ဘုရင်အဆင့်လား.. စမ်းကြည့်ကြတာပေါ့
Vol. 6 Ch. 88
ဇောင်ထိုင်က မျက်လုံးများပြူးကျယ်လျက် ရွှမ်ယီအား မယုံကြည်နိုင်သောအကြည့်များဖြင့် ကြည့်နေခဲ့သည်။
သေခြင်းအငွေ့အသက်၏ လွှမ်းခြုံမှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ သူက အလျှင်အမြန် ပါးစပ်ဟလိုက်ပြီး
“ မလုပ်နဲ့.. ရပ်လိုက်.. ငါ့အဖေက ဘုရင်အဆင့်ကိုရောက်သွားပြီ…”
ထိုစကားများထွက်လာသည်နှင့် ရွှမ်ယီအား ထိတ်လန့်စွာကြည့်နေသည့် လူအုပ်ကြီး၏ မျက်လုံးများ ပြန်လည်တောက်ပလာခဲ့သည်။
ဟုတ်တယ်.. ဇောင်ထိုင်ရဲ့အဖေက ဘုရင်အဆင့်တစ်ယောက်ပဲ…
အဲ့ကောင် ဘယ်လောက်ပဲသတ္တိကောင်းကောင်း ဘုရင်အဆင့်ကိုတော့ စော်ကားရဲမှာမဟုတ်ဘူး…
“ ဘုရင်အဆင့်လား..စမ်းကြည့်ကြတာပေါ့…”
သို့သော် လူတိုင်း၏ အတွေးများနှင့် ဆန့်ကျင်လျက် ရွှမ်ယီက ဘုရင်အဆင့်အား လုံး၀ကြောက်ရွံ့သည့် အရိပ်အယောင်မရှိချေ။
ထို့နောက် ရွှမ်ယီ၏ ဓားချက်က ဇောင်ထိုင်အား ချက်ချင်းပိုင်းဖြတ်သွားခဲ့သည်။
ငါ့တပည့်လေးကို မကောင်းကြံချင်တာလား…
ဘုရင်အဆင့်လည်း ဂရုမစိုက်ဘူး…
ဘုန်း..
လူတိုင်း၏ မျက်စိရှေ့တွင် ချမ်းသာခြင်းနန်းတော်မှသခင်လေးဇောင်ထိုင် သွေးအိုင်အဖြစ် ပြောင်းလဲသွားလေသည်။
စစ်ထူမိသားစုတစ်ခုလုံး ယောက်ယက်ခတ်ကုန်ကြ၏။
“ သွားပြီ.. ကပ်ဘေးကြီးဖြစ်တော့မယ်..”
မိသားစုခေါင်းဆောင်တစ်ယောက် နေရာ၌ပင် အရုတ်ကြိုးပြတ်လဲကျသွားလေသည်။
သခင်လေးဇောင်ထိုင် သေဆုံးသွားပြီဖြစ်ရာ နန်းတော်သခင် ပေါက်ကွဲပေတော့မည်။
ထိုဘယ်ကမှန်းမသိသည့် လူသုံးယောက်က ဘုရင်တစ်၀က်အဆင့်ကိုပင် ကြက်သတ်သလိုသတ်နိုင်၏။ ထိုလူများက နန်းတော်သခင်လက်မှ လွတ်အောင်ပြေးနိုင်စွမ်းရှိသည်။
သူတို့သုံးယောက်မရှိတော့လျှင် နန်းတော်သခင်၏ ဒေါသက အခင်းဖြစ်ပွားရာ စစ်ထူမိသားစုအပေါ်သို့ ကျရောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲချေ။
စစ်ထူမိသားစု၌ အစွမ်းထက်ဆုံးမှာ အဆင့်နိမ့်အခြေတည်ဝိညာဉ်အဆင့်မျှသာဖြစ်၏။ ဘုရင်တစ်ယောက်၏ ဒေါသကို မည်ကဲ့သို့ ခံနိုင်မည်နည်း။
စစ်ထူ မိသားစုခေါင်းဆောင်၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေ၏။ ခဏအကြာတွင် ချက်ချင်းထရပ်လိုက်ပြီး စစ်ထူချင်အား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
ထို့နောက် လက်ညှိုးငေါက်ငေါက်ထိုးလျက်
“ ခွေးမ.. ဒါတွေအားလုံး မင်းကြောင့်ဖြစ်လာတာ.. မင်းကြောင့်မဟုတ်ရင် စစ်ထူမိသားစု ဒီအခြေအနေမျိုး ရောက်မှာမဟုတ်ဘူး…”
