← Chapters

ငါက အနှိပ်သမနဲ့ တူနေလို့လား

Vol. 86 Ch. 1284

ငါက အနှိပ်သမနဲ့ တူနေလို့လား

Vol. 86 Ch. 1284

“ သူ ငါ့ အသီးခြင်းတွေ ဖျက်ဆီးခဲ့တယ်.. အဲ့အတွက် ငါလည် လျော်ကြေးတောင်းလိုက်တယ်… ဘာမှားလို့လဲ.. မှားလို့လား…”

“ မှန်တယ်… ဖျက်ဆီးခဲ့ရင် လျော်ကြေးပေးရမှာ သဘာဝ… ဒါပမယ့် မင်း ယွမ် ၁၈၀,၀၀၀ တောင်းတာကြီးကတော့ များတယ်ကွ…”

“ အဲ့တော့ ဘယ်လောက်တောင်းရမှာ..” လင်းရိ မေးမြန်းလိုက်ပြီး “ ယွမ် ၁.၈ ဘီလီယမ်လား…”

“ မင်း ညစ်ပတ်နံစော်နေတဲ့ အသီးသည်… ကိုယ့်နေရာကိုယ် မသိတဲ့ကောင်…” စွန်းကျန်းမင် မောင်းမဲလိုက်၏။ ထို့နောက် သူ၏ အကြည့်က နင်ချဲ့ထံ ကျရောက်သွားခဲ့ပြီး ညင်သာသည့် လေသံဖြင့် “ ညီမလေး… မင်းက သိပ်ကြည့်ကောင်းတာပဲ… နံပါတ်ဘယ်လောက်လဲ… ငါနဲ့လိုက်ခဲ့ပါလား… သူပေးတာထက် နှစ်ဆပေးမယ်… သူက ခဏဆိုရင် မောင်းထုတ်ခံရတော့မှာ… ဒီတော့ သူ့ကို ဝန်ဆောင်မှု ပေးဖို့ မလိုဘူး..”

နင်ချဲ့ “ ??? “

ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဒီက ဝန်ထမ်းနဲ့များ တူနေလို့လား ဟမ်….

“ ငါ့ရုပ်က အနှိပ်သမနဲ့ တူနေလို့လား…”

“ မင်းက အနှိပ်သည် မဟုတ်ဘူးဆိုရင် ဘာလို့ ဒီလို အသီးသည်နား ကပ်နေသေးလဲ… ဧကန္တ မင်းက သူ့ရည်းစားများလား..”

နင်ချဲ့ ရင်ဘက်ရှေ့ လက်ကို ပိုက်လျက် စွန်းကျန်းမင်ကို လက်ညိုး ကွေးချည်ဆန့်ချည် လုပ်ပြလိုက်သည်။

“ အနားကို တိုးခဲ့… ငါ ဘာလုပ်လဲ နင့်ကို ပြောပြမယ်..”

“ ကျစ် ကျစ် ကျစ်…”

စွန်းကျန်းမင် နောက်ရှိ လူများကတော့ မနာလိုဖြစ်စွာဖြင့် စုတ်သပ်လိုက်ကြ၏။

“ အစ်ကိုမင်…. ကောင်မလေးက မင်းကို မြူဆွယ်နေတာ အသိသာကြီး…”

“ အေးဆေးပေါ့… ငါ သူ့နား သွားလိုက်ဦးမယ်…”

စွန်းကျန်းမင် သွားကြီးဖြဲ၍ သူ၏ ရေချိုးဝတ်ရုံကို သပ်ရပ်အောင် ပြုပြင်လိုက်ကာ နင်ချဲ့ထံ လှမ်းလာခဲ့ပြီး မီတာဝက်လောက် အကွာတွင် ရပ်တန့်လိုက်၏။

“ အလှလေး… ငါ ဒီရောက်နေပြီလေ… ဘာပြော…”

ဖြောင်း…

စွန်းကျန်းမင် စကားမဆုံးခင်တွင်ပဲ နင်ချဲ့ သူ့မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်၏။

