← Chapters

ကျွန်တော်တို့ အသင်း ၁ ထဲ ဝင်ချင်တယ်

Vol. 86 Ch. 1286

ကျွန်တော်တို့ အသင်း ၁ ထဲ ဝင်ချင်တယ်

Vol. 86 Ch. 1286

ထိုညတွင် နှစ်ယောက်သား အနှိပ်ခံလို့ ဝသွားကြပြီး ပန်ဂု ဟိုတယ်သို့ အတူပြန်လာခဲ့ကြ၏။

နင်ချဲ့က ကိုယ်ပိုင် အခန်း သပ်သပ် မယူဘဲ ပိုင်စိုးပိုင်နင်းနှင့် လင်းရီ၏ အခန်းထဲ ခပ်တည်တည်ဝင်သွားခဲ့သည်။

သို့သော် ကုတင် ကိုယ်စီနှင့် ဖြစ်ပြီး နှစ်ယောက်လုံး နှစ်ခြိုက်စွာဖြင့် အိပ်မောကျသွားခဲ့ကြ၏။

နောက်ဆုံး စမ်းသပ် စစ်ဆေးမှုက နောက်တစ်နေ့ နံနက် ရှစ်နာရီတွင် စတင်မည်။

လင်းရီ နည်းနည်းခပ်ကြာကြာလေး ဆက်အိပ်ချင်ပါသော်လည်း နင်ချဲ့မှ ခြောက်နာရီလောက်တွင် သူ့အား အိပ်ယာ လာနှိုး၏။

ထို့နောက် မျက်နှာသစ်၊ ကိုယ်လက်သန့်စင်၊ ထမင်းစားပြီး ကျုံးဝေ့တပ်ဖွဲ့သို့ ရှစ်နာရီမထိုးမီ အရောက်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင် စမ်းသပ်ပွဲ၌ ပါဝင်မည့် သူများကလည်း လေ့ကျင့်ရေး ကွင်းပြင်တွင် စုဝေးရောက်နေကြလေသည်။ အားလုံးက အဆင့်သင့်ပင်။ ရင်ထဲတွင် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ဖြစ်နေကြပြီး နောက်လာမည့် စစ်ဆေးမှု မည်သို့မည်ပုံရှိမည်ကို စောင့်မျှော်နေကြ၏။

နှစ်ယောက် ကားထဲမှ ထွက်လာခဲ့ပြီးနာက် သူတို့ လျိုဟုန်၏ ရုံးခန်းထဲသွား၍ နောက်ဆုံး စီစဉ်မှုများအား ပြုလုပ်ကြသည်။

သို့သော် သူတို့ ရုံးခန်းထဲ ရောက်သည့် အချိန်၌ ချိုးယွီလော့ အပြင် အခြား သူစိမ်း နှစ်ယောက်လည်း ရှိနေသည်ကို သတိထားမိလိုက်သည်။

အသက် သုံးဆယ် ဝန်းကျင်ရှိမည့် အမျိုးသားနှင့် အမျိုးသမီး တစ်ယောက်။

အမျိုးသမီးက ဆံပင်အတိုနှင့် သာမန်ဆန်စွာ ဝတ်စားဆင်ယင်မှု ပြုထားသည်။ မိတ်ကပ်စိုးစဉ်းသော်မျှ လိမ်းခြယ်ခြင်းလည်း မပြုဘဲ လူအုပ်ထဲ ရောက်သည်နှင့် လွယ်လင့်တကူ ပျောက်ကွယ်သွားမည့် အမျိုးအစားပင်။

အမျိုးသားကတော့ နည်းနည်းလေး ဝဖိုင့်ဖိုင်နိုင်သည်။ အရပ်အမောင်းမှာလည်း သိပ်မကောင်း။ သို့သော် ကြင်နာပုံရမည့် မျက်နှာပေါက်ရှိ၏။

အမျိုးသမီး၏ နာမည်က ဝေ့ရွှယ်ဖြစ်ပြီး အမျိုးသား၏ နာမည်မှာမူ ကျူးကျွင်းချီ ဖြစ်သည်။

နှစ်ယောက်လုံးက အသင်း ၄ မှဖြစ်ပြီး လျိုဟုန်က ဖုန်းဆက် အကူအညီ လှမ်းတောင်းထားခြင်းဖြစ်၏။

