ကစားပွဲထဲက ကစားပွဲ
Vol. 86 Ch. 1289
လင်းရီ၏ အစီအစဉ်ကို ကြားတော့ ရှိနေကြသည့် လူတိုင်း ရှော့ခ်ရသွားခဲ့ကြ၏။ လင်းရီ အင်မတန်ကို ဂရုစိုက်စွာဖြင့် တွေးတောထားလိမ့်မည်လို့ ထင်မထားခဲ့ချေ။
လင်းရီအပေါ် အမြင်စောင်းနေသည့် ကျူးကျွင်းချီနှင့် ဝေ့ရွှယ်တို့ပင် ယိုပေါက်မရှိသည့် အစီအစဉ်အား လေးစားမိသွားခဲ့၏။
ကြည့်ရသည်မှာတော့ ငနဲသား အသင်းခေါင်းဆောင် ဖြစ်လာသည်မှာ တိုက်ဆိုင်မှု တစ်ခုတော့ ဖြစ်ဟန်မတူပေ။
“ သူတို့ကျတော့ရော…” လျိုဟုန် ကျူးကျွင်းချီနှင့် ဝေ့ရွှယ်ကို မေးငေါ့ပြ၍ မေးလိုက်သည်။
နှစ်ဖက်ကြားတွင် စိတ်မချမ်းမြေ့ဖွယ်ရာ ကိစ္စတစ်ချို့ ဖြစ်ပျက်ထားသော်လည်းပဲ ၎င်းတို့က ကူညီရန် ရောက်လာသည်ကိုတော့ ငြင်းဆိုလို့ မရချေ။
ထို့ပြင် ဤအစီအစဉ်တွင် အတိုင်းအတာတစ်ခုထိအောင် အန္တရာယ်များနေသည်။ လင်းရီ မလိုလားအပ်သည့် အန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို လျိုဟုန် မလိုလားချေ။
“ ချိုးယွီလော့တို့နဲ့ ပူးပေါင်းလို့ရတယ်…”
လျိုဟုန် သင်သားများဘက်လှည့်၍ “ မင်း အဲ့နှစ်ယောက်ကိုရော ခေါ်သွားချင်သေးလား.. အတွေ့အကြုံရတာပေါ့..”
နာမည် ထည့်မပြောသော်လည်း စွေ့ချန်နှင့် ယွီစီယင်တို့ကို ပြောချင်နေမှန်း လင်းရီသိသည်။
“ တော်ပြီ.. ဒီကိစ္စက အန္တရာယ်များတယ်… သူတို့က ဘာအတွေ့အကြုံမှ ရှိသေးတာ မဟုတ်ဘူး… ကြိုမမြင်နိုင်တဲ့ အခက်အခဲတွေလည်း ရှိလာနိုင်တယ်… နောက်တစ်ခေါက်မှပေါ့…”
“ ကောင်းပြီလေ… မင်းက ဒီ စစ်ဆင်ရေးမှာ မင်းက အမိန့်ပေးမယ့်သူပဲ… စစ်ဆင်ရေး လုပ်နေတဲ့ချိန်မှာ ငါ့ဆီကနေ ညွှန်ကြားချက် တောင်းစရာ မလိုပါဘူး.. အကူအညီလိုရင်တော့ ကြိုပြောဖို့ မမေ့နဲ့ပေါ့ကွာ…”
“ ကောင်းပြီ…”
လင်းရီ လူတိုင်းကို ကြည့်လိုက်ပြီး “ ခုပဲ စကြတော့… မင်းတို့ အကုန် ထွက်ခွာပြီးရင် ငါလည်း လှုပ်ရှားတော့မယ်…”
“ အိုကေ….”
