တွေးကြည့်ရုံနဲ့တင် ကြောက်ဖို့ကောင်းတယ်
Vol. 86 Ch. 1285
“ နင်က အမျိုးသမီး ရိုက်တာ ခံခဲ့ရတယ်ပေါ့… နင် မရှက်ဘူးလား..” စွန်းရီနော် လက်ချာရိုက်လိုက်၏။
“ ဒါပေမယ့် အဲ့အမျိုးသမီးက လေ့ကျင့်ထားတဲ့သူလေ… ကျွန်တော် မနိုင်ဘူး..” စွန်းကျန်းမင် ပီရုံကျန်းကို လှည့်ကြည့်လိုက်ပြီး “ ယောက်ဖ… မင်း ငါ့ကို ကူညီရမယ်နော်… မင်း မသိလို့… အဲ့နှစ်ယောက်က အရမ်း မောက်မာတာ… သူတို့ပြောတာ ရန်ကျင်းမှာ ဘယ်သူက သူတို့ကို ရန်စရဲလဲတဲ့… ငါတို့ သင်ခန်းစာပေးမှ ဖြစ်မှာ…”
“ ဟမ်… အဲ့လောက်တောင် မောက်မာနေတယ်လား…” ပီရုံကျန်း မတ်တပ်ရပ်လိုက်ပြီး “ သူတို့ ဘယ်မှာလဲ မင်းသိလား…”
“ အပေါ်ထပ်က အခန်း 1802 မှာ…”
“ သွားစို့… တစ်ချက် သွားကြည့်ကြမယ်…” ပီရုံကျန်း စာအုပ်ကို ဘေးသို့ချ၍ စွန်းရီနော်ဘက်လှည့်ကာ “ ဒီမှာနေဦးနော်… ကိုယ် မကြာပါဘူး… “
“ ဟင့်အင်း… ချစ်လည်း ရှင်နဲ့လိုက်မယ်…” စွန်းရီနော်သည်လည်း မတ်တပ်ရပ်လိုက်၏။
“ ငါ့ မောင်လေးကို ဘယ်သူကများ အနိုင်ကျင့်လိုက်လဲဆိုတာ သိချင်တယ်… ရှင့်ကို ညင်ညင်သာသာလုပ်ဖို့ သတိပေးလိုက်မယ်နော်.. လက်လွန်တာတွေ… လက်စပြင်းသွားတာတွေ မဖြစ်စေနဲ့.. အဲ့ဒီတုန်းကနဲ့တင် သင်ခန်းစားရသင့်ပြီ… ထပ်မရှုပ်နဲ့တော့…”
၎င်းကိုကြားတော့ ဝမ်ရန်နှင့် ကျန်နှစ်ယောက်မှာ ကြက်သီးတဖြန်းဖြန်း ထသွားခဲ့၏။
အစ်ကိုမင်ရဲ့ ယောက်ဖက အဲ့လောက်တောင်လားဟ…
တစ်ချက်ကြည့်လိုက်တာနဲ့ တကယ့်လူ ဆိုတာ လူတိုင်းပြောနိုင်တယ်… ကြည့်စမ်း… လူကောင်ကြီးက ကျွဲလားကျလို့…
“ အစ်ကိုနဲ့ အစ်မတို့… ဒီကိစ္စက ကျွန်တော့်ကြောင့်ဖြစ်တာ.. ကျွန်တော်တို့ပြီးရင် အစ်ကိုတို့နှစ်ယောက်ကို တစ်ဝိုင်းလိုက်တိုက်မယ်ဗျာ… “ ဝမ်ရန်မှ ပြောလိုက်သည်။
“ မလိုဘူး.. မင်းနဲ့ ငါ့ယောက်ဖက သူငယ်ချင်းတွေ… တိုက်ဆိုင်ချင်းသားကောင်းတော့ ငါလည်း ဒီနေ့ဒီမှာ ရှိနေတယ်… ဒီတော့ မင်းတို့ကို ကူညီပေးလိုက်မယ်.. ဟုတ်ပြီလား…”
“ ကျေးဇူးပါ အစ်ကို…”
“ မင်းတို့ကောင်တွေ ရှေ့ကသွားကြ…”
