← Chapters

လင်းရီကို အထင်မသေးနဲ့

Vol. 86 Ch. 1279

လင်းရီကို အထင်မသေးနဲ့

Vol. 86 Ch. 1279

“ ဘယ်မှာလဲ သတင်း… ငါ့ကို ပြစမ်း…”

ယာမာဇူကီ လက်ထောက်ဖြစ်သူ၏ ဖုန်းကို ဆတ်ခနဲ ဆွဲလု၍ ရင်တဒိတ်ဒိတ်ဖြင့် သတင်းကို ဖတ်ရှုလိုက်သည်။ ထို့နောက် သူ ရေခဲလှိုဏ်ဂူကြီးအတွင်း ကျရောက်သွားသည့်နှယ် ခံစားလိုက်ရတော့သည်။

လင်းရီသည် သူ့ကို ကြိုတင်ကာကွယ်ရန် အချိန်ကလေးမှပင် မပေးချေ။

“ ဒီ သေချင်းဆိုးတွေကတော့….”

ယာမာဇူကီ၏ အမူအရာမှာ စိမ်းစိမ်းဝါးဝါးကြီး ဖြစ်လာပြီး တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားချင်စိတ်တို့ ဖြစ်ပေါ်နေသည်။

“ မစ္စတာမစ်ဆူ… စိတ်လျှော့ပါဦး… ကျုပ်တို့ ဒီကိစ္စကို ပြန်ဖြေရှင်းနိုင်မယ့် နည်းလမ်း စဉ်းစားမှရမှာနော်…”

“ မင်းပြောမှလားကွ….”

ဒေါသတကြီးဖြင့် ယာမာဇူကီ ဖုန်းကို ကောက်ကိုင်၍ တာခါယာ မစ်ဆူထံ ဖုန်းခေါ်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ပွဲကျင်းပသည့် နေရာတစ်လုံးမှာ ပွက်ပွက်ညံနေချေပြီ။

လူတိုင်း၏ အကြည့်က ယာမာဇူကီ မစ်ဆူထံ ကျရောက်နေကြတော့သည်။

ဤသည်က ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီသုံးခုမှ ထုတ်ပြန်လိုက်သည့် သတင်းများကို သူတို့လည်း ဖတ်ရှုပြီးသောကြောင့် ဖြစ်၏။

ယင်းက ဘာကိုဆိုလိုမှန်း သူတို့အားလုံး နားလည်ကြသည်။

Cymer ၏ light source နဲ့ Zeiss ၏ lense တို့ မပါဝင်ဘဲ မစ်ဆူမိသားစုက လီတိုဂရပ်ဖီစက်ကို ဖန်တီးပြုလုပ်ရန် မည်သို့မျှ မဖြစ်နိုင်သောကြောင့်ပင်။

၎င်းတို့က 5 nm လီတိုဂရပ်ဖီစက်၏ မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းများ ဖြစ်လေသည်။

ထို့ထက်ပိုသည်က ကုမ္ပဏီသုံးခု ကြေညာလိုက်သည့် ပူးတွဲကြေညာချက်တွင် အင်မတန်မှကို အဖိုးတန်သည့် သတင်းအရင်းအမြစ်တစ်ခုကလည်း ပါဝင်နေလျက်ရှိသည်။

သူတို့ဘက်က မစ်ဆူမိသားစုကို မည်သည့် ကုန်ပစ္စည်းမျှ ရောင်းချပေးခြင်း မရှိခဲ့ပါချေ။

တစ်နည်းဆိုရသော် မစ်ဆူအုပ်စုက လီတိုဂရပ်ဖီစက် ဖန်တီးပြုလုပ်နိုင်ပြီဟူ၍ တစ်ကမ္ဘာလုံးကို အရူးလုပ်နေခြင်းပင်။

မနေ့ကတင်ပဲ လီတိုဂရပ်ဖီစက်ကို ဖန်တီးနိုင်ပြီဟူ၍ ကြေညာလိုက်၏။ ယနေ့တွင် ယခုလိုမျိုး ကပြောင်းကပြန် အခြေအနေ ကျရောက်နေသည်။ ဤသတင်းထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းသည့် အရာ မရှိတော့ချေ။

