အခန်း (၇၈)
Vol. 6 Ch. 78
ငါ မင်းကို သတ်ဖို့လာတော့မယ်…!
စကားတစ်ခွန်းမျှဖြင့် လှပသော အနက်၀တ်အမျိုးသမီး အေးခဲသွားလေသည်။
မိုထန် ၊ မိုချန် တို့အပါအ၀င် တစ်ဖွဲ့လုံး မျက်နှာပျက်သွားခဲ့၏။
ရွှမ်ယီက ထိုအမျိုးသမီးတင်မကပဲ သူတို့ကိုပါ လွှတ်ပေးမည် မဟုတ်ကြောင်း နားလည်ထားကြသည်။
သူတို့လွှတ်မြောက်နိုင်မည်လောဟုဆိုလျှင်…
အဘယ်ကဲ့သို့ ထွက်ပြေးရမည်နည်း။
ဘုရင်အဆင့်တစ်ယောက်ကိုပင် သတ်နိုင်သော လူတစ်ယောက်ထံမှ သူတို့ အဘယ်မှာသာလျှင် လွတ်မြောက်နိုင်လိမ့်မည်နည်း။
ရွှမ်ယီ၏ တခဏမျှ အနားယူပြီးနောက် လှပသော အနက်၀တ်အမျိုးသမီးအပါအ၀င် ထိုတစ်ဖွဲ့လုံးကို စိတ်ဝိညာဉ်ဓားများဖြင့် သတ်ဖြတ်ပစ်လိုက်၏။
ပတ်၀န်းကျင်ရှိလူများအားလုံး အင်မော်တယ်ဓားသမားတစ်ဦးအလား ဖြစ်နေသည့် အဖြူရောင်၀တ်စုံနှင့် လူငယ်အားကြည့်လျက် နှလုံးသားထဲ၌ တုန်လှုပ်သွားခဲ့ကြသည်။
ရွှမ်ယီ၏ စွမ်းအားက သူတို့ ခန့်မှန်းနိုင်သည့် အတိုင်းအတာထက် အဆများစွာ ကျော်လွန်နေ၏။
ဘုန်း….
သို့သော် လူတိုင်းအပြည့်အ၀မပျော်နိုင်မီ ကျယ်လောက်သောအသံတစ်ခုနှင့်အတူ လူပုံရိပ်တစ်ခုက လေဟာနယ်အတွင်းမှ လွင့်စင်ထွက်လာခဲ့သည်။
ထိုမြင်ကွင်းအားကြည့်ကာ လူတိုင်း အေးခဲသွားခဲ့ကြ၏။
“ တတိယဓားသခင်…”
ထိုအချိန်တွင် လူတိုင်း၏ အမူအရာများပြောင်းလဲသွားခဲ့ကြ၏။
လေဟာနယ်အတွင်းမှ လွင့်ထွက်လာသူမှာ အခြားသူမဟုတ်ပေ။ ဟောင်တျန်ဓားဂိုဏ်းမှ တတိယဓားသခင်ဖြစ်သည်။
တတိယဓားသခင် လွင့်ထွက်လာပြီးနောက် ထိုအက်ကြောင်းမှပင် နောက်တစ်ဦးထပ်မံထွက်လာခဲ့၏။
ထိုလူကား မေ့ပျောက်နတ်ဆိုးနန်းတော်မှ နတ်ဆိုးဘုရင်ဖြစ်လေသည်။
“ တတိယဓားသခင်.. ခင်ဗျား ရှုံးသွားပြီ…”
အဇူရာဒေသ၏ အလယ်အလတ်အဆင့် မူလဘုရင်တစ်ယောက်ဖြစ်သည့် တတိယဓားသခင်ရှုံးသွားခဲ့ချေပြီ။
“ ရေခဲငှက်မွေး.. မင်းထွက်လာဖို့အချိန်ကြပြီ…”
လက်ရှိအခြေအနေက ရွှမ်ယီထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်းမရှိတော့ချေ။
သူ၏ ခွန်အားက အဆင့်နိမ့် မူလဘုရင်အဆင့်အား ယှဉ်တိုက်နိုင်သော်လည်း အလယ်အလတ် မူလဘုရင်နှင့်မူ ယှဉ်နိုင်စွမ်းမရှိသေးချေ။
မဟာအင်ပါယာဓားအား အသုံးပြုလျှင်ပင် အနိုင်ရမည်မဟုတ်ပေ။
သူ့အနေဖြင့် အခြေတည်ဝိညာဉ်အဆင့်(၉)သို့ရောက်လျှင် ဒါမှမဟုတ် မိစ္ဆာမီးလျှံနယ်မြေအား နားလည်ထားမှသာလျှင် အလယ်အလတ် မူဘဘုရင်အား တိုက်ခိုက်နိုင်ပေလိမ့်မည်။
ရွှမ်ယီ၏ စကားဆုံးသည်နှင့် လှပသောပုံရိပ်လေးတစ်ခုက သူ့အနားတွင် တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။
သူမက ရေခဲငှက်မွေးဖြစ်ပေသည်။
ရေခဲငှက်မွေးက ပေါ်လာသည်နှင့် စကားတခွန်းမျှမဆိုဘဲ သူမ၏ လက်ဖဝါးလေးတစ်ဖက်ကို ကောင်းကင်ထက်သို့ ဆန့်တန်းလိုက်၏။
ထိုမြင်ကွင်းက ရင်းနှီးနေသော မြင်ကွင်းတစ်ခုပင်။
ဝုန်း…! ဝုန်း…! ဝုန်း…!