ရုတ်ချည်း ရောက်ချလာသည့် မစ်ရှင်ကြောင့် လေ့ကျင့်ရေး အစီအစဉ်သည်လည်း နှောင့်ယှက်ခံလိုက်ရပြီး လျိုဟုန်မှ တခြားတယောက်နှင့် စီစဉ်ပေးလိုက်သည်။
လင်းရီမှာမူ ကျုံးဝေ့တပ်ဖွဲ့ထဲတွင် နေ၍ အသေးစိတ် အကြောင်းအရာများအား တွေးတောကြည့်နေသည်။
မွန်းလွဲ တစ်နာရီလာက်ရောက်တော့ ချိုးယွီလော့ ဖုန်းဆက်လာပြီး လေးယောက်လုံး ဂျပန်သို့ အာရုံစိုက်ခံရခြင်း မရှိပါဘဲ ရောက်ရှိပြီဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်။
ထို့နောက် လင်းရီ ထောက်ချိန်ထံ ဖုန်းဆက်လိုက်၏။
သူတို့ နှစ်ယောက်လည်း စင်ကာပူသို့ ရောက်ရှိနေပြီး ထိုမှတဆင့် ဂျပန်သို့ လေယာဉ်စီးနေချေပြီ။
လင်းရီ အစီအစဉ်ကို သေသေချာချာ ထပ်မံ သုံးသပ်ကြည့်လိုက်သည်။ ပြဿနာ မရှိကြောင်း သေချာတော့ သူ လေဆိပ်သို့ တိတ်တဆိတ် မောင်းနှင်သွားပြီး သူ၏ ကိုယ်ပိုင် လေယာဉ်ပေါ် တက်လိုက်၏။
နှစ်နာရီခွဲလောက်ကြာတော့ လင်းရီ၏ Gulfstream G650 လေယာဉ်သည် တိုကျိုလေဆိပ်သို့ ဆိုက်ရောက်လာသည်။
ထိုစဉ် ထောက်ချိန်နှင့် ကျန်းချင်တို့မှာ လေဆိပ်တွင် အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားပြီးဖြစ်၏။
လေဆိပ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ လက်ဝှေ့ယမ်းပြီး တက္ကစီတစ်စင်း ငှား၍ ရှင်းဂျေခ၊ စီတီဇင် ဟိုတယ်သို့ဦးတည်လာခဲ့သည်။
စီတီဇင်ဟိုတယ်က အင်မတန် ဂုဏ်သတင်းကြီးပြီး အိုမန်ဟိုတယ်နှင့် အဆင့် အတူတူလောက်ပင်။
သို့သော်လည်း ဤဟိုတယ်၏ ပုံစံက စီးပွားရေး သမားများအတွက် အကြိုက်ဖြစ်စရာ ဖြစ်ပြီး အိုမန်ဟိုတယ်ကဲ့သို့ ဧည့်သည်အများစုက နိုင်ငံခြားသားများ မဟုတ်ကြချေ။
နာရီဝက်ခန့်ကြာပြီးနောက် လင်းရီ ကားထဲမှ ထွက်လာ၍ စီတီဇင် ဟိုတယ်ထဲ ဝင်ရောက်ကာ ဓာတ်လှေကားစီးလိုက်၏။ ထို့နောက် အခန်း ၁၂၀၉ ထံ ရောက်ရှိလာသည်။
ဒေါက် ဒေါက် ဒေါက်….
“ လာနေပါပြီရှင့်…”
လင်းရီ တံခါးခေါက်လိုက်ပြီး အထဲမှ တစ်စုံတစ်ယောက်ကလည်း ဂျပန်စကားဖြင့် ပြန်ဖြေလာခဲ့၏။
လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်သည်။ ဤသည်က သူ မျှော်လင့်ထားသည်နှင့် တူတော့ မတူညီချေ။
မကြာမီ တံခါးပွင့်လာပြီး ….
တံခါးလာဖွင့်ပေးသူက အသက် သုံးဆယ် အရွယ်ရှိမည့် တွန့်ကောက်နေသော ဆံပင်ပုံစံနှင့် အမျိုးသမီးတစ်ယောက်ပင်။ သူမက အဖြူရောင်ရှပ်နှင့် ဒူးလောက်ရှည်သည့် စကတ်တိုကို ဝတ်ဆင်ထား၏။ သူမက Omega ကဲ့သို့ ဝတ်ဆင်ထားပြီး လင်းရီကို ရှော့ခ်ရစွာ ကြည့်နေသည်။
“ ဟယ်လို… ရှင်က…”
“ ဆောတီး… အခန်းမှားတာ…” လင်းရီ အပြုံးလေးဖြင့် ပြန်ပြောလိုက်၏။
“ ရပါတယ်..”
တံခါးပိတ်ပြီးနောက် လင်းရီ ဟိုတယ်ထဲမှ ထွက်လာခဲ့ပြီး တာခါယာ မစ်ဆူထံ ဖုန်းခေါ်လိုက်သည်။
သို့သော် သူ ဖုန်းခေါ်မလို့ လုပ်တုန်း ရှိသေး သူ၏ ဖုန်းသံက မြည်ဟီးလာသည်။ အမည်မသိ နံပါတ်တစ်ခုပင်။
“ မစ္စတာလင်း… ငါတို့ချင်း မတွေ့ဖြစ်တာ အတော်ကြာပြီပဲ.. ငါ့ကို မေ့တော့ မမေ့သေးဘူးမလား..”
