CCTVမှလူများအား သင်ခန်းစာပေးခြင်း
Vol. 9 Ch. 132
ရုပ်သံအရာရှိချုပ်က ကျန်းပေါ်ကျွင်းကို ကြည့်လိုက်သည်။ သူက စိတ်တိုလွန်း၍ သူ့ရှေ့ရှိ စာရွက်စာတမ်းများကို ကျန်းပေါ်ကျွင်းဆီ ပစ်ပေါက်လိုက်သည်။ သူသည် ကျန်းပေါ်ကျွင်းကို ကြော်ငြာသဘော တူညီမှုကို ရယူပြီး အစီအစဉ်ခေါင်းစဉ်ကို မဖယ်ထုတ်ဘဲ ပြောင်းလဲရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ကျန်းပေါ်ကျွင်းက ထိုအရာကို ပြီးမြောက်အောင် လုပ်မည်ဖြစ်ကြောင်း ကတိပေးခဲ့သော်လည်း သူဘာလုပ်ခဲ့သနည်း။
ဖုန်းယွီသည် သူတို့၏ TVအစီအစဉ် တင်ဆက်သူကို သူတို့အတွက် TVကြော်ငြာ ရိုက်ပေးဖို့တောင် တောင်းဆိုခဲ့သည်လား။ အစီအစဉ် တင်ဆက်သူသည် အစိုးရထံမှ လစာရတာဖြစ်ပြီး သူကိုယ်တိုင် ကိုယ်စားမပြုပေ။ သူမသည် ရုပ်မြင်သံကြားဌာနကို ကိုယ်စားပြုကာ ပြန်ကြားရေး ဝန်ကြီးဌာနကို သက်ရောက်စေသည်။ သူမအနေဖြင့် ပုဂ္ဂလိကကုမ္မဏီ တစ်ခုအတွက် ဘယ်လိုလုပ် ကြော်ငြာ ရိုက်ပေးနိုင်မည်နည်း။ အကယ်၍ ပြန်ကြားရေး ဝန်ကြီးဌာနမှ ခေါင်းဆောင်များသာ ထိုအကြောင်း သိပါက ပိုက်ဆံငတ်လွန်းသည်ဟု အပြစ်တင် ဆုံးမမည်ပင်ဖြစ်သည်။
“ငါ့ကိုအမှန်အတိုင်းပြော မင်းထိုက်ဟွကုမ္မဏီ မန်နေဂျာဖုန်းနဲ့ ဆက်စပ်မှု ရှိတယ်လား။ ”
ရုပ်သံအရာရှိချုပ်က စားပွဲကို ဘိုင်းကနဲ ရိုက်ချလိုက်ကာ မေးလိုက်သည်။
ကျန်းပေါ်ကျွင်းက ထိတ်လန့်သွားကာ
“အရာရှိချုပ် ကျွန်တော်သူနဲ့ အဆက်အစပ် မရှိပါဘူး။ သူ့ကို ပြန်ကြားရေး ဝန်ကြီးဌာန၏ ဒုတိယဆက်သွယ်ရေးခွဲ လက်ထောက်အရာရှိလုက မိတ်ဆက်ပေးခဲ့တာပါ။ ”
“လက်ထောက်အရာရှိလုဝမ်ပေါ်လား။ အင်း ကောင်းပြီ။ မင်းသွားပြီးတော့ မန်နေဂျာဖုန်းနဲ့ စကားသွားပြောချေ။ သူ့ကိုရှန်းလီက သူ့ရဲ့ကြော်ငြာမှာ သရုပ်ဆောင်တစ်ယောက် ဖြစ်မှာမဟုတ်ဘူးဆိုတာ မင်းသွားပြောလိုက်။ ”
“အရာရှိချုပ် အဲ့ဒီမန်နေဂျာဖုန်းက ကျွန်တော်ရဲ့ ရုံးခန်းထဲမှာ အခုရှိပါတယ်။ သူကဖြစ်နိုင်မယ်ဆိုရင် အရာရှိချုပ်နဲ့ စကားပြောချင်တယ်လို့ ပြောတယ်။ သူ့မှာ စည်းမျဉ်းစည်းကမ်းတွေ မချိုးဖောက်စေတဲ့ အကြံဉာဏ်တွေရှိတယ်။ အဲ့ဒါက ကျွန်တော်တို့အတွက်လည်း နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အစီအစဉ်ဖြစ်တယ်။ ”
“သူ့ကိုဒီကို ခေါ်ခဲ့လိုက်။ ”