“ အိုကေ အိုကေ … အစ်ကိုနဲ့ အစ်မတို့… ဒီဘက်ပါ…”
သီးသန့်ခန်းထဲတွင် နင်ချဲ့မှာ မျက်နှာကပ်ခွာကပ်ထားရင်း တစ်ဖက်ကလည်း နောက်ကျော နှိပ်ပေးသည့် အရသာကို သက်တောင့်သက်သာ ခံစားနေသည်။
ထို့ပြင် သူမ ခံစားလို့ ကောင်းပြီးသည့်နောက် အလိုက်တသိနှင့် လင်းရီကိုပင် ကိုယ်တိုင်ကိုယ်ကျ နှိပ်ပေးလိုက်သေးသည်။
“ လင်းရီ… ခုနင့် အဆင့်က ဘယ်လောက်မှာလဲ… နင် C အဆင့်နဲ့ မဝေးတော့ဘူးမလား…” နင်ချဲ့ သာမန်လျှံကာ မေးလိုက်၏။
“ အင်း… သိပ်မဝေးတော့ပါဘူး…” လင်းရီ ကျေနပ်နေသည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။
တကယ်တော့ သူလည်း သူနှင့် C အဆင့် ဖိုက်တာကြားတွင် ကွာဟချက် မည်မျှရှိသည်လဲဆိုတာကို နားမလည်ချေ။
ယင်းက ဘာကြောင့်လဲဆိုတော့ သူ၏ ခွန်အားကို လေ့ကျင့်ရာမှ တဆင့် ရရှိလာခဲ့ခြင်း မဟုတ်ပါဘဲ စနစ်မှ ဆုအဖြစ် ချီးမြင့်ပေးနေသောကြောင့် ဖြစ်၏။
အကယ်၍ ကံဆိုးမိုးမှောင် ကျမည်ဆိုပါက ပိုပြီး အဆင့်မြင့်သည့် ဆုလဒ်များ မပေးအပ်လာတော့သည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်နေ့တွင် ချိုးယွီလော့နှင့် နင်ချဲ့က သူ့ကို ကျော်တက်သွားနိုင်သည်မျိုးလည်း ရှိသည်။
“ အရင်တုန်းက နင် ကျုံးဝေ့တပ်ဖွဲ့ထဲ စစချင်း ဝင်တုန်းက နင့်ကို စစ်ဆေးပေးခဲ့တာက ငါ… ခု နှစ်ဝက်လောက်ပဲ ရှိသေးတာကို ငါတို့ချင်း အဆင့်က မတူတော့ဘူး… ငါတော့ အလေလိုက်နေတာလေးတွေ လျှော့ပြီး ကြိုးကြိုးစားစား လေ့လာဦးမှထင်ပါတယ်..”
လင်းရီ နင်ချဲ့၏ တောင်ကဲ့သို့ မို့မောက်နေသည့် ပိုင်ဆိုင်မှုများအား လှည့်ကြည့်ရင်း “ ငါတော့ မင်း လေ့လာလို့ကောင်းအောင် ဂျပန်သွားဖို့ အကြံပေးချင်တယ်..”
“ နင် ဘာပြောချင်တာ.. နင်က စမ်းတောင် မစမ်းကြည့်ရသေးဘဲနဲ့ ငါ့အရည်အချင်းတွေက မကောင်းဘူး ပြောနေတာလား…” နင်ချဲ့ မတ်တပ်ရပ်လိုက်ပြီး သူမရင်ကို ကော့၍ လင်းရီကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
“ နင့်စကားတွေက ငါ့ရဲ့ ကိုယ်ကျင့်တရားကို စော်ကားလိုက်တာပဲ… ဒီနေ့တော့ နင့်ကို သင်ခန်းစာ…..”
