နင်ငါ့ကို ကြိုက်တာ လုပ်လို့ရတယ်
Vol. 86 Ch. 1283
“ လက်သည် ….”
ချိုးယွီလော့နှင့် နင်ချဲ့တို့ ပြိုင်တူရေရွတ်လိုက်ကြရင်း သူမတို့၏ မျက်ဝန်းတို့က တစ်စုံတစ်ရာကို ပြန်ပြောင်း အောက်မေ့နေကြသည့်နှယ် မျက်လုံးအိမ်တို့ မသိမသာ ကျယ်ပြန့်လာခဲ့ကြ၏။
ဂျင်မီနှင့် အယ်လက်ဆာတို့ ပျက်စီးရခြင်း နောက်ကွယ်ရှိ လက်သည် တရားခံက လင်းရီ။
အကယ်၍ သူတို့သာ သဲလွန်စ တစ်စုံတစ်ရာ ရှာတွေ့သွားခဲ့မည် ဆိုပါက ယင်းက လင်းရီနှင့် ဆက်စပ်နေမည်မှာ ကျိန်းသေသလောက်ကို ရှိသည်။
အကယ်၍ ထိုအတွေးသာ မှန်ကန်ခဲ့မည်ဆိုပါက ဆိုလိုသည်မှာ လင်းရီ အန္တရာယ် ရှိနေပြီ မဟုတ်ပါလော။
“ ငါ ခုမှ သတိရလို့…”
ချိုးယွီလော့ ရုတ်တရက် ခေါင်းမော့လာခဲ့ပြီး “ ခုလေးတင် မစ်ဆူ အုပ်စုက လင်းရီကို ချိုးရွှီချိန်ကို ခေါ်ဖို့ဆိုပြီး ဂျပန်လာခဲ့ဖို့ ပြောတယ်မလား.. ခု ပေါလ်က တိလိရာ့ ကျွန်းကနေ ထွက်လာနေပြီ… ဒီနှစ်ခုက ဆက်စပ်နေလောက်လား…”
ချိုးယွီလော့၏ စကားလုံးများက သုံးယောက်လုံး၏ အတွေးကို လင်းခနဲ ဖြစ်ပျက်သွားစေသည်။
ယင်းက ဖြစ်နိုင်ချေရှိသည်။
လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်၏။ သူ၏ ယခင် အတွေးများက ပိုမို ပြတ်သားကြည်လင်လာသည်ဟု ခံစားနေရလေသည်။
တာခါယာမစ်ဆူ သူ့အား အဘယ်ကြောင့် ဂျပန်သို့ ခေါ်ဆောင်ချင်နေရသလဲဆိုတာ ရှင်းပြရန် လွယ်လွယ်လေးပင်။
သူတို့၏ လူမှုအဆင့်အတန်းဖြင့် ဆိုပါက ချိုးရွှီချိန်ကဲ့သို့သော ပါမွှားလေးမှာ သူတို့အမြင်တွင် ပုရွက်ဆိတ်လို လူသားပင်။ သူ၏ အမြင်သဘောထားကို အလေးထားနေစရာ အကြောင်း ရှိကို မရှိသင့်ချေ။ ငနဲသားကို သတိလစ်အောင် ပြုလုပ်၍ ပါဆယ်ပုံးထဲထည့်ကာ ဟွာရှသို့ ပို့လိုက်လျှင်လည်း အဆင်ပြေသည်။
ထို့ကြောင့် ဤဖြစ်ရပ်နှစ်ခုမှာ ဆက်စပ်နေဖို့ များ၏။
“ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ..” လင်းရီ ပြုံးလိုက်၏။
“ ဒါ အသေးအမွှား ကိစ္စလေး မဟုတ်ဘူး… ပေါ့သေးသေး မတွက်နဲ့…” လျိုဟုန် သူ့အား သတိပေးလိုက်ပြီး “ မစ်ဆူ အုပ်စုက မင်းကို ဘယ်လိုမျိုး ဆက်သွယ်လာတာ…”
