← Chapters

ကြက်သွေးနတ်ဆိုးဒေသမှ နက်နဲဓားဂိုဏ်း

Vol. 6 Ch. 83

ကြက်သွေးနတ်ဆိုးဒေသမှ နက်နဲဓားဂိုဏ်း

Vol. 6 Ch. 83

ဘုရင်အဆင့်(၄)ဦး၏ အရိုအသေပေးမှုပြီးနောက် ရင်ပြင်ထက်ရှိလူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။

သူတို့အားလုံး အရူးများမဟုတ်ကြချေ။ သူတို့ရှေ့မှ ဘုရင်လေး(၄)ယောက်စလုံး စိတ်လိုလက်ရမဟုတ်သည်တိုင် ရှုံးနိမ့်သွားခဲ့ကြပြီဖြစ်ကြောင်း နားလည်ကြသည်။ ရွှမ်ယီအား အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဆိုပြီး လျှော့တွက်၍ မရတော့ချေ။

“ ရေခဲငှက်မွေး.. အခြေအနေတွေအားလုံး အဆင်ပြေသွားပါပြီ…”

ရေခဲ‌ငှက်မွေး၏ လက်ကျန်အချိန်ကုန်ဆုံးတော့မည်ဖြစ်ရာ ရွှမ်ယီက ခေါင်းညိတ်ပြရင်းပြောလိုက်၏။

လူအများ၏ ရှေ့တွင် ရုတ်တရက်ကွယ်ပျောက်သွားသည်ထက်စာလျှင် ဤနေရာမှ ထွက်သွားသည့်ပုံစံက ပိုအဆင်ပြေပေသည်။

ရေခဲငှက်မွေးက နားလည်ပြီဟူသော အမူအရာဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး လေဟာနယ်အား ခွဲချလိုက်ကာ ထွက်သွားတော့၏။

တစ်ချိန်တည်းမှာပင် ရေခဲငှက်မွေးအားဆင့်ခေါ်နိုင်သည့် အရေအတွက်က နှစ်ကြိမ်မှ တစ်ကြိမ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ တစ်ကြိမ်စာပဲကျန်တော့တယ်.. နောက်တစ်ကြိမ်‌ဆင့်ခေါ်မယ်ဆိုရင် ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေမှာ ခေါ်မှပဲဖြစ်တော့မယ်….”

ရွှမ်ယီစိတ်ထဲတွင် အနည်းငယ်ကသိကအောက်ဖြစ်နေလေသည်။ ရေခဲငှက် အလွန်အစွမ်းထက်လွန်းလှ၏။ သူမ၏ ရှေ့တွင် ဘုရင်အဆင့်များမှာ ပုရွက်ဆိတ်များအလားပင်။ သူတို့အား သတ်ဖြတ်ရန် ဆင့်ခေါ်ရခြင်းက တွက်ချေမကိုက်ပေ။

“ ပြင်ပစွမ်းအားတွေက နောက်ဆုံးမှာတော့ ပြင်ပစွမ်းအားသက်သက်ပါပဲ.. အနာဂါတ်မှာ ရေခဲငှက်မွေးကို ထာ၀ရခေါ်ထားနိုင်ရင်တော့လည်း အကောင်းဆုံးပေါ့.. လောလောဆယ်တော့ ငါ့ခွန်အားကို မြှင့်တင်ရမယ်….”

ရွှမ်ယီ အနည်းငယ်ခေါင်းယမ်းလိုက်မိ၏။

မေ့ပျောက်နတ်ဆိုးနန်းတော်အား ဖျက်ဆီးခဲ့ပြီးဖြစ်ရာ စနစ်၏ အရံတာ၀န်မှာလည်း ပြီးမြောက်သွားချေပြီ။

ရွှမ်ယီက ရရှိလာသောဆုလာဘ်များကို တွန့်ဆုတ်အနေပဲ တိုက်ရိုက်အသုံးပြုလိုက်၏။

ဘုန်း…!