ဒေါက် ဒေါက် ဒေါက်…
သူမ စကားမဆုံးခင်တွင်ပဲ အလျင်လိုနေသည့် တံခါးခေါက်သံများအား ကြားလိုက်ရ၏။
အနှိပ်သမ နှစ်ယောက်မှာ ကြောင်အသွားကြလေသည်။
ပုံမှန်ဆို ယခုလို အချိန်တွင် မည်သူမျှ တံခါးလာခေါက်လေ့ မရှိကြချေ။
အကယ်၍ တစ်စုံတစ်ယောက်ကို တွေ့ချင်သည် ဆိုလျှင်တောင်မှ ယခုလောက် မပြင်းထန်မည်ကတော့ ကျိန်းသေသည်။ ယခုဟာက တံခါးကို ရိုက်ဖြတ်ချင်နေသည့် အသံမျိုး ဖြစ်နေခဲ့၏။
“ အဲ့မှာပဲ ရပ်မနေကြနဲ့… တံခါးဖွင့်ပြီး ဘာဖြစ်ချင်တာလဲ သွားမေးလိုက်…” နင်ချဲ့ ပြောလိုက်သည်။
တံခါး အနီးနားရှိ အနှိပ်သမလေးမှ မတ်တပ်ရပ်ပြီး တုန်လှုပ်ခြောက်ခြားမှု အပြည့်ဖြင့် တံခါးကို သွားဖွင့်သည်။ အပြင်ဘက်တွင် လူခြောက်ယောက် မတ်တပ်ရပ်နေပြီး ၎င်းတို့၏ အမူအရာက သိပ်မကောင်းသည်ကိုလည်း သူမ ရိပ်မိလိုက်၏။
“ ယောက်ဖ… သူတို့ပဲ..”
စွန်းကျန်းမင် နင်ချဲ့နှင့် လင်းရီကို လက်ညိုးထိုးပြလိုက်သည်။
လင်းရီ တစ်ချက်ကြည့်လိုက်တော့ သူ စောနက တောက်ချခဲ့သည့် ကောင်လေး ဖြစ်နေမှန်း သိလိုက်ရ၏။
နင်ချဲ့ မျက်နှာကပ်ခွာကို ချွတ်လိုက်ပြီး တချို့သော အစိတ်အပိုင်းများအား မဖော်ပြမိစေရန် သူမ၏ တဘက်ကို ပို၍ တင်းကြပ်စွာ ပတ်ထားလိုက်သည်။ ထို့နောက် ပီရုံကျန်းအား ကြည့်၍ “ နင့် ကြည့်ရတာ ဘာလို့ ရင်းနှီးနေတာလဲ… ငါတို့ အရင်က တွေ့ဖူးလား…”
ပီရုံကျန်း ကြက်သေသေနေပြီး သူ၏ စိတ်တစ်ခုလုံးသည်လည်း ဟာလာဟင်းလင်း ဖြစ်လို့နေသည်။
ခေါင်းဆောင်နှစ်ယောက်ဖြစ်သည့် လင်းရီနှင့် နင်ချဲ့ကို ယခုလို နေရာမျိုးတွင် တွေ့ရလိမ့်မည်လို့ သူ ထင်မထားခဲ့ချေ။
“ အရင်က တွေ့ဖူးတယ်.. ဟုတ်လား… ရင်းနှီးနေတယ်ပေါ့.... အဟက်…” စွန်းကျန်းမင် နှာရှုံ့လိုက်ပြီး “ ငါ ပြောမယ်… ခုမှ ရင်းနှီးချင်ယောင်ဆောင်လို့ သိပ်နောက်ကျသွားပြီကွ… မင်းတို့ပြောတာ ရန်ကျင်းမှာ ဘယ်သူက မင်းတို့ကို ရန်စရဲလဲ သိချင်တယ်ပြောတယ်မလား… ခု ငါ့ယောက်ဖ ရောက်လာပြီ… မင်းတို့ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ကြည့်စမ်းမယ်..”
“ ဒါဆိုလည်း လက်ရည်ဖလှယ်ကြတာပေါ့..”
“ တိတ်စမ်း… မင်း ဘယ်သူ့ကို ဘာတွေ လျှောက်ပြောနေတာလဲ..”