“ သူတို့ ပြောတာ ချိုးရွှီချိန်က အခု ဥရောပမှာ… သူတို့ သူ့ကို ဆက်သွယ်ပြီး ဂျပန်ကို ပြန်ခေါ်မယ်… သူ ဂျပန်ရောက်တာနဲ့ ကျုပ်ဆီ ဆက်သွယ်လာခဲ့မှာ…”
“ မင်း ဘယ်လိုထင်လဲ…”
“ ဘာကို ဘယ်လိုထင်ရမှာ… ဒါပေါ့… ကျုပ် ကျိန်းသေပေါက် သွားရမှာပေါ့…”
“ အဲ့ချိန်ကျရင် ကျုံးဝေ့တပ်ဖွဲ့က လူတစ်ချို့ပါ မင်းနဲ့ ထည့်ပေးလိုက်မယ်…”
“ မလိုဘူး.. ကျုပ်ဘာကျုပ် ကိုင်တွယ်လို့ရတယ်…” လင်းရီ လက်ဝှေ့ယမ်းပြီး ငြင်းဆန်လိုက်၏။
“ မရဘူး… ဒီကိစ္စ နည်းနည်းလေးမှ အမှားယွင်း ပေးခံလို့ မဖြစ်ဘူး… မင်း တစ်ယောက်တည်း ပေးမသွားနိုင်ဘူး..” လျိုဟုန် ချက်ချင်း ငြင်းဆန်လိုက်ပြီး “ အဲ့တာအပြင်ကို ငါ ကျိုးဟိုင်နဲ့ ရန်ချိန်က မင်း မိသားစုကို ကာကွယ်ပေးထားဖို့ ပြောလိုက်မယ်… ရန်ကျင်းမှာ နည်းနည်း ကြာကြာ နေဦး… လျှောက်ပြီး ပြေးလွှားမနေနဲ့…”
“ အဲ့လောက်ကြီး သတိထားနေဖို့ လိုလို့လားဗျ….”
“ ပေါလ်က အယ်လက်ဆာထက်ကို ကြီးတဲ့ ဗုံးကွ… နည်းနည်းလေးမှ အမှားယွင်းခံလိုက်လို့ မဖြစ်ဘူး..”
“ ခင်များ သဘော… နေဆိုတော့လည်း နေရုံပေါ့…”
“ မင်း ဟိုတယ်ကိုလည်း မသွားရင်ကောင်းမယ်… စခန်းမှာ အိပ်ခန်းတွေ အများကြီးပဲ… ဒီမှာနေလိုက်…”
လျိုဟုန် ပြောလိုက်၏။
“ စခန်းမှာ ဘာလုပ်စရာမှ မရှိတာ… မနေဘူး…”
“ ခွေးကောင်လေးကတော့….”
လေးယောက်သား ဆွေးနွေးငြင်းခုံကြပြီးနောက် လင်းရီတို့သုံးယောက် ပြန်ထွက်လာခဲ့ကြသည်။
သို့သော်လည်း လျိုဟုန်ကတော့ သူ၏ ရုံးခန်းထဲမှာ ထွက်မသွားသေးချေ။
သူ ဖုန်းထုတ်၍ အသင်း ၄ ၏ ခေါင်းဆောင် ချိန်ကွမ်းကျဲ့ထံ ဖုန်းခေါ်လိုက်၏။
နောက်ဆက်တွဲ နေ့ရက်များတွင် လင်းရီ သူ၏ အချိန်ကို စားရင်း ၊ သောက်ရင်း ၊ လည်ပတ်ရင်းဖြင့် အချိန်ကုန်ဆုံးနေသည်။ သူ စီးပွားရေး စာချုပ် နှစ်ခုကိုပင် လမ်းကြုံ ချုပ်ဆိုဖြစ်လိုက်သေးသည်။
ကျန်သည့် အချိန်များတွင်တော့ ဝီချက်ပေါ်၌ ကျီချင်းရန်နှင့်သာ စာပို့ရင်း စကားပြောနေတတ်၏။
ညနေခင်းပိုင်းတွင် ထွေထူးလုပ်စရာလည်း မရှိလေရာ လင်းရီနှင့် နင်ချဲ့တို့မှ အနှိပ်ပေးသည့် ဝန်ဆောင်မှုကို တစ်ဆက်ရှင် ဆက်ယူလိုက်ကြတော့၏။
“ မစ်ဆူမိသားစုဘက်က ဘာသတင်း ရသေးလဲ..”