မေ့ပျောက်နတ်ဆိုးနန်းတော်အား ဖျက်ဆီးခြင်းမှ ရရှိသည့် ဆုလာဘ်နှစ်ခုအနက် တစ်ခုမှ ကျင့်ကြံဆင့်တစ်ဆင့်တိုးပေးသည်ဖြစ်ရာ သူ၏ ကျင့်ကြံမှုအခြေခံက အခြေတည်ဝိညာဉ်အဆင့်(၈)သို့ ရောက်ရှိသွား‌ခဲ့သည်။

သူ့နံဘေးမှ ဘုရင်အဆင့်(၄)ယောက်ကမူ အံ့အားသင့်နေသည့်မျက်၀န်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့က လူတစ်ယောက် အဆင့်တက်သွားသည်ကို မမြင်ဖူးသောကြောင့်မဟုတ်ချေ။ အဆင့်ချိုးဖျက်ရာ၌ ရွှမ်ယီလောက် အလွယ်တကူ သက်တောင့်သက်သာဖြင့် ချိုးဖျက်နိုင်သူ တစ်ခါမှမတွေ့ဖူး၍ဖြစ်၏။

သူတို့လည်း အခြေတည်ဝိညာဉ်အဆင့်အား ကျော်ဖြတ်လာခဲ့သူများဖြစ်ရာ အဆင့်တစ်ဆင့်ချိုးဖျက်ရန် မည်မျှခက်ခဲကြောင်း နားလည်ထားကြသည်။

ရွှမ်ယီအား ကြည့်ရသည်မှာ ထမင်းစားရေသောက်‌လုပ်နေသည့်အလားပင်။ မျက်လုံးများမှိတ်လိုက်ပြီး တစ်ခဏအကြာတွင် နောက်တစ်ဆင့်ချိုးဖျက်သွားခဲ့၏။

ထို့အပြင် ထိုကောင်လေးက အသက်(၂၄) (၂၅)၀န်းကျင်ခန့်သာရှိသေးသော်လည်း အခြေတည်ဝိညာဉ်အဆင့်(၈)သို့ရောက်နေချေပြီ။ ထိုအရည်အချင်းက အလွန်မှင်သက်ဖွယ် ကောင်းလွန်းလှ၏။

“ သူသာ ငါတို့ ကြက်သွေးနတ်ဆိုးဒေသကဆိုရင် နတ်ဆိုးအဆင့်(၁)က သူကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ဘူး…”

လူတိုင်း၏ စိတ်ထဲတွင် တစ်ချိန်က ဝံ့ကြွားခဲ့သည့် အနက်၀တ်လူငယ်လေးတစ်ဦးအား သတိရသွားခဲ့ကြသည်။ ထိုလူငယ်လေးက ကြက်သွေးနတ်ဆိုးဒေသ၏ လူငယ်မျိုးဆက်အားလုံးကို နင်းခြေခဲ့သည့် နံပါတ်(၁) ပါရမီရှင် မိုထန်ပင်ဖြစ်သည်။

သို့သော် မိုထန်အား ရွှမ်ယီနှင့်နှိုင်းယှဉ်ကြည့်လိုက်လျှင်မူ…

လူတိုင်းခေါင်းယမ်းလိုက်ကြ၏။

မနှိုင်းယှဥ်တာက ပိုကောင်းပေလိမ့်မည်။

ရေခဲငှက်မွေး ထွက်ခွာပြီဖြစ်သော်လည်း ရွှမ်ယီက ဤနေရာတွင် ရှိနေဆဲပင်။ ရင်ပြင်ထက်ရှိလူများက ရွှမ်ယီအား မကြောက်ရွံ့ကြသော်လည်း ရွှမ်ယီနောက်တွင် ဘုရင်အဆင့်(၄)ယောက်ရှိနေသည်။

လူတိုင်းက စိုးရိမ်စိတ်များရှိနေဆဲဖြစ်ပြီး မည်သူမှ ထောင်ထောင် ထောင်ထောင် ထမလုပ်ဘဲ အခြေအနေအား ဆက်လက်စောင့်ကြည့်နေကြ၏။

ထို့အပြင် သူတို့အားလုံး ဘုရင်အဆင့်များ၏ တိုက်ပွဲကိုကြည့်ခဲ့ရသဖြင့် ထိုးထွင်းသိမြင်မှု အချို့ရသွားခဲ့ကြသည်။ ဤနေရာတွင် ဆက်နေကာ ခဏတာလေ့ကျင့်လိုက်လျှင် ခွန်အားအနည်းငယ်မြင့်တက် သွားပေလိမ့်မည်။

သို့သော် ရွှမ်ယီက အဆင့်ချိုးဖျက်ပြီးနောက် မျက်လုံးဖွင့်လိုက်ပြီး မတ်တပ်ထရပ်လိုက်၏။ ထို့နောက် မျက်လုံး ပြန်မှိတ်လိုက်ပြန်သည်။

လူတိုင်း ရင်းနှီးသော မြင်ကွင်းတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့၏။

ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များ ရွှမ်ယီအား ဗဟိုပြုကာ စီး၀င်လာကြသည်။

“ နောက်ထပ်အဆင့်ချိုးဖျက်မှာလား…”

“ မဟုတ်သေးပါဘူး.. အခုမှ အဆင့်တက်ထားတာလေ.. ချက်ချင်းထပ်တက်မယ်ဆို လွန်လွန်းတယ်မဟုတ်လား….”