သူမ ခွန်အား အများအပြား ထည့်မသုံးထားသော်ငြား စွန်းကျန်းမင်ကဲ့သို့ သာမန်လူတစ်ယောက် တောင့်ခံနိုင်သည့် အရာ မဟုတ်ခဲ့ချေ။ ထို့ကြောင့် သွား သုံးလေးချောင်းခန့် ကျွတ်ထွက်သွားပြီး ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာခဲ့တော့၏။

စွန်းကျန်းမင် ပါးစပ်ကို လက်ဖြင့် အုပ်ထားလျက် နင်ချဲ့ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။

ဦးစွာ အနေဖြင့် သူမ သူ့ကို ရိုက်ဝံ့လိမ့်မည်လို့ သူ လုံးဝ ထင်မထားချေ။

ဒုတိယ တစ်ချက်ကတော့ အနှီ သွယ်လျသေးသိမ်သည့် လက်မောင်းလေးများက ထိုမျှ သန်မာနေလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။

ယခု ဤအမျိုးသမီးက သာမန် မဟုတ်ကြောင်းကို သူ သိရှိလိုက်ရချေပြီ။ သူမက လေ့ကျင့်ထားသည့် လူတစ်ယောက်ပင်။

“ မင်းတို့နှစ်ယောက်က ကြံရာပါတွေ…”

စွန်းကျန်းမင် နင်ချဲ့ကို လက်ညိုးထိုးပြီး ပြောလိုက်၏။

“ နင့်ကို ပိန်းတယ်လို့ ပြောတာက ချီးကျူးနေမိမှန်း ခုမှပဲ သတိထားမိတော့တယ်…”

“ ချီးတဲ့မှ မင်းတို့ သတ္တိရှိရင် ထွက်မပြေးနဲ့…”

နင်ချဲ့ အခန်း နံပါတ် 1802 ကို ညွှန်ပြပြီး “ ငါတို့ အဲ့အခန်းထဲမှာရှိမယ်… နင် အကူအညီခေါ်ပြီးရင် အဲ့မှာ လာရှာလိုက်… ခစ်ခစ်.. ငါလည်း သိချင်မိသား… ရန်ကျင်းမှာ ဘယ်သူကများ ငါတို့ကို ရန်စရဲလဲလို့…”

ယုတ်မာတော့မည့် မသတီစရာ အပြုံးကြီးက ကျက်သရေမရှိသည့် စွန်းကျန်းမင်၏ မျက်နှာထက် ဖြစ်ပေါ်လာသည်။

“ ဒါဆိုလည်း စောင့်နေ… ငါ့ယောက်ဖ ရောက်လာလို့ သူ မင်းကို သေတဲ့ထိ မရိုက်နှက်ရင် ငါ့ကို ကြိုက်သလိုပြော…”

“ လုပ်လေ… နင့်ကိုယ်နင် ဒီမှာလာပြီး အရှက်ခွဲမနေနဲ့…”

ပြောပြီးနောက် နင်ချဲ့ ကြောင်ခြေလှမ်းတို့ဖြင့် ဆွဲဆောင်မှုရှိစွာ အခန်း 1802 ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ရေချိုး ၀တ်ရုံကို ဝတ်ဆင်ထားသည်ဆိုသော်လည်း မြင်သူတကာ နှာခေါင်းသွေးယိုသွားလောက်သည့် နောက်ပိုင်းအလှကို အထင်းသား မြင်တွေ့နိုင်သည်။

လင်းရီ သူမနောက်မှ လိုက်လာရင်း မေးစေ့ကိုပွတ်သပ်၍ သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။

“ ရေချိုးဝတ်ရုံနဲ့တောင် ဒီလောက်ထိ ဆွဲဆောင်မှုရှိတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်နေနိုင်တယ်ဆိုတော့ တကယ့် ထိပ်တန်းပဲ..”