လင်းရီ ထိုနှစ်ယောက်ကို အကဲခတ်နေစဉ်တွင် ထိုနှစ်ယောက်ကလည်း လင်းရီကို တစ်ဖန်ပြန်ပြီး အကဲခတ် သုံးသပ်နေကြလေည်။

သို့သော် ခေတ္တမျှသာ ကြာညောင်းပြီး တစ်ဖန်အကြည့်လွှဲသွားခဲ့ကာ အာရုံသိပ်ထားမနေခဲ့ချေ။

“ လင်းရီ .. ငါ မင်းကို မိတ်ဆက်ပေးမယ်…” လျိုဟုန်မှ “ သူတို့က အသင်း ၄ က… ဒါက ကျူးကျွင်းချီ… ဝေ့ရွှယ်..”

“ အသင်း ၄ …” လင်းရီ ရေရွတ်ရင်း “ ကျွန်းပေါ်က မစ်ရှင် ပြီးသွားလို့လား…”

“ မဟုတ်ဘူး… ငါ တကူးတက ခေါ်ထားတာ…”

“ ဒီတိုင်း စမ်းသပ်မယ့် ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်ဖို့ လိုလို့လား ခင်များဗျာ…”

“ ငါ ပြန်ခေါ်လိုက်တယ်ဆိုတာ လူရွေးပွဲနဲ့ ဘာမှမဆိုင်ဘူး… အဓိကက မင်းကြောင့်..” လျိုဟုန် ပြောလိုက်ပြီး “ တာခါယာ မစ်ဆူ ဖုန်းခေါ်လာရင် ငါ မင်းတို့သုံးယောက်ကို ဂျပန်အတူ လွှတ်မယ်… အဲ့လိုဆို ပိုစိတ်ချရတယ်…”

ကျူးကျွင်းချီ စီးကရက် မီးညှိလိုက်၏။

“ အချိန်ကျလာရင် ငါ့စကားနားထောင်… ငါညွှန်ကြားတဲ့ အတိုင်းလုပ်… ပြဿနာ တစ်ခုခု ရှိလာရင် အကျိုးဆက်တွေကို မင်း တာဝန်ယူရမယ်…”

“ အနည်းဆုံးတော့ ငါတို့ သုံးယောက်က အသင်းခေါင်းဆောင်တွေ ဖြစ်နေသေးတယ်.. အဲ့တာကိုတောင် မင်းလို အသင်းသား တစ်ယောက်က ငါတို့ကို အမိန့်ပေးချင်နေတယ် ဟုတ်လား…. မင်းက ကိုယ့်နေရာကို မသိဘူးပဲ…”

ကျူးကျွင်းချီနှင့် ဝေ့ရွှယ်တို့၏ အမူအရာများ အနည်းငယ် အေးစက်သွားခဲ့ကြသည်။

သူတို့လည်း ကျွန်းပေါ်တွင် လင်းရီအကြောင်း သတင်း အတိုအစလေးများတော့ ကြားဖူးကြ၏။

ကောလဟာလများက မှန်ကန်နေသည့်ပုံပင်။ ဤငနဲသားက အတော့်ကို မောက်မာရိုင်းစိုင်းလှ၏။

“ ငါတို့က အသင်းသားဆိုတော့ကော ဘာအရေးလဲ…” ကျူးကျွင်းချီ ဘာမျှမဟုတ်သကဲ့သို့ ပြောလိုက်ပြီး “ ငါတို့က အသင်း ၄ အဖွဲ့ဝင်တွေ… ငါတို့ထဲက ဘယ်သူမဆို မင်းတို့ သုံးသင်းထဲမှာ အေးဆေးလေး အသင်းခေါင်းဆောင်တွေ ဝင်လုပ်လို့ရတယ်… မင်းက အသင်းခေါင်းဆောင်ဖြစ်တာနဲ့ပဲ ငါတို့ကို လက်ညိုးထိုးလို့ရပြီများ ထင်နေတာလား… မင်းတို့လို စစ်သား ပေါက်စနလေးတွေက အပါးမဝသေးပါဘူးကွာ…”

“ အင်း လူတွေပြောကြတာတော့ ဖက်တီးတွေက (00) သေးကြတယ်တဲ့… ဒါပေမယ့် ဒီနေ့ မင်းကို မြင်တော့မှပဲ ကောလဟာလတွေမှန်း သိရတော့တယ်… နှမြောစရာပဲ… အသင်း ၄ မှာနေနေတာက မင်းရဲ့ အရည်အချင်းတွေကို ဖြုန်းတီးနေသလိုပဲ…”

