ငါ၀င်စွက်ဖက်လို့ ရပြီလား
Vol. 6 Ch. 87
ထိုစကားများကြောင့် ဇောင်ထိုင်က စိတ်ကျေနပ်သွားပြီး ပြုံးလျက် ခေါင်းဆောင်ထိုင်ခုံရှိရာသို့ လျှောက်သွားလိုက်သည်။ သူက ယပ်တောင်ကိုပိတ်လိုက်ပြီး ထိုင်ခုံထက်တွင် ခြေချိတ်ကာ ထိုင်လိုက်၏။
“ ခင်ဗျားပြောတာ အမှန်ပဲ…”
သူက စစ်ထူချင်အား ခြေအစခေါင်းဆုံး ကြည့်လိုက်သည်။ သူ၏ အကြည့်များ၌ ထိန်းချုပ်မထားသော ရမက်မီးတောက်များတောက်လောင်နေ၏။
ရှင်းပေသည်။ သူက စစ်ထူချင်၏ ပုံစံအား အလွန်နှက်သက်သဘောကျနေ၏။
စစ်ထူမိသားစုမှ လူတိုင်း ထိုစကားအားလျှင် အလွန်၀မ်းမြောက်သွားခဲ့ကြသည်။
“ သခင်လေးဇောင် ကျေနပ်နေသ၍ ကျုပ်တို့ ၀မ်းသာပါတယ်…”
ထိုအခိုက်အတန့်တွင် စစ်ထူချင်၏ မျက်နှာ၌ လုံး၀သွေးမရှိတော့ချေ။ စစ်ထူမိသားစုက ဤမျှ နှလုံးသားကင်းမဲ့လိမ့်မည့်ဟု သူမ မျှော်လင့်ထားခြင်းမရှိပေ။
မည်သို့ဖြစ်စေ မိသားစုခေါင်းဆောင်၏ သူမအား သခင်လေးဇောင်ထံသို့ ပေးမည့် ဆုံးဖြတ်ချက်အား ပြောင်းလဲ၍ မရနိုင်တော့ပေ။
ကျောက်တုံးနတ်ဆိုးတစ်မြို့လုံးတွင် သခင်လေးဇောင်အား မည်သူက ဆန့်ကျင်ဝံ့မည်နည်း။
ထိုအချိန်တွင် စစ်ထူမိသားစုအပြင်ဘက်၌ ရွှမ်ယီနှင့် ဘုရင်နှစ်ယောက်က အစည်းအဝေးအခန်းအတွင်းမှ အဖြစ်အပျက်အားလုံးကို နတ်အသိဖြင့် စောင့်ကြည့်နေခဲ့၏။
ရွှမ်ယီ၏ မျက်၀န်းများက အေးစက်နေခဲ့ပြီး ခေါင်းယမ်းကာ ပြုံးလိုက်သည်။
“ ဘယ်လိုတောင် ရက်စက်တဲ့မိသားစုလဲ…”
သူစိမ်းတစ်ယောက်အား မျက်နှာလုပ်ဖားယားရန်အတွက် မိမိတို့မိသားစုမှ သမီးတစ်ယောက်အား ကျားခံတွင်းသို့ ပေးပို့ရန် ဆန္ဒရှိခဲ့ကြသည်။
“ ဘယ်သူမှ မနှောက်ယှက်ရဲဘူးတဲ့လား…”
“ အဲလိုမဖြစ်နိုင်ဘူး.. ဒီကိစ္စကို ငါ၀င်စွက်ဖက်ဖို့ စိတ်ကူးရှိတယ်…”
ဝှစ်ရှ်
ရွှမ်ယီ၏ ခြေတစ်လှမ်းဖြင့် စစ်ထူမိသာစု အစည်းအဝေးအခန်းအတွင်းသို့ ရောက်ရှိသွားခဲ့သည်။
“ စစ်ထူချင်.. သူမကို ကျုပ်စောင့်ရှောက်မယ်…”
“ အခု ကျုပ်ဒီကိုရောက်နေပြီ.. သူမကို ဘယ်သူထိဝံ့လဲဆိုတာ ကြည့်ကြသေးတာပေါ့….”
