ဝိညာဉ်နတ်မိမယ်လေးကို အမြဲအားပေးနေမယ်
Vol. 1-5 Ch. 27
အခန်း (၂၇) : ဝိညာဉ်နတ်မိမယ်လေးကို အမြဲအားပေးနေမယ်
“ သူဌေးစုန့်က ယဉ်ကျေးလွန်းနေပါပြီဗျာ။ ကျွန်တော် ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ ”
“ ဆရာနတ်မင်း ဒီကို ရောက်လာတာကိုပဲ ဂုဏ်ယူလွန်းနေရပါပြီ။ ဒါက စကြဝဠာလက်စွပ်လေးပဲလေ … ကျုပ်ဆီက အသိအမှတ်ပြုမှုအနေနဲ့ လက်ခံပေးပါနော် ”
“ ခင်ဗျား ဆက်တိုက် ပြောနေမှတော့ ကျွန်တော် ကျေးဇူးတင်စွာနဲ့ လက်ခံလိုက်ပါ့မယ်လေ ”
ရှန်ထျန်းက စကြဝဠာလက်စွပ်ကို လက်ခံကာ လက်ညိုး၌ ဝတ်ဆင်လိုက်သည်။ ကွက်တိ ဖြစ်နေလေ၏။
လက်စွပ်ကား အတော်လေး ခေတ်မီပေသည်။
ပြဿနာက ဤလက်စွပ်သည် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုနိုင်ဖို့ရာ ဘာကြောင့် သွေးစက် လိုနေရသလဲဆိုတာ ဖြစ်သည်။
ဓမ္မရတနာများ၊ လျို့ဝှက်ရတနာများအားလုံးသည် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုနိုင်စေဖို့ရာ သွေးစက်ချဖို့ လိုအပ်ပေသည်။ ယမန်နေ့က ဓားသခင် အမှတ်အသားပြားကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုစေရန် လုပ်ခဲ့ရသည့် အတွေ့အကြုံအရ သူ့အနေနှင့် အနည်းဆုံး သွေးတစ်ပန်းကန်စာလောက် စတေးဖို့ လိုအပ်ကြောင်း သတိထားမိလိုက်၏။
တီဗွီဇာတ်လမ်းတွေထဲမှာ သွေးတစ်စက်လောက်ပဲ လိုတာ မဟုတ်ဘူးလား ….
ကျင့်ကြံရေးလောကမှာကျ ဘာကြောင့် ကွာခြားနေရတာလဲ…
သူဌေးစုန့် ပေးလိုက်သည့် စကြဝဠာလက်စွပ်လည်း ပိုင်ရှင်အဖြစ် အသိအမှတ်ပြုစေဖို့ရာ သွေးသုံးဖို့ လိုအပ်နေပြန်သည်။
အရိုးသားဆုံးပြောရလျှင် ရှန်ထျန်းက ထိုအတွေးဖြင့် လက်စွပ်အား သိမ်းထားဖို့ အင်တင်တင် ဖြစ်လာမိသည်။
သွေးတစ်ပန်းကန် ထုတ်ပေးဖို့ သိပ်မလွယ်လှပေ။ သူက သွေးဆုံးရှုံးမှုဖြင့် မေ့လဲသွားနိုင်၏။
ဟူး ဒုက္ခများလိုက်တာ ….
..............
