← Chapters

အတုမရှိထိပ်တန်းအရှင်သခင်’ရန်ကျောက်ကဲ’

Vol. 94 Ch. 1314

အတုမရှိထိပ်တန်းအရှင်သခင်’ရန်ကျောက်ကဲ’

Vol. 94 Ch. 1314

အခန်း (၁၃၁၄) အတုမရှိထိပ်တန်းအရှင်သခင်’ရန်ကျောက်ကဲ’

ကြိမ်ဖိနပ်စီးတာအိုဆရာ သေဆုံးသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ပြီးနောက် အမတခုံရုံးမှ ကျင့်ကြံသူများအားလုံး စိတ်ထဲဗလာကျင်းသွားကြသည်။

သူတို့ မျက်မြင်ကြုံတွေ့ခဲ့ရသောကိစ္စက သူတို့ ဘယ်တုန်းကမှ မကြုံတွေ့ဖူးရုံသာမက ကြားပင်မကြားခဲ့ဖူးကြပေ။ ဤသည်က လောက၏ ယုတ္တိတန်မှုနှင့်ဆန့်ကျင်ပြီး သူတို့၏နားလည်မှုများနှင့်လည်း ဖီဆန်နေသည်။

ထိုခဏတွင် သူတို့စိတ်ထဲတွင် တစ်စုံတစ်ခု အက်ကွဲသံကို ကြားလိုက်ရသည်။

တူညီသောကျင့်ကြံခြင်းအဆင့်တွင် စန်းချင်း(၃)ပါးအဆက်အနွယ်များ၏ တိုက်ခိုက်စွမ်းရည်နှင့် တန်ခိုးစွမ်းအားက အမမတခုံရုံးမှလူများထက် သာလွန်လေသည်။

ထိုအကြောင်းကို သူတို့အားလုံး နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း သိရှိခဲ့ကြသည်။

တူညီသောကျင့်ကြံခြင်းအဆင့်တွင်ရှိမည်ဆိုလျှင် စန်းချင်း(၃)ပါးအဆက်အနွယ်ကျင့်ကြံသူများကို သူ့အနေဖြင့် အနိုယူနိုင်မည် မဟုတ်ဟု ဟောက်ယန်အရှင်သခင် ‘ဖေးဟွာ’ ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။

အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရားတစ်ပါးအား လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က ရှင်းပစ်လိုက်နိုင်ပေသည်။

သို့ဖြစ်ရာ စန်းချင်း(၃)ပါးအဆက်အနွယ်မှ အစစ်အမှန်နတ်ဘုရားနှင့် ရင်ဆိုင်ရမည်ဆိုလျှင် အမတခုံရုံးက ဧကရာဇ်အဆင့်ရှိသော နက်ရှိုင်းနတ်ဘုရားကိုသာ စေလွှတ်လေ့ရှိသည်။

ဤသို့ပင် ဆက်တိုက်ဆိုသလို လှုပ်ရှားနေခဲ့ခြင်း ဖြစ်လေသည်။

ဤသည်က ဖေးဟွာ၏စကားဖြစ်သလို ကြိမ်ဖိနပ်စီးတာအိုဆရာ၏ ယုံကြည်ချက်လည်း ဖြစ်လေသည်။ ဤသည်က သူတို့၏ ရည်မှန်းချက်နှင့် မျှော်လင့်ချက်ဖြစ်သည့်တိုင် သူတို့လုံခြုံရေးအတွက် အကြောင်းပြချက်တစ်ခုလည်း ဖြစ်သည်။

သို့သော် လောလောဆယ်မှာတော့ ထိုလုံခြုံရေးအကြောင်းပြချက်က ပျက်ဆီးသွားပြီ ဖြစ်၏။

ပိုမိုခိုင်မာသော အခြေခံအုတ်မြစ်ရှိသည့် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက အလွန်လျှို့ဝှက်သော ကောလဟလများကို သိရှိထားကြပြီး ဖြစ်သည်။