သူမအားဒေါသတကြီးစိုက်ကြည့်ကာ ကျိန်ဆဲနေသည့် မိသားစုခေါင်းဆောင်အားကြည့်ကာ စစ်ထူချင်၏ ခန္ဓာကိုယ်လေး တုန်ခါသွား၏။
“ မင်းက တကယ်ကို စစ်ထူမိသားစုရဲ့ အမှိုက် ၊ အရှုပ်ထုပ်ပဲ.. ကောင်းကျိုးကိုမပေးဘူး…”
သူက ရွှမ်ယီတို့သုံးဦးအား အပြစ်စကားမဆိုရဲချေ။ သူတို့၏ ခွန်အားဖြင့် စစ်ထူမိသားစုအား ဖျက်ဆီးရန် ရေသောက်သည်ထက် ပိုလွယ်သေးသည်။ ထို့ပြင် ရွှမ်ယီ၏နောက်၌ ငြိမ်လျက်ရပ်နေသည့် လူနှစ်ဦးရှိနေသေး၏။
ထို့ကြောင့် ဒေါသများအားလုံး စစ်ထူချင်အပေါ် ပုံချလိုက်လေသည်။
စစ်ထူချင်၏ မျက်နှာလေးက ဖြူဖျော့နေပြီး သူမအား ဝိုင်း၀န်းကျိန်ဆဲနေကြသည့် မိသားစု၀င်များအားကြည့်ကာ ခေါင်းယမ်းလိုက်၏။ သူမ၏ နှလုံးသားအတွင်းမှ မိသားစုနှင့် ပတ်သက်သည့် နောက်ဆုံးလက်ကျန် ခံစားချက်လေး လုံး၀ပျောက်ကွယ်သွားတော့သည်။
“ ရှင်တို့ ဆန္ဒရှိရင် ကျွန်မကို ချမ်းသာခြင်းနန်းတော်ဆီ လွှဲပေးလိုက်နိုင်ပါတယ်….”
စစ်ထူချင်က ချမ်းသာခြင်းနန်းတော်အား သူမအသက်နှင့် လျော်ကြေးပေးရန် စကားဆိုလိုက်၏။
ရွှမ်ယီ အလွန်အံ့ဩသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
“ လက်လွှဲပေးရမှာလား.. ဘယ်သူ့သဘောနဲ့လဲ.. ဘယ်သူက လုပ်ရဲလဲ…”
ထိုစကားများအားကြားလျှင် စစ်ထူမိသားစုတစ်ခုလုံး မှင်သက်သွားခဲ့၏။
စစ်ထူချင်က ခေါင်းမော့လိုက်ပြီး ရွှမ်ယီအား ရှုက်ထွေးနေသောအကြည့်များဖြင့် ကြည့်လိုက်သည်။
သူမရှေ့မှ ထိုလူငယ်လေးအား ကျေးဇူးတင်ရန် လုံလောက်ခဲ့ပြီးပြီ။ သို့တိုင် ယခု သူက ဘာများထပ်လုပ်ချင်သေးတာလဲ…?
ရွှမ်ယီက အပြုံးတစ်ပွင့်ဆင်မြန်းရင်း မေးလိုက်၏။
“ ကောင်မလေး.. မင်း ငါ့တပည့်ဖြစ်ချင်လား…”
သူမက ရွှမ်ယီ၏ တပည့်ဖြစ်လာမည့်လူဖြစ်သည်။ အဘယ်ကြောင့် သူတပည့်အား သူများထံအပ်မည့်ကိစ္စ သဘောတူရမည်နည်း။
ထိုစကားများအား ကြားလျှင် စစ်ထူချက်၏ မျက်လုံးများ တောက်ပလာခဲ့၏။
ထို့နောက် သူမ၏ အကြည့်က အလွန်ဒေါသထွက်နေသည့် မိသားစုခေါင်းဆောင်ထံသို့ ရောက်သွားပြီး သူမ၏ ကျိုးပျက်နေသည့် ဝိညာဉ်အမြစ်နှင့် သွေးကိစ္စအား ပြန်စဉ်းစားမိပြီးလျှင် မျက်၀န်းထဲမှ အလင်းရောင် ပြန်လည်မှိန်ဖျော့သွားခဲ့သည်။
သူမက မသန်မစွမ်းဖြစ်နေချေပြီ။ ဘယ်လိုလုပ်ပြီး အခြားတစ်ယောက်၏ တပည့်ဖြစ်လာနိုင်မည်နည်း။
ထို့အပြင် သူမ သဘောတူလိုက်ပါက စစ်ထူမိသားစုအတွင်းမှ သူမ၏ မောင်ဖြစ်သူ ဒုက္ခရောက်သွားပေလိမ့်မည်။
စစ်ထူချင်၏ နှလုံးသားတစ်ခုလုံး စိတ်ပျက်အားငယ်မှုများပြည့်နှက်သွားခဲ့ပြီး ခေါင်းယမ်းလိုက်ကာ ငြင်းဆန်ရန်ပြင်လိုက်၏။
“ ဘာမှစိတ်ပူမနေနဲ့.. ငါ့စကားကိုသာ နားထောင်ပါ….”
