ကျန်းကျဲဝူရှု
Vol. 81 Ch. 1122
စာကြည့်တိုက်မှူးက လင်ဗန်းကလေး တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းက ဝိညာဉ် အငွေ့အသက်တို့ကို ထုတ်လွှတ်နေကာ မျက်နှာပြင် အထက်နားတွင်တော့ “၀” ဆိုသည့် ဂဏန်းကလေး တစ်ခုကို တွေ့ရှိရသည်။ ဝေ့ဝူယင် စိတ်ဝင်စား သွားခဲ့၏။ ထိုအရာက အဘယ်နည်း။
စာကြည့်တိုက်မှူးက ဆက်ပြောလိုက်သည်။
“ဒီနေရာမှာ ကမ်းလှမ်းလို့ ရပါတယ် တာအိုသခင်... ပစ္စည်း အများစု အတွက်တော့ သတ်မှတ်စျေးနှုန်း တစ်ခု ရှိပါတယ်... အထဲမှာ ရှိတဲ့ အချက်အလက်က အဲဒီ ပစ္စည်းရဲ့တန်ဖိုးကို တွက်ချက်ပေးပါလိမ့်မယ်”
“ဘယ်ပစ္စည်းကို မဆိုလား...”
ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့၏။ ထိုရတနာထဲတွင် ပစ္စည်းတိုင်း၏ တန်ဖိုးကို အကဲဖြတ် ပေးနိုင်သည့် ဝိညာဉ် အသွင် နောက်တစ်ခု ရှိနေသည်လား။
"အကုန်တော့ ဘယ်ဟုတ်ပါ့မလဲ... တစ်ချို့ ပစ္စည်းတွေကို အကဲဖြတ်ခံဖို့ အတွက် ကျောင်းတော်သားတွေဆီ ပို့ဆောင်ရတယ်... ပေါက်ကြားသွားမှာကိုတော့ စိတ်မပူပါနဲ့... အကယ်ဒမီက မဝယ်မချင်း ဘယ်အချက်အလက်ကိုမှ မထုတ်ဖော်ပါဘူးလို့ သူတို့ အားလုံး လျှို့ဝှက် ကျိန်စာ ဆိုထားကြရတာ... နောက်ပြီး ဘယ်လို ပစ္စည်းမျိုးကို လက်ခံမယ် ဆိုပြီးတော့ သတ်မှတ်ထားတာမျိုး ရှိပါတယ်... အနန္တ မိုင်ချီက ချပ်ဝတ်တွေ၊ အဆောင်တွေနဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကိုပဲ လက်ခံပါတယ်... ကုန်ကြမ်း ပစ္စည်းတွေကို လက်မခံပါဘူး”
စာကြည့်တိုက်မှူးမှာ အသစ် ဖြစ်ကောင်း ဖြစ်နိုင်သည့်တိုင် အနန္တ မိုင်ချီ မည်ကဲ့သို့ လည်ပတ်နေကြောင်းကိုတော့ ကောင်းစွာ နားလည်ထားသူ ဖြစ်သည်။
"နောက်ပြီး အဂ္ဂိရတ် ထုတ်ကုန်တွေ အတွက် စျေးနှုန်းကလည်း ပုံသေပဲ”
ချောင်စွေ့ဖုန်းက ဘေးမှ ဝင်ေရာက်၍ ထောက်လိုက်သည်။
“ပုံသေ...”