လူတိုင်း တုန်လှုပ်လျက် မျက်လုံးများပြူးကာ ရွှမ်ယီအား ဝိုင်းကြည့်နေကြ၏။ ရွှမ်ယီ နောက်တစ်ဆင့်ထပ်မံချိူးဖျက်မည်ဟု သူတို့မယုံကြည်ကြချေ။

မှန်ပေသည်။ စိတ်ဝိညာဉ်စွမ်းအင်များ အရှိန်အဟုန်ဖြင့်စီး၀င်လာခဲ့သော်လည်း ‌တစ်ခဏအကြာတွင် ရပ်တန့်သွားခဲ့၏။ ရွှမ်ယီ နောက်တစ်ဆင့် ချိုးဖျက်သွားခြင်းမရှိချေ။

ထိုအခါမှ လူတိုင်း သက်ပြင်းချလိုက်ကြ၏။

“ ဟူး..တော်သေးတာပေါ့..”

“ အခုလိုမှ ပုံမှန်ဖြစ်မှာ…”

“ သူက အသက်(၂၄)လောက်မှာတင် အ‌ခြေတည်ဝိညာဉ်အဆင့်(၈)ကိုရောက်နေပြီ.. ဆက်ကြိုးစားသွားပြီး ဓားရည်ရွယ်ချက်ကိုသာ နားလည်သွားခဲ့ရင် ဘုရင်အဆင့်အောက်မှာ ပြိုင်ဘက်ကင်းဖြစ်သွားလိမ့်မယ်….”

လူတိုင်း ထိုလူငယ်က မျိုးဆက်သစ်လူငယ်များအကြားတွင် နံပါတ်(၁)ဖြစ်ကြောင်း နားလည်ကြ၏။

ခဏအကြာတွင် ရွှမ်ယီက မျက်လုံးများပြန်ဖွင့်လိုက်၏။

စောနက ဖြစ်ပေါ်လာခဲ့သော ထူးခြားမှုမှာ ဓားရည်ရွယ်ချက် အဆင့်(၃)အထွတ်အထိပ်ရောက်သွားသောကြောင့်ဖြစ်သည်။

“ သခင်လေး ရွှမ်ယီ…”

ဘုရင်အဆင့်(၄)ယောက်စလုံး ရှေ့တိုးကာ နှုတ်ဆက်လိုက်ကြ၏။

ဤကဲ့သို့ ထူးချွန်ထက်မြက်သည့် သခင်နောက်လိုက်ရခြင်းမှာ အလွန်နစ်နာသည့်ကိစ္စတော့မဟုတ်ချေ။ တစ်ဖက်မှ တွေးကြည့်လျှင် ကောင်းသောအချက်များရှိနေ၏။ ထိုလူငယ်က မကြာခင် သူတို့အား ကျော်တက်သွားပေလိမ့်မည်။

“ ကောင်းပြီ.. ဒါနဲ့ ခင်ဗျားတို့ နာမည်တွေဘယ်လိုခေါ်လဲ…”

ရွှမ်ယီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေ၏။ သူက အခြေတည်ဝိညာဉ်အဆင့်(၈)သို့ရောက်သွားသည့်အပြင် ‌ဓားရည်ရွယ်ချက်အဆင့်(၃) အထွတ်အထိပ်ကိုလည်း နားလည်သဘောပေါက်ခဲ့ပြီးဖြစ်သည်။

အရင်ကထက်များစွာတိုးတက်လာသောလည်း မည်မျှတိုးတက်လာကြောင်း တိတိကျကျမမှန်းတတ်ပေ။

“ ကျုပ်နာမည်က ဆေဘာဘုရင်ပါ..”