“ သူဌေးစုန့်က ဒီလက်စွပ်ကို ကျွန်တော့်ကို ပေးမှာ သေချာလား ”
“ ကျုပ်က ဆရာနတ်မင်းတို့လိုမျိုး လူတွေအပေါ် ကောင်းချီးပေးနိုင်စွမ်း မရှိပေမဲ့ အနည်းဆုံးတော့ ပြောပြီးသား စကားကို တည်ပါတယ် ”
“ ဒီလိုပြောမှတော့ ဒီလက်စွပ်ကို အခုချိန်ကစပြီး ကျွန်တော့်ဘာသာ ဘာလုပ်လုပ် ရတယ်ပေါ့ ”
“ ဟုတ်ပါတယ်ဗျာ”
ရှန်ထျန်းက ခဏစဉ်းစားပြီးနောက် လက်စွပ်ကို ချွတ်ကာ ကွေ့ကုန်းကုန်းဆီ ပေးလိုက်သည်။
“ ဦးလေးကွေ့ပဲ ဒီလက်စွပ်ကို ယူထားလိုက်တော့ ”
ကွေ့ကုန်းကုန်းက အံ့ဩသွားကာ “ ကျွန်တော်မျိုး ဘယ်လိုလုပ် … ဒါက ဆိုင်ရှင် သူဌေးစုန့်ရဲ့ လက်ဆောင်လေ။ ကျွန်တော်မျိုး လက်ခံလို့ မသင့်တော်ပါဘူး ”
ပေတစ်ရာ ကျယ်ဝန်းသော လက်စွပ်သည် အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သိန်းလောက် တန်ပေသည်။
တော်ဝင်မိသားစုဝင်တိုင်းပင် သည်လိုရတနာမျိုး မပိုင်ဆိုင်နိုင်ကြပေ။
စုန့်မိသားစုအတွက်လည်း ဤစကြဝဠာလက်စွပ်သည် အဖိုးမဖြတ်နိုင်သည့် ရတနာ တစ်ခု ဖြစ်ပေမည်။
ယခု အရှင့်သားက သူ့အား ကြုံရာကျပန်း ပစ္စည်းတစ်ခုကဲ့သို့ ပေးနေလေသည်။
ဒါ အရှင့်သားက ငါ့အပေါ် ဘယ်လောက်ယုံတယ်ဆိုတာ ပြနေတာပဲ ..
ရှန်ထျန်းက ပြောလိုက်သည် “ ဦးလေးကွေ့က ကျွန်တော်ရဲ့ အရင်းအနှီးဆုံး မိသားစုဝင်ပဲလေ။ ဒီလက်စွပ်ကို ဘာလို့ မပေးဘဲ နေရမှာလဲ ”
ကွေ့ကုန်းကုန်းက ရှန်ထျန်း၏ အပြုံးအား ဘာစကားမှမဆိုဘဲ ကြည့်လိုက်မိသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် နွေးထွေးသွားသလို ခံစားမိလိုက်၏။
အရှင့်သားအတွက် ငါက မိသားစုဝင်လား …
ဒီစကားလေးအတွက် ငါ့အသက်ကိုတောင် သူ့အတွက် ပေးဆပ်နိုင်ပါတယ် ..
……….....
ကွေ့ကုန်းကုန်းက ရှန်ထျန်း၏ လက်ဆောင်ကို ထပ်မငြင်းတော့ပေ။ သူက စကြဝဠာလက်စွပ်ကို လက်ခံကာ လက်ညိုးပေါ် ဝတ်ဆင်လိုက်ပြီး သွေးတစ်စက် ချလိုက်သည်။
စကြဝဠာလက်စွပ်က သွေးတစ်စက်အား စုပ်ယူသွားပြီး ကွေ့ကုန်းကုန်းနှင့် စကြဝဠာလက်စွပ်ကြား သီးသန့်ဆက်နွယ်မှုလေး ဖြစ်တည်လာသည်။
သူက အတွေးတစ်ချက်ဖြင့် အထဲရှိ ပစ္စည်းများကို စိတ်ကြိုက် ယူနိုင်သိမ်းနိုင်ပေသည်။ ဤသည်မှာ အလွန်အဆင်ပြေလှသည်။
“ အရှင့်သား … လက်စွပ်က ကျွန်တော်မျိုးကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီးပါပြီ ”
ရှန်ထျန်းက ကွေ့ကုန်းကုန်းအနေနှင့် ပိုင်ရှင် အသိအမှတ်ပြုမှုအား အလွယ်တကူ ပြီးမြောက်သွားသည်ကို ကြည့်ကာ တအံ့တဩ ဖြစ်မိသွားသည်။
ဘာလဲ … သွေးတစ်စက်ပဲ လိုလိုက်တာလား ….
ငါလေး ဓားသခင် အမှတ်အသားပြားကို သွေးစက်ချတုန်းကကျတော့ ဘာလို့ တစ်ပန်းကန်လောက် လိုခဲ့တာတုန်း …
ဟိုလီချန်းကော တစ်ခုခု လုပ်လိုက်တာပဲ နေမယ် ….
“ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမှု လုပ်ပြီးပြီဆိုတော့ ဦးလေးကွေ့ပဲ ဒီဝိညာဉ်ကျောက်တုံး လေးထောင်ကို သိမ်းထားလိုက်တော့ဗျာ ”
ထို့နောက် ရှန်ထျန်းက ကောင်းကင်ဝိညာဉ်ပြခန်းမှ ထွက်လာလိုက်သည်။
…………....