ဘုရင်နှစ်ယောက်နှင့် ရွှမ်ယီက အံ့အားသင့်နေသော လူအုပ်ကြီးရှေ့မှောက် ပေါ်ထွက်လာခဲ့၏။
“ မင်းက ဘယ်ကကောင်လဲ…”
စစ်ထူ မိသားစုခေါင်းဆောင် ပါးစပ်ဟရုံရှိသေး ဇောင်ထိုင်က ရှေ့သို့တစ်လှမ်းတိုးလျက် ဖိအားများထုတ်ဖော်ကာ မေးလိုက်၏။
ဘုန်း..
စစ်ထူမိသားစုမှ လူတိုင်း ဇောင်ထိုင်၏ အရှိန်အဝါက အခြေတည်ဝိညာဉ်အဆင့်တွင်ရှိကြောင်း သိလိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် ဇောင်ထိုင်၏ အရှိန်အဝါက ပေါက်ကွဲနေသည့် မီးတောင်တစ်လုံးအလားပင်။
မိသားစုခေါင်းဆောင်၏ အကြည့်များတွင်လည်း လေးစားမှုအပြည့်နှင့်ဖြစ်၏။
မျှော်လင့်ထားသလိုပဲ ချမ်းသားခြင်းနန်းတော်က သခင်လေးလို့ပြောစရာမလိုဘူး..
ငယ်ငယ်လေးနဲ့ အခြေတည်ဝိညာဉ်အဆင့်တောင်ရောက်နေပြီ…
စစ်ထူမိသားစုမှလူတိုင်း ရွှမ်ယီတို့ (၃)ယောက်အား လှောင်ပြောင်လိုသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
သူတို့က ဒီကို ဘာလာလုပ်ကြတာလဲ..
သခင်လေးဇောင်ထိုင်ရဲ့ ကိစ္စကို ဘယ်လိုသတ္တိမျိုးနဲ့ ၀င်စွက်ဖက်ရဲတာလဲ…
သူတို့က ထို(၃)ယောက် မည်သို့သေသွားမည်ကို တွေ့ချင်နေခဲ့ကြသည်။
စစ်ထူချင်၏ မျက်၀န်းထဲတွင် အလင်းတစ်ချက်တောက်ပလာသော်လည်း ချက်ချင်းပြန်မှေးမှိန်သွား၏။
ရွှမ်ယီတို့(၃)ယောက်အားကြည့်ကာ ခေါင်းယမ်းမိလိုက်သည်။ သူမကြောင့် ထို(၃)ယောက် အချောင်သက်သက်ဒုက္ခရောက်ပေတော့မည်။
လူတိုင်းအံ့အားသင့်သွားခဲ့ရသည်က ထိုသုံးယောက်မှာ ဇောင်ထိုင်၏ ဖိအားအောက်တွင်ရှိနေသည့်တိုင် မျက်နှာတစ်ချက် ပျက်မသွားခြင်းပင်။
ဇောင်ထိုင်၏ မျက်၀န်းများက သတ်ဖြတ်လိုသောဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့ပြီး
“ မင်းတို့က ဘယ်ကကောင်တွေလဲ.. ဘယ်က သတ္တိနဲ့ ငါ့ကိစ္စကို ၀င်စွက်ဖက်ရဲတာလဲ….”
“ မင်းကကော ဘာကောင်မို့ ငါ့ရှေ့ ဒီလောက်လာပြီး မောက်မာပြနေတာလဲ…”
ရွှမ်ယီက မေးခွန်းဖြင့် ပြန်တုံ့ပြန်လိုက်၏။
ဘုန်း…!
