← Chapters

တာခါယာ မစ်ဆူ၏ ဖုန်းခေါ်ဆိုလာမှု

Vol. 86 Ch. 1280

တာခါယာ မစ်ဆူ၏ ဖုန်းခေါ်ဆိုလာမှု

Vol. 86 Ch. 1280

မွန်းလွဲပိုင်း နေ အနည်းငယ် ကျသည့်အချိန်တွင် နိုင်ငံတကာ semiconductor ထိပ်သီးညီလာခံသည်လည်း ပြီးဆုံးသွားခဲ့၏။

လင်းရီသည် လူတိုင်း၏ အာရုံစူးစိုက်ရာ ဖြစ်လာခဲ့ကာ လူတိုင်းကလည်း သူ့ထံ ဝိုင်းအုံလာကြတော့၏။

တစ်ချို့ဆို မစ်ဆူမိသားစု ဖော်ပြသွားခဲ့သည့် လီတိုဂရပ်ဖီ နည်းပညာက လင်းယွင်အုပ်စု၏ သုတေသန စင်တာမှ လျှို့ဝှက် ပရောဂျက်ဟု ညွှန်းဆိုနေကြလေသည်။

လင်းရီကတော့ ဝိရောဓိ ဖြစ်စေမည့် အဖြေမျိုးသာ ဖြေကြားပေးလိုက်ပြီး တိကျသေချာသည့် အဖြေတစ်ခုကို မပြောပြလိုက်ချေ။

ယင်းက လူတိုင်းကို နားဝေတိမ်တောင် ဖြစ်သွားစေသည်။

အကယ်၍ ဤသတင်းကသာ ယခုလို အရေးကြီးသည့် အခိုက်အတန့်မျိုးတွင် ထွက်ပေါ်လာခဲ့မည်ဆိုပါက လင်းယွင်အုပ်စုအတွက် အင်မတန်ကို အကျိုးကျေးဇူးများလိမ့်မည်။

မရေရာသည့် စကားလုံးများကို အဘယ်ကြောင့် ပြောဆိုနေဦးမည်နည်း။

လူအုပ်စုကြီး တစ်ခုလုံးတွင် ရှန်းရှုရီသာလျှင် လင်းရီ၏ လုပ်ရပ်ကို နားလည်ပေးနိုင်လိမ့်မည်။

သူမကတော့ လင်းရီမှာ သိပ်ကို ထက်မြက်လွန်းသည်ဟု ခံစားနေရ၏။

သူ ယခုလို ပြုလုပ်ရခြင်း ရည်ရွယ်ချက်က လူတိုင်း၏ စိတ်ထဲတွင် တွေးလိုရာကို တွေးစေပြီး အချိန်ကြာသည်နှင့်အမျှ သည့်ထက်မက ချဲ့ကားသွားသည်မျိုးလည်း ဖြစ်စေနိုင်လေသည်။

၎င်းနောက် ထိုအတောအတွင်း ဤအရေးကိစ္စသည်က ကမ္ဘာတစ်ဝှမ်းလုံး၏ အာရုံစူးစိုက်ရာ အကြောင်းအရာတစ်ရပ် ဖြစ်ပျက်လာပေလိမ့်မည်။

လူတိုင်း၏ မျက်လုံးက ဟွာရှ semiconductor နယ်ပယ် အပေါ်၌သာ အာရုံရောက်နေပေလိမ့်မည်။

အကယ်၍ လင်းယွင်အုပ်စု ဓာတ်ခွဲခန်းကသာ လီတိုဂရပ်ဖီစက်ကို ဖန်တီးပြုလုပ်နိုင်သည် ဆိုပါက ဟွာရှ၏ ဈေးကွက်သည် နိုင်ငံတကာ ဈေးကွက်၏ ထောက်ခံကူညီပေးမှုကို ရရှိပေလိမ့်မည်။

နယ်ပယ်တစ်ခုလုံး၏ စတော့ဈေးနှုန်းများသည်လည်း ဒုံးပျံကဲ့သို့ ထောင်တက်သွားမည်ဖြစ်၏။

ဒုတိယ တစ်ချက်အနေဖြင့် ဤကိစ္စ၏ အဟုန်ကို ကြာမြင့်စွာ ထိန်းထားနိုင်မည်ဆိုပါက လင်းယွင်အုပ်စုအောက်ရှိ လက်အောက်ခံ ကုမ္ပဏီများ၏ ရှယ်ယာတန်ဖိုးများသည်လည်း မြင့်တက်လာပေမည်။