ဖူး…

နင်ချဲ့ မနေနိုင်တော့ပဲ အသံထွက်၍ ရယ်မောမိသွားခဲ့သည်။

လင်းရီနှင့် အတူရှိနေမည်ဆိုပါက ဘယ်တော့မှ ပျင်းရိငြီးငွေ့ရလိမ့်မည် မဟုတ်ချေ။

ဘန်း…

ကျူးကျွင်းချီ၏ အမူအရာ မည်းမှောင်သွားခဲ့၏။ သူ စားပွဲကို ဒေါသတကြီး လက်ဝါးဖြင့် ရိုက်၍ မတ်တပ်ရပ်လိုက်သည်။

“ မင်း ဘယ်သူ့ကို အဲ့စကားမျိုး လာပြောနေတာ… မင်း အကြီးကို အဲ့လိုမျိုး ပြောစရာလား… ဘယ်မလဲ မင်း အမူအကျင့်တွေ…. ”

လင်းရီ စိတ်မရှည်ဖြစ်စွာ နားကလော်ရင်း လျိုဟုန်ဘက် လှည့်ကြည့်လိုက်၏။ “ မြန်မြန် ဒီကိစ္စကို ဖြေရှင်းလိုက်တော့ဗျာ… ဒီ ဘဝင်ရူးတွေကို မောင်းထုတ်ပစ်လိုက်စမ်းပါ… ဒီကောင်တွေ မြင်နေရတာနဲ့တင် ကျုပ် ခေါင်းကိုက်လှပြီ…”

“ မင်း…”

“ တော်ပြီ…”

လျိုဟုန်၏ ကျယ်လောင်သည့် အသံက ထွက်ပေါ်လာပြီး “ အကုန်လုံးက ကျုံးဝေ့တပ်ဖွဲ့ဝင်‌တွေ… တွေ့တာနဲ့ ဘာလို့ အချင်းချင်းရန်ဖြစ်နေကြတာ… မင်းတို့ ဘယ်သူဘယ်ဝါဆိုတာ မမေ့လိုက်ကြနဲ့…. "

ကျူးကျွင်းချီ လင်းရီကို အထင်တသေး ကြည့်လိုက်သည်။ သို့သော် လျိုဟုန်ရှေ့တွင်တော့ သူ လျော်ကန်စွာ ပြုမူနေထိုင်ရဦးပေမည်။

“ ကောင်းပြီ… လူတွေလည်း စုံပြီ… အောက်ဆင်းကြစို့…” လျိုဟုန် ပြောပြီးနောက် ကျူးကျွင်းချီနှင့် ဝေ့ရွှယ်ဘက် လှည့်ကာ “ ဂျပန်ဘက်က ဘာသတင်းမှ မထူးသေးဘူး… မင်းတို့နှစ်ယောက် လိုက်ပြီး စစ်ဆေးပွဲကို ကြည့်လို့ရတယ်…”

ကျူးကျွင်းချီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် မတ်တပ်ရပ်ပြီး ဝေ့ရွှယ်နှင့်အတူ ထွက်သွားခဲ့သည်။

လျိုဟုန် လင်းရီ၏ ပခုံးကို ပုတ်လိုက်၏။

“ မင်း ဒေါသစိတ်ကို ထိန်းစမ်းပါ… ဘာပဲ ဆိုဆို အကုန်လုံးက ရဲဘော်ရဲဘက်တွေပဲ မဟုတ်ဘူးလား.. အသင်းရဲ့ စည်းလုံးညီညွှတ်မှုကို ဦးစားပေးသင့်တယ်…”

“ ရဲဘော်ရဲဘက်တွေလို့ မပြောနဲ့ဦး… ကျုပ်တို့က ဒီတိုင်း သူငယ်ချင်းတွေဆိုတောင် ကျုပ်ကို အဲ့လိုမျိုး လာမပြောနဲ့…”

လျိုဟုန်နှင့် ချိုးယွီလော့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် နင်ချဲ့ထံ အကြည့်ရောက်လာကြသည်။

နင်ချဲ့ “ ??? “

“ ဟင်… ဘာလို့ ငါ့ကို အဲ့လိုလာကြည့်နေတာ.. ငါတို့နှစ်ယောက်က ဖြူစင်တယ်…ဟုတ်ပြီလား… မနေ့ညက ဘာမှ မလုပ်ထားဘူး…”

“ အဖော်မမေ့ကြနဲ့…”

လင်းရီ “ ….”