အရာရှိချုပ်က ထိုအစီအစဉ် ကြော်ငြာသည့်နည်းလမ်း အကြံပေးလာသည့် သူနှင့်လည်း တွေ့ချင်ခဲ့သည်။ ထို့ပြင် ဖုန်းယွီကို လုဝမ်ပေါက မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် သူ့ကို တိုက်ရိုက်ငြင်းသည်က ကောင်းသည့်အရာ မဟုတ်ပေ။ ထို့အတွက်ကြောင့် သူသည် ဖုန်းယွီနှင့်တွေ့ရန် သဘောတူခြင်းဖြစ်သည်။
သူဖုန်းယွီကို မြင်သည့်အရာ ရုပ်သံအရာရှိချုပ်က သူ့မျက်လုံးကို သူမယုံနိုင်ဖြစ်နေသည်။ ကျန်းပေါ်ကျွင်းက ဖုန်းယွီသည် အလွန်ငယ်ရွယ်ကြောင်း ပြောထားသည်။ သို့သော် သူသည် ဖုန်းယွီက ကျောင်းသားတစ်ယောက် ဖြစ်နေဆဲဆိုသည့်အချက်ကို ပြောမထားပေ။
“မင်းက ထိုက်ဟွကုန်သွယ်ရေးရဲ့ မန်နေဂျာချုပ်လား။ ”
“ဟုတ်ပါတယ်။ ”
ဖုန်းယွီက အရာရှိချုပ်ကို နွေးထွေးစွာဖြင့် နှုတ်ဆက်လိုက်သည်။ သူ့အသက်အရွယ်နှင့်တောင် ထိုသို့ပြုလုပ်သည်က အကျင့်သား ရနေပြီဖြစ်သည်။ သို့သော် ဖုန်းယွီသည် သူ့၏အားသာချက်ဟုလည်း ခံစားရပေသည်။
“မန်နေဂျာဖုန်း ကျွန်တော်တို့နဲ့အတူ ကျွန်တော်တို့ဆီမှာ လာကြော်ငြာပေးတဲ့အတွက် ကျေးဇူးပါပဲ။ တစ်နှစ်အတွက် ကြော်ငြာကဏ္ဍဝင်မယ်လို့ ပြောတဲ့အခါမှာ ရှောင်ချမ်းက ခင်ဗျားကို အကောင်းဆုံး အချိန်နဲ့ တစ်ခြားကြော်ငြာကဏ္ဍကိုတောင် ရွေ့ပေးခဲ့သေးတယ်။ ဒါပေမဲ့ နာမည်ပြောင်းလဲခြင်းနဲ့ TVအစီအစဉ်တင်ဆက်သူကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုရဲ့ ကြော်ငြာရိုက်ဖို့ဆိုတာက ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု မရှိပါဘူး။ အဲ့ဒီအချက်အလက်တွေကို ခင်ဗျားမေ့ထားလိုက်ပါတော့။ ”
“ပုဂ္ဂလိကကုမ္မဏီလား။ ငါ့ကိုပုဂ္ဂလိကကုမ္မဏီကဆိုပြီး အထင်သေးနေတာလား။ ဆယ်နှစ်ကြာပြီးနောက် ပုဂ္ဂလိကကုမ္မဏီက နေရာတိုင်းမှာ ပေါ်လာတယ်။ CCTVရဲ့ ကြော်ငြာတွေ အားလုံးကလည်း ပုဂ္ဂလိကကုမ္မဏီတွေကပဲ ယူဆောင်သွားမှာ။ မင်းကပုဂ္ဂလိကကုမ္မဏီကို မကြိုက်ဘူးဆိုမှာတော့ ကောင်းပြီလေ။ နိုင်ငံပိုင် လုပ်ငန်းတွေ အားလုံးကိုလည်း ရတာပေါ့။ ”
“ပုဂ္ဂလိကကုမ္မဏီလား။ ဒါမှန်ပါတယ်။ ကျွန်တော်တို့က ပုဂ္ဂလိကကုမ္မဏီပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကကျတော့ ကျွန်တော်တို့ကိုယ်တိုင် ထုတ်လုပ်တာ မဟုတ်ဘူး။ အဲ့ဒါက ဘင်းမြို့တော် စက်ယန္တရားက ထုတ်လုပ်တာ။ ဒီထုတ်ကုန်ကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်တာက ဘင်းမြို့တော်ရဲ့ လေယာဉ်ထုတ် စက်ရုံကပါ။ သူတို့တွေအားလုံးက နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေပါ။ ကျွန်တော်ရဲ့ ကုမ္မဏီက အရောင်းပိုင်းမှာပဲ တာဝန်ယူရပါတယ်။ ဒီကြော်ငြာရဲ့ ထုတ်ကုန်တွေကလည်း ထိုက်ဟွကုန်သွယ်ရေးနဲ့ မဆက်ဆိုင်ပါဘူး။ ထပ်ပြောရရင် ဒီထုတ်ကုန်ရဲ့ မူပိုင်ခွင့်က တရုတ်၊အာရှ၊ ဥရောပနဲ့USမှာတောင် မူပိုင်ခွင့် ရှိပါတယ်။ အဲ့ဒီထုတ်ကုန်က ကျွန်တော်တို့နိုင်ငံကို တစ်ခြားနိုင်ငံတွေကနေပြီးတော့ ဝင်ငွေရစေပါတယ်။ လေနှင့်မိုး အမှတ်တံဆိပ်က တရုတ်ပြည်ရဲ့ ပထမဦးဆုံး အဆင့်မြင့်နည်းပညာ အိမ်အသုံးအဆောင်ပစ္စည်း တံဆိပ်ပါ။ ပြီးတော့ လေနှင့်မိုး အမှတ်တံဆိပ်ကို တိုင်းပြည်ရဲ့ ဂုဏ်ယူစရာ တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဘာကြောင့်ကျွန်တော်တို့အနေနဲ့ အစီအစဉ်တင်ဆက်သူကို ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးရှိတဲ့ ကြော်ငြာတွေမှာ ဘာလို့မကြော်ငြာနိုင်ရမှာလဲ။ ”
ဖုန်းယွီသည် သူ၏ကုမ္မဏီ၏ ပုံရိပ်ကိုမြင့်တင်ကာ အခြားသူကို ဖိနှိပ်လိုက်တော့သည်။ တရုတ်ပြည်၏ ပထမဆုံး နည်းပညာမြင့် အိမ်သုံးကုန် အမှတ်တံဆိပ်သည် အရာရှိချုပ်ကို ထိတ်လန့်သွားစေသည်။ ဖုန်းယွီပြောသွားသည်မှာ အလွန်မြန်ဆန်သော်လည်း ဖုန်းယွီပြောသွားသည့် အရာများအားလုံးကို သူမဖမ်းမိလိုက်ပေ။ သို့သော် ထိုလေနှင့်မိုး အမှတ်တံဆိပ်သည် တိုင်းပြည်၏ ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်ပုံပေါ်ပေသည်။
“မင်းကတကယ်ပဲ ဘင်းမြို့တော် စက်ယန္တရား စက်ရုံနဲ့ လေယာဉ်ထုတ်လုပ်သည့် စက်ရုံနဲ့ အလုပ်လုပ်တာလား။ ”
ရုပ်သံအရာရှိချုပ်က မေးလိုက်သည်။
“သေချာတာပေါ့။ အရာရှိချုပ်အနေနဲ့ အခုချက်ချင်းပဲ သူတို့ကိုဖုန်းခေါ်ပြီး အတည်ပြုလို့ ရပါတယ်။ ကျွန်တော်တို့က သုံးဦးဆိုင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေတာပါ။ ကျွန်တော်က ဒီဇိုင်းပိုင်းနဲ့ အရောင်းပိုင်းမှာ တာဝန်ယူရပါတယ်။ အမြတ်ကိုတော့ သုံးယောက်စလုံးက ခွဲယူပါတယ်။ ”
ဖုန်းယွီသည် ရုပ်သံအရာရှိချုပ်ကို သူသည် ထိုပူးပေါင်းဆောင်ရွက်မှုတွင် အကြီးမားဆုံး ရှယ်ယာရှင်ဖြစ်ကြောင်း ပြောသည်။
ရုပ်သံအရာရှိချုပ်သည် ဖုန်းယွီ၏ ယုံကြည်ချက်ရှိသည့် ပုံရိပ်ကြောင့် လှည့်စားတာ ခံလိုက်ရသည်။ သူသည် အခြားစက်ရုံ နှစ်ရုံကို အတည်ပြုရန် ဖုန်းခေါ်ဆိုခြင်း မပြုပေ။ မည်သို့ပင်ဖြစ်စေကာမူ ယင်းအချက်ကို စာချုပ်တွင်တော့ ရေးရမည်ဖြစ်သည်။ အကယ်၍ ဖုန်းယွီကသူတို့ကို လိမ်ညာခဲ့လျှင် သူတို့သည် ရုပ်သံကြော်ငြာကို မလွင့်ဘဲထားကာ ကြော်ငြာစရိတ်ကိုတော့ ရယူနိုင်သည်။ CCTVကို လိမ်ညာရဲသည့်သူ အခုထိ မရှိသေးပေ။