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ စာကြည့်တိုက်မှူးက အနည်းငယ် ပြုံးကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“မှန်ပါတယ်... ထုတ်ကုန်တိုင်းကို ကျွန်မတို့က အချက်သုံးချက်ပေါ်ပဲ မူတည်ပြီး ဆုံးဖြတ်တယ်... အဆင့်၊ အလွှာနဲ့ အရည်အသွေးတို့ပဲ... အဲဒီအချက် သုံးခု တူညီရင် ဘယ်ဆေးလုံး၊ ဆေးပြား၊ ဆေးတောင့် ဆေးရည်မဆို တူညီတဲ့ အနန္တ အမှတ်တွေနဲ့ လဲလှယ်ဖို့ ရပါတယ်”
ဝေ့ဝူယင် နားလည် သွားခဲ့၏။ ထာဝရ ခြေချခြင်း ဆေးလုံး တစ်လုံးမှာ အခြားသော အဆင့်ကိုး၊ အဆင့်နိမ့် အလွှာ၊ အရည်အသွေးတး အဆင့် ရှိသည့် အဂ္ဂိရတ် ထုတ်ကုန်များနှင့် တန်ဖိုးချင်း အတူတူပင် ဖြစ်ပေလိမ့်မည်။ ထိုအရာက အနည်းငယ် မမျှတသယောင် ထင်ရသည့်တိုင် အဘယ်ကြောင့် ထိုကဲ့သို့ သတ်မှတ်ထားကြောင်း ဝေ့ဝူယင် မြင်နိုင်ပေသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် အခြားသော အဆင့်ကိုး၊ အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ တန်ဖိုးချင်း အတူတူ ဖြစ်နေရသည်ကတော့ အနည်းငယ် မချင့်မရဲ ဖြစ်စရာ ကောင်းပေသည်။
“နောက်ပြီး ကျွန်မတို့က မသန့်စင်တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကို လက်မခံပါဘူး... အဆင့်ခုနစ်ထက် ပိုနိမ့်ရင် လက်မခံပါဘူး... ချွင်းချက် အနေနဲ့ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိရင်တော့ လက်ခံပါတယ်”
စာကြည့်တိုက်မှူးက အေရးကြီးသည့် သတ်မှတ်ချက်ကို ရှင်းပြလိုက်၏။ မကြာသေးခင်ကမှ စာကြည့်တိုက်မှူး နေရာကို ရယူခဲ့သည့်တိုင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း မေရမတွက်နိုင်သည့် တာအို လမ်းညွှန်သူ များစွာမှာ အဆင့်နိမ့် ထုတ်ကုန်များ၊ မသန့်စင်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို အသုံးပြု၍ အနန္တ အမှတ်များအား အရှက်မဲ့စွာ လဲလှယ်ရန် ကြိုးပမ်းခဲ့ဖူးသည်ကို သူမ သိရှိခဲ့ပြီး ဖြစ်သည်။
ဝေ့ဝူယင်မှာ စိတ်ထဲမှ ရယ်ချင်သွားမိ၏။ မသန့်စင်သော အဂ္ဂိရတ် ထုတ်ကုန်များကို ကမ်းလှမ်းခွင့် ပြုလျှင်ပင် သူ့ထံတွင် ပေးစရာ မရှိပါချေ။ ထျန်းေရှာင်လော့နှင့် ရွှင်းစု တာအို တိုက်ပွဲတွင် ရည်ရွယ်ချက် ရှိရှိ ဖန်တီးခဲ့သည့် မသန့်စင်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကိုပင် သူ ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ထိုထုတ်ကုန်များထံမှ ညစ်ပေသည့် အော်ရာများ ရှန့်ထို လက်စွပ်ကို စွဲကပ်သွားမှာမျိုး သူ မလိုလားပါချေ။
“အဂ္ဂိရတ် ကဏ္ဍတစ်ခုလုံး အတွက်ဆို ဘယ်လောက်လဲ...”
ဝေ့ဝူယင်က လိုရင်းတိုရှင်းပင် မေးလိုက်၏။ သို့သော်လည်း... သူ၏ ထိုမေးခွန်းက ဘေးနားမှ ဖြတ်သွားဖြတ်လာ များစွာကိုပင် ရပ်တန့်ကာ လည်ပြန်ကြည့် သွားစေခဲ့သည်။ မည်သူက ထိုကဲ့သို့ မေးခွန်းမျိုး မေးမည်နည်း။ ထို့အပြင် လူငယ်မှာ အံ့အားသင့်စရာ ကောင်းအောင် ချောမောသည့်တိုင် သေမျိုး တစ်ယောက်သာ ဖြစ်ကြောင်း သတိထားမိသွားသော အခိုက်၌ ထိုအရာက ရယ်စရာ ကောင်းသည်ဟုပင် ခံစားလာရသည်။
စာကြည့်တိုက်မှူး၏ အမူအရာက ပြောင်းလဲ သွား၏။ ချောင်စွေ့ဖုန်းနှင့် လျူစုယင်တို့မှာလည်း အတူတူပင် ဖြစ်သည်။
“တာအို လမ်းညွှန်သူက ဘာကို ဆိုလိုတာလဲ...”