လင်းရီ မျက်မှောင်ကုတ်လိုက်မိပြီး ခေတ္တမျှကြာအောင် တိတ်ဆိတ်နေပြီးနောက် “ ယာမာဇူကီ …”
ယခုလို အချိန်တွင် ယာမာဇူကီ မစ်ဆူ ဖုန်းခေါ်လာသည်က အချက်ပြမှု နောက်တစ်ခုပင်။ ဤသည်ကလည်း လင်းရီ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်း၌သာ ရှိ၏။
“ အိုးဟိုး.. မစ္စတာလင်းက ငါ့နာမည်ကို မှတ်မိသေးတယ်ဆိုတော့ ဒီမစ်ဆူက ဂုဏ်ယူမိပါတယ်..”
“ မင်းနဲ့ အရည်မရ အဖတ်မရတွေ ပြောနေဖို့ အချိန်မရှိဘူး… ဟိုကောင် ဘယ်မှာလဲ… ငါ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်.. ပြီးတော့ ချိုးရွှီချိန်ရဲ့ အရေးပါမှုက မင်းတို့စိတ်ကူးဖားသလောက် မပိုဘူးဆိုတာ သိသင့်တယ်..”
“ အိုက်ယား.. မစ္စတာလင်းကလည်း စိတ်ကြီးလိုက်တာ.. ကျေးဇူးပြုပြိး စိတ်လျှော့စမ်းပါ.. ငါတို့ လုပ်တယ်ဆိုတာကလည်း ငါတို့ စိုးရိမ်လို့ပါ… ဒါပေမယ့် ထပ်မလုပ်တော့ပါဘူး…” ယာမာဇူကီ မစ်ဆူမှ ပြောလိုက်ပြီး “ ချိုးရွှီချိန်က မေပယ်လ် ဟိုတယ် ၊ အခန်း 2404 ထဲမှာ.. အဲ့ရောက်ရင် တွေ့ပါလိမ့်မယ်…”
“ ဒီလိုမျိုး နောက်တစ်ကြိမ် လှည့်စားဝံ့ရင် မင်းတို့နဲ့ စကားပြောစရာ အကြောင်း ကုန်ပြီ…” လင်းရီ တုံ့ပြန်လိုက်၏။
“ မလုပ်ပါဘူး မလုပ်ပါဘူး… စိတ်ချပါ.. ဟိုတယ်ဝင်ပေါက်ဝမှာ ငါတို့စောင့်နေပါ့မယ်..” ယာမာဇူကီမှ သေချာအောင် ထပ်ပြောပေးလိုက်၏။
“ ကောင်းပြီ…”
ဖုန်းချပြီးနောက် လင်းရီ ချိုးယွီလော့ထံ တည်နေရာကို မက်ဆေ့ချ်ပို့လိုက်သည်။
ထို့နောက် တက္ကစီငှားပြီး ယာမာဇူကီ ပြောသည့် နေရာသို့ အပြေးနှင်လာသည်။
ထိုအခိုက်အတန့် လင်းရီ ဟိုတယ်ထဲမှ ထွက်လာခဲ့ပြီး …
ထောက်ချိန်နှင့် ကျန်းချင်တို့လည်း တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားမိကာ ဘာမျှ မဖြစ်သကဲ့သို့ နောက်မှ အေးဆေးလိုက်လာခဲ့၏။
ထိုအချိန် မေပယ်လ် ဟိုတယ်၏ အခန်း 2405တွင် ယာမာဇူကီ မစ်ဆူမှ တာခါယာမစ်ဆူနှင့် ဖုန်းပြောနေသည်။ သူ၏ လက်တွင် ဝိုင်နီတစ်ခွက်ကိုလည်း ကိုင်လျက် နွေးနေလိုက်သေးသည်။
“ အစ်ကို… ငါတို့ လင်းရီ ဘယ်မှာရှိလဲသိပြီ…” ယာမာဇူကီမှ အပြုံးလေးဖြင့် ပြောလိုက်၏။
“ ငါတို့ အဲ့ကောင်ကို တကယ်ကြီး အရူးလုပ်လိုက်နိုင်တယ် ဟားဟား… အဲ့ကောင် တကယ်ကြီး စီတီဇင် ဟိုတယ်ကို သွားခဲ့တယ်… အဲ့အခန်းက သူစိမ်းနဲ့ ပက်ပင်းတိုးပြီး ကိုးရို့ကားယား နိုင်တဲ့ မြင်ကွင်းကို မြင်ယောင်မိရင်း ဟီးဟီးဟီး… “
“ သူ တစ်ယောက်တည်း လာတယ်ဆိုတာ သေချာလား… အကူ တစ်ယောက်မှ မပါလာဘူးလား…”