ရှန်ထျန်းအတွက် ဝိညာဉ်ကျောက်တုံးများက မည်သူ သိမ်းထားထား ကိစ္စမရှိပေ။ ဦးလေးကွေ့က သူ့ကို အမြဲသစ္စာရှိသူ မဟုတ်ပါလော။ ထို့ကြောင့် သူ့အား ဝိညာဉ်ကျောက်တုံးများ သိမ်းထားခိုင်းသည့် ကိစ္စကား မသင့်တော်စရာ မရှိပေ။
ရှန်ထျန်း ဘာကြောင့် မသိမ်းတာလဲ ဆိုတော့ …
ငါ့ဆီ ပစ္စည်းတွေကို သိမ်းထားဖို့ နောက်ထပ် လက်စွပ်လည်း ရှိတာ မဟုတ်ဘူးလေ …
ဤသည်မှာ ရှန်ထျန်း၏ အတွေးမှန် ဖြစ်၏။ သို့သော်လည်း ဘေးပရိတ်သတ်ကား ထိုမြင်ကွင်းကို ကြည့်ကာ အတွေးအမျိုးမျိုး ပွားကုန်ကြသည်။
“ ဆရာနတ်မင်းက သောက်ရမ်း ချမ်းသာတာလား… ဘာလား… ”
“ ဆရာနတ်မင်းရဲ့ အစေခံအိုကြီးတောင် ဒီလိုပမာဏကို ရတယ်ပေါ့လေ ”
“ဆရာနတ်မင်းက ဝိညာဉ်ကျောက်တုံး လေးထောင် ပါတဲ့ စကြဝဠာလက်စွပ်တစ်ကွင်းလုံး ပေးထားတာလား … သူ့ဆီမှာ ဘယ်လောက်တောင် ပေါများနေလို့လဲ မသိဘူး ”
“ သူ့အစေခံအိုကြီး ဝိညာဉ်ကျောက်တုံး လေးထောင် သယ်ရမှာ ပင်ပန်းမှာစိုးလို့ ဝိညာဉ်ကျောက်တုံး တစ်သိန်းတန် စကြဝဠာလက်စွပ် ထုတ်ပေးလိုက်တာ နေမယ် ”
“ ကိုကိုနတ်သားလေးက အရမ်းကို ရက်ရောတာပဲ။ သူက တို့အိပ်မက်ကောင်လေးပဲ ”
“ ကိုကိုနတ်သားလေးဆီမှာ မြေခွေးမလှလှလေးလိုမျိုး ပြုမူတတ်တဲ့ အစေခံလေး မလိုနေဘူးလားဟင် … ”
…………...
တစ်ဖက်တွင် သူဌေးစုန့်က ရှန်ထျန်းတစ်ယောက် စကြဝဠာလက်စွပ်အား ဦးလေးကွေ့ ပေးပစ်လိုက်သည့်အတွက် စိတ်မခုပေ။
အချုပ်အားဖြင့် သူက စိတ်အေးသွားမိသည်။ ကပ်ဘေးအကြီးကြီးမှ လွတ်မြောက်သွားသလိုမျိုးကို စိတ်အေးသွားမိသည်။
ဒါက စကြဝဠာလက်စွပ်ကိုတောင် အစေခံဆီ ပေးပစ်တဲ့သူလေ .. ငါက ဘယ်လို စိတ်အနှောင့်အယှက် ပေးရဲမှာလဲ …
ထို့အပြင် ဦးလေးကွေ့ ပြောပုံကို လေ့လာကြည့်ပြီးနောက် ထိုလူသည် နန်းတော်မှ မိန်းမစိုး ဖြစ်နိုင်ကြောင်း ခန့်မှန်းမိသည်။
သူဌေးစုန့်က သေချာအတည်ပြုလိုက်ပြီးနောက် ဆရာနတ်မင်း အောင်းထျန်းသည် မီးတိုင်းပြည်၏ ကျော်ကြားလှသော ရှန်အောင်းမှအပ တခြားသူ မဖြစ်နိုင်ကြောင်း သိသွားလေတော့သည်။
