← Chapters

ကျိုးယွင်

Vol. 81 Ch. 1124

ကျိုးယွင်

Vol. 81 Ch. 1124

အနန္တ မိုင်ချီ စာကြည့်တိုက်၏ အဂ္ဂိရတ် ကဏ္ဍမှာ အခြား အပိုင်းများနှင့် ခြားနားခြင်း မရှိလှသော်လည်း အသန့်စင်ဆုံး မြူနှင်း ခပ်ပါးပါး တစ်လွှာက နေရာအနှံ့ကို လွှမ်းခြုံထားသည်။ မိုင်ချီ ရှည်လျားသည့် စာအုပ်စင်ကြီးများက ဝိညာဉ် ကျောက်စိမ်းများနှင့် အတူ တည်ရှိနေကာ ခုနစ်‌ေရာင်ခြယ် အလင်းတန်းများနှင့် ထင်ဟပ်နေသည်။

ရပ်တန့်လိုက်ပြီး နောက်၌ ဝေ့ဝူယင်က မျက်လုံး ကစားကာ ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ် လိုက်သည်။ ကျန်းကျဲဝူရှုက ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“ရှင်က တာအို လမ်းညွှန်သူ တစ်ယောက် ဆိုတော့ အကယ်ဒမီရဲ့ စည်းမျဉ်းတွေကို သိပြီးသား ဖြစ်မှာပါ... အထူးသဖြင့် အဆုံးမဲ့ ခရီးသည် နယ်မြေရဲ့ တရားဝင် အဆင့်အတန်းကို ပိုင်ဆိုင်ထားတဲ့လူတွေပဲ တန်ခိုးရှင် အဆင့် ပစ္စည်းတွေကို ထိခွင့် ရှိတယ် ဆိုတာ”

“...”

ဝေ့ဝူယင် မိန်းကလေးဘက်သို့ ပြန်လှည့်ကာ မျက်မှောင်ကြုတ် လိုက်မိ၏။ တရားဝင် အဆင့်အတန်း... တာအို လမ်းညွှန်သူ ဆိုသည့် အဆင့်အတန်းက မလုံလောက်သည်လော။ အဂ္ဂိရတ် ထုတ်ကုန်များဖြင့် ဝယ်ယူလိုက်သည်က မလုံလောက်သည်လော။

ထိုအခိုက်တွင်ပင် လျူစုယင်က ဝင်‌ေရာက်၍ ပြောလိုက်၏။

“သူက အဆုံးမဲ့ မြို့တော်သခင် ကိုယ်တိုင် ခွင့်ပြုထားတဲ့ အစစ်အမှန် ကံကြမ္မာ ခရီးသည်ပါ”

ထို့နောက် သူမက လခြမ်း ကျောက်စိမ်းသော့ကို ထုတ်ယူလိုက်သည်။ ၎င်းက ဝိညာဉ်အလင်းတန်း တစ်ချို့ဖြင့် လင်းလက် သွားကာ သတင်းစကား တစ်ချို့ကို ကျန်းကျဲ့ဝူရှုထံ ပို့လွှတ်လိုက်၏။ တစ်ခဏ ကြာမြင့်ပြီးနောက် ကျန်းကျဲ့ဝူရှုက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။

ထို့နောက် သူမက ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။

“အဆုံးမဲ့ အကာသ ဆက်သွယ်မှုကို အသက်သွင်းနိုင်တဲ့တာ ရှင်လား...”

သူမ၏ လေသံထဲ၌ ကွယ်ဝှက်ထားသည့် ထိတ်လန့်မှု တစ်ချို့ ပါဝင် နေခဲ့သည်။ ဝေ့ဝူယင်နှင့် ပတ်သက်သမျှ အရာရာတိုင်းက ကြောက်စရာ ကောင်းသလို သူမ ခံစားလာရသည်။

လူငယ်မှာ လောကသခင် အဆင့်တွင်ပင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်နေရုံသာ မက ပြိုင်ဘက်ကင်း စစ်တပ်တစ်ခုကို ဖန်တီးနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များကိုပါ ပေါ့ပေါ့ပါးပါး အလဲအလှယ် လုပ်ခဲ့သည်။ ထို့အပြင် အဆုံးမဲ့ အာကာသ ဆက်သွယ်ခြင်းကိုပါ အသက်ဝင်စေခဲ့ကာ အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက်လည်း ဖြစ်နေခဲ့သေးသည်ဟု ဆိုသည်။

အဆုံးမဲ့ မြို့တော် တမန်တော် တစ်ယောက် သူ့နောက်မှ လမ်းပြ လိုလို၊ စောင့်‌ေရှာက်သူ လိုလို လိုက်နေခဲ့ရတာ မထူးဆန်းတော့ချေ။

“အဲဒါဆိုရင် အဆင်ပြေပါတယ်...”