၎င်းနောက် ရေပန်းစားမှု လျော့ကျသွားသည့် အခါတွင် သူ့ဘက်က အတည်ပြုသည့် သတင်းကို ထပ်မံထုတ်ဖော် ပြောဆို၍လည်း ရသေးသည်။ ထိုအခါကျ စတော့ရှယ်ယာ ဈေးနှုန်းများသည်လည်း ထပ်မံ၍ မြင့်တက်သွားပေလိမ့်မည်။

အရေးကြီးဆုံးကတော့ တစ်ကမ္ဘာလုံးအတွက် မစ်ဆူမိသားစုကို ကောင်းကောင်းကြီး တိုက်ခိုက်နိုင်ရန် အခွင့်အရေးတစ်ရပ် ဖန်တီးပေးလိုက်ခြင်းပင်။

ဤသို့ဖြင့် ၎င်းတို့ ခံစားရမည့် ဆုံးရှုံးမှုများက တိုင်းတာ၍ပင် ရလိမ့်မည် မဟုတ်တော့ချေ။

ဤသတင်းက အသုံးချတတ်ရင် ချတတ်သလို တာသွားလေသည်။

ညီလာခံ ပြီးဆုံးသည့်နောက် လင်းရီ ရှန်းထျန်းကျိုးနှင့် ကျန်သူများကို ဟိုတယ်သို့ ပြန်ခေါ်လာခဲ့ပေးသည်။

“ ဥက္ကဌလင်း… ဒီနေ့ အဖြစ်အပျက်က တကယ့်ကို အားရကျေနပ်စရာကြီး…”

စွန်းဖုယွီမှာ ထကလုမတတ် ပျော်ရွှင်နေဟန်ရပြီး “ ကျုပ်တို့ အဲ့ဒီ ဂျပုတွေကို ဘယ်လောက် ခွန်အားကြီးကြောင်း ပြသရမယ်… လွယ်လွယ်လေး လက်လွှတ်ပေးလိုက်လို့မရဘူး…”

“ ကောင်းပြီ…. လောလောဆယ် အဲ့ကိစ္စ စိုးရိမ်နေစရာ မလိုတော့ဘူး… စင်တာကို ပြန်ပြီး နောက်ဆက်တွဲကိစ္စတွေ ကိုင်တွယ်ဖို့ ပြင်တော့…. ကုန်ကုန်ပြောမယ်ကွာ… ဒီအကြောင်း စဉ်းကို စဉ်းစားမနေနဲ့တော့..”

“ နားလည်ပါပြီ ဥက္ကဌလင်း…”

ထို့နောက် လေးယောက်သား ဟိုတယ်တွင် ထမင်းအတူစားလိုက်ကြ၏။ ထမင်းဝိုင်းရှိ လေထုမှာ ယမန်နေ့ကနှင့် လုံးဝကို ကွဲပြားခြားနားနေပြီး လူတိုင်းက ခွက်ကို ထပ်ခါတလဲလဲ လေပေါ်မြှောက်နေကြကာ ကြည်နူးပျော်ရွှင်ဖွယ် အငွေ့အသက်တို့ဖြင့်သာ ပြည့်နှက်နေလေသည်။

“ လင်းရီ… ညီလာခံပြီးတော့ အင်တာဗျူးမှာ မင်း ဒီကိစ္စကို မရေမရာတွေ ပြောခဲ့တယ်ဆိုတော့ ဒီသတင်းကို အချိန်သပ်သပ်ပေးပြီး ကြေညာဖို့ စိတ်ကူးထားတာလား… “ ရှန်းထျန်းကျိုးမှ မေး၏။

“ ခုက အချိန်မကျသေးဘူး… ကျုပ် တာခါယာမစ်ဆူရဲ့ ဖုန်းကို စောင့်ဦးမယ်…ခု ကျုပ်တို့ဘက်က အသာစီးရတဲ့ အခြေအနေဖြစ်နေပြီ.. သူတို့ ဘယ်လောက်ထိ တည်ငြိမ်နိုင်မလဲ စောင့်ကြည့်ကြတာပေါ့…”