“ ကျွန်မက ဆီးနှင်းဘုရင်ပါ…”

“ ကျုပ်ကို ရွှေဘုရင်လို့ခေါ်ပါတယ်…”

“ ကျုပ်ကိုတော့ မုန်ညင်းဘုရင်လို့ ခေါ်နိုင်ပါတယ်…”

ဘုရင်(၄)ယောက်လုံး တုံ့ဆိုင်းမနေကြပဲ လက်ယှက်ကာ ၎င်းတို့၏ အမည်များအား မိတ်ဆက်ပေးလိုက်ကြသည်။

ရွှမ်ယီက သေချာကြည့်ပြီး အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။

ဆီးနှင်းဘုရင်က ဆံပင်အဖြူရောင်နှင့်ဖြစ်ပြီး အေးစက်စက်မူအရာနှင့်တကွ အေးစက်သော အရှိန်အဝါရှိလေသည်။

ဆေဘာဘုရင်ကမူ ဓားသဏ္ဌာန်မျက်ခုံးများနှင့်ဖြစ်ပြီး ထက်ရှသော အရောင်အဝါရှိ၏။

ရွှေဘုရင်က ၎င်း၏လက်တွက် ရွှေလက်စွပ်များကို ၀တ်ဆင်ထားပြီး ထိုလက်စွပ်များတွင် လှည့်ကွက်အချို့ရှိဟန်ရသည်။ မုန်ညင်းဘုရင်ကမူ သာမန်အတိုင်းသာဖြစ်၏။

“ ဆေဘာဘုရင်.. ကျုပ်အခုပဲ အဆင့်ချိုးဖျက်ပြီးတာ.. ဒီတော့ ခွန်အားကို နည်းနည်းစမ်းသပ်ကြည့်ချင်နေတယ်.. ခင်ဗျား ကူညီပေးနိုင်မလား…”

ရွှမ်ယီက လက်ရှိ သူ၏ခွန်အား မည်မျှရှိမှန်း တိုင်းတာလိုနေခဲ့သည်။

ဆေဘာဘုရင်က ရွှမ်ယီအား ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

ထိုစကားများအား ကြားလျှင် ရင်ပြင်ထက်မှလူတိုင်းနီးပါး ၎င်းတို့၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးအောင်ထိ ပြုံးလိုက်ကြသည်။ သူတို့အားလုံးနီးပါး အဆင့်မြင့် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများနှင့် ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူများဖြစ်ကြ၏။

သဘာ၀အတိုင်း ရွှမ်ယီ၏ စိတ်ကူးကို နားလည်ကြသည်။

“ လူငယ်ဆိုတာကတော့ လူငယ်တစ်ယောက်ပါပဲ.. အဆင့်တက်ပြီးသွားတာနဲ့ ခွန်အားကို စမ်းသပ်ချင်တာ ပုံမှန်ပဲလေ.. ဒါပေမယ့် သူက ဘုရင်အဆင့်တစ်ယောက်နဲ့ စမ်းသပ်ချင်နေတယ်.. မကြာခင် စိတ်ဓာတ်ကျသွားမှာ စိုးမိသား…”

ဆေဘာဘုရင်က ခမ်းလှမ်းလှမ်းနေရာသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ့ မျက်လုံးများ ပိတ်လုနီးပါအထိ မှေးကျဉ်းသွားခဲ့၏။ ‌သူ၏ အကြည့်များက ဓားအလင်းတန်းများထွက်လာနေသည့်အလား ထက်ရှလွန်းလှသည်။

“ လာတော့…”

ဘုန်း..!

ရွှမ်ယီက စကားတစ်ခွန်းမှမဆိုဘဲ အခြေတည်ဝိညာဉ်အဆင့်(၈) စွမ်းအားများကို အပြည့်အ၀ထုတ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပဲ အဆုံးမရှိသော ဓားရည်ရွယ်ချက် စွမ်းအားကလည်း ကောင်းကင်ထင်သို့ ဖြာထွက်သွားခဲ့သည်။

ဓားရည်ရွယ်ချက် အဆင့်(၃) အထွတ်အထိပ်…!

ဘေးတိုက် ခုတ်ချလိုက်သည့် ဓားချက်တစ်ချက်…!

ဝှရှ်..!