ကျန်းကျဲဝူရှုက ပြုံးရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းထဲ၌ နှမြောသည့် အငွေ့အသက် တစ်ချို့ ပေါ်လာခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်လို လူမျိုးက အလွှာကြားက လောကလို နေရာမျိုးတွင် ထာဝရ ပိတ်မိနေမှာ မဟုတ်ကြောင်း သိရှိလေရာ ထိုခံစားချက်က အလျှင်အမြန်ပင် ပျောက်ကွယ်သွားသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... လတ်တလောတွင်တော့ ဝေ့ဝူယင်မှာ အခြားလူများ၏ ရည်ရွယ်ချက်တွင် ပါဝင် ကစားနေရသည့် နယ်ရုပ် တစ်ခု ဖြစ်နေဦးမည် ဖြစ်ပေသည်။

အဘယ်ကြောင့်နည်း...။

‌ေရစက်ကြိုး ကျိန်စာ မကျိန်ဆိုပဲ အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက် ဖြစ်လာဖို့ လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။ သူမ အမြင်အရဆိုလျှင် ထိုကျိန်စာမှာ အဆိုးတကာ့ အဆိုးဆုံး ကျိန်စာများထဲ၌ တစ်ခု အပါအဝင် ဖြစ်သည်။

ေရစက်ကြိုး ကျိန်စာကိုပင် ကျိန်ဆိုထားပြီး ဖြစ်လျှင် လူငယ်မှာ အလွှာကြားက လောက၏ တရားဝင် အဖွဲ့ဝင် တစ်ယောက် ဖြစ်ကြောင်း သံသယ ရှိစရာ မလိုတော့ချေ။ သို့သော်လည်း သူမ လွဲချော်သွားသည့် အချက်ကား...။

"..."

ဝေ့ဝူယင်မှာ တိတ်ဆိတ် ငြိမ်သက် နေ၏။ လျူစုယင်မှာလည်း အလားတူပင် ဖြစ်သည်။ အကယ်၍ လောကကြီးသာ ေရစက်ကြိုး ကျိန်စာကို အစစ်အမှန် ‌ေရစက်ကြိုး ပိုင်ရှင် မကျိန်ဆိုရသေးကြောင်း သိရှိသွားပါက အားလုံး ဆွံ့အ သွားကြလိမ့်မည် ဖြစ်သည်။ ‌

သို့သော်လည်း... ဝေ့ဝူယင်မှာ အရူးတစ်ဘောက် ထိုအရာမှာ ကမ္မတန်ဖိုး ၃၀၀၀ ကျော် ဖြတ်တောက်မှု၏ ရလဒ် တစ်ခု ဖြစ်ကြောင်း ခန့်မှန်း မိပေသည်။ ကောင်းကင်တာအိုမှာ ေရစက်ကြိုး ကျိန်စာထံမှ ‌ေရှာင်ဖယ်နိုင်အောင် တစ်နည်းနည်းဖြင့် တားဆီးပုံ ရသည်။ ထိုအရာမှာ ကောင်းချီးခံ တစ်ယောက် ဖြစ်ရခြင်းက ကောင်းကျိုး တစ်ခုပင် ဖြစ်လေသည်။

“ကောင်းပြီလေ... ရှင် ဒီနေရာမှာ စိတ်ကြိုက် လေ့လာသင်ယူဖို့ ရပါပြီ... အလွှာကြားက လောကမှာ ကျော်ကြားခဲ့ဖူးတဲ့ အဂ္ဂိရတ် ပညာရှင်တိုင်းရဲ့ အမွေအနှစ်တွေ အားလုံး ဒီခန်းမကြီးထဲမှာ ရှိပါတယ်... အဲဒီထဲမှာ ထူးခြားတဲ့ ဖော်စပ်နည်းတွေ အပြင် သီအိုရီ စာစောင်တွေ၊ ဂျာနယ်တွေနဲ့ အထွတ်အထိပ် အရည်အသွေးကို မှတ်တမ်းတင်ထားတဲ့ ဝိညာဉ်ကျောက်စိမ်းတွေပါ ပါပါတယ်”