သူတို့သည်လည်း ဒဏ္ဍာရီထဲမှ နတ်ဘုရားသုတ်သင်အစီအရင်အကြောင်း ကြားဖူးထားကြသည်ပင်။

သို့သော် နတ်ဘုရားသုတ်သင်အစီအရင် ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး ဒဏ္ဍာရီမျှသာ တည်ရှိတော့သည်။ ထိုအစီအရင်နှင့်ပတ်သက်ပြီး မည်သူမှ အမှန်တရားကို မသိရှိနိုင်ကြတော့ပေ။

ယနေ့တော့ တစ်စုံတစ်ယောက်က နတ်ဘုရားသုတ်သင်အစီအရင်ကိုသအုံးပြုပြီး လူသားနှင့် နတ်ဘုရားကြားမှ ကွာဟချက်ကို ကျော်လွှားနိုင်ခဲ့သည်။

ရန်ကျောက်ကဲက လူသားနှင့် နတ်ဘုရားအတားအဆီးကို ကျော်ဖြတ်ခဲ့ရုံသာမက အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ၏နှလုံးသားထဲမှ မာနနှင့် စိတ်ဓာတ်ခိုင်မာမှုကိုလည်း ချေမှုန်းနိုင်ခဲ့သည်။

ယခုတော့ အားလုံး စိတ်ရှုပ်ထွေးလျှက် ရှိကြသည်။

သူတို့စိတ်ထဲတွင် သံသယမျိုးစေ့များ နက်ရှိုင်းစွာ ပေါက်ဖွာလာကြသည်။

စိတ်ထဲမှယုံကြည်ခြင်း သံသယဝင်လာသည့်အခါ သူတို့တစ်ဖွဲ့လုံး၏ ယုံကြည်ခြင်းရတနာအလင်းတန်းက မတည်မငြိမ် ဖြစ်လာတော့သည်။

ရန်ကျောက်ကဲကတော့ အရေးမစိုက်ဟန်ဖြင့် ရှေ့ဆက်လျှောက်သွားသည်။

အမတခုံရုံးမှ ကျင့်ကြံသူများမှာ အစပိုင်းတွင် ထိတ်လန့်တုန်လှုပ်သွားပြီး နောက်ပိုင်းမှာတော့ အထိန်းအကွပ်မဲ့စွာ ပြန်လည်ဆုတ်ခွာသွားကြသည်။

သို့ပေသိ လော‌လောဆယ်တွင် သူတို့က အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်း စကြာဝဠာထဲမှာပင် ရှိနေသေးသည်ဖြစ်ရာ ၊ ပတ်ဝန်းကျင်က လှောင်အိမ်တစ်ခုပမာဖြစ်နေပြီး လွတ်မြောက်ရန် မဖြစ်နိုင်ကြပေ။

သို့ဖြစ်ရာ ပြင်ပတာအိုကျင့်ကြံသူအုပ်စုမှာ အသက်ကိုကြိုးတန်းပေါ်တင်ပြီး ရန်ကျောက်ကဲအား အုပ်စုလိုက် ပြန်လည်တိုက်ခိုက်ရန်သာ ကြိုးစားနိုင်ကြသည်။

သူတို့၏တိုက်ခိုက်မှုများက ယခင်အကြိမ်ကထက် ပိုမိုရက်စက်ကြမ်းကြုတ်ပြီး ပို၍ပင် ရိုင်းစိုင်းလာခဲ့သည်။ တစ်ချိန်တည်းပင် စိတ်ပျက်အားငယ်မှုများလည်း ပါဝင်နေခဲ့သည်။

ရန်ကျောက်ကဲက တစ်ချက်အကဲခတ်လိုက်ပြီး သူတို့အားလုံး၏ သိုင်းပညာရပ်များကို ထုတ်ဖော်ပြောပြလိုက်သည်။

“ခရမ်းရောင်မိုးကြိုးခတ်သံသိုင်ကျမ်း ၊ သွေးငရဲချီစွမ်းအား ၊ ကောင်းကင်သက်တံ့ရတနာဖွဲ့စည်းပုံ ၊ နွေဦးသူတော်စင်သုံးပါးတူ...”