နှစ်ယောက်သား သီးသန့်ခန်းထဲသို့ ဝင်၍ အနှိပ်ခံရန် ဟန်ပြင်လိုက်ကြသည်။

တစ်ချိန်တည်းတွင် စွန်းကျန်းမင်သည်လည်း သူ၏ အားကိုးထံ ရောက်သွားခဲ့၏။

“ အစ်ကိုမင်… ငါ တကယ်တောင်းပန်ပါတယ်ကွာ… အဲ့မိန်းမက အဲ့လောက်ထိ သန်မာနေလိမ့်မယ်လို့ ငါတကယ် ထင်မထားဘူး..”

“ ရတယ်… ဒင်းက ငါ့ကို ပါးရိုက်သွားတယ်…. အတိုးနဲ့ ပြန်ယူပြမယ်…” စွန်းကျန်းမင် ခက်ထန်စွာ ပြောလိုက်၏။

“ အောက်က ချွေးထုတ်ခန်းဆီ သွားကြစို့..ငါ့အစ်မနဲ့ ယောက်ဖက အဲ့မှာ..”

“ သွားမယ်..”

ရွှေကော်ထန်ချွမ် ရေချိုးစင်တာ၏ ဆယ်လွှာမြောက် ချွေးထုတ်ခန်းထဲတွင်။

အဆိုပါ အခန်းထဲ၌ လူတို့ များများစားစား သိပ်မရှိ။ အကုန်လုံးက သူတို့ခုံတွင် ပျင်းရိပျင်းတွဲ မှီလျက် ထိုင်နေကြပြီး သက်တောင့်သက်သာရှိသည့် အခိုက်အတန့်ကို နှစ်သက်ခံစားနေခဲ့ကြသည်။

ချွေးထုတ်ခန်း၏ ထောင့်တစ်နေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိုင်နေကြ၏။

အမျိုးသားက ကြွက်သားဗလများနှင့် ရင်ဘက်တွင် ကွမ်းယွီ တက်တူးကြီးကို ထိုးထားသေးသည်။

အနက်ရောင်ကိုင်းမျက်မှန် တစ်လက်ကို တပ်ဆင်ထားပြီး ချွေးထုတ်ခန်းထဲတွင် စာဖတ်နေလေသည်။

အမျိုးသား၏ နာမည်က ပီရုံကျန်း ဖြစ်၏။ သူက ဖန့်ချိန်မြို့မှ ဖြစ်ပြီး ထိုမြို့လေးတွင်တော့ အကောင်ကြီးကြီး မိသားစု တစ်ခုမှ ဆင်းသက်လာသူပင်။ ယခုလို ရန်ကျင်းရောက်လာသည်မှာ ကျုံးဝေ့တပ်ဖွဲ့ လူရွေးပွဲ၌ ပါဝင်ဆင်နွှဲရန် ဖြစ်သည်။

သူ့ရင်ခွင်ထဲတွင်တော့ ပြေပြစ်သည့် ကိုယ်လုံးကိုယ်ပေါက်နှင့် လှပသည့် အမျိုးသမီးတစ်ယောက်ရှိ၏။ သူမက သူ့ကိုမှီရင်း ဖုန်းပွတ်နေသည်။

အမျိုးသမီး၏ နာမည်ကစွန်းရီနော် ဖြစ်ပြီး စွန်းကျန်းမင်၏ အစ်မကြီးတစ်ဦးလည်း ဖြစ်ပါသည်။

စွန်းမိသားစုသည်ကား မိသားစုကြီး တစ်ခုတော့မဟုတ်။ သို့သော် ၎င်းတို့၏ ကောင်းမွန်တို့ မျိုးရိုးကြောင့် သူမ၏ ရုပ်ရည်လေးက ပီရုံကျန်းကို ဖမ်းစားလိုက်နိုင်ခြင်းပင်။

“ မနက်ဖြန်ဆိုရင် ပြီးပြီနော်… ရှင့် ဘယ်လိုတွေ ပြင်ဆင်ထားလဲ… ယုံကြည်ချက်ရော ရှိလား…”