ရေပူစမ်းထဲတွင် စိမ်ပြီးနောက် နှစ်ယောက်သား ကိုယ်ကို တံပတ်များဖြင့် ပတ်ကာ သီးသန့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။
“ အင်ဟင့်…” (ရှိသေးဘူး)
“ ငါတော့ သူတို့ ဒီလောက်ထိ အချိန်ဆွဲနေလေ ငါတို့ အရင် ခန့်မှန်းချက်က ပိုပြီး မှန်ကန်နေမယ်လို့ ထင်မိလေလေပဲ…” နင်ချဲ့ ပြောလိုက်ပြီး “ ချိုးရွှီချိန်ဆိုတာ ဒီတိုင်း သာမန်လူတစ်ယောက်… သူ့မှာ ရှိတဲ့အရာ မှန်သမျှကို မစ်ဆူ မိသားစုက ပေးအပ်ထားတာ… ဒီတော့ မစ်ဆူမိသားစုက ပြောသမျှကို သူ ခေါင်းညိမ့်ရမှာပဲ… ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ အေးဆေး ပြန်ခေါ်လိုက်လို့ရတယ်.. ဒါပေမယ့် ခုချိန်ထိ ဘာသတင်းမှ မရသေးဘူး ဆိုတော့ ငါ့အထင် သူတို့ ပေါလ် ရောက်အလာကို စောင့်နေကြတာနဲ့တူတယ်…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ သူ၏ အတွေးပုံရိပ်သည်လည်း နင်ချဲ့နှင့် ထပ်တူကျနေသည်။
“ မင်း ပြောတာ ဟုတ်တယ်… သူတို့ ဖုန်းဆက်လာတဲ့အခါကျရင် ထောင်ချောက်ဆင်ပြီးနေလောက်ပြီ..”
“ အဲ့လိုဆိုရင် နင် သွားဦးမှာလား…” နင်ချဲ့ မေးမြန်းလိုက်ပြီး “ တာခါယာ မစ်ဆူကို နင်သတ်လိုက်လို့ မရဘူးနော်… အဲ့လိုလုပ်လိုက်ရင် ဂျပန်တစ်နိုင်ငံလုံးက နင့်ကို ဝရမ်းထုတ်ပြီး ရေဆုံးမြေဆုံး လိုက်ကြလိမ့်မယ်…”
“ ငါသိတယ်… ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ကို တန်ကြေးတစ်ခုတော့ ပေးဆပ်ခိုင်းရမှာပဲ…”
“ ဟီးဟီး ဒါနဲ့ ငါတို့ မိသားစုက ကျောက်မီးသွေး တူးဖော်တာလေ… ဆိုတော့ တကယ်လို့ အခြေအနေပေးရင် သူတို့ဆီကနေ စက်ကြီးတစ်ချို့လောက် ရအောင် လုပ်ပေးပါလားလို့…” နင်ချဲ့ ကလူမြူဆွယ်သည့်ဟန်ဖြင့် လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်ရင်း “ အလျော်အစားအနေနဲ့ နင် ငါ့ကို လုပ်ချင်တာ လုပ်လို့ရတယ်…
“ ဒါဆို မင်း မှာထားတဲ့ ပါဆယ် စားလို့ရလား… ငါဗိုက်ဆာလို့…”
ဟင်….