သတင်းက ဗိုင်းရပ်စ်ကဲ့သို့ တစ်မဟုတ်ချင်း လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့သည်။

ရောက်ရှိနေကြသည့် သတင်းထောက်များ ၊ ပွဲကျင်းပမည့် ဝန်ထမ်းများအားလုံး ယာမာဇူကီအား မျက်လုံးတလက်လက်ဖြစ်စွာဖြင့် ကြည့်ရှုနေကြ၏။

ထို့နောက်

အုံလိုက်ကျင်းလိုက် ဝိုင်းအုံလာပြီး

“ မစ္စတာ မစ်ဆူ… ကုမ္ပဏီကြီး သုံးခုက ခုလေးတင်ပဲ သူတို့က ရှင့်ကို ဘယ်လို အစိတ်အပိုင်းမှ မရောင်းချပေးခဲ့ပါဘူးလို့ ပြောသွားခဲ့တယ်… ရှင်တို့ရဲ့ လီတိုဂရပ်ဖီစက်က ဘယ်ကနေ ရောက်လာခဲ့တာလဲ…”

“ ခင်များ ဒီလိုတွေ လုပ်နေတာ မစ်ဆူအုပ်စု နောက်ကွယ်မှာ ကျရောက်နေတဲ့ အန္တရာယ်ကို ရှောင်တိမ်းချင်နေလို့များလား…”

“ ဒီ ဖြစ်ရပ် မတိုင်ခင် ခင်များတို့ အုပ်စုက လီတိုဂရပ်ဖီစက် ထုတ်လုပ်ဖူးတဲ့ အတွေ့အကြုံလည်း မရှိဘူး… အခုလို 5 nm လီတိုဂရပ်ဖီစက်ကို ထုတ်လုပ်နိုင်ပြီ ဆိုပြီးတော့ ရုတ်တရက် ကြေညာလိုက်တာက ဒီကြားထဲမှာ မသိသင့်တဲ့ လျှို့ဝှက်ချက်တွေများ ရှိနေလားဗျ.. ဖြေကြားပေးပါဦး…”

“ ရပြီ ရပြီ.. မစ္စတာ မစ်ဆူက အခုချိန် အင်တာဗျူးဖြေဖို့ အဆင်မပြေသေးဘူး… ကျေးဇူးပြုပြီး ဒီနားမှာ ဝိုင်းအုံမနေကြပါနဲ့…”

ယာမာဇူကီ မစ်ဆူ အလျင်အမြန်ပဲ ပွဲကျင်းပသည့် နေရာထဲမှ ပြေးထွက်လာ၍ ကားထဲသို့ ဝင်လိုက်သည်။

ထို့နောက် သူ၏ နက်ခ်တိုင်ကို ကောက်ပစ်ပြီး အင်္ကျီကြယ်သီးများ ဆွဲဖြုတ်လိုက်၏။ သူ၏ ရှပ်တစ်ခုလုံး ချွေးအေးတို့ဖြင့် ရွှဲနစ်နေသည်။

၎င်းနောက် ဖုန်းထုတ်၍ တာခါယာမစ်ဆူထံ ဖုန်းခေါ်လိုက်သည်။

………………..

ဂျပန်၊ မစ်ဆူအုပ်စု၊ အစည်းအဝေးခန်း။

တာခါယာမစ်ဆူသည် စားပွဲထိပ်ဆုံးတွင် ထိုင်နေလျက် ရှိသည်။ သူ့အောက်တွင်တော့ လီတိုဂရပ်ဖီစက် အကြောင်း ဆွေးနွေးနေကြသည့် ကော်ပိုရေးရှင်း အမှုဆောင်အရာရှိများ ရှိနေကြ၏။

“ အခု.. ငါတို့လက်ထဲမှာ ပြီးပြည့်စုံတဲ့ လီတိုဂရပ်ဖီစက် နည်းပညာလည်း ရှိနေပြီ… နောက် တစ်ဆင့် ငါတို့ မစ်ဆူအုပ်စုက semiconductor နယ်ပယ်ကို သိမ်းပိုက်………..”