စာကြည့်တိုက်မှူးက ဝေ့ဝူယင်ထံမှ စကားလုံးများကို ဒုတိယမြောက် တစ်ကြိမ် အတည်ပြုလိုဟန်ဖြင့် မေးလိုက်သည်။ ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ရင်း ပိုမို ရှင်းလင်းအောင် ထပ်မံ၍ မေးလိုက်၏။
“အနန္တ မိုင်ချီ စာကြည့်တိုက်ရဲ့ အဂ္ဂိရတ် အပိုင်းတစ်ခုလုံး အတွက်ဆို အနန္တ အမှတ် ဘယ်လောက်လိုမလဲ လို့ မေးတာပါ”
"..."
ချောင်စွေ့ဖုန်းနှင့် လျူစုယင်တို့ အပါအဝင် အားလုံး တိတ်ဆိတ် ဆွံ့အသွားကြ၏။ သူက တကယ်ပဲ မေးလိုက်သည်လား။
အခြားတစ်ဖက်တွင်တော့... စာကြည့်တိုက်မှူး မိန်းမလှလေး၏ အံ့အားသင့်နေသည့် အမူအရာက ပျောက်ကွယ်သွားကာ ပန်းနုေရာင် နှုတ်ခမ်းထက်တွင် စိတ်ဝင်စားသည့် အပြုံးတစ်ခု ပေါ်ပေါက် လာခဲ့သည်။
“စျေးနှုန်းကို သိချင်တာ သေချာရဲ့လား တာအို လမ်းညွှန်သူလေး... မတော်လို့ ရှင် နှလုံးဖောက် သွားမှာ ကျွန်မ စိတ်ပူမိတယ်”
“ဒီမယ်... နတ်သမီးလေး...”
ဝေ့ဝူယင်က အကြောက်အလန့် ကင်းမဲ့စွာဖြင့် ကောင်တာစားပွဲပေါ်ကို လက်ထောက်ကာ မိန်းကလေးနှင့် မျက်နှာချင်းဆိုင် လိုက်သည်။
“ကျုပ် နှလုံးသားက ခိုင်မာပြီး ခံနိုင်ရည် ရှိပါတယ်... ကျုပ် ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ တစ်ခြား အစိတ်အပိုင်းတွေလည်း အတူတူပဲ...”
“အိုး... ဟုတ်လား...”
မိန်းကလေးက ဝေ့ဝူယင်ကို အပေါ်အောာက် တစ်ချက် ကြည့်လိုက်၏။ သူမ၏ လှပသော မျက်ဝန်းများက လူငယ်၏ ပေါင်ခြံနေရာသို့ အေရာက်တွင် မသိမသာလေး ရပ်တန့်သွားခဲ့သည်။
ဝေ့ဝူယင်၏ မျက်နှာထက်ရှိ အပြုံးက ပိုမို၍ ပီပြင်လာခဲ့သည်။
“ခင်ဗျား စမ်းကြည့်ချင်လား...”
ယခုတစ်ကြိမ်တွင်တော့ ချောင်စွေ့ဖုန်း အပါအဝင် ဘေးနားရှိ လူအားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားကြတော့သည်။ သေမျိုး တစ်ယောက်ဘဝတွင်ပင် ဂုဏ်သိက္ခာ ကြီးမားပါသည် ဆိုသည့် လျှို့ဝှက် အာဏာရှင် အဆင့် အနန္တ မိုင်ချီ စာကြည့်တိုက်မှူး တစ်ယောက်ကို ကြောင်ရဲသည့် သတ္တိက အထင်ကြီးစရာ ကောင်းလွန်းလှသည်။
အခြားတစ်ဖက်တွင်တော့ လျူစုယင်က မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူမက စိတ်မရှည်ဟန်ဖြင့် မေးလိုက်သည်။
“ဘယ်လောက်ကျလဲ ဆိုတာ ရှင်ဖြေမှာလား... ဒါမှမဟုတ် သိတဲ့ လူတစ်ယောက်ကို ရှာမေးရမှာလား”
သူမ၏ စကားလုံးများက ကြည်နူးစရာ ကောင်းနေသည့် လေထုကို ပျက်ရွင်း သွားစေခဲ့သည်။ ဝေ့ဝူယင်က လက်ထောက် ထားရာမှ ခန္ဓာကိုယ်ကို ပြန်လည် မတ်လိုက်၏။
“ခင်ဗျား သိလိမ့်မယ် ဆိုတာ ကျုပ်သိပါတယ်... ကျေးဇူးပြုပြီး ပြောပြနိုင်မလား”
စာကြည့်တိုက်မှူး မိန်းကလေးက သူမ၏ မဲနယ်ေရာင် မျက်ဝန်းများဖြင့် လျူစုယင်ကို တစ်ချက် စောင်းကြည့် လိုက်သည်။ ထို့နောက် သူမက အနည်းငယ် မကျေနပ်နေသည့် ခပ်ပြတ်ပြတ် လေသံမျိုးဖြင့်...