ပီရုံကျန်း စွန်းကျန်းမင်အား ရပ်တန့်ရန် ဒေါသတကြီး အမိန့်ပေးလိုက်၏။
ဟင်…
စွန်းကျန်းမင်နှင့် ကျန်သူများအားလုံး ကြက်သေသေသွားခဲ့ကြ၏။
“ ယောက်ဖ… မင်း…မင်း ဘာတွေ ပြောနေတာလဲ…”
“ ခေါင်းဆောင်လင်း… ခေါင်းဆောင်နင်.. ခင်များတို့ကို ဒီမှာ တွေ့ရမယ်တောင် ထင်မထားဘူး… ဘယ်လိုတောင် တိုက်ဆိုင်ချက်လဲ…”
ပီရုံကျန်း လင်းရီတို့ထံ လျှောက်လှမ်းလာ၍ အပြုံးလေးဖြင့် ပြောလိုက်၏။
တစ်ဖက်သူ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိပြီးနောက် နောက်တွင် ရပ်နေသည့် စွန်းရီနော်မှာ လုံးဝ ရှော့ခ်ရသွားခဲ့တော့သည်။
သူမ ယောက်ျားက ဤနှစ်ယောက်ကို ခေါင်းဆောင်ဟု သုံးနှုန်း၍ ရိုကျိုးစွာ နှုတ်ဆက်နေသည်။
သူမ မမှားဘူးဆိုပါက ထိုလူနှစ်ယောက်မှာ ကျုံးဝေ့တပ်ဖွဲ့ အသင်းခေါင်းဆောင်ကြီးများသာ ဖြစ်ပေလိမ့်မည်။
၎င်းကို တွေးမိတော့ စွန်းရီနော် ကြက်သီးဖြန်းသွားခဲ့၏။
ထိုသို့ဆိုလျှင် သူမတို့တော့ ဒုက္ခရောက်ပြီ မဟုတ်ပါလား…
လင်းရီနှင့် နင်ချဲ့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နင်ချဲ့မှ “ နင်က လူရွေးပွဲလာတဲ့ သင်တန်းသားလား..”
“ ဟုတ်တယ် ဟုတ်တယ်… ကျွန်တော့်နာမည်က ပီရုံကျန်းပါ… ဖန်ချိန်က လာခဲ့တာပါ…”
နင်ချဲ့ ထူးမခြားနားစွာ ခေါင်းညိမ့်ပြလိုက်ပြီး “ အဲ့လိုဆို ပြောရဆိုရ ပိုလွယ်သွားပြီ… နင့် ယောက်ဖက အသိတရား သိပ်ရှိပုံမရဘူး… နင်က ကလဲ့စားချေဖို့ ဒီရောက်လာတယ်ဆိုမှတော့ ဘာဖြစ်ခဲ့လဲ နင်သိပြီးရောပေါ့.. သူ့ကို ပြန်ခေါ်သွားပြီး သင်ခန်းစာ ကောင်းကောင်းပေးလိုက်…”
“ ဟုတ်ကဲ့ ဟုတ်ကဲ့… “ ပီရုံကျန်း ထပ်ခါတလဲလဲ ခေါင်းညိမ့်၍ ဦးညွှတ်လိုက်ပြီး “ ခေါင်းဆောင်တို့… အနှောင့်အယှက်ပြုမိလို့ တောင်းပန်ပါတယ်..”