ထို့နောက် ဇောင်ထိုင်၏ ဖိအားထက် အဆများစွာပိုသည့် အကန့်အသတ်မဲ့သော ဖိအားကြီးတစ်ခု ကျဆင်းလာခဲ့သည်။
မိသားစုခေါင်းဆောင်၏ ခြေထောက်များပင် တုန်ယင်သွားခဲ့လေသည်။
သူ၏ ခံစားချက်အရ ဇောင်ထိုင်၏ ဖိအားမှာ မီးတောင်တစ်လုံးဟုဆိုလျှင် အခုထွက်ပေါ်လာသည့် ဖိအားက ကမ္ဘာကြီးပေါက်ကွဲသည်နှင့် တူညီနေသည်။
“ အခြေတည်ဝိညာဉ်အဆင့်မြင့်အဆင့်.. သေချာတယ်.. သူက အဆင့်မြင့် အခြေတည်ဝိညာဉ်အဆင့်ပဲ…”
“ သွားပြီ.. စစ်ထူမိသားစုတော့ ကပ်ဘေးဖြစ်တော့မယ်.. ဘုရားမပြီး သခင်လေးဇောင် ဘာမှမဖြစ်ပါစေနဲ့…”
စစ်ထူမိသားစုမှ လူတိုင်း တုန်ယင်သွားခဲ့ကြသည်။ လက်ရှိအနေအထားမှာ စစ်ထူမိသားစု၀င်ပါနိုင်သည့် အနေအထားမျိုးမဟုတ်ချေ။
“ ဟမ်..”
ဇောင်ထိုင်၏ မျက်နှာမဲမှောင်သွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။
သူက မျက်ခုံးပင့်လိုက်ပြီး ရွှမ်ယီအား သတိထားနေသော အကြည့်ဖြင့်ကြည့်လိုက်၏။
‘ အခြေတည်ဝိညာဉ်အဆင့်(၇) ဒါမှမဟုတ် အဆင့်(၈).. အဲ့တာက ချမ်းသာခြင်းနန်းတော်မှာတောင် သာမန်မဟုတ်ဘူး…’
ထိုအဆင့်အား ကျောက်တုံးနတ်ဆိုးမြို့အား ကိုင်လှုပ်နိုင်သော်လည်း ချမ်းသာခြင်းနန်းတော်အား ခြိမ်းခြောက်နိုင်ရန် ဝေးကွာလွန်းသေးသည်။
သို့သော် သူစိတ်ပူနေသည့်တစ်ခုတည်းသောအရာက ရွှမ်ယီထံမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ခံစားနေမိသောကြောင့်ပင်။
“ မင်းက ငါ့ကိုသတ်ချင်နေတာလား…”
“ အဲ့လိုမလုပ်ဖို့အကြံပေးလိုက်မယ်.. ပြီးရင် ငါ့ကိစ္စကို ၀င်မစွက်ဖက်နဲ့.. ငါက ချမ်းသာခြင်းနန်းတော်က လူငယ်သခင်လေးပဲ.. ကျောက်တုံးနတ်ဆိုးမြို့တစ်ခုလုံး ဘယ်သူမှ ငါ့ကိုမစော်ကားရဲဘူး…”
“ အခြေတည်ဝိညာဉ်အဆင့်(၇) (၈)လောက်က တစ်ခြားသူတွေအတွက် ကြောက်စရာဖြစ်ကောင်ဖြစ်လိမ့်မယ်.. ဒါပေမယ့်…..”