“ လစ်စမ်း… နင်က သောက်ရူးပဲ…” နင်ချဲ့ မျက်လုံးလှန်ကြည့်လိုက်သည်။
“ မင်း ကိုယ့်စကားကိုယ်သိလေ… ပြောတော့ ကြိုက်တာလုပ်တဲ့…”
“ ဒါဆိုလည်း နည်းနည်း ပိုလေးနက်တာ လုပ်လေ… ငါက နင့်ကို ဒီလောက် ကောင်းတဲ့ အခွင့်အရေး ပေးထားတာတောင် နင်ဖြစ်ချင်တာက ငါ့မုန့်တွေ စားဖို့ပဲလား… တကယ်တည်း.. နင်ကတော့ မျှော်လင့်ချက်မဲ့ပြီ…”
“ ဟားဟား…..”
“ သူပဲ…”
နှစ်ယောက်သား သီးသန့်ခန်းသို့ လျှောက်လှမ်းလာနေစဉ်တွင် လူလေးယောက် သူတို့ထံ လျှောက်လှမ်းလာနေသည်အား မြင်တွေ့လိုက်ရ၏။ သူတို့အားလုံးက ထူးဆန်းပြီး စေ့စေ့စပ်စပ် ကြည့်နေကြသည်။
လင်းရီ ခေတ္တမျှ ကြောင်အမ်းသွားခဲ့ပြီးနောက် တစ်ဖက်သူ မည်သူဖြစ်ကြောင်းကို ပြန်အမှတ်ရသွားခဲ့တော့သည်။
ထိုသူက သူ၏ ဝမ်ဖူကျင် ပထမရက်တွင် ပထမဆုံး ရောက်လာသည့်လူပင်။
သူ မှတ်မိသလောက်တော့ ငနဲ၏ နာမည်က ဝမ်ရန်ဆိုလား သူ သေချာ မမှတ်မိတော့။ သို့သော် ချိန်လီဆိုသည့် သူ၏ အားကိုးတော့ လက်ရှိ သူ့ဘေးနားတွင် ရှိမနေချေ။
“ နင်တို့ချင်း သိကြတာလား..” နင်ချဲ့ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလာခဲ့၏။
“ ဆိုပါတော့… ငါ ဝမ်ဖူကျင်လမ်းမှာ စစချင်း အသီးရောင်းတဲ့ နေ့တုန်းက လူတွေ ခေါ်လာပြီး ပြဿနာ လာရှာလို့ ငါရိုက်ပေးလိုက်တဲ့ကောင်လေ…”
“ ဒါဆို ဘာလို့ ခုထိ အကောင်းအတိုင်းကြီး ရှိနေသေးတာ… နင် ခြေထောက်တွေ ဘာတွေ မချိုးပေးလိုက်ဘူးလား…”
“ ကံမကောင်းတဲ့ တခြား ငနဲ တစ်ကောင်က သူ့ဘက်က ရပ်တည်ပေးလာတော့ အဲ့ကောင် နှာခေါင်းကိုပဲ ချိုးပေးလိုက်တယ်…”
“ သိသားပဲ… နင်က လူကောင်းမဟုတ်ပါဘူးလို့…”
“ ရှောင်ရန်… ဘာတွေဖြစ်နေတာလဲ… မင်း ဒီနှစ်ယောက်နဲ့ သိလို့လား…”
ပြောလိုက်သူက စွန်းကျန်းမင်ဟု ခေါ်သူပင်။ သူက ဝမ်ရန်ဘေးတွင် ရပ်နေပြီး နင်ချဲ့ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေလျက် ရှိ၏။
သူမလေး၏ မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက်က ထိပ်တန်းပင်။
ရွှေကော်ထန်ချွမ်တွင် ဤကဲ့သို့သော ကောင်မလေးမျိုး တွေ့ရသည်က အတော်ကို ရှား၏။
“ အစ်ကိုမင်… သူက အသီးတွေ ရောင်းတာ.. ရှေ့ရက်တွေတုန်းက သူ ငါ့နား ယွမ် ၁၈၀,၀၀၀ လိမ်ရိုက်သွားရုံတင် မကဘူး… ငါ့ကိုလည်း ရိုက်တယ်.. ညီကိုလီရဲ့ နှာခေါင်းရိုးလည်း ကျိုးသွားခဲ့တယ်… သူခု အိပ်ယာထဲကနေတောင် မထနိုင်သေးဘူး…”
“ ဟေ… ဒီကောင့်ကြည့်ရတာလည်း အဖိုင်းကြီးပါကွ… ဘာလို့ အဲ့လောက် အများကြီး လျော်ပေးလိုက်ရတာ..”