ဤ သိုင်းပညာရပ်အားလုံးက မဟာကပ်ဘေးကြီးမတိုင်ခင် သိုင်းပညာတိုးတက်ထွန်းကားသော ခေတ်ကာလတွင် တည်ရှိခဲ့သော မယုံနိုင်လောက်အောင်လေးနက်သည့် သိုင်းပညာရပ်များ ဖြစ်ကြသည်။

သူတို့အားလုံးတွင် ကိုယ်ပိုင်သိုင်းပညာရပ်များရှိပြီး စန်းချင်း(၃)ပါးအဆက်အနွယ် ထိပ်တန်းသိုင်းပညာအချို့ထက် အားနည်းခြင်း မရှိပေ။

အမတခုံရုံးမှ သိုင်းကျင့်ကြံသူများ ထိုသိုင်းပညာရပ်များကို အသုံးပြုခြင်းဖြစ်သည့်တိုင် စွမ်းအားအပြည့်အဝ ထုတ်ဖော်နိုင်စွမ်း ရှိလေသည်။

အလင်းရောင်ပင်လယ်ဖြင့် ပိုင်းခြားခံထားရသော အထက်ဘုံကမ္ဘာမှလူများမှာ ရန်ကျောက်ကဲ၏အသံကို ယောင်ဝါးဝါး ကြားလိုက်ရသည်။ သို့သော် သူတို့အနေဖြင့် အမတခုံရုံးမှ ကျင့်ကြံသူအုပ်စုနှင့် ဆက်သွယ်၍မရနိုင်ကြပေ။

အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ၏ လက်ရှိတိုက်ခိုက်မှုသည် ကမ္ဘာတစ်ခုလုံးအား ဖျက်ဆီးပစ်ရန် စွမ်းအားရှိနေသည်။

ထိုမြင်ကွင်းကို မျက်ဝါးထင်ထင်တွေ့မြင်ကြရသည်ဖြစ်ရာ အထက်ဘုံကမ္ဘာမှလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

သို့ပေသိ ရန်ကျောက်ကဲရှုထောင့်မှကြည့်လျှင်တော့ အမတခုံရုံးမှလူများမှာ စိတ်မသက်မသာခံစားနေရကြောင်း သိရှိပေသည်။

သူတို့၏အလောတကြီးနိုင်မှုကြောင့် သူတို့၏အခြေအနေများပျက်ဆီးသွားပြီး အားသာချက်မရှိသည့်အခြေအနေသို့ ရောက်ရှိသွားကြရသည်။

ရန်ကျောက်ကဲက ပြုံးလျှက် ခေါင်းခါယမ်းလိုက်ပြီး သူ၏လက်ချောင်းများကို ဓားအသွင်အသုံးပြုကာ ဓားအလင်းတန်းများ ထုတ်ဖော်လိုက်သည်။

ခရမ်းရောင်မိုးကြိုးခတ်သံသိုင်းပညာက ခရမ်းရောင်လျှပ်စီးစွမ်းအားကို သန့်စင်ထားခြင်း ဖြစ်သည်။

လျှပ်စီးကြောင်းပုံသဏ္ဌန်ထွက်ပေါ်လာပြီးနောက် မြောက်မြားစွာသော လျှပ်စီးလှံရှည်များအဖြစ် ပြောင်းလဲသွားသည်။

လျှပ်စီးလှံရှည်များ အချင်းချင်းရောယှက်သွားပြီး အလွန်အမင်းထက်ရှသည့် မိုးကြိုးမုန်တိုင်းပမာ ရန်ကျောက်ကဲထံသို့ ဝင်ရောက်လာသည်။

