နောက်ဆုံးပိတ်
Vol. 86 Ch. 1290
“ ဒီလိုပါပဲ… လမ်းမှာ ပြဿနာလေး နည်းနည်း တက်သွားလို့လေ…” လင်းရီ ပြုံးလိုက်ပြီး “ အရင်က မင်းတို့သာ ဖျင်စတားတဲ့ စကားတွေ သိပ်မပြောခဲ့ရင် ဒီလို ရှုပ်ထွေးနေစရာတောင် မလိုဘူး..”
ယာမာဇူကီ မစ်ဆူ၏ အမူအရာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့၏။ သို့သော် သူ၏ စိတ်ခံစားချက်တို့ကို ကောင်းစွာ ဖိနှိပ်ထားလိုက်နိုင်သည်။
“ ပြီးခဲ့တာတွေလည်း ပြီးပါပြီလေ… အဲ့တုန်းက နားလည်မှု လွဲသွားတာပါ.. ခုကြည့် .. ငါ့ဘက်က ရိုးသားလေးနက်မှုကို ပြချင်လို့ ဒီမှာ လာစောင့်နေတယ် မဟုတ်ဘူးလား… အဲ့ ချိုးရွှီချိန်ဆိုတဲ့ ဟွာရှန့်က အခန်း 2404မှာ ရှိတယ်… မင်းအဲ့ကို သွားရင် တွေ့ပြီ…” ယာမာ ဇူကီ မစ်ဆူမှ ပြောလိုက်ပြီး “ ငါ့အစ်ကိုကြီးက အားလုံး စီစဉ်ထားပေးပြီးသား… မင်းကိစ္စ ပြီးရင် ငါတို့တွေ တခြားကိစ္စ ဆွေးနွေးကြတာပေါ့… ဆိုတော့ မစ္စတာလင်း… ငါတို့ကို သိပ်အကြာကြီးစောင့်ရအောင်တော့ မလုပ်နဲ့ပေါ့နော်…” ယာမာဇူကီ ပြုံးရွှင်စွာ ပြောလာခဲ့၏။
“ စိတ်ချပါ…ဘာလုပ်ရမလဲဆိုတာ ငါသိပါတယ်…”
ပြောပြီးနာက် လင်းရီ အပိုစာသားများ ထပ်ပြောမနေတော့ပဲ ဓာတ်လှေကားထံ တန်းမတ်စွာ ဦးတည်လိုက်တော့သည်။
ယာမာဇူကီ မစ်ဆူမှာမူ သူ၏ နဂိုနေရာတွင်သာ မလှုပ်မယှက် တည်ငြိမ်စွာ ရပ်နေပြီး ဘေးရှိ သူ၏ လက်အောက်ငယ်သားထံသို့ ယခုလို ပြောလိုက်၏။
“ ဒီကနေ အတွင်းအပြင် ဟိုတယ် ဝင်ပေါက် အကုန်လုံးကို ပိတ်ဆို့ထားလိုက်… ဘယ်ဧည့်သည်ကိုမှ ဝင်ထွက်ခွင့်မပြုဘူး…”
“ ဟုတ်ကဲ့…”
ဓာတ်လှေကားထဲသို့ လင်းရီဝင်သွားသည်ကို ကြည့်ရင်း ယာမာဇူကီ မစ်ဆူ၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့ကာ ရင်ထဲတွင် မိုးမွှန်အောင် ကျိန်ဆဲနေတော့၏။
“ မျောက်မသား… မင်း ခုတော့ ဘယ်နှယ့်ရှိစ… ခု ဒီဟိုတယ်က ငါတို့ ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ပြီ… မင်းမှာ အကူအညီတွေ ပါလာရင်တောင် ဝင်လို့မရတော့ဘူး.. ဒီတစ်ကြိမ်တော့ မင်းဘယ်လို ပြေးမလဲ ကြည့်ကြသေးတာပေါ့ ဟမ့်…”
အခြားတစ်ဖက်တွင်တော့ လင်းရီ ဓာတ်လှေကားစီး၍ 24 လွှာသို့ တက်လာပြီး အခန်း 2404ထံ ရောက်ရှိလာသည်။
ဤတစ်ကြိမ်တွင်တော့ လင်းရီ စိတ်သက်တောင့်သက်သာ ဖြစ်လို့နေသည်။
မစ်ဆူမိသားစုက ထပ်ပြီး လှည့်ကွက်များဖြင့် ကစားနေဦးမည် မဟုတ်တော့ချေ။ သူ ထင်တာမမှားဘူးဆိုပါက ချိုးရွှီချိန်သည် ကျိန်းသေပေါက် အထဲ၌ ရှိရပေမည်။
ဒေါက် ဒေါက် ဒေါက်….