“၃၉၂၆၈၈၆ မှတ်ပါ”
များစွာသော လူများမှာ ထိုနံပတ်ကို ကြားပြီးနောက် ဖြူေရာ် သွားကြ၏။ အဂ္ဂိရတ် ကဏ္ဍ အတွက် ကျသင့်ငွေ စုစုပေါင်းကို သိရှိထားသူ များများစားစား မရှိပါချေ။ ချောင်စွေ့ဖုန်း ပင်လျှင် မျက်ဝန်းများ အထိန်းအကွပ်မဲ့စွာ ပြူးကျယ် သွားခဲ့သည်။ လျူစုယင်မှာ အနန္တ အမှတ်များ၏ တန်ဖိုးကို တိတိကျကျ မသိသော်လည်း အခြားလူများ၏ တုန့်ပြန်ပုံမှ တစ်ဆင့် မယုံကြည်နိုင်လောက်အောင် များပြားမည် ဖြစ်ကြောင်း ခန့်မှန်း လိုက်နိုင်သည်။
“သိပ်လည်း မဆိုးသေးပါဘူး...”
ဝေ့ဝူယင်ကတော့ ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပေးလိုက်သည်။ သူ့လော့ဂျစ် အရ... အနိမ့်ဆုံး လက်ခံသည့် အဆင့်ခုနစ် အရည်အသွေးနိမ့် အဂ္ဂိရတ် ထုတ်ကုန်များ အတွက် အနန္တ အမှတ် တစ်မှတ်ပေးသည် ဆိုလျှင် ထိုအဆင့် အဂ္ဂိရတ် ထုတ်ကုန် စုစုပေါင်း လေးသန့်ခန့်မျှသာ လိုအပ်ပေလိမ့်မည်။
"ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ...”
အဝေးရှိ ကျောင်းတော်သား တစ်ယောက်က အေးစက်စက် ေရရွတ်ရင်း ရှုံ့ချလိုက်၏။
“ဘယ်လို မိဘမျိုးတွေက ဒီလို ထူးဆန်းတဲ့ သတ္တဝါကို မွေးထားရတာလဲ... ရုပ်ကလေး ကြည့်ကောင်း သလောက် ဦးနှောက်မပါဘူး”
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း ထိုကျောင်းတော်သားကို လှမ်းကြည့်လိုက်သည်။ သူ့ကို စော်ကားတာ ဘာမှ မဖြစ်သော်လည်း မိဘများကိုပါ ဆွဲထည့်ခြင်းက ဘောင်ကျော်သွားပြီ ဖြစ်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများထံမှ ပုံရိပ်ယောင် မျက်လုံးများမှာ ချက်ချင်းပင် အသက်ဝင်လာကာ ငရဲ၏ ဒုတိယမြောက် အမှောင်ထု ကပ်ဘေးကို ထင်ဟပ် ဖော်ပြလာခဲ့၏။ ချက်ချင်းပင် ဆိုသလိုပင် ကျောင်းတော်သား၏ အမူအရာက အလွန်အမင်း ထိတ်လန့်ခြင်းများနှင့် ပြည့်နှက် သွား၏။ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ သူ့ ဘောင်းဘီများက စိုရွှဲသွားကာ ဆိုးရွားသည့် အနံ့အသက်များ ထွက်ပေါ်လာခဲ့သည်။ သတိပြန်လည်လာသော အခိုက်၌ သူ့ ခန္ဓာကိုယ် တစ်ခုလုံးက ချွေးစေးများဖြင့် စိုရွှဲနေကာ မျက်လုံးများမှာ အသက်မဲ့စွာ ဗလာဟင်းလင်း ဖြစ်နေခဲ့၏။