“ ငါတို့ရဲ့ လီတိုဂရပ်ဖီစက်က ကမ္ဘာကြီးဆီ ဒီလိုပုံစံနဲ့ ချပြလိုက်ရလိမ့်မယ်လို့ ထင်ကို မထင်ထားဘူး…. “

“ ကျုပ်လည်း ထင်မထားဘူးပဲ… ဒါပေမယ့် နောက်ဆုံး အနိုင်ရတဲ့သူက ကျုပ်တို့ပဲလေ… အဆိုးထဲက အကောင်းပဲ မှတ်လိုက်ပါ…”

“ ပြန်ရောက်လို့ကတော့ ငါတို့ ဓာတ်ခွဲခန်းရဲ့ လျှို့ဝှက်ချက်တွေကို ပိုပြီး တင်းကြပ်မှရမယ်… ဒီတစ်ခါနဲ့တင် ငါ တော်တော်လေး သင်ခန်းစာရသွားပြီ…” ရှန်းထျန်းကျိုး ပြောလိုက်၏။

“ ကျုပ်ကတော့ အဲ့ကိစ္စတွေ အာရုံမရှိဘူး… ဒါရိုက်တာရှန်း အဆင်ပြေသလိုသာ ကြည့်လုပ်… ကျုပ် ဒီစကားပဲ တစ်ဖန် ပြန်ပြောမယ်.. ပိုက်ဆံလိုရင်တော့ အချိန်မရွေးကျုပ်ကို ပြောလိုက်…”

ရှန်းထျန်းကျိုး သူ၏ ဖန်ခွက်ကို မြှောက်လိုက်၏။

“ ထပ်ပြီး ယုံကြည်ပေးလို့ ကျေးဇူးပဲကွာ….”

လင်းရီ ပြုံးရင်းဖြင့် ရှန်းထျန်းကျိုးနှင့် ခွက်ချင်း တိုက်ခိုက်သည်။ ထို့နောက် နှစ်ယောက်လုံး တစ်ကစ်တည်း ကစ်၍ အပြတ်ဖြတ်လိုက်ကြ၏။

ထမင်းစားပြီးနောက် လင်းရီ ကားခေါ်၍ သူတို့ သုံးယောက်ကို လေဆိပ် လိုက်ပို့ပေးလိုက်သည်။

ကျန်သည်များကတော့ အသေးမွှား ကိစ္စလေးများပင်။ သူ့ဘက်က လိုအပ်သည်မှာ စောင့်ဆိုင်းမှု တစ်ခုတည်းပင်။

ကလင် ကလင် ကလင်…

ရှန်းထျန်းကျိုးတို့ကို လိုက်ပို့ပေးပြီးနောက် လင်းရီ ကျုံးဝေ့တပ်ဖွဲ့သို့ သွား၍ တစ်ချက်ကြည့်ရန် ဟန်ပြင်လိုက်သည်။ သို့သော် သူကားထဲ ဝင်လို့ မဆုံးသေးခင်တွင်ပဲ ဖုန်းက အသံမြည်လာသည်။ ဟော်ယွမ်ယွမ်မှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ အစည်းအဝေးက ပြီးသွားပြီလား…”

“ ပြီးပြီ… ဘာကိစ္စလဲ…. “

“ ရှင် ချိုးရွှီချိန်ကို တွေ့ပြီလားလို့ပါ…”

လီတိုဂရပ်ဖီစက် နည်းပညာ ခိုးယူခံလိုက်ရသည့် ကိစ္စကို ဖြေရှင်းပြီး လှလှပပ တန်ပြန်နိုင်ခဲ့သည့် ကိစ္စကို ဟော်ယွမ်ယွမ် မသိမဟုတ်၊ သိရှိပြီးပြီ။ သို့သော် သူမ အဆိုပါ ကိစ္စကို စိတ်ထဲ အာရုံစိုက်နေဆဲပင်။ လင်းရီ ချိုးရွှီချိန်အား ရှာတွေ့ခြင်း ရှိမရှိ အပေါ် ပို၍ပင် အာရုံစိုက်နေသည်။

ထို သေချင်းဆိုးကြီးကြောင့်သာမဟုတ်ပါက ယခုလို ကိစ္စများ ဖြစ်ပျက်လာလိမ့်မည် မဟုတ်ချေ။

“ မတွေ့သေးဘူး…”