မင်းသား(၆)က ကောလဟလများထက် ပိုပြီးတော့တောင် ကြောက်ဖို့ ကောင်းနေလေသည်။
ဆိုင်ရှင်သူဌေးစုန့်က ဦးလေးကွေ့အား သေချာလေ့လာပြီးနောက် အသေးစိတ် အချက်အလက်ကို တွေ့သွားသည်။ ဦးလေးကွေ့ သယ်ဆောင်ထားသော ဓားသည် လီမိသားစုက သခင်မလေး လီလျန်အာ၏ ကျောက်စိမ်းရေစင်ဓား ဖြစ်နေလေ၏။
ကျောက်စိမ်းရေစင်ဓားသည် သူ့စကြဝဠာလက်စွပ်ထက်ပင် ဈေးကြီးနေသေးသည်။
အကယ်၍ ရှန်ထျန်းက ဦးလေးကွေ့အား ကျောက်စိမ်းရေစင်ဓားကို သယ်ဆောင်ဖို့ရာအထိ ယုံကြည်သည်ဆိုလျှင် စကြဝဠာလက်စွပ်ကား ဘာဆိုဘာမှမဟုတ်တော့ပေ။
လီလျန်အာက ရှန်ထျန်းအား သူမဓားကို ပေးပစ်လိုက်သည် ဖြစ်ရာ သူတို့နှစ်ယောက်ကြားရှိ ကောလဟလများမှာ အမှားဖြစ်ဟန် မပေါ်ပေ။
လီမိသားစုသည် ထိုက်ပိုင်ချိုင့်ဝှမ်း၌ လွှမ်းမိုးမှုအရှိဆုံး မိသားစု ဖြစ်၏။ ထိုမိသားစုတွင် နာမည်ကျော် ပညာရှင်များ ရှိပြီး နတ်မိမယ်လျန်အာ ရွေးချယ်လိုက်သည့်သူကား အောင်မြင်သည့် လမ်းကြောင်းပေါ်သို့ အလိုလို ရောက်သွားပေလိမ့်မည်။
သူ့လိုမျိုး မိသားစုအသေးလေးက ထိုပုဂ္ဂိုလ်များကို ရန်စ၍ မဖြစ်ပေ။
……………..
ဖြစ်နိုင်ခြေ အားလုံးကို တွေးမိသွားကာ သူဌေးစုန့်က ရှန်ထျန်းအပေါ် ပို၍ ပျူဌာယဉ်ကျေးလာတော့သည်။
ကွေ့ကုန်းကုန်း ဝိညာဉ်ကျောက်တုံး လေးထောင်ကို စကြဝဠာလက်စွပ်ထဲ သိမ်းနေစဉ် သူက ဘေးတွင် ရိုရိုကျိုးကျိုး ရပ်ကာ လိုက်ပို့ပေးလိုက်သည်။
ရှန်ထျန်းတို့အုပ်စု ကောင်းကင်ဝိညာဉ်ပြခန်းမှ ထွက်သွားသည့်အခါ သူဌေးစုန့် အဝတ်အစားကား ချွေးစေးများနှင့် ရွဲနှစ်နေပြီ ဖြစ်၏။
အရမ်းကြောက်ဖို့ ကောင်းတာပဲ…
သူ့သားကို ပြန်လှည့်ကြည့်လိုက်ပြီးနောက် သူဌေးလေးစုန့် ခေါင်းအား ပိတ်တီးလိုက်ပြန်သည်။
“ နားထောင် … ဆရာနတ်မင်းက မင်းကို ထပ်စိတ်မဆိုးတော့ဘူးဆိုတာ သေချာတယ်။ ငါ မင်းကို တောင်းဆိုပါတယ်ကွာ။ နောက်တစ်ခါ သူနဲ့တွေ့ရင် လေးလေးစားစား ဆက်ဆံစမ်းပါကွာ။ အဲလိုမှမဟုတ်ရင် ငါ့ဆီကနေ အရိုက်ခံရမယ် ”
သူဌေးလေးစုန့်ခမျာ ပြောစရာပင် ပျောက်ဆုံးသွားချေပြီ။
………....