နင်ချဲ့ “ ….. “

မိနစ် အနည်းငယ်ကြာပြီးနောက် အုပ်စုမှာ ကျုံးဝေ့တပ်ဖွဲ့ အဆောက်အဦးထဲမှ ထွက်လာခဲ့ကြပြီး တံခါးပေါက်ရှေ့ လှေကားထစ်ခုံတွင် ရပ်လိုက်ကြ၏။

မရင်းနှီးသည့် မျက်နှာနှစ်ခုကို မြင်တော့ ပါဝင်ယှဉ်ပြိုင်ရန် ရောက်လာကြသူများမှ သူတို့နှစ်ယောက်ကို စူးစူးစမ်းစမ်း ကြည့်လိုက်ကြသည်။

ကျုံးဝေ့တပ်ဖွဲ့၏ အသင်းခေါင်းဆောင်များနှင့် တန်းတူရပ်နေနိုင်သည်ဆိုတော့ ၎င်းတို့နှစ်ယောက်သည်လည်း ရိုးရှင်းသည့်လူများ ဟုတ်ပုံမရချေ။

“ မင်းတို့ကို မိတ်ဆက်ပေးမယ်… ဒီနှစ်ယောက်က အသင်း ၄ အဖွဲ့ဝင် ကျူးကျွင်းချီနဲ့ ဝေ့ရွှယ်… မင်းတို့ လေ့ကျင့်ရေး လုပ်တာကို ကြည့်ဖို့ဆိုပြီး တကူးတက ရောက်လာခဲ့ကြတာ…”

ထိုစကားလုံးများ ပြောပြီးလျှင် ပြီးချင်း လျိုဟုန်မှာ ပျားအုံ တုတ်နဲ့ထိုးမိသကဲ့သို့ တဝီဝီနှင့် ဆူညံလာကြတော့သည်။

အဘယ်ကြောင့်ဆိုသော် ယခု တစ်ခေါက် လူရွေးပွဲတွင် လာရောက် ယှဉ်ပြိုင်သူများစွာ ရှိပြီး အနည်းငယ်သော လျှို့ဝှက်ချက်တစ်ချို့က မိသားစု တစ်ချို့ထံတွင် ပျံ့နှံ့နေကြဟန်ပင်။

ရလဒ်အနေဖြင့် လူတော်တော်များက အသင်း ၄ ဆိုသည်မှာ ကျုံးဝေ့တပ်ဖွဲ့၏ ဝှက်ဖဲဖြစ်ကြောင်းကို သိရှိနေကြသည်။

ပြန်လည် ဖွဲ့စည်းတည်ဆောက်နေသည့် အသင်း ၁ နှင့် မတူညီစွာဖြင့် အသင်း ၄ ဆိုသည်မှာ တကယ့်ကို သန်မာအားကောင်းလှသည့် အသင်း တစ်သင်းဖြစ်ပြီး ကျန် သုံးသင်းက မယှဉ်ပြိုင်နိုင်ချေ။

၎င်းတို့က လူခေါ်ရန် ရည်ရွယ်ချက် မရှိဘဲ ကြည့်ရုံသပ်သပ် လာကြည့်သည်ကတော့ အနည်းငယ် နှမြောဖို့ကောင်း၏။

သို့သော်လည်း သူတို့လေ့ကျင့်မည်ကို အသင်း ၄ ၏ အဖွဲ့ဝင်များ လာရောက်အကြံဉာဏ်ပေးသည်ကပင် သူတို့အဖို့ ဂုဏ်ယူဖွယ်ရာ ကိစ္စရပ်ကြီးတစ်ခု ဖြစ်လေသည်။

“ လူတွေလည်း များတယ်… တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူခေါ်ယူလိုက်တာက ရလဒ်ကောင်းတွေ ထွက်လာခဲ့တာပဲ…”

ကျူးကျွင်းချီ လက်နောက်ပစ်လျက် ပြောဆိုလိုက်ပြီး လွှမ်းမိုးချုပ်ကိုင်သည့် အရှိန်အဝါတို့အား လွှတ်ထုတ်နေသည်။ ၎င်း၏ အရှိန်အဝါက လျိုဟုန်ထက်ပင် သိပ်သည်းပြင်းထန်နေတော့၏။

“ နောက်ပြီး ပျှမ်းမျှ အဆင့်ကလည်း အရင်ကထက်ကို ပိုမြင့်လာတယ်… တော်တော်လေး အောင်မြင်တယ်လို့ကို ပြောလို့ရတယ်…”ချိုးယွီလော့ ပြန်ပြောလိုက်သည်။

“ ခွန်အား အမြင့်ဆုံးက ဘယ်အဆင့်လဲ..”