မိုးကြိုးမုန်တိုင်းထဲတွင် နက်နဲသည့် သိုင်းပညာအဓိပ္ပါယ်များ ပါဝင်သည်။

လှံရှည်၏ထက်ရှမှုက ရန်သူ၏ ခံစစ်စွမ်းအားမှန်သမျှကို အဖျက်စွမ်းအားဖြင့် ပြက်ပြက်ထင်ထင် ထိုးဖောက်သွားနိုင်ပေသည်။

ထိုတိုက်ကွက်သာ ထိမှန်ခံရမည်ဆိုလျှင် များပြားလှစွာသောလှံရှည်များဖြင့် ထိုးဖောက်ခံရသည့်ပမာ ဖြစ်ပေလိမ့်မည်။ ထို့နောက် ထိမှန်ခံရသူ၏ ဒဏ်ရာများမှ လျှပ်စီးကြောင်းအလင်းတန်းများ ပေါက်ကွဲထွက်သွားကာ ပြာမှုန့်အဖြစ် ပြောင်းလဲသွားပေမည်။

သွေးငရဲချီစွမ်းအားသိုင်းပညာကတော့ အလွန်ပင် မိစ္ဆာဆန်လှသည်။

အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရားက အမတချီစွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခါ သွေးငရဲချီစွမ်းအားက သွေးမြူခိုးများပမာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား သွေးဖြင့်ပြည့်လျှမ်းသည့် ငရဲတစ်ခုပမာ ပြောင်းလဲသွားစေသည်။

ပြင်းထန်သောသေခြင်းတရားနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များက လေထုထဲတွင် ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ ပြည့်လျှံသွားသည်။

သွေးနီရောင်စွမ်းအားရောင်ဝါက ရန်သူကို သွေးငရဲထဲတွင် မြှုပ်နှံထားသည့်ပမာ ဖြစ်စေသည်။

ကောင်းကင်သက်တံ့ရတနာဖွဲ့စည်းပုံ တိုက်ကွက်သည်လည်း ထွက်ပေါ်လာသည်။

ထိုသိုင်းပညာကိုအသုံးပြုသူက သက်တံ့တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး မိုင်ထောင်ပေါင်းများစွာကို ချက်ချင်းရောက်ရှိနိုင်သည်။ သူ့ပုံရိပ်က နေရာတိုင်းတွင် ပုံရိပ်ယောင်ပမာ ထင်မှတ်ရသည်။

ရန်သူကိုတိုက်ခိုက်သည့်အခါ သူ၏ခန္ဓာကိုယ်အမှန်ကိုမမြင်ရဘဲ သက်တံ့အလင်းရောင်များကိုသာ တွေ့မြင်ရမည်ဖြစ်လေရာ ရန်သူအနေဖြင့် ထင်ယောင်ထင်မှားဖြစ်ကာ ခုခံရန် ခက်ခဲပေသည်။

ရန်သူ၏တိုက်ခိုက်မှုကလည်း သက်တံ့အလင်းများမှတစ်ဆင့် ဖြတ်သန်းသွားမည်ဖြစ်ရာ ရင်ဆိုင်ရန် ခက်ခဲစေပေမည်။

‘နွေဦးသူတော်စင်သုံးပါးတူ’ ကတော့ အသက်ရှည်ရန်အတွက် အလေးထားသော သိုင်းပညာတစ်ရပ် ဖြစ်သည်။

ထိုသိုင်းပညာက ကျင့်ကြံသူ၏ရုပ်ခန္ဓာကို ပျိုးထောင်ပေးပြီး များပြားသည့် အသက်ဓာတ်စွမ်းအးကို ထုတ်ဖော်ပေးမည် ဖြစ်သည်။

ရန်သူနှင့်တိုက်ခိုက်သည့်အခါမှာတော့ ထိုသိုင်းစွမ်းက ပျော့ပြောင်းနေမည် မဟုတ်ပေ။ ထိုသိုင်းပညာက အရေးကြီးသော အသက်ဓာတ်စွမ်းအားများကို ကြီးမားသည့် တန်ခိုးစွမ်းအားအဖြစ်ပြောင်းလဲကာ ရန်သူကို ဖျက်ဆီးပစ်မည် ဖြစ်သည်။