ဆူညံသံများဆက်တိုက်ဖြစ်ပေါ်လာပြီး သက်ဆိုင်ရာလေဟာနယ်များအတွင်းတွင် တိုက်ခိုက်နေကြသည့် ဘုရင်အဆင့်များအားလုံး ပြင်ပသို့ ပြန်လည်ထွက်ပေါ်လာခဲ့ကြသည်။
ထိုအချိန်တွင် မေ့ပျောက်နတ်ဆိုးနန်းတော်မှ ဘုရင်များသာမက အဇူရာဒေသမှဘုရင်များပင် ရှုပ်ထွေးနေသော မျက်နှာထားများနှင့် ရှိနေကြ၏။
အထူးသဖြင့် မေ့ပျောက်နတ်ဆိုးနန်းတော်မှ ဘုရင်များ၏ မျက်နှာက ပို၍ မှုန်ကုပ်နေကြသည်။
တိုက်ပွဲ၌ သူတို့အနိုင်ရရန် လက်တစ်ကမ်းသာလိုတော့သည့်အချိန်တွင် အလွန်ထူးခြားဆန်းကျယ်သည့် စွမ်းအားတစ်ခုက သူတို့အား အဇူရာနယ်မြေဆီသို့ ပြန်လည်ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
“ ဘာဖြစ်တာလဲ.. ငါတို့က ဘယ်လိုဖြစ်ပြီး ဒီပြန်ရောက်လာကြတာလဲ..”
အဇူရာဒေသမှ ဘုရင်များလည်း မှင်သက်နေခဲ့ကြ၏။
“ ဘယ်သူ့ကို သတ်လိုက်ရမလဲ…”
ရေခဲငှက်မွေး၏ နှုတ်ဖျားကလေးကမှနေ၍ အေးစက်စက်စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအခါမှ ရွှမ်ယီနံဘေးမှ မိန်းမလှလေးအား လူတိုင်းသတိထားမိလိုက်ကြ၏။
“ ဒါက.. ရွှမ်ယီရဲ့ ဆရာပဲ…”
နှင်းဘုရင်က အကြည့်တစ်ချက်ဖြင့်ပင် မည်သူဖြစ်ကြောင်း သိရှိသွားခဲ့သည်။
သူမက ထိုကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူအား တိတိကျကျကိုမှတ်မိပေသည်။ ထိုအချိန်တုံးက သူမ အသတ်ခံရလုနီးပါးဖြစ်သွားခဲ့သေး၏။
“ နှင်းဘုရင်.. နင် သူ့ကို သိတာလား… သူမဆီက ရတဲ့ခံစားချက်.. အဲ့တာက အရမ်းထူးဆန်းလွန်းတယ်.. ပြီးတော့ ငါ သူမကို ဖောက်မမြင်နိုင်ဘူး….”
“ နင် သူ့ကို ဖောက်ပြီးမြင်နိုင်စွမ်းရှိရင်သာ ထူးဆန်းနေလိမ့်မယ်…”
“ ဘာကိုပြောချင်တာလဲ…”
“ သူမက ရွှမ်ယီရဲ့ ဆရာဘဲ…”
“ အိုး…”
“ပြီးတော့ သူမက ကောင်းကင်ဘုရင်တစ်ယောက်ပဲ..”