လင်းရီ တံခါးခေါက်လိုက်၏။
ချလပ်…
တံခါး ပွင့်လို့လာသည်။
တံခါးဖွင့်လာသည့်လူက နေကာမျက်မှန်ကြီးနှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဘော်ဒီဂတ်ပင်။
ထိုလူကို ကျော်ကြည့်လိုက်တော့ လင်းရီ ဆိုဖာပေါ် ထိုင်နေသည့် ချိုးရွှီချိန်အား မြင်တွေ့လိုက်ရ၏။
သူ၏ ခြေနှင့် လက်များကို ချုပ်ထားပြီး မျက်လုံးများကိုလည်း တစ်စုံတစ်ရာဖြင့် ပိတ်ထားကာ ပါးစပ်ကိုလည်း ဓာတ်တိပ်နှင့် ကပ်ထား၏။ သူ၏ ရွေ့လျားနိုင်စွမ်းတို့အား ဆုံးရှုံးထားလေသည်။
သို့သော် လင်းရီ ချက်ချင်း လက်ငင်းကြီး အထဲသို့ ဝင်မသွားသေး။ ထိုအစား သူ တစ်စုံတစ်ရာကို စစ်ဆေးသည့်နှယ် တံခါး ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်သည်။
“ မစ္စတာလင်း … စိတ်ချပါ.. ကျုပ်တို့ ဘာစောင့်ကြည့်ကင်မရာမှ မတပ်ထားပါဘူး…” ဘော်ဒီဂတ်မှ ပြောလိုက်၏။
“ အဲ့တာကောင်းတယ်..”
လင်းရီ ကိုယ်ပေါ်တွင် လျှပ်စစ် ကာကွယ်ရေး ပစ္စည်းတစ်ခုရှိပြီး မည်သည့် အချက်ပြမှုမျှလည်း ထွက်မလာခဲ့ကာ အခန်းက အန္တရာယ်ကင်းကြောင်း ပြသနေသည်။
လင်းရီ ဤကိစ္စကို စိုးရိမ်ပူပန်နေခြင်းပင်။
အကယ်၍ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက ယာမာဇူကီ မစ်ဆူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေလျှင် နောက်ဆက်တွဲ ခြေလှမ်းများ လှမ်းရန်အတွက် လင်းရီအဖို့ လမ်းရှိလိမ့်မည် မဟုတ်ပေ။
သူ ယခုလို ပြုလုပ်နေရခြင်းက ရွှေနက်ကော်ပိုရေးရှင်း အဖွဲ့သားများကို သတိထားရန်ပင်။
အကယ်၍ မစ်ဆူမိသားစုကသာ ရိုးရိုးသားသားနှင့် ရွှေနက်ကော်ပိုရေးရှင်းထံ ဆက်သွယ်မှု မပြုခဲ့ဘူးဆိုပါက ဇာတ်လမ်းသည်လည်း အခြားတစ်ပုဒ် ဖြစ်သွားလိမ့်မည်။
သို့သော် သူ သတိထားရမည်ကတော့ သတိထားရမည့် ကိစ္စပင်။
ပြဿနာ မရှိကြောင်း သေချာတော့ လင်းရီ အထဲသို့ ဝင်လာခဲ့၏။ သူ ဆိုဖာနားရောက်တော့ တံခါးလာဖွင့်ပေးသည့် ဘော်ဒီဂတ်မှာ တံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်ခွာသွားခဲ့သည်။
လင်းရီ ချိုးရွှီချိန်၏ မျက်လုံးပိတ်ထားသည့် အဝတ်စကို ဖြေလိုက်ပြီး သူ့ပါးစပ်ရှိ တိပ်ကိုလည်း ခွာပေးလိုက်၏။
“ ငါတို့ ဒီမှာ တွေ့ရမယ်လို့ ထင်မထားဘူးမလား…”
“ ဟမ့်…” ချိုးရွှီချိန် နှာခေါင်းရှုံ့လိုက်ပြီး “ ငါလည်း မင်းကို ယွမ်ယွမ်ရဲ့ ဘော့စ်ဖြစ်နေမယ်လို့ ထင်ကို ထင်မထားတာ… အဲ့တုန်းကဆို ငါလည်း တော်တော်လေး အံ့ဩသွားခဲ့တာပဲ…”