ရွှမ်ယီက ပြုံးလျက်ပြောလိုက်သည်။
အစောပိုင်းတွင် စစ်ထူမိသားစုအတွင်းသို့ နတ်အသိဖြင့်စောင့်ကြည့်နေခဲ့ရာ ဖြစ်စဉ်အစအဆုံးအား တွေ့ခဲ့ရသည်။
“ စစ်ထူမိသားစုက မင်းအတွက် ထိုက်တန်မှုမရှိတော့ဘူး.. ဘာတွေစိတ်ပူနေသေးတာလဲ…”
စစ်ထူချင်ထံမှ အဖြေကိုပင်မစောင့်ဘဲ ရွှမ်ယီက လက်နောက်ပစ်ကာ ဆက်ပြောလိုက်၏။
“ မောင်လေးလား…”
စကားဆုံးသည်နှင့် စစ်ထူချင်၏ ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားခဲ့ပြီး မျက်ရည်များ စီးကျလာခဲ့သည်။
အစောပိုင်းတွင် သူမအား ခြိမ်းခြောက်ရန်အတွက် မိသားစုခေါင်းဆောင်က မောင်ဖြစ်သူအား အသုံးပြုခဲ့၏။
ရွှမ်ယီပြောခဲ့သော စကားများက အမှန်တရားများပင်။ စစ်ထူမိသားစုတစ်ခုလုံး၌ သူမဂရုစိုက်သည်မှာ သူမ၏မောင်လေးတစ်ယောက်တည်းသာ ရှိ၏။
သူမ သဘောတူပြီး ရွှမ်ယီနှင့် လိုက်သွားလျှင် စစ်ထူဘိုင် အသတ်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“ ငါစစ်ထူမိသားစုကို ရောက်လာရတဲ့ အဓိကအကြောင်းအရင်းက မင်းအတွက်ပဲ…”
“ မင်းကို ငါ့တပည့်ဖြစ်စေချင်တယ်.. တကယ်လို့ မင်းသဘောတူတာနဲ့ မင်းမောင်လေးကို ငါကာကွယ်ပေးမယ်.. ဘယ်လိုလဲ…”
ရွှမ်ယီက စစ်ထူချင်အား ချိုသာစွာပြုံးပြလိုက်သည်။
ဘေးတွင်ရှိနေသော မိသားစုခေါင်းဆောင်က မနေနိုင်တော့ပဲ ရှေ့တစ်လှမ်းတိုးကာပြောလိုက်၏။
“ စီနီယာ.. ကျုပ်တို့ စစ်ထူ မိသားစုမှာ တခြားပါရမီရှိတဲ့ ကလေးတွေ အများကြီးရှိပါသေးတယ်.. မသန်မစွမ်းတစ်ယောက်အတွက် ဘာလို့ဒုက္ခခံနေမှာလဲ.. စီနီယာ ကျေနပ်…..”