“ဒါပေမဲ့ ဦးလေးတို့အနေနဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူကို ကြော်ငြာထဲမှာ အရင်က တစ်ခါမှ မထည့်ခဲ့ဖူးဘူး။ ”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အရာရှိချုပ် နားလည်မှု လွဲနေပြီ။ ကျွန်တော်အနေနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မလုပ်ရသေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရုပ်သံအစီအစဉ် တင်ဆက်သူက ကြော်ငြာထဲမှာပဲ ပါဖို့ပါပဲ။ ကျွန်တော်တို့တွေက ရုပ်သံအစီအစဉ် တင်ဆက်သူ စီစဉ်ထားတဲ့ အစိတ်အပိုင်းတစ်ခုကို ဖြတ်ထုတ်မယ်။ ပြီးတော့ အဲ့ဒီပေါ်မှာ ကျွန်တော်တို့က အသံထည့်မယ်။ ဒါကိုကျွန်တော်တို့ရဲ့ ကြော်ငြာအတွက် ရုပ်သံအစီအစဉ် တင်ဆက်သူက ကြော်ငြာတဲ့လူ တစ်ယောက်အဖြစ် စဉ်းစားလို့ မရနိုင်ဘူး။ ကြော်ငြာတဲ့စရိတ်ကလည်း ရုပ်မြင်သံကြားကို အများကြီး ထောက်ပံ့တာပဲမလား။ ပြီးတော့ ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ကြော်ငြာကဏ္ဍတွေကို သုံးနှစ်ကြာအောင် ဝယ်ယူနိုင်ပါတယ်လို့ တကယ်လို့ ကျွန်တော်တို့အနေနဲ့ အစီအစဉ်ရဲ့ခေါင်းစဉ်မှာ အမှတ်တံဆိပ်ကို မထည့်နိုင်ဘူးဆိုရင် ကျွန်တော်တို့တွေက တစ်ဦးတည်သော စပွန်ဆာအဖြစ် ပြောင်းလို့ရပါတယ်။ စပွန်ဆာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာ မရောက်ပါဘူး။ စတိတ်စင်ကလည်း ပုံမှန်အတိုင်းဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကိုတော့ မြင်သာထင်သာတဲ့ နေရာမှာ ထားပေးရမယ်။ ပြီးတော့…. ”
ဖုန်းယွီက ရုပ်သံအရာရှိချုပ်ကို စတင်ဖြောင့်ဖျတော့သည်။ ထိုအရာက ခက်ခဲသည့်အရာ မဟုတ်ပေ။ ရုပ်သံအရာရှိချုပ်က တစ်ခဏကြာ တွန့်ဆုတ်နေပြီးနောက်
“အဲ့ဒါဆိုရင် ဦးလေးကို မင်းရဲ့ကြော်ငြာ အကြံဉာဏ်ကို ပြပေးနိုင်မလား။ ”
“ကိစ္စမရှိပါဘူး။ ကျွန်တော်ကို XXXအစီအစဉ် ရိုက်ကူးနေတဲ့ စတူဒီယိုခန်းမကို ခဏငှားပေးနိုင်မလား။”
ရုပ်သံအရာရှိချုပ်က ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ဖုန်းယွီကို ကိုယ်တိုင်ကိုယ်ကျ စတူဒီယိုထဲသို့ ခေါ်သွားခဲ့သည်။ ထိုအချိန်က CCTVတွင် အစီအစဉ်များစွာ မရှိသေးပေ။ သို့သော် သူတို့တွင် စတူဒီယို ခန်းမအနည်းငယ်တော့ ရှိသည်။ လက်ရှိတွင် ထိုစတူဒီယိုခန်းမသည် အခြားသော အစီအစဉ်တစ်ခုကို ရိုက်ကူးနေသည်။ ဖုန်းယွီက အိုဟောင်းပြီး စုတ်ပျက်နေသည့် စတူဒီယိုကို ကြည့်လိုက်ကာ သူ့ခေါင်းကို ခါလိုက်သည်။ သူမမွေးဖွားခင်ကတောင် သူ့မြို့တော်တွင်ရှိသည့် ရုပ်မြင်သံကြား စတူဒီယိုသည် ယခုထက် ပိုကောင်းပေသည်။ ဒါတွေက ဘယ်ကအရာတွေနည်း။ ဖုန်းယွီသည် ကျွမ်းကျင်ပညာရှင်တစ်ယောက် မဟုတ်သည့်တိုင် ယခုစတူဒီယိုထဲရှိ အပြင်အဆင်ထက် ပိုကောင်းအောင် သူထုတ်လုပ်နိုင်သည်။