“ မင်း ဘယ်အချိန်တုန်းကတည်းကရင် မစ်ဆူမိသားစု ဝယ်တာကို ခံလိုက်ရတာလဲ….” လင်းရီမှ မေး၏။
“ အဲ့ဒီတုန်းက မစ်ဆူမိသားစုကနေပြီး မင်းကို သိမ်းသွင်းဖို့ဆို မင်းအကြောင်းတွေကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းတော့ ဟော်ယွမ်ယွမ်ကနေတဆင့် ငါ့အကြောင်း သိသွားခဲ့တယ်.. သူတို့က မင်းရဲ့ ဓာတ်ခွဲခန်းထဲကို စိမ့်ဝင်ပြီး လျှို့ဝှက် စာရွက်စာတမ်းတွေ ခိုးပေးစေချင်တာ… အဲ့တာတွေကိုင်ပြီး မင်းကို အကြပ်ကိုင်ဖို့ပေါ့… ဒါပေမယ့်လည်း ဟားဟား.. ထင်မှတ်မထားခဲ့တာ ငါကိုယ်တိုင်က မင်းရဲ့ လျှို့ဝှက် ဓာတ်ခွဲခန်းထဲ ရောက်သွားခဲ့မယ်ဆိုတာလေ… ဟားဟားဟား တကယ့်ကောင်တွေ… မင်းတို့က လီတိုဂရပ်ဖီစက် သုတေသနပြုနေတဲ့ နေရာကိုမှ ငါ့ကို ပေးဝင်ခဲ့တယ်တဲ့….”
ချိုးရွှီချိန် ရိုက်သတ်ချင်စရာ ကောင်းလောက်အောင် အူလိုက်သည်းလိုက် ရယ်မောနေသည်။ “ အဲ့နောက်ပိုင်းတော့ ဘာဆက်ဖြစ်လဲ မင်းသိနေတာပဲ…”
“ မဆိုးဘူး… မင်းငါ့ကို ဒီလောက်ကြာအောင် လိမ်ညာနိုင်ခဲ့တယ်ပေါ့… လေးစားမိပြီ လေးစားမိပြီ…”
“ အဲ့လို မပြောနဲ့… မင်းကိုက ရှန်းထျန်းကျိုးကို သောက်ရမ်း ယုံကြည်နေလွန်းတာ…. “ ချိုးရွှီချိန် ပြောလိုက်ပြီး “ သူက ကွန်ပျူတာသုံးတဲ့နေရာမှာသာ တော်ရင် တော်မယ်… စီးပွားရေး လုပ်တဲ့နေရာမှာတော့ တကယ့် ငစနူလေး… မင်းသာ သုတေသန စင်တာမှာ ရှိနေလို့ကတော့ ငါလည်း အဲ့လောက်ကြာအောင် ဖုံးကွယ်နေနိုင်ခဲ့မှာ မဟုတ်ဘူး…”
“ ဒီခုချိန်ရောက်မှတော့ ဒါတွေ ပြောလို့လည်း ဘာထူးတော့မှာ…” လင်းရီပြုံးလိုက်ပြီး “ အမှန်ဆို မင်းသေလား ရှင်လား ငါ စိတ်ကိုမဝင်စားတာ… ဒါပေမယ့် လင်းယွင်အုပ်စုရဲ့ လီတိုဂရပ်ဖီ ပရောဂျက်က အထက်အကြီးအကဲတွေအတွက် သိပ်အရေးကြီးနေတာရယ်… ပြီးတော့ စစ်တပ် လျှို့ဝှက် ထုတ်ကုန်အဖြစ် သတ်မှတ်ခံထားရတာ ရယ်ကြောင့်သာ မဟုတ်ရင် ဒီလာပြီး မင်းကို ခေါ်နေမှာတောင် မဟုတ်ဘူး.. မင်း ကျူးလွန်ခဲ့တဲ့ အမှုကို မင်း သိမှာပေါ့… ငါနဲ့ပြန်လိုက်ခဲ့… မင်း လက်ကျန်ဘဝကြီးတစ်ခုလုံး နေစားငြိမ်းဖြစ်ပြီ.. ထောင်က မင်းကို ကောင်းကောင်းကြီး ကျွေးမွေးပါမှာကွ…”
“ ငါ့ကို ဒီနေရာနေ ထုတ်ပေးနိုင်သရွေ့ မင်းဘာမင်း ဘယ်နေရာခေါ်သွားသွား ကိစ္စမရှိဘူး…”
“ အိုး .. အဲ့လောက်တောင် ပူးပေါင်းဆောင်ရွက်ပေးနေတယ်ပေါ့….”