“ D အဆင့် နှစ်ယောက်ရှိတယ်… သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က မဆိုးဘူး… ဒါပေမယ့် အတွေ့အကြုံ ကင်းမဲ့နေကြတာ.. နည်းနည်းပါးပါး လေ့ကျင့်ပေးပြးရင်တော့ မစ်ရှင်တွေ စလုပ်လို့ ရလောက်ပါပြီ….”

“ D အဆင့်တွေ တကယ်ကြီး ပါလာတယ်ပေါ့..”

၎င်းကိုကြားပြီးနောက် ကျူးကျွင်းချီနှင့် ဝေ့ရွှယ်တို့ အနည်းငယ် အံ့အားသင့်သွားခဲ့ကြ၏။ D အဆင့်ဆိုသည်မှာ ကျုံးဝေ့တပ်ဖွဲ့ထဲ၌ အလယ်အလတ် အဆင့်ဟု သတ်မှတ်၍ရလေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူစုဆောင်းမှုက နည်းနည်းလေး အထင်ကြီးလောက်စရာကြီးပင်။

“ အင်း… သူတို့ စာရင်းလာပေးတော့ ငါလည်း အံ့ဩသွားခဲ့တာပဲ..” ချိုးယွီလော့ သာမန်လျှံကာ ပြောလိုက်၏။

သူမ ကျူးကျွင်းချီကို မနှစ်ခွေ့သည်မှာ သိသာလှသည်။

“ အဲ့ လူသစ်လေး နှစ်ယောက်က ဘယ်မှာ…. ငါကြည့်ဦးမယ်..”

ချိုးယွီလော့ သူမရှေ့ရှိ စတုရန်းသဏ္ဌာန် ဖွဲ့စည်းထားသည့် လူအုပ်ကြီးထဲသို့ ကြည့်၍ “ စွေ့ချန်… ယွီစီယင်… ရှေ့ကိုလှမ်းခဲ့…”

အမိန့်သံကြားတော့ နှစ်ယောက်သား ရှေ့ကို တစ်လှမ်းတက်လာခဲ့ကြပြီး လူစုလူဝေးနှင့် ကွဲထွက်လာခဲ့သည်။

ကျူးကျွင်းချီ ၎င်းတို့ထံ လျှောက်လှမ်းသွားပြီး သူတို့နှစ်ယောက်ရှေ့တွင် ရပ်တန့်ကာ “ မင်းတို့နှစ်ယောက် ကြည့်ရတာ အသက် သုံးဆယ်ကျော်သေးမယ် မထင်ဘူး… မင်းတို့က ပါရမီပါတယ်ဆိုတာ အသိသာကြီးပဲ… ဘယ်လိုလဲ.. အသင်း ၄ ကို စိတ်ဝင်စားလား…”

လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။ ဘော့စ်လျို ပြောခဲ့သည်မှာ ယခုတစ်ခေါက် လူစုဆောင်းမှုက အသင်း ၁,၂,၃ အတွက်ဟု ပြောခဲ့၏။ ထိုငနဲ၏ အပြုအမူက ဘော့စ်လျို၏ အခွင့်အာဏာကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင်။ ကြည့်ရသည်မှာတော့ ဘော့စ်လျိုနှင့် အသင်း ၄ က အစေးမကပ်ဘူးဆိုသည်မှာ မှန်လောက်၏။

ဤ ကျူးကျွင်းချီဆိုသည့် ငနဲကလည်း အိုင်ကျူက သိပ်ပြီး မြင့်ပုံမရ။ ကြောင်တောင်တောင်နှင့်။

ကျူးကျွင်းချီ၏ စကားကို ကြားတော့ နှစ်ယောက်လုံး ကိုယ်ကို ဖြောင့်တန်းလိုက်ကြပြီး ကျယ်လောင် ပြတ်သားသည့် အသံဖြင့် “ ကျွန်တော်(ကျွန်မ)တို့ အသင်း ၁ ကိုပဲ ဝင်ချင်ပါတယ်…”

All Chapters