ဒေါက် ဒေါက် ဒေါက် …

တာခါယာ မစ်ဆူ စကားပြောလို့ မဆုံးခင်တွင်ပဲ အလျင်လိုသည့် တံခါးခေါက်သံများက သူ့အား ကြားဖြတ်နှောင့်ယှက်လာသည်။ သူ၏ အမူအရာ အေးစက်သွားခဲ့၏။

“ ဘာတွေဖြစ်နေတာတုန်း သွားကြည့်စမ်း..”

သူ၏ လက်ထောက်မှ ထ၍ တံခါးသွားဖွင့်လိုက်သည်။ အစည်းအဝေးသည်လည်း ယာယီ ရပ်ဆိုင်းလိုက်ရတော့၏။

ဘေးတွင် ထိုင်နေသည့် အာယာနဲ မစ်ဆူကတော့ စားပွဲပေါ်တွင်ရှိ စာရွက်စာတမ်းများအား အသက်ကင်းမဲ့သည့် မျက်လုံးတို့ဖြင့် တွေဝေစွာ ငေးကြည့်နေမိသည်။

တစ်ညတာ ကျော်လွန်သွားပြီးသည့်တိုင် လင်းရီဘက်မှ မည်သည့်သတင်းကိုမျှ မရရှိသေးချေ။

ဤသည်က လင်းရီ၏ ပုံစံနှင့် မတူချေ။

သူ ဘာတွေများ လုပ်နေပါလိမ့်နော်…..

“ အစည်းအဝေးလုပ်နေတာ တစ်နာရီကျော်နေပြီ… သမီး မင်း စကားတစ်ခွန်းလည်း ဝင်မပြောဘူး… ဘာတွေ အဲ့လောက်ထိ အတွေးလွန်နေတာ…” တာခါယာ မစ်ဆူမှ ပြောလိုက်သည်။

“ လင်းရီဘက်က တန်ပြန်တိုက်ခိုက်လာတော့မယ်လို့ စဉ်းစားနေတာ… အဖေသာ သေချာပြင်ဆင်ထား…”

“ တန်ပြန်တိုက်ခိုက်လာမယ် ဟုတ်လား… ဟင်းဟင်း..”

တာခါယာမစ်ဆူမှ အေးစက်စက် ရယ်မောလိုက်ပြီး “ သူ့မှာသာ အစွမ်းအစရှိတယ်ဆိုရင် ခုလိုမျိုး ငြိမ်နေမှာ မဟုတ်ဘူး… လင်းယွင်အုပ်စုက ကုမ္ပဏီကြီး တစ်ခုဆိုပေမယ့် အဖေတို့ မစ်ဆူအုပ်စုနဲ့ ယှဉ်ရင် ဆယ်ပုံတစ်ပုံတောင် မရှိတာ… နိုင်ငံတကာ ဈေးကွက်မှာဆိုရင် မင့်အဖေက ပိုပြီး လွှမ်းမိုးမှုရှိတာ အသိသာကြီး… သူငါ့ကို ဘာလဲ လုပ်နိုင်မှာ… သူ့ အစွမ်းအစနဲ့ဆိုရင် ငါပြောလိုက်မယ်… နင့် ဒုတိယ ဦးလေးကိုတောင် သူ နိုင်မှာ မဟုတ်ဘူး… အဲ့တာကို မင်းက သူ့ဘက်က တန်ပြန်တိုက်ခိုက်လာမှာကို တွေးပူနေတယ်… ဖြစ်နိုင်မှာလား…”

အာယာနဲ မစ်ဆူ ပြန်မဖြေဘဲ တိတ်ဆိတ်လျက်သာ နေသည်။

သူမသည်လည်း လင်းရီ မစ်ဆူအုပ်စုကို ဆန့်ကျင်လို့ အနိုင်ယူနိုင်ပါမည်လော ဆိုသည့် မေးခွန်းကို အဖန်တလဲလဲ မေးမြန်းကြည့်ခဲ့ဖူးသည်။