ထိုသိုင်းပညာရပ်များသာမက အခြားသော သိုင်းပညာများစွာကို ထုတ်လွှတ်ပြီး ရန်ကျောက်ကဲအား ဝိုင်းဝန်းတိုက်ခိုက်ကြသည်။

သို့ပေသိ တစ်ခဏအတွင်းမှာပင် ရွှမ့်ဝူလိပ်နက်ဆီမှ သွေးများဖြာထွက်လာပြီး တောက်ပသည့်အလင်းတန်းများထွက်ပေါ်လာကာ ယင်နှင့်ယန်ကို ပိုင်းခြားပစ်လိုက်ပြီး ခရမ်းရောင် လျှပ်စီးများကို ဖျက်ဆီးပစ်လိုက်သည်။

မိုးကြိုးပင်လယ်ကြီး ပျက်ပြယ်သွားပြီး ရွှမ့်ဝူသုတ်သင်ဓားသိုင်းက ရပ်တန့်ခြင်းမရှိဘဲ ရှည်လျားသည့်သက်တံ့ကြီးကိုပါ နှစ်ပိုင်းပိုင်းပစ်လိုက်သည်။

သက်တံ့ရောင်အလင်းတန်းများက ပုံရိပ်ယောင်ပမာဖြစ်သည့်တိုင် ရွှမ်ဝူသုတ်သင်ဓားသိုင်းနှင့် ခုတ်ပိုင်းခံရသည့်အခါ ထူးထူးခြားခြားပင် သက်တံ့ရောင်များ ပျောက်ကွယ်သွားတော့သည်။

ပုံရိပ်ယောင်သက်တံ့မှာ ချက်ချင်းပင် အက်ကွဲထွက်သွားတော့၏။

တစ်ချိန်တည်းမှာပင် စိမ်းပြာနဂါးကြီးမှ သွေးရောင်များဖြာထွက်လာပြီး ထက်ရှသည့်ဓားအလင်းတန်းများ ထွက်ပေါ်လာကာ အေးစက်စွာ သတ်ဖြတ်လိုသောအငွေ့အသက်များ ပြည့်နက်နေသည့် ‘နွေဦးသူတော်စင်သုံးပါးတူ’ ၏ အဆုံးမရှိသော အသက်ဓာတ်စွမ်းအားများကို ဖြတ်တောက်ပစ်လိုက်သည်။

သတ်ဖြတ်လိုသည့်အငွေ့အသက်များအဖြစ် ပြောင်းလဲသွားသော ပြင်းထန်သည့်အသက်ဓာတ်စွမ်းအားများက ရုတ်ချည်းပင် သေခြင်းတရားအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

စိမ်းပြနဂါးသုတ်သင်ဓားသိုင်းက ‘နွေဦးသူတော်စင်သုံးပါးတူ’ ထက် ပို၍ပင် ရက်စက်ကြမ်းကြုတ်ပြီး ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လွန်းသည်။

ရန်သူ၏ ကြောက်မက်ဖွယ်ရာကောင်းသော အငွေ့အသက်များဖြင့်ပြည့်နေသည့် သွေးငရဲကိုတော့ ကျားဖြူသုတ်သင်ဓားသိုင်းက ချေမှုန်းပစ်လိုက်သည်။

အရာအားလုံးက ပြန်လည်ငြိမ်သက်သွားပြီး သွေးနီရောင်ချီစွမ်းအားများ ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက ထိပ်တန်းသိုင်းပညာရပ်များ တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်လေရာ ဓားအလင်းတန်းများပေါင်းစပ်သွားပြီး ကောင်းကင်မြစ်ရေများ သေမျိုးလူသားလောကသို့ ဆင်းသက်လာသည့်ပမာ ဖြစ်သည်။