ဝမ်ရန်နှင့် သူ့သူငယ်ချင်းများလည်း အံ့အားသင့်နေကြလေသည်။ ယခုလေးတင် ဘယ်ကောင့်မှ လူမထင်ဟု မောက်မာပုံရသည့် ပီရုံကျန်းမှာ အမြီးလေး နှံ့ပြနေသည်ဟု သူတို့ အဘယ်ကြောင့် ထင်ယောင်ထင်မှား ဖြစ်နေကြသနည်း။
ဤနှစ်ယောက်ကကော ဘယ်ကများ ရောက်လာကြသနည်း။
သို့သော် ပီရုံကျန်း များများစားစား ရှင်းပြခြင်း မပြုခဲ့။ သူ စွန်းကျန်းမင်၏ ကော်လာကို ဆွဲကာ နှစ်ယောက်ကို တောင်းပန်ရင်း တံခါးကို ဖြည်းညင်းစွာ ပြန်ပိတ်ပေးသွားခဲ့၏။ သူ့မှာ အသံကျယ်ကျယ် ထွက်သွားမည်ကိုပင် စိုးရွံ့နေမိသည်။
“ ယောက်ဖ… ဘာတွေဖြစ်နေတာလဲ.. မင်း ငါ့အတွက် လက်စားချေပေးမယ်ဆို… ဘာလဲ… မင်း အဲ့နှစ်ယောက်နဲ့ သိနေလို့လား ဟုတ်လား…”
“ မင်း ခွေးသူတောင်းစားလေး… မင်းတော့ အခု ပြဿနာ အကြီးကြီးတက်ပြီ… မင်း အဲ့တာကို သိလား..” ပီရုံကျန်း ကော်လာကို လွှတ်လိုက်ပြီးနောက် ဆက်လက်၍ “ သူတို့နှစ်ယောက်ရဲ့ အထောက်အထားတွေက သိပ်ထူးခြားတယ်.. သူတို့က စိတ်မကြည်လို့ မင်းကို ရိုက်သတ်လိုက်ရင်တောင် ဖမ်းရဲတဲ့လူ ရှိမှာမဟုတ်ဘူး…”
စွန်းကျန်းမင်နှင့် ကျန်သူများ တုန်ယင်သွားခဲ့ကြသည်။
“ ဒါပေမယ့်… ဒါပေမယ့် အဲ့ကောင်က အသီးရောင်းတဲ့ကောင်လေ… သူ့မှာ ဘယ်လိုလုပ်ပြီး ထူးခြားတဲ့ အထောက်အထား ရှိနေနိုင်မှာလဲ.. သူ့မှာရှိရင်ကော ဘာလို့ အသီးရောင်းနေမှာတဲ့လဲ…”
“ သူက အဲ့လို လူစားမျိုးပဲ… ဘာလို့ အသီးရောင်းနေလဲတော့ ငါလည်း မသိဘူး..” ပီရုံကျန်း ပြောလိုက်ပြီး “ ဒါပေမယ့် ငါသိတာတော့ သူ့ရဲ့ ကြွယ်ဝမှု၊ နောက်ခံ၊ အရည်အချင်း … ဒါတွေအကုန် ငါ တစ်ခုမှ သူနဲ့ မယှဉ်နိုင်ဘူးဆိုတာတော့ သေချာတယ်… မင်းနဲ့ရောပြီး ငါပါ ဘဝပျက်ဖို့ နည်းနည်းလေးပဲ လိုတယ်…”
“ ပြီးတော့ သေချာစဉ်းစားကြည့်… သူ့ရဲ့ အထောက်အထားကသာ သာမန်ဆိုရင် ဝမ်ဖူကျင်လမ်းလို လမ်းဆုံနေရာမျိုးမှာ ဘယ်သူက ဆိုင်ပေးဖွင့်မှာ.. ဘယ်သူကရော ရောင်းရဲမှာ…”
ပီရုံကျန်း၏ စကားကို ကြားတော့မှ စွန်းကျန်းမင် ထိတ်လန့်သွားခဲ့၏။
သူ၏ မျက်နှာသည်လည်း သွေးဆုတ်ဖြူလျော်သွားပြီး နဖူးတွင်လည်း ချွေးအေးတို့ စို့လာသည်။ သူ့ ပါးစပ်ရှိ နာကျင်မှုများပင် ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။
သူ ဤကဲ့သို့ မတ်တပ်ရပ်နေနိုင်သည်ကပင် သေမင်းက သဘောကောင်းလှသည်ဟု ခံစားနေမိတော့သည်။
ထိုသို့သော ဆန်းကြယ်သည့် လူထံမှ စကားတစ်ခွန်းက သူ့ကို တစ်သက်လုံး ထောင်ထဲမှ ထွက်ခွာခွင့်မရှိအောင် ပြုလုပ်လိုက်နိုင်သည်။
သူ အတော်ကြီးကို ကံကောင်းလွန်းခဲ့၍သာ ရှင်သန်နိုင်ခဲ့ခြင်းပင်….