“ကိုယ်ပြောတဲ့ စကားကို ကိုယ်သတိထားကြ... မင်းတို့ အားလုံးမှာ တာအို လမ်းညွှန်သူ တစ်ယောက်ကို လှောင်ပြောင်လို့ရတဲ့ အရည်အချင်း မရှိဘူး”
ဝေ့ဝူယင်က လူအုပ်ကို ဝှေ့ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။ အားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြကာ ဝေ့ဝူယင်ကို ထိတ်လန့်စွာ ကြည့်လိုက်မိကြသည်။
ကျောင်းတော်သားမှာ ကြယ်တာရာ အမြုတေ အထွတ်အထိပ်၊ ကြယ်အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေသည်။ သို့သော်လည်း လူငယ်ထံမှ အကြည့်တစ်ချက်ဖြင့်ပင် ဘောင်းဘီ တစ်ခုလုံး စိုဆွတ်သွားသည် အထိ ဖြစ်ခဲ့ရသည်။ သူက သာမန် သေမျိုး တစ်ယောက် မဟုတ်သည်မှာ ရှင်းလင်း နေခဲ့ချေပြီ ဖြစ်သည်။
ချောင်စွေ့ဖုန်းကလည်း ကျောင်းတော်သားကို သတိပေးသည့် အကြည့်ဖြင့် လှမ်းကြည့် လိုက်၏။ စာကြည့်တိုက်မှူး မိန်းကလေးကတော့ အနည်းငယ် မျက်မှောင်ကြုတ် နေသည်။ ဝေ့ဝူယင် မည်ကဲ့သို့ တိုက်ခိုက်ခဲ့ကြောင်း သူမ လုံးဝ စဉ်းစား မရပါချေ။
ချောင်စွေ့ဖုန်းက တင်းမာနေသည့် အခြေအနေကို ပြောင်းလဲပစ်ရန် ကြိုးပမ်းလိုက်၏။
“တာအို လမ်းညွှန်သူဝေ့... အဆင့်ကိုး အဆင့်နိမ့်၊ အရည်အသွေးနိမ့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု အတွက် စျေးနှုန်းတောင်မှ အနန္တ အမှတ် တစ်မှတ်တည်းပါ’
“...”
ယခုတစ်ကြိမ် ဆွံ့အ သွားခဲ့ရသူကတော့ ဝေ့ဝူယင်ပင် ဖြစ်လေသည်။ အနန္တ အမှတ် တစ်မှတ်... ဤသို့ဆိုလျှင် အဂ္ဂိရတ် ကဏ္ဍ တစ်ခုလုံးကို ဝယ်ယူရန် အရည်အသွေးနိမ့် ထာဝရ ခြေချခြင်း ဆေးလုံး လေးသန်း လိုအပ်သည်ပေါ့။
“စျေးနှုန်း ဒီလောက် မြင့်မားနေရတာ အဂ္ဂိရတ် ရှန့်ထိုတွေရဲ့ အမွေအနှစ်ကြောင့်ပဲလား...”
ချောင်စွေ့ဖုန်းက မေးလိုက်၏။
“အမှန်ပါပဲ... စျေးနှုန်း စုစုပေါင်းရဲ့ ၈၃ ရာခိုင်နှုန်က အဂ္ဂိရတ် ရှန့်ထိုတွေရဲ့ ဗဟုသုတတွေ အတွက် တောင်းဆို ထားတာပါ...”
စာကြည့်တိုက်မှူးက ခေါင်းညိတ် အတည်ပြုလိုက်သည်။
“...”
ဝေ့ဝူယင်မှာ မျက်လုံးများကို မှိတ်ရင်း မေးစေ့ကို ပွတ်ကာ တိတ်တဆိတ်ပင် စဉ်းစား နေခဲ့၏။ ထို့နောက် သူက မျက်လုံးများကို မှိတ်ထားရင်းကပင် မေးလိုက်သည်။
“အခြား အဂ္ဂိရတ် ထုတ်ကုန်တွေ အတွက် လဲလှယ်နှုန်းကေရာ”
***