“ ငါက ဒီတိုင်း သာမန်လူလေ.. ငါ့မှာ မင်းကို ဆန့်ကျင်နိုင်တဲ့ အစွမ်းအစလည်း မရှိဘူး.. “ ချိုးရွှီချိန် ပြောလိုက်ပြီး “ ငါပြောတာ တခြား ကိစ္စ…”
ချလပ်…
နှစ်ယောက်သား စကားပြောနေသည့် အချိန်တွင်ပဲ အတွင်းတံခါးမှာ တွန်းပွင့်လာခဲ့၏။
နိုင်ငံခြားသား ခြောက်ယောက် ဆိုဖာနား လျှောက်လှမ်းလို့လာသည်။
ခေါင်းဆောင်ဖြစ်သူမှာ ရွှေအိုရောင် ဆံနွယ်ပိုင်ရှင် အမျိုးသားတစ်ဦးဖြစ်ပြီး အနက်ရောင် ကျည်ကာကို ဝတ်ဆင်ထားကာ လက်မောင်းတွင် မိမိုက်သည့် တက်တူးများ ရေးထိုးထား၏။ သူက လင်းရီကို ကျီစယ်စွာ ပြုံးတုံ့တုံ့ကြည့်နေသည်။ အမဲဖြတ်တော့မည့် သားကောင်ကို ကြည့်သည့် အကြည့်မျိုးပင်။
လင်းရီ ထိုလူကို ချက်ချင်း မှတ်မိသွားခဲ့၏။
ထိုသူက ပေါလ်…
လင်းရီ ထင်မှတ်ထားသည့် ကိစ္စတို့က သူ့မျက်စိရှေ့မှောက်တွင် တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာနေတော့သည်။
“ ဟက်ဟက်….” ချိုးရွှီချိန် နှာခေါင်းရှုံ့ ရယ်မောလိုက်ပြီး “ လင်းရီ … မစ်ဆူ မိသားစုက တစ်ယောက်ယောက် ခေါ်ထားလိမ့်မယ်လို့တော့ မင်း ထင်မထားဘူးမလား…”
“ မင်း ငါနဲ့ စကားအေးဆေး ပြောနေနိုင်တာ မဆန်းတော့ပါဘူး.. လက်စသတ်တော့ မင်းမှာ အားကိုးလေးနဲ့ကိုး…”
“ မဟုတ်ရင် မစ်ဆူမိသားစုက မင်းကို ဘာလို့ ဂျပန်ခေါ်လိုက်တယ် ထင်လဲ… မင်း အစာလာဟပ်မှာကို ဒီတိုင်း စောင့်နေတာကွ..” ချိုးရွှီချိန် ပြုံးလိုက်ပြီး “ မင်းငါ့ကို အူထဲ အသည်းထဲကနေ မုန်းနေမယ်ဆိုတာ ငါသိတယ်.. မင်း အသက်ရှင်နေမယ်ဆို ငါလည်း အေးဆေး မနေနိုင်ဘူး… ဒါကြောင့်မို့ မစ်ဆူမိသားစုက မင်းကို တစ်ခါတည်း သတ်လိုက်နိုင်ရင် အကောင်းဆုံးပဲ… အဲ့လိုဆို ငါလည်း အေးဆေးနေနိုင်ပြီ…”
“ မင်း ဉာဏ်မဆိုးဘူးပဲ.. ဒီလိုတွေတောင် စဉ်းစားတတ်တယ်ဆိုတော့…” လင်းရီ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