စွန်းရီနော် ဖုန်းကို ဘေးချိတ်ထားပြီး မေးလိုက်သည်။

“ ပြောဖို့ခက်တယ်… ကိုယ့် အရင်ရက် ရလဒ်တွေက အဆင့် ၇၀ လောက်မှာ… ကံကောင်းရင်တော့ ဝင်နိုင်မှာပေါ့… ကံဆိုးရင်တော့ ပယ်ခံရမှာပဲ… ခု လာမယ့် မနက်ဖြန် လက်တွေ့လေ့ကျင့်ရေးပေါ် အကုန် မူတည်နေတာ…”

“ ဟယ်… ယောက်ျားရဲ့ အရည်အချင်းတွေနဲ့တောင် အဆင့် ၇၀ ပဲ ချိတ်တယ်ပေါ့..” စွန်းရီနော် အံ့အားသင့်စွာ မေးလိုက်မိ၏။

“ ဒါပေါ့… ကျုံးဝေ့တပ်ဖွဲ့ဆိုတာ ကျားနဲ့ နဂါးတွေ စုဝေးတဲ့ နေရာပဲကို… လူတွေ အများကြီးက ဝင်ချင်နေကြတာ ဒီတော့ ပြိုင်ဆိုင်မှု ပြင်းထန်တာ သဘာဝပဲလေ…”

ပီရုံကျန်း သက်ပြင်းချလိုက်၏။

“ ကိုယ် အတွက်မှားသွားတယ်… ကိုယ်ထင်ထားတာ အေးဆေး ဝင်လို့ရမယ်ပေါ့ ဒါပေမယ့် အဲ့လောက်ထိ ကျွမ်းကျင်သူတွေ များနေလိမ့်မယ်လို့ ထင်မထားဘူး..”

“ စိတ်ဓာတ်ကျမနေစမ်းပါနဲ့… ရှင်ပြောတာ ရှင့်ထက် အသက်ကြီးတဲ့လူတွေ အများကြီးလို့ ပြောတယ်မလား… သူတို့က အဲ့တာကြောင့် အားသာချက် ရှိနေကြတာပါ.... တကယ်လို့ ရှင်သာ နောက်တစ်နှစ်လောက် ကျင့်ကြံလိုက်ရင် ရလဒ်က သူတို့ထက် ပိုသာမှာ သေချာတယ်..”

“ အင်း… မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်.. ဒါပေမယ့် လုံးလုံးကြီးတော့ မမှန်သေးဘူး… ဒီကိစ္စတွေက ပါရမီနဲ့ သွားဆိုင်တယ်…” ပီရုံကျန်း သက်ပြင်းချလိုက်မိပြန်သည်။

“ ခု ကိုယ်က ရန်ကျင်းမှာ.. ကိုယ့်ထက်သာတဲ့လူဆိုတာ အမြဲတမ်း ရှိနေမှန်း ကိုယ့်ကိုယ်ကို သတိထားမိတော့တယ်…”

“ ဘာလို့ အဲ့လို စိတ်ဖိစီးဖို့ကောင်းတာတွေပဲ ပြောနေရတာလဲ… ချစ်တို့ချင်း တွဲလာတာ သုံးနှစ်ကျော်နေပြီကို ရှင် ဒီလိုမျိုး လုပ်နေတာ တစ်ခါမှ မမြင်ဖူးပါဘူး…”

“ ကိုယ် အဲ့လူတွေကြောင့် စိတ်ဓာတ်မကျမိဘူး… ဒါပေမယ့် အသင်း ၁ ရဲ့ အသင်းခေါင်းဆောင်က အသက် နှစ်ဆယ်ပိုင်းပဲ ရှိသေးတာ… သူ့ ဘော်ဒီဆိုတာလည်း ကိုယ့်လောက်လည်း ထွားထွားကြိုင်းကြိုင်း မရှိ… ဒါပေမယ့် ကိုယ့်ထက် အဆင့်အများကြီး သာတယ်..” ပီရုံကျန်း မနာလိုအားကျ ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ သူက ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ပြီး နှစ်ဝက်လာကြာတော့ အသင်း ခေါင်းဆောင် ဖြစ်လာခဲ့တာ… ဒုတိယအဆင့် သူရသတ္တိ တံဆိပ်ဆိုလည်း နှစ်ခုတောင် ရထားပြီးပြီ… ကိုယ် တခြား ခေါင်းဆောင်တွေဆီကနေ ပြန်ကြားမိတာတော့ သူ့ရဲ့ မှတ်တမ်းက ကျုံးဝေ့တပ်ဖွဲ့ သမိုင်းမှာ အကောင်းဆုံးပဲတဲ့… ဘယ်သူကမှ သူ့လို ရလဒ်မျိုး မစွမ်းဆောင်နိုင်ခဲ့ကြဘူး…”