“ သေချာတယ်… ငါတို့လူတွေ သူ လေဆိပ်ထဲက ထွက်လာကတည်းကရင် နောက်ယောင်ခံနေကြတာ သူ တစ်ယောက်တည်း ဆိုတာ သေချာတယ်…” ယာမာ ဇူကီ ပြောလိုက်ပြီး “ နောက် ဟိုတယ်ထဲက ထွက်လာတော့လည်း ငါတို့လူတွေ သူ့နောက်ကနေ လိုက်လာနေပြီးသား… ဘာ သံသယ ဖြစ်စရာမှ သတိမထားမိဘူး… ဒီတော့ မင်း စိတ်ချလို့ရတယ်…”
“ ငါတို့ အရင်က တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးပြီ.. ဒီတစ်ကြိမ် သတိလက်လွတ် ဖြစ်လို့မရဘူးနော်…”
“ ငါသိတယ်.. အဲ့တာကြောင့်လည်း ကာကွယ်ရေးကို ပိုတင်းကြပ်ထားတာပေါ့.. “ ယာမာဇူကီမှ ယုံကြည်ချက် ပြည့်လျှံစွာ ပြောလိုက်ရင်း “ ပြီးတော့ အဲ့ကောင်လို မောက်မာတဲ့ ကောင်စားမျိုးက လူခေါ်လာမယ်လို့ မယုံဘူး…”
“ တစ်ယောက်ချင်း တစ်ယောက် တိုက်ခိုက်တာက တကယ့်ကို အဲ့ကောင်ရဲ့ စတိုင် ဟုတ်တယ်…” တာခါယာ မစ်ဆူမှ ပြောလိုက်ပြီး “ သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ထား… ဘာအမှားမှ မလုပ်မိစေနဲ့…”
“ အိုကေ…”
ညီကို နှစ်ယောက် ဆွေးနွေးပြီးတော့ ယာမာဇူကီ မစ်ဆူမှ ဖုန်းချလိုက်သည်။
ထိုအခိုက်အတန့်တွင် ယာမာဇူကီ၏ ဘော်ဒီဂတ်တစ်ယောက်မှ အနားရောက်လာပြီး “ မစ္စတာ မစ်ဆူ… လင်းရီ တစ်ခုခု ဖြစ်သွားပါတယ်…”
ယာမာ ဇူကီ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ပြီး ဆိုဖာပေါ်မှ ဆတ်ခနဲ ထလိုက်မိ၏။
“ ဘာဖြစ်တာလဲ…”
ယခု အချိန်ကျမှ တစ်စုံတစ်ရာ မှားယွင်းသွားလို့ မဖြစ်ချည်။
မဟုတ်ပါက အစီအစဉ် တစ်ခုလုံး ကပြောင်းတိ ကပြောင်းပြန်များ ဖြစ်သွားနိုင်လေသည်။
“ လင်းရီက မေပယ်လ်ဟိုတယ်ကို လာတဲ့လမ်းမှာ အက်စီးဒင့် ဖြစ်နေပါတယ်… ကားပိုင်ရှင်က စင်ကာပူကနေ ထွက်လာတဲ့ စုံတွဲနှစ်ယောက်ပါ… နောက်ဆုံးကျတော့ လင်းရီက ပိုက်ဆံရှင်းပြီး အဲ့နှစ်ယောက်ကို ဖြေရှင်းလိုက်ပါတယ်…”
“ ယာဉ်တိုက်မှု ဟုတ်လား..” ယာမာဇူကီ ပြောလိုက်ပြီး “ ဘာလို့ ရုတ်တရက်ကြီး ယာဉ်တိုက်မှု ဖြစ်သွားရတာတုန်း… အဲ့ကောင် တက္ကစီ စီးလာတာ မဟုတ်ဘူးလား….”
“ အမျိုးသမီး မောင်းတဲ့ ကားမို့ပါ…”
“ အာ.. နားလည်ပြီ… ရပြီ.. မင်းသွားတော့…” ယာမာဇူကီ ပြောလိုက်ပြီး “ မင်းတို့ အကုန်လုံး သူ့ကို မျက်ခြေမပြတ်စေနဲ့နော်… ထပ်ပြီးမှလည်း တစ်ခုခု မဖြစ်စေနဲ့… သူ ဟိုတယ်ကို ဘေးကင်းကင်းလေး ရောက်တာနဲ့ ငါတို့ အစီအစဉ် အောင်ပြီ…”
“ နားလည်ပါပြီ…”
………………..
မိနစ် လေးဆယ်ကြာပြီးနောက် လင်းရီ၏ ကားမှာ မေပယ်လ် ဟိုတယ်ရှေ့ ထိုးရပ်လာခဲ့၏။
တံခါးဝတွင် ရပ်နေသည့် ယာမာဇူကီ မစ်ဆူမှ သူ့အား နွေးထွေးစွာ ခရီးဦးကြို ပြုလာသည်။
“ မစ္စတာလင်း… စောင့်နေတာ ပေါ်မလာ ပေါ်မလာနဲ့ နောက်ဆုံးတော့ ရောက်လာပြီပေါ့…”