ထိုဓားအလင်းတန်းများအားလုံးက အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များဆီသို့ ဝင်ရောက်လာကြသည်။

လက်ရှိတွင် ရန်ကျောက်ကဲက အလင်းရွက်လှေကြီးတစ်စင်းထက် ရောက်ရှိနေပုံရပြီး သူက စီးဆင်းနေသည့် ကောင်းကင်မြစ်ရေနှင့်အတူ စုန်ဆင်းလာသည်။

သူ ဆင်းသက်လာရာလမ်းတစ်လျှောက် သွေးနီရောင်များလွှမ်းခြုံသွားပြီး အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အသက်ပျောက်သွားတော့သည်။

ထိုမြင်ကွင်းကိုတွေ့မြင်ရသည့်အခါ အလင်းရောင်ပင်လယ်ကြီးထဲတွင်ရှိနေသည့် အထက်ဘုံကမ္ဘာမှလူများမှာ တုံ့ပြန်နိုင်ခြင်းပင်မရှိဘဲ မှင်တက်သွားကြတော့သည်။

ရန်ကျောက်ကဲက ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာတစ်ယောက်တည်းအား သတ်ဖြတ်ခြင်းမဟုတ်ပေ။ သူက အမတခုံရုံမှ အစစ်အမှန်နတ်ဘုရားများအားလုံးကို သတ်ဖြတ်ပစ်လိုက်ခြင်းပင်။

ကြိမ်ဖိနပ်စီးထားသော တာအိုဆရာသေဆုံးရခြင်းသည်ပင် လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။ ယခုတော့ ပိုပြီး ကြောက်စရာကောင်းလာခဲ့ပေပြီ။

“ဒါက... ဒါက သမိုင်းတစ်လျှောက်မှာ အစစ်အမှန်နတ်ဘုရားတွေကို လက်ဗလာနဲ့သတ်ပစ်တဲ့ ပထမဆုံး သိုင်းသူတော်စင်ပဲ မဟုတ်လား”

လေမိုးကြိုးအိမ်တော်သခင် ‘ဟန်ရှန်းတာ့’ က ရေရွတ်လိုက်သည်။

“မဟာကပ်ဘေးကြီးမတိုင်ခင်ကတောင် ဒီလိုအဖြစ်မျိုး မရှိခဲ့ဘူး”

ဝမ်ဖူကတော့ မှင်တက်နေသည့်မျက်နှာထားဖြင့်...

“အစစ်အမှန်နတ်ဘုရား တစ်ပါးတည်းကိုတောင် သတ်ပစ်တာ မဟုတ်ဘူးပဲ”

ဟန်ရှန်းတာ့က...

“ငါတို့များ အမြင်မှားသလား... ဒီလူတွေက အစစ်အမှန်နတ်ဘုရားတွေ မဟုတ်ဘူးလား”

ဝမ်ဖူက...

“ဒီလူတွေက...”

ထို့နောက် သူ၏အကြည့်များက လူသားအထွတ်ထိပ်အဆင့်ရှိသော ကျင့်ကြံသူများထံသို့ ကျရောက်သွားသည်။

ချောင်ကျယ် ၊ လျိုကျန်းကူနှင့် အခြားသူများမှာလည်း ထိတ်လန့်တုန်လှုပ်လျှက် ရှိကြသည်။

သို့သော် ဝမ်ဖူနှင့် ဟန်ရှန်းတာ့ သူတို့ကို လှမ်းကြည့်နေကြောင်း သတိထားမိသည့်အခါ ချက်ချင်းပင် သတိပြန်ဝင်လာကြသည်။

အရှေ့မြောက်ထိပ်တန်းအရှင်သခင်’လျိုကျန်းကူ’ က သက်ပြင်းချရင်း...