အစပိုင်းတွင် ထိုမိန်းကလေးက ရွှမ်ယီ၏ ဆရာဟုကြားလျှင် သိပ်ပြီးမအံ့ဩခဲ့ချေ။
သို့သော် ကောင်းကင်ဘုရင်တစ်ယောက်ဟု ကြားလိုက်လျှင် လဘုရင် မျက်လုံးပြူးသွားခဲ့၏။
“ ကောင်းကင်.. သူမက ကောင်းကင်ဘုရင်လား... နှင်းဘုရင် နင်ငါ့ကို နောက်နေတာလား…”
နှင်းဘုရင်က သူမအား စနောက်မည်မဟုတ်ကြောင်းသိထားသော်လည်း ထိုကိစ္စကြီးက အလွန်ယုံရခက်နေသည်။
ကောင်းကင်ဘုရင်ဆိုသည်မှာ ပိရမစ်၏ ထိပ်ဆုံးမှ တည်ရှိမှုဖြစ်ပြီး တောင်ပိုင်းတိုက်ကြီးတွင် အကြွင်းမဲ့အာဏာရှင်များဖြစ်လေသည်။
ရေခံငှက်မွေး စကားပြောလိုက်ပြီးနောက် နတ်ဆိုးဘုရင် ၊ ဘုရင်ဟွိုင်နှင့် မေ့ပျောက်နန်းတော်မှ အခြားဘုရင်များလည်း သူမကို သတိထားမိသွားကြ၏။
ရေခဲငှက်မွေးအားမြင်လျှင် နတ်ဆိုးဘုရင်က မျက်မှောင်ကြုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် သူမအား ထွင်းဖောက်မြင်နိုင်စွမ်းမရှိသောကြောင့်ပင်။
ရွှမ်ယီ အသက်ရှင်နေသည်ကိုမြင်လျှင် နတ်ဆိုးဘုရင် ပို၍ မျက်မှောင်ကြုတ်လိုက်မိ၏။
“ မင်းက မသေသေးဘူးလား.. မေ့ပျောက်ဘုရင်ရော သူက ဘယ်မှာလဲ…”
နတ်ဆိုးဘုရင်က ရွှမ်ယီအား စိုက်ကြည့်ပြီးမေးလိုက်သည်။
သူ့အမြင်တွင် ရွှမ်ယီ၏ သေဆုံးသွားသင့်သော လူတစ်ယောက်ဖြစ်၏။ သို့သော် သူက အသက်ရှင်လျက်ရှိနေသေးသည့်အပြင် မေ့ပျောက်ဘုရင်ကလည်း ပျောက်ဆုံးနေလေသည်။
“ မေ့ပျောက်ဘုရင်လား.. သူ့ကို ကျုပ်သတ်လိုက်ပြီးပြီ…”
“ မင်းကလား….”
နတ်ဆိုးဘုရင် အတောမသတ်နိုင်အောင် ရယ်မောလိုက်၏။
အခြေတည်ဝိညာဉ်အဆင့်(၇)တစ်ယောက်က ဘုရင်အဆင့်တစ်ယောက်ကို သတ်လိုက်သည်တဲ့လား..
ထိုဟာသမှ သူဘ၀တစ်လျှောက်လုံး အရယ်ရဆုံးသော ဟာသဖြစ်၏။
ရွှမ်ယီက နတ်ဆိုးဘုရင်ကိုကြည့်လိုက်ပြီး ဘေးမှ ရေခဲငှက်မွေးအားပြောလိုက်သည်။
“ ခင်ဗျားက စကားအများဆုံးပဲ.. ကောင်းပြီလေ.. ဒါဆိုလည်း ခင်ဗျားနဲ့ စလိုက်ကြတာပေါ့…”
“ ရေခဲငှက်မွေး သူ့ကိုသတ်လိုက်တော့…”
“ ငါ့ကိုသတ်မယ် ဟုတ်လား.. မင်း ပါးစပ်က…”
သူ့ စကားမဆုံးခင် နတ်ဆိုးဘုရင်တစ်ယောက် သေခြင်းတရား၏ ချဉ်းကပ်လာမှုကို ခံစားလိုက်ရသည်။
သူ့မျက်လုံးရှေ့တွင် အလင်းတန်းတစ်ခု လက်ကနဲဖြစ်သွားသည်ကို တွေ့လိုက်ရ၏။ သို့သော် သူရှောင်တိမ်းချင်ပေမယ့် လုံး၀ရှောင်တိမ်းနိုင်စွမ်းမရှိချေ။
လက်ရှိအချိန်တွင် အလွန်ကြီးမားလှသည့် ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက သူ့အား ချုပ်နှောင်ထားသည့်အလားပင်။
သူ့အနေဖြင့် လှုပ်ရှားချင်သော်လည်း တစ်လက်မမျှ လှုပ်ခြားနိုင်ခြင်းမရှိချေ။ သူထံသို့ ရောက်လာသည့် ဟင်းလင်ပြင်ဓားတစ်စင်းအား ကူကယ်ရာမဲ့စွာနှင့် ငေးကြည့်နေရုံသာတတ်နိုင်ပေသည်။
ရွှပ်…!