“ရုပ်သံအရာရှိချုပ် နောက်မှာ ကျွန်တော်တို့အနေနဲ့ နောက်ခံအဖြစ် ပန်းချီကားကို သုံးနိုင်ပါတယ်။ ကျွန်တော်တို့တွေ ဒီဗလာကားလိပ်တွေကို ထပ်ပြီးသုံးဖို့ မလိုတော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ရေနွေးငွေ့စက်ကို အစီအစဉ် တင်ဆက်သူ့ရဲ့ရှေ့မှာ ထားနိုင်ပါတယ်။ ကျွန်တော်တို့တွေက ဒီစာလုံးတွေကို ပြသထားမယ်။ သင့်အတွက် တင်ဆက်နေပါသည်။ အဲ့ဒီပုံမှာ။ ဒီရုပ်သံအစီအစဉ်ရဲ့ ခေါင်းစဉ်နဲ့ ရည်ရွယ်ချက် တကယ်လို့လေက ခြောက်သွေ့နေမယ်ဆိုရင်တော့ ရေနွေးငွေ့စက်ကို ဖွင့်နိုင်တယ်။ အဲ့ဒါက အစီအစဉ်အပေါ် သက်ရောက်မှု မရှိဘူး။ တကယ်လို့ ရေနွေးငွေ့စက်ကို မဖွင့်ဘူးဆိုရင်တောင် အရာရှိတို့အနေနဲ့ ကျွန်တော်တို့ရေနွေးငွေ့စက်ကို အလှဆင် ပစ္စည်းတစ်ခုအနေနဲ့ သုံးလို့ရတယ်။ ကြော်ငြာထဲမှာတော့ ရေနွေးငွေ့စက်က သေချာပေါက် ဖွင့်ထားမှရမယ်။ ဒါ့အပြင် အစီအစဉ်အနေနဲ့ တိုင်းသူပြည်သားတွေနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကိုလည်း ပြောပေးရမယ်။ စတူဒီယို ပြင်ပမှာလည်း ရိုက်ကူးမှုတွေကို မကြာခဏ လုပ်ပေးရမယ်။ ဘေကျင်းမြို့ တစ်ခုတည်းမှာ ဖြစ်ပျက်နေတဲ့ ပွဲအခန်းအနားတွေနဲ့ အကြောင်းအရာတွေကိုပဲ ရိုက်ကူးလို့မရဘူး။ တစ်ခြားပြည်နယ်တွေမှာလည်း ရိုက်ကူးရမယ်။ ဘေကျင်းက တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုတာ မဟုတ်ဘူးလေ။… ”
ဖုန်းယွီက အရာရှိချုပ်ကျန်းကို တိုးတက်အောင်လုပ်သည့် နယ်ပယ်များကို လမ်းညွှန်ပြသနေသည်။ ထိုအကြံဉာဏ်များသည် သူ၏အရင်ဘဝရှိ အောင်မြင်ကျော်ကြားသည့် TVရှိုးများမှ ရယူခြင်းပင် ဖြစ်သည်။ အကယ်၍ သူပြောသလိုသာ ယင်းအစီအစဉ် လုပ်ပါက ကြည့်ရှု့မှုနှုန်းသည် ဆက်လက် မြင့်တက်နေဆဲပင် ဖြစ်ပေမည်။
ပထမတွင် ဖုန်းယွီဟိုဟိုဒီဒီ ညွှန်ပြနေသည့်အတွက် လူများဝိုင်းလာသည်။ ရုပ်သံအရာရှိချုပ်က သူ့အား ကိုယ်တိုင်ကိုယ်ကျ စတူဒီယိုထဲသို့ ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော်သူတို့ ဖုန်းယွီပြောသည့် မှတ်ချက်များကို ကြားသည့်အခါ အချို့သော ရုပ်မြင်သံကြား ဝန်ထမ်းများက မပျော်မရွှင် ဖြစ်သွားကြသည်။