“ သူက အဲ့လောက်တောင် စွမ်းအားကြီးတယ်ပေါ့….”

သူမ ကောင်လေး ပြောသည့် အသင်းခေါင်းဆောင်က မည်မျှ သန်မာသလဲ ဆိုတာ စွန်းရီနော် နားမလည်။ သို့သော် နှစ်ဝက်အသင်း ဆုတံဆိပ်နှစ်ခုနှင့် အသင်း ခေါင်းဆောင် ဖြစ်လာနိုင်သည့် အစွမ်းအစကတော့ တော်ရုံမဖြစ်နိုင်သည်ကို သူမ နားလည်ပေသည်။

“ ဟုတ်တယ်… သူက ကိုယ်တို့ အိုင်ဒေါပဲ… ဒါပေမယ့် ရလဒ် အကောင်းဆုံး ဆိုတဲ့ လူတွေကမှ သူ့အသင်းထဲ ဝင်ခွင့်ရှိတာ… ကိုယ်တော့ အခွင့်အရေး မရှိပါဘူး…”

“ ဖြေးဖြေးပေါ့… အဲ့လောက်ကြီးလည်း စိတ်ဓာတ်ကျမနေစမ်းပါနဲ့… တပ်ဖွဲ့ထဲ ဝင်နိုင်ရင်ကိုပဲ တော်လှပါပြီ…”

“ ကိုယ်လည်း အဲ့လို စဉ်းစားနေတာ… ဒီနေ့ ကောင်းကောင်းမွန်မွန် အနားယူပြီးတော့ မနက်ဖြန် အတွက် အားမွေးရမယ်… ဝင်နိုင်တာ မဝင်နိုင်တာကတော့ ဘုရားသခင် အလိုကျပဲ…”

“ ရှင့်မှာ အဲ့လိုစိတ်ရှိတယ်ဆိုရင်ကိုပဲ ဒီက စိတ်ချပါပြီ…” စွန်းရီနော် စိတ်သက်သာရသွားခဲ့၏။

“ မမ … ယောက်ဖ…”

နှစ်ယောက်သား တီတီတာတာတွေ ပြောနေစဉ်မှာပဲ စွန်းကျန်းမင် အပြင်ဘက်မှ ဝင်ရောက်လာသည်။

သူ့မျက်နှာပေါ်ရှိ ပေကျံနေသည့် သွေးများ ပျောက်ကွယ်သွားပြီး ဖြစ်သော်လည်း သနားစဖွယ် မျက်နှာလေးနှင့် ဖြစ်နေသေး၏။ ၎င်းကို စွန်းရီနော်နှင့် ပီရုံကျန်းတို့ တစ်ချက်ကြည့်လိုက်သည်နှင့် သတိပြုမိသွားခဲ့ကြသည်။

“ ဘာဖြစ်တာလဲ… နင် ရန်ဖြစ်ခဲ့တာလား…” စွန်းရီနော် အလျင်စလို မေးလိုက်သည်။

“ ဟုတ်တယ် မမ... ကျွန်တော့် သူငယ်ချင်းဘက်က ရပ်တည်ပေးတာကို အဲ့မိန်းမက ကျွန်တော့်ကို ပါးရိုက်သွားတယ်…” စွန်းကျန်းမင် မျက်ရည်လေးကလယ် ကလယ်နှင့် သူ့အစ်မကို တိုင်တန်းလိုက်၏။

All Chapters