မရေမတွက်နိုင်သည့် အကြည့်များအောက်တွင် နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားလေသည်။
နတ်ဆိုးဘုရင်…!
သူ.. သူသေသွားပြီ…
တတိယဓားသခင်၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
သူက နတ်ဆိုးဘုရင်နှင့် တိုက်ခိုက်ခဲ့သူဖြစ်သောကြောင့် ထိုလူ မည်မျှ အစွမ်းထက်ကြောင်း သူသိရှိထားသည်။
ထို့ကြောင့် သူ့မျက်စိရှေ့တွင် နတ်ဆိုးဘုရင်က အလွယ်တကူသေသွားခဲ့သည်ဖြစ်ရာ အလွန်တုန်လှုပ်သွားခဲ့ရခြင်းဖြစ်၏။
နတ်ဆိုးဘုရင်မှာ အလွန်အစွမ်းထက်သော်လည်း အဖြူရောင်၀တ်စုံနှင့် အမျိုးသမီး၏ သာမာန် လက်ဝါးစောင်းနှင့် ခုတ်ပိုင်းလိုက်သည့် ဓားချက်အား အနည်းငယ်မျှပင် ခုခံခြင်းမပြုနိုင်ခဲ့ချေ။
ဒါက.. ဘယ်လိုစွမ်းအားမျိုးလဲ…?
လူသားဘုရင်လား..?
ဒါမှမဟုတ်…ကောင်ကင်ဘုရင်တစ်ယောက်ရဲ့ စွမ်းအားလား…
လူတိုင်းတိတ်ဆိတ်ငြိမ်သက်နေကြချိန်တွင်
ရွှမ်ယီက နောက်တစ်ယောက်ကို ညွှန်ပြလိုက်၏။
“ သူ..”
ရွှမ်ယီ ညွှန်ပြလိုက်သည့်လူမှာ ဟွိုင်ဘုရင်ဖြစ်ပြီး နတ်ဆိုးဘုရင်ပြီးလျှင် ဒုတိယအစွမ်းထက်ဆုံးသောလူဖြစ်ပေသည်။
သူတို့နှစ်ယောက်လုံး အလယ်အလတ်မူလဘုရင်များဖြစ်ကြသည်။
ရေခဲငှက်မွေးက စကားတစ်ခွန်းမှမဆိုဘဲ ဟွိုင်ဘုရင်ထံသို့ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်၏။
ဘုန်း..!
“ သူ..”
ဤတစ်ကြိမ်တွင် မင်းသားစုအား ညွှန်ပြလိုက်ခြင်းဖြစ်သည်။
ဘုန်း…!
လက်ရှိအချိန်တွင် ရွှမ်ယီ၏ လက်ညှိုးက သေမင်းတံစဉ်တစ်ချောင်းအလားပင်။ သူထံမှ လက်ညှိုးထိုးခံရသူအနေဖြင့် ရွေးချယ်စရာမရှိ သေဆုံးပေလိမ့်မည်။
ထိုမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
သူတို့၏ အမြင်တွင် အင်မတန်မှ ခမ်းနားကြီးကျယ်လှသော တည်ရှိမှုများဖြစ်သည့် ဘုရင်အဆင့်ကျင့်ကြံသူများအားလုံး ကြက်များ ၊ ခွေးများကဲ့သို့ အလွယ်တကူ အသတ်ခံနေရ၏။ အနည်းငယ်ပင် ခုခံခြင်းမပြုနိုင်ပဲ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ရသည်။
ဒါ.. ဒါက သူတို့ ကြားဖူးတဲ့ ဘုရင်အဆင့် ကျင့်ကြံသူကြီးတွေလား….?