ထိုအရာများအားလုံးက ကျွမ်းကျင်သည့်သူများနှင့် ပတ်သတ်သည်။ ရုပ်သံအရာရှိချုပ်တောင် သူတို့ကို ဘာလုပ်ရမည်ဆိုတာ မေးမြန်းခွင့်မပြုပေ။ ပြီးနောက် ထိုကလေးသည် ထိုအရာများအားလုံးကို မှတ်ချက်လိုက်ပေးနေသည်။
တစ်ခဏကြာပြီးနောက် လူကပိုပိုပြီး များများလာသည်။ ထိုကလေးပြောတာက အဓိပ္ပာယ်ရှိသည်။ ထိုကလေးပြောသည့်အတိုင်း သူတို့လိုက်လုပ်ပါက ကြည့်ရှု့သူများလည်း ကြိုက်နှစ်သက်မည် ဖြစ်ပေသည်။ ထိုအရာများအားလုံးကို သူတို့အရင်က တစ်ခါမှ မကြားဖူးပေ။ သို့သော် ထိုအရာများအားလုံးသည်လည်း ဖြစ်မြောက်မည် မဟုတ်ပေ။ အဓိက အကြောင်းပြချက်သည် သူတို့တွင် ဘက်ဂျက်မရှိသည့်အတွက် ဖြစ်သည်။
အပြင်အဆင်များ ပြောင်းလဲမှုအတွက် ငွေကြေးလိုအပ်ပေသည်။ စတူဒီယိုပြင်ပတွင် ရိုက်ကူးရန် ရုပ်သံအစီအစဉ် တင်ဆက်သူကို ပို့ခြင်းက ပိုက်ဆံအများအပြား ကုန်မည်ပင်။ ထို့ပြင် အခြားသော ပြည်နယ်များတွင် မဆိုထားနှင့် ဘေကျင်းမြို့တွင် ရိုက်သည်တောင် သူတို့အတွက် ခက်ခဲပေသည်။ သူတို့အများဆုံး သွားနိုင်သည့် အကွာအဝေးမှာ ဘေကျင်းမြို့၏ မြို့ပြင်ဖြစ်သည်။ ထိုကလေးက အရှေ့မြောက်နှင့် တောင်ဘက်ဒေသများရှိ နေရာများကို အကြံဉာဏ်ပေးနေသည်။ မီးရထား လက်မှတ်ဖိုးနှင့်တင် သူတို့အကုန်အကျ များနေပြီဖြစ်သည်။
လူများက ပိုများလေလေ ဖုန်းယွီက ပိုစိတ်အားတက်ကြွလေဖြစ်သည်။ သူသည် သူတို့ကို ဘာလုပ်ရမည်ဆိုတာကို လမ်းညွှန်ပြသနေသည့် ခေါင်းဆောင်တစ်ယောက်ပမာ ခံစားနေရသည်။ သို့သော် သူလိုချင်သည့် သြဘာလက်ခုပ်သံများတော့ မရရှိခဲ့ပေ။ များစွာသောလူများက သူ့အား တိရိစ္ဆာန်ရုံထဲရှိ မျောက်တစ်ကောင်ပမာ စူးစူးစိုက်စိုက် ကြည့်နေကြသည်။ ယင်းက ဖုန်းယွီကို စိတ်မပျော်ရွှင် ဖြစ်နေသည်။
အစီအစဉ် ရိုက်ကူးပြီးသွားသည့် အချိန်တွင် ဖုန်းယွီက သူ့လေသံကိုမြင့်ကာ ပြောလိုက်သည်။
“အရာရှိချုပ်ကျန်း ရုပ်သံအရာရှိချုပ် တကယ်လို့ ကျွန်တော်အကြံပေးတဲ့အတိုင်း လုပ်မယ်ဆိုရင် ဒီအစီအစဉ်အတွက် ကြည့်ရှု့မှုနှုန်းက ပိုပြီးများလာမှာ။ ထုတ်လုပ်တဲ့ ဘက်ဂျက်အနေနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ လေနှင့်မိုး ရေနွေးငွေ့က စပွန်ဆာအဖြစ် ယွမ်တစ်သန်းပေးနိုင်တယ်။ အဲ့ဒါက ပြဿနာတစ်ခု မဟုတ်ဘူး။ ”
စောစောက ဖုန်းယွီကို အေးခဲမတက် စောင့်ကြည့်နေသည့်သူများက ဟားတိုက်ရယ်လိုက်ကြသည်။ ထိုကလေးက ယွမ်တစ်သန်းအား စပွန်ဆာအဖြစ် ပေးမည်လော။