“သူတို့က တကယ့်နတ်ဘုရားတွေပဲ ၊ သူတို့က နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးတဲ့ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတွေပဲ”

သူက ဆက်ပြောသည်။

“အစစ်အမှန်နတ်ဘုရားတွေဆိုတာ သေမျိုးလူသားတစ်ယောက်ကြောင့် ဒဏ်ရာရဖို့ဆိုတာတောင် သိပ်မဖြစ်နိုင်ကြဘူး”

ထိုစကားကိုကြားတော့ ဟန်ရှန်းတာ့နှင့်အခြားသူများ စကားမပြောနိုင် ဖြစ်သွားကြသည်။

ဝမ်ဖူက တိုးလျသည့် လေသံဖြင့်...

“ဂိုဏ်းတူညီလေး’ရန်’ ရဲ့ဓားသိုင်းက လင်ပေါင်ဓားသိုင်း (၄)မျိုးနဲ့လည်း မတူဘူး”

သူက ဆက်ပြီးရေရွတ်လိုက်သည်။

“ပြီးတော့ ဓားအစီအရင်တစ်ခုနဲ့လည်းမတူဘူး ၊ ကြည့်ရတာ ဒီဓားသိုင်းက စန့်ချင်အဆက်အနွယ်ရဲ့ နတ်ဘုရားသုတ်သင်ဓားသိုင်းအစီအရင်နဲ့ မသက်ဆိုင်ဘူးလို့ ဆိုလိုတာလား”

လျိုကျန်းကူက...

“သူက နတ်ဘုရားသုတ်သင်ဓားအစီအရင်ကိုအသုံးပြုပြီးတဲ့နောက် သေမျိုးလူသားတွေက အစစ်အမှန်နတ်ဘုရားတွေကို အနိုင်ယူတဲ့နေရာမှာ အသုံးပြုတဲ့ နောက်ထပ်သိုင်းပညာတစ်ရပ်ကိုလည်း အသုံးပြုထားသေးတယ်”

သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ရန်’ အတွက်တော့ သေမျိုးလူသားနဲ့ နတ်ဘုရားက ဘာမှကွာခြားချက် မရှိပါဘူး”

ဟန်ရှန်းတာ့ မျက်နှာကတော့ ထူးဆန်းသည့်အမူအရာ ရှိနေသည်။

သူက ငိုရမလို ရယ်ရမလို မျက်နှာထားဖြင့်...

“အရင်ကတုန်းက အထက်ဘုံကမ္ဘာမှာ သတင်းတွေပျံ့နေတာ... ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားသာ လူသားအထွတ်ထိပ်အဆင့်ကိုရောက်ရင် အထက်ရပ်ထိပ်တန်းအရှင်သခင်ရာထူးရမယ်လို့ ပြောကြတယ် ၊ ဒါပေမဲ့ အထက်ရပ်ထိပ်တန်းအရှင်သခင်’ချန်ချန်းဟွာ’ သာ လူသားအထွတ်ထိပ်အဆင့်နဲ့ ရှိနေဦးမယ်ဆိုရင်တောင် သူ့ရာထူးကို ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ရန်’ ကို လွှဲပြောင်းပေးရနိုင်တယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အခုကြည့်ရတာတော့ ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားက အထက်ရပ်ထိပ်တန်းအရှင်သခင်ဖြစ်ဖို့ထက်တောင် အရည်အချင်းသာလွန်နေတယ်လို့ ခံစားရတယ်”

အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်ကျယ်’ က ရုတ်တရက် ဝင်ပြောလိုက်သည်။

“အတုမရှိထိပ်တန်းအရှင်သခင်...”

ထိုစကားကိုကြားတော့ လူတိုင်း အံ့အားသင့်သွားပြီး ချောင်ကျယ်ကို ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။

ချောင်ကျယ်က ဖြည်းညင်းစွာပင် ထပ်မံပြောဆိုလိုက်သည်။

“အတုမရှိထိပ်တန်းအရှင်သခင်’ရန်ကျောက်ကဲ’....”

All Chapters