ဇောင်ထိုင်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားခဲ့ပြီး မျက်လုံးများထဲ၌ ထီမထင်ဟန် အပြည့်ဖြင့်
“ ဒီကမ္ဘာမှာ မင်းစော်ကားဖို့ မတတ်နိုင်တဲ့လူတစ်ချို့ရှိတယ်.. သွားပြီး မစော်ကားရင် အကောင်းဆုံးပဲ…”
၀မ်…
သူက စကားပြောနေရင်း လက်မှလက်စွပ်အား လက်သည်းဖြင့်ခြစ်လိုက်၏။
ချမ်းသာခြင်းနန်းတော်၏ သခင်လေးဖြစ်သည့်အလျောက် တစ်နေ့တွင် နန်းတော်အားဆက်ခံမည်ဖြစ်ရာ အပြင်သွားချိန်၌ အစောင့်အရှောက်များ မကင်းမဲ့ပေ။
အမြဲတမ်း သူ့အနားသို့ ချက်ချင်းရောက်လာနိုင်သည့် ဘုရင်တစ်၀က်အဆင့်ကျွမ်းကျင်သူက အနီးအနားတွင်ရှိနေသည်။
အသက်ရှုကြိမ်အနည်းငယ်အတွင်း ရှေ့မှ(၃)ယောက် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားပေလိမ့်မည်။
“ အိုး…”
ရွှမ်ယီ မှင်သက်သွားခဲ့၏။ လက်ရှိ သူ့အဆင့်ဖြင့် ဤကမ္ဘာကြီးပေါ်တွင် အမှန်တကယ် မစော်ကားနိုင်သည့် လူများရှိနေသည်မှာ မှန်သော်လည်း ထိုအထဲတွင် သူ့ရှေ့မှ ငတိမပါ၀င်သည်ကတော့ သေချာသည်။
ရွှမ်ယီ တိုက်ခိုက်တော့မည်အချိန်တွင်
ဘုန်း…
ကျောက်တုံးနတ်ဆိုးမြို့ တစ်ခုလုံး တုန်လှုပ်သွားစေနိုင်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး စစ်ထူ မိသားစုရှိရာ ဦးတည်လာနေလေသည်။
“ မိုက်ရိုင်းတဲ့ကြွက်စုတ်.. မင်းက သခင်လေးရှေ့မှာ ဘယ်လိုတောင် မောက်မာရဲတာလဲ…”
ဘုန်း..
လူက အဝေးမှာရှိနေသည့်တိုင် အသံက အရင်ရောက်လာခဲ့သည်။ ထိုလူထံမှ အခြေတည်ဝိညာဉ်အဆင့်ထက်မြင့်သည့် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး ထိုမှ ထွက်ပေါ်လာသော ဖိအားက စစ်ထူမိသားစုမှ လူတိုင်းကို ဒူးထောက်ကျသွားစေ၏။
စစ်ထူမိသားစုမှ လူများ၏ ကျင့်ကြံဆင့်နိမ့်ပါးမှုကြောင့် ထိုလူ၏ ကျင့်ကြံဆင့်အား အတိအကျမသိနိုင်ပေ။ သို့သော် ထွက်ပေါ်နေသည့် ဖိအားများအရ ဘုရင်တစ်၀က်အဆင့်ဖြစ်ရပေမည်။
“ ဘုရင်တစ်၀က်အဆင့်.. ဒီလူက ဘုရင်တစ်၀က်အဆင့်ပဲဖြစ်ရမယ်…”
“ ဟိုသုံးယောက်တော့ ဇာတ်သိမ်းပြီ…”
၎င်းတို့၏ အရည်အချင်းနိမ့်ပါးမှုကြောင့် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့သာ ရောက်နိုင်မည်ဖြစ်ပြီး အလွန်ကံကောင်းမှ အခြေတည်ဝိညာဉ်အဆင့်ကို ရောက်နိုင်ပေလိမ့်မည်။ ဘုရင်တစ်၀က်အဆင့်ဆိုသည်မှာ သူတို့အိမ်မက်ပင် မက်ဖူးခြင်းမရှိသည့် အဆင့်ဖြစ်၏။