အရိုးသားဆုံးပြောရလျှင် ရှန်ထျန်းက ကောင်းကင်ဝိညာဉ်ပြခန်း၌ ဖြစ်ပျက်နေသည့် အဖြစ်အပျက်အား အာရုံမရှိပေ။
သူဌေးစုန့်သည် သူ ထွက်လာပြီးနောက်တွင်ပင် သူ့အား ကျေနပ်စေဖို့ မည်မျှ ကြိုးစားနေကြောင်းလည်း မသိတော့ပေ။
သူက သူဌေးစုန့်နှင့် သူ့သားဖြစ်သူတို့ သူ့ကို မမှတ်မိသည့်အတွက် ပျော်နေဆဲ ဖြစ်၏။
သူနှင့်ကံပါသူ အယောက်နှစ်ဆယ်အနက် လေးယောက်ကတော့ အလှည့်ပြီးသွားလေပြီ။
နောက်ထပ် ကံအပြောင်းအလဲအခွင့်အရေး တွေ့မည့်နေရာအရ ရှန်ထျန်းက အဆုံးမဲ့ဝိညာဉ်ဥယျာဉ် အရှေ့ဘက်ခြမ်းရှိ ဇာမဏီဝိညာဉ်ပြခန်းဆီသို့ ဦးတည်လိုက်သည်။
သူ မြင်ထားသလောက် သူနှင့် ကံပါသူ အယောက်နှစ်ဆယ်အနက် သုံးယောက်သည် သူတို့ကံပြောင်းလဲမှု အခွင့်အရေးကို ဇာမဏီဝိညာဉ်ပြခန်း၌ တွေ့ရမည် ဖြစ်၏။
ထို့ကြောင့် ဘေးပရိတ်သတ်များ၏ စိတ်အားတက်ကြွဖွယ် အကြည့်များနှင့်အတူ ရှန်ထျန်းက သုံးယောက်ကို ခေါ်ကာ ဇာမဏီဝိညာဉ်ဆိုင်ဆီ ခေါ်လာလိုက်သည်။ နောက်မိနစ်ပိုင်းလေး၌ သူက သူ မြင်ထားသည့် ပုံရိပ်များအတိုင်း သတ္တုရိုင်းတုံးများကို ရွေးချယ်ပေးလိုက်သည်။
သတ္တုရိုင်းတုံး သုံးတုံးကို လူအများရှေ့ ဖွင့်ကြည့်လိုက်ကြသည်။
ခွမ်း…
ခွမ်း…
ခွမ်း…
တောင်…
တောင်…
တောင်…
နဂိုဈေးနှုန်းထက် ဆယ်ဆမက တန်ဖိုးရှိသည့် ဝိညာဉ်ကျောက်တုံးများကို ပြန်ရလိုက်ကြပြန်သည်။
ဆိုင်အနေနှင့် သတ္တုရိုင်းတုံး အရှုံးပေါ်သွားသည်။ ဝိညာဉ်ကျောက်တုံး တစ်ထောင်တစ်ရာ ရလာသည့်အတွက် နဂိုရောင်းဈေးထက် အဆတစ်ရာမက ရှုံးသွားသည်။
ဝယ်ယူသူအတွက် ကိစ္စကောင်းလေး ဖြစ်ခဲ့၏။
ထိုအခါ သုံးယောက်စလုံးက ရှန်ထျန်း၏ ခိုင်ခိုင်မာမာ နောက်လိုက်များ ဖြစ်လာကြလေသည်။ သူတို့က ရှန်ထျန်းအား အနည်းဆုံး တစ်ဝက်ပေးပြီး ရှန်ထျန်း ငြင်းသည့်အခါ ပြန်ယူဖို့ ငြင်းဆန်ကုန်ကြသည်။
ရှန်ထျန်းက ထိုအပြုအမူများကြောင့် ဦးနှောက်ခြောက်လာမိသည်။
ငါက မလိုချင်ပါဘူး … သူတို့က အတင်းကြပ် ပေးနေတော့လည်း… ဟီး ဟီး ဟီး ဟီး ….
………………....
ရှန်ထျန်းက ကျန်ရှိနေသော ၁၃ ယောက်အား သတ္တုရိုင်းတုံး ရွေးချယ်ပေးရန် တခြားနေရာ ခေါ်သွားတော့မည့်ဆဲဆဲတွင် ဇာမဏီဝိညာဉ်ပြခန်း၏ အပြင်ဘက်မှ ရန်ဖြစ်သံကို ကြားလိုက်ရသည်။
သူက အနီးကပ်သွားကြည့်လိုက်သည့်အခါ ထိုရန်ပွဲ၌ အုပ်စုနှစ်ခု ကွဲနေကြောင်း သိလိုက်ရ၏။ တစ်ဖက်တွင် အမျိုးသားအများစု ပါဝင်ပြီး နောက်တစ်ဖက်တွင် အမျိုးသမီးများစွာ ပါဝင်နေသည်။
ထိုအဖွဲ့နှစ်ဖွဲ့က အသည်းအသန် စကားပြိုုင်လုနေကြသည်။
အမျိုးသားများ အဓိက ပါဝင်သော အဖွဲ့တွင် ဆိုင်းဘုတ်ကိုင်ထားသည်ကား “ ဝိညာဉ်နတ်မိမယ်လေးကို အမြဲအားပေးသွားမယ် ” ဟူ၍ ဖြစ်သည်။