“ ကျွန်မ ဒါရိုက်တာမာကို ဒီကိစ္စ မေးကြည့်ပြီးပြီ… သူ ပြောတာ ချိုးရွှီချိန်ရဲ့ လုပ်ရပ်က ပူးပေါင်း သတင်းပေးတဲ့ လုပ်ရပ်လို့ ယူဆလို့ရတယ်… ပြီးတော့ ကျွန်မတို့ ဖန်တီးထားတဲ့ လီတိုဂရပ်ဖီစက်က စစ်တပ်ရဲ့ လျှို့ဝှက်ထုတ်ကုန်လို့လည်း သတ်မှတ်လို့ရတယ်… ဒီ အမှုရဲ့ အသေးဆုံး အပြစ်ပေးမှုက ထောင်ဒဏ်ဆယ်နှစ်အထိရှိတယ်… ဒီတော့ ကျွန်မတို့ သူ့ကို ဖမ်းမှရမှာ..”

“ အဲ့လောက်ထိ လောနေစရာ မလိုပါဘူးကွာ… ဘာလုပ်ရမလဲဆိုတာ ငါသိပါတယ်….

ဟော်ယွမ်ယွမ် တောင်းပန်ချင်နေမှန်း လင်းရီသိသည်။ ထို့ကြောင့် ချိုးရွှီချိန်ကို တတ်နိင်သမျှ ဖမ်းဆီးလိုနေခြင်းပင်။

“ ဒါက ရှင်သိတာနဲ့ ဘာမှမဆိုင်ဘူး… ရှင် မြန်မြန် လုပ်မှရမှ…” ဟော်ယွမ်ယွမ် အတွန့်ကလေး အနည်းငယ်လောက် တက်ပြီးနောက် “ ရှင် ဘာမှ ပြောစရာ မရှိတော့ဘူးဆို ကျွန်မရဲ့ ကောင်းနား သွားတော့မယ်…”

“ အေး … ထပ်ပြီးလည်း ပြဿနာတွေ ရှာမနေနဲ့ဦးဗျ… မင်းတစ်ယောက်နဲ့တင် တော်တော်လေး ပြဿနာ များလှပြီ.. စိတ်ချ ငါ အဲ့ကောင်ကို ကျိန်းသေပေါက် ဖမ်းမှာ…” လင်းရီ ပြောလိုက်ပြီး “ မင်းဘက်က မင်းအလုပ်မင်းသာ အာရုံစိုက်… ဒီဘက်ခြမ်းက ကိစ္စတွေ ဘာမှ စိုးရိမ်နေစရာ မလိုဘူး…”

“ ဒါဆိုလည်း ရှင်ပြန်ရောက်လာရင် ရှင်နဲ့ အစ်မကျီကို ထမင်းလိုက်ကျွေးမယ်… ဘယ်ဆိုင်မှာ စားချင်လဲ ရှင့်သဘော….”

“ မင်းလို တစ်ပြားကနေ နှစ်ပြားခွာနေတဲ့လူက ထမင်းဖိတ်ကျွေးတယ်ဆိုတော့ ဒီကိစ္စက ငါ လင်းရီရဲ့ အထုတ္ထုပတ္တိထဲမှာ ရေးမှတ်ထားသင့်တဲ့ ကိစ္စပဲ…”

“ ဟွန့် ကျွန်မက အနာဂတ်ကျရင် ကောင်းမိသားစုရဲ့ ချွေးမ ဖြစ်လာမယ့်သူမှာနော်… အနုပ်တန်လေးတွေလောက်ကတော့ ကပ်တွက်မနေပါဘူး..”

“ အေးပါ… ဒီကိစ္စ ခေါင်းထဲ ထည့်မနေနဲ့… အပြစ်ရှိသလို ခံစားနေစရာလည်း မလိုဘူး… စီးပွားရေး လုပ်တဲ့နေရာမှာ ဒီလိုကိစ္စတွေ ရှိတာ သာမန်ပဲ… ဆက်ပြီးသာ အလုပ်ကြိုးစား…”

“ နားလည်ပြီ… "

ဟော်ယွမ်ယွမ်ကို နှစ်သိမ့်ပေးပြီးနောက် လင်းရီ ကျုံးဝေ့တပ်ဖွဲ့ထံ မောင်းနှင်လာခဲ့သည်။