အဖြေကတော့ ‘ NO ‘ ပင်။

သို့သော် သူမခေါင်းထဲရှိ တိုးညှင်းသည့် အသံတစ်သံက အာယာနဲမစ်ဆူကို လင်းရီသည် လွယ်ကူစွာပင် အနိုင်ယူနိုင်သည်ဟု ပြောကြားနေခဲ့၏။

အဆုံးတွင်တော့ သူမ ဒုတိယ အဖြေတစ်ခုဘက်သို့ စိတ်ယိမ်းလိုက်တော့သည်။

သူမတို့ချင်းက မတူညီသည့် ချိန်ခွင် တစ်ဖက်တစ်ချက်စီတွင် ရပ်တည်နေပြီး ဖြစ်သော်လည်း လင်းရီ ဤကိစ္စကို အလွှတ်ပေးလိမ့်မည် မဟုတ်ကြောင်း သေချာနေသည်။

သူ၏ တုံ့ပြန် တိုက်ခိုက်လာမှုက ကြာညောင်းလေ မစ်ဆူအုပ်စုအပေါ်သို့ ထိုးနှက်ချက်က ကြီးမားလေ ဖြစ်ပေလိမ့်မည်။

“ ဥက္ကဌကြီး…. သတင်းဆိုးပါ…”

လက်ထောက်မှ အလျင်စလို ပြေးလာခဲ့ပြီး “ Intel, Cymer နဲ့ Zeiss တို့ပေါင်းပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တယ်… သူတို့ဘက်က ဘယ်လို အစိတ်အပိုင်းမျိုးမှ ရောင်းချပေးခဲ့ခြင်း မရှိသလို ကျုပ်တို့နဲ့လည်း ပူးပေါင်းမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်… “

“ မင်း ဘာပြောလိုက်တယ်….”

ထိုသတင်း ကြားပြီးသည့်နောက် အစည်းအဝေးခန်းထဲရှိ လူတိုင်း၏ နဖူးထက်သို့ ချွေးအေးများ စို့သွားခဲ့ကြ၏။

ဤသည်က မစ်ဆူအုပ်စုကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လိုက်ခြင်းပင်။

အာယာနဲ မစ်ဆူ၏ မျက်လုံးလှလှလေးများ ပြူးခနဲ ဖြစ်သွားခဲ့တော့၏။

ဤမျှ တည့်တိုးဆန်နေလိမ့်မည်လို့ သူမ ထင်ပင် ထင်မထားခဲ့ချေ။

ဤသည်က မစ်ဆူအုပ်စုကို သေသည်အထိ ရိုက်နှက်လိုက်သည်နှင့်မခြား။

တစ်ချိန်တည်းတွင် ဧရာမ မေးခွန်းသင်္ကေတ တစ်ခုက အာယာနဲ မစ်ဆူ စိတ်ထဲ ချင်းနင်းဝင်ရောက်လာခဲ့၏။

လင်းရီက အဲ့ ကုမ္ပဏီသုံးခုကို ပူးတွဲကြေညာချက် ထုတ်ပြန်စေနိုင်လောက်အောင် ဘယ်လိုများ လုပ်လိုက်တာပါလိမ့်…

မစ်ဆူ အုပ်စုရဲ့ နိုင်ငံတကာမှာ ရှိထားတဲ့ အဆင့်အတန်းအရဆိုရင် ဒီကုမ္ပဏီသုံးခုက သူတို့နဲ့ တစ်ဖက်တည်း ရပ်တည်ဖို့ ဆန္ဒရှိနေသင့်တာ မဟုတ်ဘူးလား…

“ သတင်းက အမှန်ပါ ဥက္ကဌကြီး… အဲ့နောက်မှာ ကုမ္ပဏီ အများအပြားကလည်း ကျွန်တော်တို့ မစ်ဆူအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုပါဘူးလို့ ကြေညာထားကြတာ အများကြီးပဲ.. ကျွန်တော်တို့လက်ထဲက လီတိုဂရပ်ဖီ နည်းပညာကလည်း လင်းယွင်အုပ်စုရဲ့ အပိုင်ပါလို့လည်း ပြောဆိုနေကြတယ်.. ကုမ္ပဏီရဲ့ ရှယ်ယာတွေလည်း စတင် ကျဆင်းလာနေပါပြီ…”

လက်ထောက်ဖြစ်သူမှ တုန်လှုပ်ခြောက်ခြားစွာ ပြောရင်း စတော့မားကတ် ဇယားကိုပင် ဖွင့်ပြလိုက်သေးသည်။

“ ငါ ယာမာဇူကီဆီ ဖုန်းဆက်လိုက်မယ်…”

ကလင် ကလင် ကလင်….