“ သူ ပြောတာ သူ့အသီးက တစ်ကတ်တီကို ယွမ် ၃,၀၀၀ တဲ့… ဒါကြောင့်မို့ ယွမ် ၁၈၀,၀၀၀ ပြန်လျော်ပေးလိုက်ရတယ်…”
“ ချီးတဲ့မှ ဘယ်လို အသီးမျိုးက ယွမ် ၁၈၀,၀၀၀ ပေးရတာတုန်း…”
“ အဲ့တာပြောတာလေ… ငါလည်း အဲ့တာ ပြောတာကို လူကိုရိုက်တယ်တဲ့ ကြည့်…”
“ စိတ်ချ … ငါ မင်းဘက်ကနေ ရပ်တည်ပေးမယ်…”
“ အစ်ကိုမင်… အေးဆေးပေါ့… ဒီကောင့်စကေးတွေက တော်တော်ကြီးကို ကောင်းတာနော်… ညီကိုလီတောင် ဒီကောင့် ပြိုင်ဘက် မဟုတ်တာ ခုနေ တိုက်ခိုက်ရင် အလေးသာမှာ မဟုတ်ဘူး…”
“ စိတ်ချစမ်းပါ… ငါသူနဲ့ ရန်မဖြစ်ပါဘူးဟ… ငါ့ယောက်ဖက အောက်ထပ်မှာ … သူ့ကို သင်ခန်းစာပေးဖို့ ပြဿနာမရှိဘူး…”
“ ဟမ်… မင်း ယောက်ဖက ဆရာကြီးလား…”
“ ဒါပေါ့… သူ ဘယ်လောက် ဆရာကြီးလဲတော့ ငါမသိဘူး… ငါ့အစ်မဆီက ကြားတာတော့ သူ ရန်ကျင်းရောက်လာတာ လျှို့ဝှက် မစ်ရှင် တစ်ခုမှာ ဝင်ပြိုင်ဖို့တဲ့… ပြီးတော့ အဲ့တာက အမျိုးသားရေး မစ်ရှင်.. တွေးသာကြည့်တော့ကွာ… တကယ်လို့ ငါ့ယောက်ဖကသာ မစွမ်းဘူးဆိုရင် အဲ့လောက် မစ်ရှင်မျိုးမှာ ဝင်ပါပါ့မလား…”
“ ဖက်ခ်… အံ့ဩစရာပဲ…”
ဝမ်ရန်နှင့် ကျန်ငနဲသားများ၏ မျက်ဝန်းထဲတွင် မနာလိုအားကျမှုများ ပြည့်နှက်သွားခဲ့ကြသည်။
ထိုကဲ့သို့ ခပ်မိုက်မိုက် ဂုဏ်ပုဒ်ကို မမက်မောသူ မည်သူ ရှိမည်နည်း။
သူတို့ မိသားစုက ငွေကြေး ကြွယ်ဝကြသည် မဆိုသာသော်လည်း အကြောင်းအရာ တော်တော်များများကိုတော့ သိကြသည်။
ထိုကဲ့သို့သော လူမျိုးများတွင် တောက်ပသည့် အနာဂတ်တစ်ခု ရှိမည့် လူစားမျိုးများပင်။
စွန်းကျန်းမင် ရှေ့သို့ တက်၍ “ ညီကို… ငါကြားတာတော့ မင်း ငါ့ညီနားကနေ ယွမ် ၁၈၀,၀၀၀ ညစ်ပြီးမှ လူကိုလည်း ရိုက်လိုက်သေးတယ်ဆို…”