“ ပါးစပ်ပိတ်ထားစမ်း…”
ရွှမ်ယီက ဒေါသတကြီးအော်ဟစ်လိုက်ပြီး သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။
“ ကျုပ်ဟာကျုပ် တပည့်တစ်ယောက်လက်ခံတာကို ၀င်စွက်ဖက်ရအောင် ခင်ဗျားကဘာလဲ.. ကျုပ်က ခင်ဗျားကို အသေးစိတ်ရှင်းပြနေရဦးမှာလား…”
“ ခင်ဗျားက ဘယ်သူမို့လဲ.. ဒီနေရာကနေ ဝေးဝေးကို ထွက်သွားစမ်းပါ.. သူမ ကျုပ်တပည့်ဖြစ်လာကာမှ သူမကို အနိုင်ကျင့်ထားတဲ့ ကိစ္စ ခင်ဗျားတို့နဲဆက်ရှင်းမယ်…”
ထိုစကားများအားကြားလျှင် စစ်ထူချင်တစ်ယောက် မျက်ရည်ဝိုင်းသွားပြီး မြေပေါ်သို့ ချက်ချင်းဒူးထောက်ချလိုက်၏။
“ ကျေးဇူးရှင်စီနီယာ.. ကျွန်မက အခုဆိူ မသန်မစွမ်းဖြစ်နေပါပြီ.. စီနီယာရဲ့ တန်ဖိုးထားမှုအတွက် ကျေးဇူးတင်ပါတယ်.. စီနီယာသာ စစ်ထူဘိုင်ကို ကာကွယ်ပြီး ခေါ်ထုတ်သွားပေးမယ်ဆိုရင် စီနီယာ စိတ်တိုင်းကျ ဖြစ်စေရပါမယ်…”
လူတစ်ယောက်၏ ပင်ကိုယ်စရိုက်အစစ်အမှန်ကို အလွန်ကြီးမားသည့် ဒုက္ခများကြား၌သာတွေ့မြင်နိုင်လေသည်။
ရွှမ်ယီက စစ်ထူချင်၏ အကျင့် သဘောထားနှင့် ပတ်သက်၍ အတော်လေးနှစ်သက်သဘောတွေ့နေ၏။
“ မင်းရဲ့ မောင်လေးအတွက် ငါ့မှာအစီစဉ်တစ်ခုရှိတယ်.. သူ့ကို နက်နဲဓားဂိုဏ်းက တပည့်တစ်ယောက်ဖြစ်ခွင့်ပေးလိုက်မယ်.. ဘယ်လိုလဲ…”
နက်နဲဓားဂိုဏ်းလား…
ထိုစကားများအားကြားလျှင် စစ်ထူချင်တစ်ယောက်ခေါင်းမော့လိုက်ပြီး မျက်၀န်းထဲတွင် ထိတ်လန့်ဟန်များဖြတ်ပြေးသွား၏။
လွန်ခဲ့သော ရက်အနည်းငယ်တွင် မေ့ပျောက်နတ်ဆိုးနန်းတော်အား နက်နဲဓားဂိုဏ်းက ဖျက်ဆီးခဲ့သည်။ ဤရက်များအတွင်း နက်နဲဓားဂိုဏ်း၏ အမည်က ကြက်သွေးနတ်ဆိုးဒေသတစ်ခုလုံးသို့ ပျံ့နှံ့နေချေပြီ။ လူငယ်တိုင်း၏ နက်နဲဓားဂိုဏ်း၌ တပည့်တစ်ဦးဖြစ်လိုနေကြ၏။
သို့သော် နက်နဲဓားဂိုဏ်း၏ တပည့်ဖြစ်လာရန်ကိစ္စမှာ မလွယ်ကူချေ။
စစ်ထူချင်၏ မျက်၀န်းများ တစ်ဖျတ်ဖျတ်လက်သွားပြီး အံကြိတ်မိလိုက်သည်။
နက်နဲဓားဂိုဏ်းသို့ ၀င်နိုင်သည်ဖြစ်စေ မ၀င်နိုင်သည်ဖြစ်စေ ဤမိသားစုတွင်နေရသည်ထက် နက်နဲဓားဂိုဏ်း၌ သန့်ရှင်းရေးအလုပ်သမားဖြစ်သွားလျှင်ပင် ပိုသာသေးသည်။
စစ်ထူချင်က ချက်ချင်းဒူးထောက်လျက် ဦးညွှတ်ကာ ကန်တော့လိုက်၏။
“ ဆရာ…”
“ ကောင်းပြီ..”
ရွှမ်ယီက စိတ်ကျေနပ်နေသောမျက်၀န်းများဖြင့် ထူပေးလိုက်သည်။
ထို့နောက် ရွှမ်ယီ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ခု ဆင်မြန်းလျက် စစ်ထူမိသားစုအား ဝေ့ကြည့်လိုက်၏။
ထိုလူများက စစ်ထူချင်နှင့် သွေးသားဆက်နွယ်မှုရှိကြသည်။ သူ့အနေဖြင့် ထိုလူများအား စစ်ထူချင်ရှေ့၌ တိုက်ရိုက်စီမံ၍ မကောင်းပေ။
ထို့ကြောင့် ဆေဘာဘုရင်အားကြည့်လိုက်ပြီး မျက်စပစ်ပြလိုက်သည်။
ဆေဘာဘုရင်က ရွှမ်ယီ၏ ဆိုလိုရင်းအား နားလည်ဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ၏ မျက်၀န်းများ၌ အေးစက်သော အလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။