ကျန်းကျဲဝူရှုက ပြောလိုက်၏။ တစ်ချိန်တည်း၌ လျူရီလန်း မည်သည့် အရာများ ကြံစည်နေသည်ကို သူမ စိတ်ထဲမှ တွေးတော နေမိခဲ့သည်။ ထိုမိန်းမက မဟာကျောင်းတော်သား တစ်ယောက် မွေးထုတ်ရန် ကြိုးပမ်း နေသည်လား။ ဘာအတွက်နည်း။ သို့တည်းမဟုတ်... နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းပြီးမှ ပေါ်ထွက်လာခဲ့သည့် အစစ်အမှန် ကံကြမ္မာ ခရီးသည်၏ ဆန္ဒကို လိုက်လျောခြင်း သက်သက်လော။

ဝေ့ဝူယင်က မိန်းမလှလေး သုံးယောက်ကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ ထို့နောက် ခပ်မြန်မြန်ပင် သူ၏ ငွေ‌ေရာင် မျက်ဝန်းများက စင်များထက်ရှိ စာအုပ်ထူကြီးများ၊ ဧရာမ ပုရပိုက်များ၊ ဝိညာဉ် ကျောက်စိမ်းများထံ ‌ေရာက်ရှိသွားသည်။ ကာလရှည်ကြာ အဖြေရှာ နေခဲ့သည့် မျှော်လင့်ချက် ‌ေရာင်ခြည် တစ်ခုက သူ့နှလုံးသား အတွင်း ဖြည်းညင်းစွာ မြင့်တက် လာခဲ့၏။

“အဂ္ဂိရတ် ကြယ်တာရာတွေရဲ့ လျှို့ဝှက်ချက် အကြောင်း မှတ်တမ်းတွေက ဘယ်နေရာမှာ ရှိလဲ... နတ်မိမယ်လီ... သူတို့ရဲ့ စွမ်းအားက‌ေရာ... နောက်ပြီး သူတို့ရဲ့ အားနည်းချက်က‌ေရာ”

ဝေ့ဝူယင် စိတ်အား ထက်သန်စွာဖြင့် မေးလိုက်၏။ သူ့အဖြစ်က ရတနာသိုက်ကို ပိုင်ဆိုင်ပြီးခါမှ သော့မရှိသလို အဖြစ်မျိုး ဖြစ်သည်။ သူ ထိုသော့ကို ချိုးဖျက်ချင်နေခဲ့ပြီ ဖြစ်သည်။

“လျှို့ဝှက်ချက်...”

ကျန်းကျဲဝူရှုက အနည်းငယ် အံ့အားသင့် သွားခဲ့၏။

“အဂ္ဂိရတ် ကြယ်တာရာတွေရဲ့ အဓိက စွမ်းအား သုံးခုနဲ့ အဲဒါတွေကို ဘယ်လို သုံးရမယ် ဆိုတဲ့ အကြောင်း မှတ်တမ်းတွေတော့ ရှိပါတယ်... ဒါပေမဲ့ လျှို့ဝှက်ချက်ကတော့... တစ်ယောက်ယောက်က လျှို့ဝှက်ချက်ကို တွေ့ခဲ့ရင်တောင် သူတို့က ဒီနေရာမှာတော့ မျှဝေခဲ့မှာ မဟုတ်ဘူး... သူတို့ရဲ့ မျိုးဆက်တွေ၊ တပည့်တွေ အတွက်ပဲ အဓိက အမွေအနှစ် တစ်ခုလို ချန်ခဲ့ကြမှာ”

မိန်းကလေးက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ စိတ်မပျက်သွားခဲ့ပါချေ။

အဂ္ဂိရတ် ကြယ်တာရာတွေရဲ့ အဓိက စွမ်းအား သုံးခု...

ထိုစကားများကပင် သူ့စိတ်ဝင်စားမှုကို ဝတ်လှစ်စလစ် မိန်းမပျို တစ်ယောက်လိုမျိုး ဆွဲဆောင် နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ထပ်မံ ဣန္ဒြေဆည် မနေတော့ချေ။

“ဒီမှာ နည်းနည်းတော့ ကြာဦးမယ် ထင်တယ်...”