“ ချီးကျူးပေးလို့ ကျေးဇူးတင်တယ်… ဒါပေမယ့် ငါတော့ ခုတော့ အဲ့လို ပြောရမယ့် အချိန်မဟုတ်သေးဘူး… မင်းရဲ့ ကံကြမ္မာကို ဒီတိုင်းလက်ခံလိုက်တော့…”
“ ဒါဆိုလည်း ငါ သူတို့ကို အရင်ရှင်းလိုက်ဦးမယ်… ပြီးမှ မင်းနဲ့ ဆက်ပြောတာပေါ့…”
ပြောပြီးနောက် လင်းရီ ပေါလ်ကို ကြည့်လိုက်ပြီး ပြုံးလျက် “ ငါ့ကို သတ်ဖို့ တစ်ခုတည်းနဲ့ ဒီအထိ ရောက်လာပေးလို့ ကျေးဇူးပဲ…”
ပေါလ် လင်းရီဆိုလိုချင်သည်ကို နားမလည်သဖြင့် ပခုံးတွန့်လိုက်ပြီး “ မင်း ဂျင်မီနဲ့ အယ်လက်ဆာကို သတ်ခဲ့တာလား…”
“ ငါ ဂျင်မီကို ဖမ်းထားတယ်… အယ်လက်ဆာကိုပဲ သတ်ခဲ့တာ..”
ဟင်…
လင်းရီ၏ ရိုးသားမှုက ပေါလ်နှင့် သူ့အပေါင်းအပါများကို အံ့အားသင့်သွားစေသည်။
ဤသို့ တုံ့ပြန်မှုက သူတို့ စိတ်ကူးထားသည်နှင့် နည်းနည်းလေးတော့ လွဲချော်နေခဲ့၏။
“ အယ်လက်ဆာရဲ့ ပစ္စည်းတွေ ဘယ်မှာလဲ..”
“ ငါယူသွားပြီ…”
ပေါလ် မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့သည်။
“ မင်းရဲ့ ရိုးသားမှုက ငါ့ကို တကယ်ကြီး အံ့အားသင့်စေတယ်… ဒါကြောင့်မို့ မင်းကို ဒီနေ့ သွားခွင့်မပေးနိုင်တော့ဘူး…”
“ အမှန်အတိုင်းပြောရရင် မင်း ဒီထက် လူပိုခေါ်လာခဲ့ရင်တောင် ငါတစ်ယောက်တည်းနဲ့ ပြီးတယ်.. ဒါပေမယ့် ငါ့ကို လူတွေ ခေါ်သွားဖို့ အမိန့်ပေးလာခဲ့တော့ ငါတတ်နိုင်တာလည်း မရှိဘူးလေ… ကျေးဇူးပြုပြီး ဒီအတွက် ငါ့ကို အပြစ်မတင်ပါနဲ့…”
လင်းရီ နောက်လှည့်၍ တံခါးထံလှမ်းသွားပြီး သုံးချက်ခေါက်လိုက်၏။
ချိုးယွီလော့ ၊ နင်ချဲ့၊ ကျူးကျွင်းချီနှင့် ဝေ့ရွှယ်တို့မှာ တံခါးအပြင်ဘက်တွင် အစီအရီ ရှိလို့နေသည်။
သူ တံခါးဖွင့်လိုက်သည့် အချိန်တွင်ပဲ အကုန်လုံး အပြင်ဘက်မှ ခုန်ဝင်လာခဲ့ကြ၏။
“ မင်း.. မင်း တကယ်ကြီး အကူတွေ ခေါ်လာတယ်…”
စာစဉ် (၈၆) ပြီး၏။