လူငယ်တစ်ဦး၏ မောက်မာမှုအား ရယ်မောရန်ပြင်ဆင်နေကြသည့် လူအုပ်ကြီးတစ်ခုလုံး မျက်လုံးများပြူကျယ်သွားခဲ့ရသည်။

ရွှမ်ယီ လက်ရှိအသုံးပြုလိုက်သည်မှာ သာမန် အဆင့်(၁) အဆင့်(၂) ‌ဓားရည်ရွယ်ချက်မဟုတ်ချေ။ အလွန်အစွမ်းထက်လှသည့် အဆင့်(၃) ဓားရည်ရွယ်ချက်ကိုမှ အထွတ်အထိပ်အဆင့်ဖြစ်၏။

ဘုရင်အဆင့်အောက်တွင် သူက လုံး၀ပြိုင်ဘက်ကင်းပေသည်။

ဆေဘာဘုရင်၏ ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်ယွမ်စွမ်းအင်များ အလုံးလိုက်ထွက်ပေါ်လာပြီး ထိုဓားချက်အား တားဆီးလိုက်၏။ သို့တိုင် သူ၏ လက်ဖဝါးနှစ်ဖက်လုံး တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ခါသွားခဲ့ရသည်။

ရွှမ်ယီ အနေဖြင့် ဟင်းလင်းပြင်ဓားနယ်မြေအား အသုံးမပြုသည့်တိုင် အခြေတည်ဝိညာဉ်အဆင့်(၈)နှင့် ဓားရည်ရွယ်ချက် အဆင့်(၃) အထွတ်အထိပ်အား အသုံးပြုလျက် ဘုရင်အဆင့်အား တိုက်ခိုက်နိုင်စွမ်းရှိနေချေပြီ။

“ လုံလောက်ပြီ…”

ရွှမ်ယီက သူ၏ လက်များကိုနောက်ပစ်လိုက်ပြီး အေးစက်သော မျက်၀န်းများဖြင့် ပတ်၀န်းကျင်အား ဝေ့ကြည့်လိုက်၏။

ဆေဘာဘုရင်ကမူ ထိတ်လန့်နေသော မျက်၀န်းများဖြင့် ရွှမ်ယီ၏ နောက်၌ ၀င်ရပ်နေလေသည်။

“ အားလုံးပဲ ကျုပ်က အ‌ဇူရာဒေသ နက်နဲဓားဂိုဏ်းက အကြီးအကဲရွှမ်ယီပဲဖြစ်တယ်… လက်ရှိ မေ့ပျောက်နတ်ဆိုးနန်းတော်က ကျုပ်လက်အောက်မှာ ပျက်စီးသွားခဲ့ပြီ.. ဒီကမ္ဘာကြီးမှာ အားနည်းတဲ့လူတွေအတွက် နေရာမရှိဘူး.. လက်ရှိအချိန်မှ မေ့ပျောက်နတ်ဆိုးနန်းတော်ဆိုတာ သမိုင်းကြောင်းထဲမှ ကျန်ခဲ့ပြီ.. ဒီနေ့ကစပြီး ဒီနေရာမှာ နက်နဲဓားဂိုဏ်းကိုတည်ထောင်မယ်….”

“ ခင်ဗျားတို့အားလုံး ကြက်သွေးဒေသက နက်နဲဓားဂိုဏ်းရဲ့ တပည့်တွေပဲ.. ဘုရင်(၄)ယောက်ကကျတော့ နက်နဲဓားဂိုဏ်းရဲ့ အကြီးအကဲတွေဖြစ်တယ်.. ဘယ်သူတွေက သဘောတူပြီး… ဘယ်သူတွေက ဆန့်ကျင်ချင်ကြလဲ…”

စကားအဆုံးတွင် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ကြသည်။

စောနက တိုက်ခိုက်မှုကြောင့် သူတို့အားလုံး ရွှမ်ယီအား မယှဉ်နိုင်ကြောင်း နားလည်သွားခဲ့ကြ၏။ ထို့အပြင် ရွှမ်ယီ၏နောက်၌ ဘုရင်အဆင့်(၄)ယောက်ရှိနေသေးသည်။

သူတိုငြင်းပယ်ချင်လျှင်တောင် ငြင်းပယ်နိုင်စွမ်းမရှိကြချေ။

ယနေ့မှစပြီး ဤနေရာတွင် မေ့ပျောက်နတ်ဆိုးနန်းတော်မရှိတော့ပေ။ ထိုအစား နက်နဲ‌ဓားဂိုဏ်းကို ကြက်သွေးနတ်ဆိုးဒေသတွင် တည်ထောင်လိုက်ပြီဖြစ်၏။

All Chapters