လျူစုယင်ဘက်ကို လှည့်ကာ ပြောလိုက်ပြီးနောက်တွင်တော့ သူက စာအုပ်စင် တစ်ခုထံ ‌ေရွလျားလိုက်ကာ စာအုပ် တစ်အုပ်ကို ကောက်ယူ ဖတ်လိုက်တော့သည်။ စာအုပ်ထဲမှ စကားလုံးများမှာ အစက ဝေဝါးနေခဲ့သော်လည်း လျှင်မြန်စွာပင် ကြည်လင် လာခဲ့၏။ ကျန်းကျဲဝူရှုထံမှ ခွင့်ပြုချက် မရပါက လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် ထိုစာအုပ်များကို ဖတ်ရှုနိုင်လိမ့်မည် မဟုတ်ပါချေ။

လျူစုယင်မှာ နေရာမှာပင် ရပ်နေခဲ့၏။ သူမ၏ မျက်ဝန်းများက ပိုမို၍ တောက်ပ လာနေခဲ့သည်။ အခြား မိန်းကလေး နှစ်‌ယောက်နှင့် ခြားနားစွာပင် သူမမှာ ဝေ့ဝူယင် တစ်ခုခုကို ရှာဖွေနေကြောင်း သိရှိပေသည်။ ချိပ်ပိတ်နယ်မြေထဲမှ မည်သူက ထိုရာကို ပြင်ဆင်ခဲ့သနည်း။

ဝေ့ဝူယင် အကြောင်း ပိုမို၍ သိရှိလာလေလေ သူ၏ မူလ ဇစ်မြစ်၊ တည်ရှိမှု၊ ရည်ရွယ်ချက်နှင့် စွမ်းရည်များ အပေါ် ပိုမို၍ သံသယများလာလေလေ ဖြစ်လေတော့သည်။

....

အလွန် ဝေးကွာလှသည့် နေရာတစ်ခု၌ လျူယင်လန်းမှာ ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့၏။ သွေးရနံ့နှင့် ယင်မြူနှင်းတို့ ‌ေရာနှော ပါဝင်နေသည့် စက်ဝိုင်း သဏ္ဌာန် အလုံးတစ်ခုက သူမ၏ ဦးခေါင်းထက်တွင် မြောပါ နေခဲ့သည်။ သူမ၏ လက်ချောင်းများကတော့ လက်ဟန် အမျိုးမျိုးကို အဆက်မပြတ် ဖော်ဆောင် နေခဲ့၏။ လက်ဟန် တစ်ခု ပြောင်းလဲ သွားတိုင်း အခန်းက ငလျင်လှုပ်သလို တုန်ခါ မြည်ဟီး သွားခဲ့သည်။ စက်ဝိုင်း သဏ္ဌာန် အလုံးကတော့ အသက်ရှိနေသည့် အလား နှလုံးတစ်ခုလို တဒိတ်ဒိတ် တုန်ခါ နေခဲ့လေ၏။

ရုတ်တရက်... သူမ၏ မျက်ဝန်းများမှာ ပြင်းထန်သည့် ဝိညာဉ် အလင်းတန်းများနှင့် တောက်ပသွားခဲ့သည်။

“အဂ္ဂိရတ် ကဏ္ဍတစ်ခုလုံးကို ဝယ်လိုက်တာလား... အချိန်လေပွေကို သူ ငြင်းခဲ့တာ မထူးဆန်းတော့ဘူး... ဒါပေမဲ့ နင့်ရဲ့ ဇစ်မြစ်က ဘာပဲ ဖြစ်ဖြစ်၊ နင်ဘယ်ကပဲ လာလာ နင့်ရဲ့ လမ်းစဉ်က သတ်မှတ်ပြီးပြီ... ကျိန်စာ မကျိန်ဆို ရသေးရင်တောင် နင်က ငါ့တို့ရဲ့ အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်ကို ဖြစ်လာရမယ့်လူပဲ... ဘယ်သူမှ အဲဒါကို မပြောင်းလဲနိုင်ဘူး”

ထိုကဲ့သို့ ပြောပြီးနောက် သူမက ကမ္ဘာဖျက် လက်ဟန်များကို ဖော်ဆောင်မှုကိုသာ ဆက်လက် လုပ်ဆောင် နေခဲ့တော့သည်။

...

နာရီပေါင်းများစွာ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်မှာ မိုင်ပေါင်းများစွာ ရှည်လျားသည့် စာအုပ်စင်ကြီးများ အကြားတွင်ပင် ရှိနေသေးဆဲ ဖြစ်သည်။ သူ့လက်ထဲတွင်တော့ ကလေး လက်သီးဆုပ်စာလောက် ထူထပ်သည့် စာအုပ်ကြီး တစ်ခု ရှိနေခဲ့၏။ တောက်ပသည့် အဂ္ဂိရတ် အော်ရာများမှာ စာအုပ် ထောင့်စွန်းများဆီမှ ထွန်းလင်း ထွက်ပေါ် နေခဲ့သည်။

“အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒ... သေမျိုးဝိညာဉ်... ‌ေရးသားသူ ကျိုးယွင်... လောကအလင်း အဂ္ဂိရတ် အာဏာရှင်...”

***

All Chapters