တည်ငြိမ်သွားခဲ့သည်။ သူ၏ အမူအရာမှာ မီးသွေးခဲထက်ကို မည်းမှောင်နေတော့၏။
ဤကိစ္စ၏ လေးနက်ပြင်းထန်မှုကို သူကောင်းစွာ နားလည်လေသည်။ Cymer ၏ light source နှင့် Zeiss ၏ lense တို့ မရှိပါဘဲ လီတိုဂရပ်ဖီစက်ကို ဖန်တီးနိုင်စရာ အကြောင်း မရှိချေ။
မစ်ဆူ မိသားစုမှ လီတိုဂရပ်ဖီစက်အကြောင်း သတင်းလွင့်ထားသော်လည်း မကြာမီ တစ်ကမ္ဘာလုံး၏ လှောင်ရယ်စရာ ဖြစ်လာပေတော့မည်။
သူ ... သူ၏ အစ်ကိုကြီးထံ ဖုန်းဆက်သင့်လေပြီ။
“ မစ္စတာ မစ်ဆူ.. သတင်းဆိုးပဲ…”
ယာမာဇူကီ ဖုန်းဆက်တော့မည့် အချိန်တွင်ပဲ သူ၏ လက်ထောက်ဖြစ်သူမှ မိုးပြိုတော့မည့် အမူအရာဖြင့်
“ ခုလေးတင်ပဲ Intel, Cymer နဲ့ Zeiss က မစ်ဆူ အုပ်စုနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးမှ မပြုလုပ်ပါဘူးလို့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တယ်… သူတို့က ကျုပ်တို့ကို ပစ်မှတ်ထားနေတယ်ဆိုတာ အသိသာကြီးပဲ…”