“ သခင်လေးဇောင်ကို စောင့်ရှောက်ဖို့ ဘုရင်တစ်၀က်အဆင့်တစ်ယောက် ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး…”
“ ချမ်းသာခြင်းနန်းတော်က သူတို့ဂုဏ်သိက္ခာနဲ့ တကယ်ထိုက်တန်တာပဲ.. အနာဂါတ်မှာ သခင်လေးဇောင်ကို ပိုပြီးရိုသေဖို့လိုလိမ့်မယ်…”
ဆွစ်ရှ်…
အသံကြားလိုက်ရပြီးနောက် ဇောင်ထိုင်က အသံလာရာဆီသို့ လှည့်ကြည့်မိလိုက်သည်။ ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းက သူ့နှလုံးသားတစ်ခုလုံး ပါးစပ်မှခုန်ထွက်မတတ်ဖြစ်သွားခဲ့ရ၏။
တိုက်ခိုက်မှုတစ်ခု…
ဓားတစ်ချက်…
သူ့၏ အစောင့်အရှောက် ဘုရင်တစ်၀က်အဆင့်ဖြစ်သော ဦးလေးဇောင်သည် အစည်းအဝေးခန်းသို့ ခြေမချနိုင်မီ ရွှမ်ယီထံမှ ဓားချက်တစ်ချက်နှင့် ရင်ဆိုင်လိုက်ရသည်။
စစ်ထူမိသားစုမှ လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များအောက်တွင် ဝံ့ကြွားစွာရောက်လာခဲ့သည့် ဘုရင်တစ်၀က်အဆင့်က အလာတုန်းကထက် ပိုသော အရှိန်နှင့် လွင့်ပျံသွားခဲ့၏။
ထို့အပြင် ထိုပျံသန်းခြင်းက သူ၏ နောက်ဆုံးပျံသန်းခြင်းဖြစ်ဟန်ရသည်။ လွင့်ပျံသွားသည်နှင့် သူ၏ အရှိန်အဝါအား နောက်တစ်ကြိမ် ခံစား၍ မရတော့ပေ။
“ သူ သေ.. သေသွားပြီလား…”
လူတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။ ထိုစကားအားကြားလျှင် ဇောင်ထိုင်၏မျက်၀န်း ကျဉ်းမြောင်းသွားကာ သူ၏စိတ်များ ရှုပ်ထွေးသွားခဲ့ရသည်။
ဘုရင်တစ်၀က်အဆင့်က ထိုလူငယ်လေးထံမှ ဓားတစ်ချက်တောင် မခံနိုင်ဘူးတဲ့လား…
ကျောက်တုံးနတ်ဆိုးမြို့မှာ ဒီလိုလူတစ်ယောက် ဘယ်တုံးက ပေါ်လာတာလဲ...
ရွှမ်ယီက အေးစက်စွာပြုံးလိုက်၏။ သူအခြေတည်ဝိညာဉ်အဆင့်(၇)၌ ရှိစဉ်ကပင် ဟင်းလင်းပြင်ဓားနယ်မြေနှင့် ဓားရည်ရွယ်ချက်အဆင့်(၂)အား အသုံးပြုကာ အစောပိုင်း မူလဘုရင်တစ်ယောက်အား သတ်နိုင်စွမ်းရှိသည်။
ယခုတွင်မူ အခြေတည်ဝိညာဉ်အဆင့်(၈) သို့ရောက်ပြီး ဓားရည်ရွယ်ချက်ကလည်း တတိယအဆင့်အထွတ်အထိပ်သို့ရောက်သွားချေပြီ။
ဘုရင်တစ်၀က်အဆင့်အား ပုရွက်ဆိတ်တစ်ကောင်အား ဖိခြေသကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသည်။
“ ကဲ.. အခု ငါ ဒီကိစ္စကို ၀င်စွက်ဖက်လို့ရပြီလား…”
ရွှမ်ယီက ထူးမခြားနားဟန်ဖြင့် ဇောင်ထိုင်ရှိရာ ဓားဖြင့်ညွှန်လျက်မေးလိုက်၏။