သူ ရောက်တော့ လေ့ကျင့်ရေးကွင်းပြင်မှာ ဗလာကျင်းနေသည်ကို မြင်တွေ့လိုက်ရလေသည်။

စစ်ဆေးမှုမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်၏။

လင်းရီ ခေတ္တမျှ တွေးတောကြည့်လိုက်တော့ ယနေ့က ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်စွမ်းအား စစ်ဆေးသည့် လေ့ကျင့်ရေးပင်။ ထို့ကြောင့် ပို၍ပင် လျင်မြန်နေသည်။

သူ မကြာမီတွင်ပဲ လျိုဟုန်၏ ရုံးခန်းထဲ ရောက်ရှိလာခဲ့၏။

ချိုးယွီလော့၊ နင်ချဲ့၊ ထောက်ချိန်နှင့် ကျန်းချင်တို့အားလုံးလည်း အထဲတွင် ရှိနေပြီး သူတို့ ကြည့်ရသည်မှာ ရလဒ်များကို စစ်ဆေး၍ အဆင့်စီနေကြဟန်ပင်။

လင်းရီ ဝင်လာသည်ကို မြင်တော့ လူတိုင်း ၎င်းတို့ ပြုနေသည်များအား ရပ်တန့်လိုက်ကြ၏။

“ မင်းရဲ့ လင်းယွင်အုပ်စု တစ်ခုခု ဖြစ်သံကြားတယ်… ခု ဘယ်လိုလဲ… “ လျိုဟုန်မှ မေး၏။

“ ခု အဆင်ပြေသွားပါပြီ… စိတ်ပူစရာ မလိုတော့ပါဘူး…” လင်းရီ ဘာမှ မဖြစ်သကဲ့သို့ ပြောလိုက်ကာ “ ခင်များတို့ရဲ့ အခြေအနေကရော…”

“ ဒီနေ့ အခြေအနေကတော့ နည်းနည်း ထူးတယ်ကွ… ပထမရတဲ့လူက ရှောင်ပင်းတဲ့… သူက E အဆင့်… ပထမ သုံးရက်တုန်းက သူ့ရဲ့ ရလဒ်တွေက သာမန်ပဲ… အံ့ဩဖို့ကောင်းနေတာမျိုးလည်း မဟုတ်ဘူး… ဒီကောင် ဒီနေ့လို စစ်ဆေးပွဲမှာ ပထမရလိမ့်မယ်လို့ ထင်ကို ထင်မထားတာ..”

“ တကယ်ကြီး ထင်မထားတဲ့ ကိစ္စပဲ..” နင်ချဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့ဒီ ယွီစီယင်လို့ခေါ်တဲ့ ကောင်မလေးလည်း မဆိုးပါဘူး… သူက ဒုတိယ… နင် အများကြီး မျှော်လင့်ထားတဲ့ စွေ့ချန်ကတော့ အဌမ… “

“ အဲ့လောက်ဆိုရင်ကို မဆိုးပါဘူး… မင်းက ဘာတွေ ထပ်လိုချင်နေတာ..” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ စကားမစပ် နောက်ဆုံး တိုက်ပွဲ ပုံစံတု လေ့ကျင့်ရေးကို ဘယ်တော့လောက် စဖို့ စီစဉ်ထားလဲ…”

“ သန်ဘက်ခါလောက် လုပ်ဖို့ စီစဉ်ထားတယ်… “ နင်ချဲ့ ပြန်ဖြေလိုက်ပြီး “ တချို့ လုပ်စရာလေးတွေ ကျန်သေးတော့ ပြင်လို့ဆင်လို့ကို မပြီးသေးဘူး..”

“ အင်း… အချိန်ကျရင် ကျုပ်ရှိနေမယ်…”

ကလင် ကလင် ကလင်….

သူ ထွက်ခွာတော့မည့် အချိန်တွင်ပဲ သူ့ဖုန်းသံ မြည်လာခဲ့၏။ ယင်းက အာယာနဲ မစ်ဆူထံမှပင်။

“ မစ္စတာလင်းလား…”

လင်းရီ ဖုန်းကို ချက်ချင်း ကိုင်လိုက်၏။ သို့သော် ဖုန်းပြောလာသည့်သူက အာယာနဲ မစ်ဆူ မဟုတ်ပါဘဲ အသံဩဩနှင့် အမျိုးသား တစ်ယောက်၏ လေသံ ဖြစ်နေသည်။

“ ခင်များက တာခါယာ မစ်ဆူပဲ ဖြစ်မယ်…”

All Chapters