သူ ဖုန်း မခေါ်နိုင်သေးခင်တွင်ပဲ တာခါယာ မစ်ဆူ၏ ဖုန်းသံ မြည်လာသည်။ ယင်းက ယာမာဇူကီထံမှပင်။

“ ဘာတွေ ဖြစ်နေတာလဲ…. ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်ကုန်တာလဲ…”

“ အစ်ကိုကြီး… ဒီလိုပါ…..”

ဘုတ်…

ယာမာဇူကီ မစ်ဆူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် တာခါယာ မစ်ဆူ၏ ဖုန်းမှာ ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ မျက်ဝန်းများက ပြူးပြဲလို့နေပြီး ပြုတ်ကျသွားသည်ကိုပင် သတိပြုမိဟန်မရှိပေ။

“ အဖေ…. ဘာတွေဖြစ်နေတာလဲတဲ့…”

“ သူ… သူ့မှာ Intel နဲ့ Cymer ရဲ့ ရှယ်ယာတွေ ရှိနေတယ်…”

“ ဟင်…”

အာယာနဲ မစ်ဆူ ကြက်သေသေသွားခဲ့တော့၏။

“ ဘယ်… ဘယ်လိုလုပ်ပြီး သူ့မှာ Intel နဲ့ Cymer ရဲ့ ရှယ်ယာတွေ ရှိနေရတာလဲ… အဲ့ဒီ အမေရိကန်တွေကရော ဘယ်လိုလုပ်ပြီး လုပ်ခွင့်ပြုနိုင်ရတာလဲ…”

“ အဖေလည်း အဲ့တာ မသိဘူး…” တာခါယာ မစ်ဆူ အံကို တင်းတင်းကြိတ်လျက် “ ဘာပဲဖြစ်ဖြစ် အဖေတို့တော့ အကွက် မှားရွှေ့မိပြီ…”

အာယာနဲ မစ်ဆူ သူ့အဖေကို ထိန်းထားပေးရင်း အေးစက်စက်လေသံဖြင့် “ မနေ့ညတုန်းက သမီး အဖေ့ကို သတိပေးခဲ့ပြီးပြီ… အဲ့ဒါကို အဖေက ကိုယ့်ကိုယ်ကို သွေးနားထင်ရောက်ပြီး လင်းရီကို အထင်သေးခဲ့တယ်လေ… ခု သူ့အကြောင်း ပိုနားလည်သွားပြီမလား…”

“ ဒါပေမယ့် ဘယ်သူကရော သူ့မှာ Intel နဲ့ Cymer ရဲ့ ရှယ်ယာတွေ ရှိနေမယ်လို့ ထင်ထားခဲ့မှာလဲ…”

“ အဖေသူ့ကို ဖောက်ထွင်းပြီး မြင်နိုင်မှာ မဟုတ်ဘူး… အဖေသူ့ကို ထောင့်ကပ်ထားနိုင်ပြီး အောင်ပွဲက လက်တစ်ကမ်းအလိုလောက်ပဲ ရှိတယ်လို့ ထင်ရတဲ့ အချိန်တိုင်း သူ့ဘက်က ထင်မှတ်မထားတဲ့ ဝှက်ဖဲတွေ ထုတ်ပြလာလိမ့်မယ်..” အာယာနဲ မစ်ဆူ တည်ငြိမ်စွာ ပြော၍ “ ဒီလို အခြေအနေမျိုးတွေကို အတိတ်တုန်းက သမီး ကောင်းကောင်းကြီး အတွေ့အကြုံ ရခဲ့ပြီးပြီ… သမီးတို့ ဘယ်သူ့ကို မဆို အထင်သေးလို့ရတယ်.. ဒါပေမယ့် လင်းရီကို‌တော့ မရဘူး….”

All Chapters