← Chapters

သေမျိုးပြန်လည် ဆေးတောင့်

Vol. 81 Ch. 1130

သေမျိုးပြန်လည် ဆေးတောင့်

Vol. 81 Ch. 1130

ကမ္မတန်ဖိုး... ၄၁၅၅၅.၃

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း ... ၁/၁

တတိယကပ်ဘေး တားဆီးခြင်း... ၁၁ နှစ်

အပြစ်သား တက်တူးကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်ဝန်းများ အတွင်းမှ အလင်း‌ေရာင်မှာ အနည်းငယ် မှေးမှိန်သွား၏။ အချိန်တွေကုန်တာ မြန်လှသော်လည်း သူ ဖြတ်သန်းခဲ့သည့် ခရီးလမ်းကတော့ ရှည်လျား ခဲ့ပေသည်။ ငါးဆယ်ကျော် ဆိုသည့် အသက်တွင်ပင် သူ ငရဲ၏ ကပ်ဘေး နှစ်ခုကို အောင်မြင်ခဲ့ပြီး ဖြစ်သည်။ အနန္တ ကုန်းမြေတိုက်ကြီးတွင် ဒဏ္ဍာရီသဖွယ် ကျော်ကြားခဲ့သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ‌ေရာက်ရှိခဲ့သည်။ လောကသခင် အဆင့်၏ အထွတ်အထိပ်ကိုပါ တက်လှမ်းနိုင်ခဲ့သည်။

ဂျိုးငှက်နီ မြို့လေးမှ လူငယ်လေး တစ်ယောက် အတွက် သူ၏ အောင်မြင်မှုများမှာ လုံလောက်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... အမွေခံ အပြစ်သား တစ်ယောက်၊ ကောင်းချီးခံ တစ်ယောက် အနေဖြင့် သူ့ အတွက် ခရီးလမ်း အရှည်ကြီးက စောင့်ကြိုနေဆဲ ဖြစ်သည်။ ထိုလမ်းခရီးတွင် အသက်ရှင်သန်‌ေရး အတွက် သူ ဆက်လက် တိုက်ခိုက်ရဦးမည် ဖြစ်သည်။ ရုန်းကန်ရဦးမည် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ... ထိုခရီးလမ်းထဲတွင် ငြိမ်းချမ်း ပျော်ရွှင်ရသည့် အခိုက်အတန့်လေးများကတော့ ရှိစမြဲ ဖြစ်သည်။ မုန်တိုင်းမလာခင် လေပြည် တိုက်ခတ်သည်ပဲ ဆိုဆို ထိုအခိုက်အတန့် တစ်ခုချင်းစီမှာ တန်ဖိုးထားဖို့ ထိုက်တန်ပေသည်။ လက်ရှိ၌ သူ ထိုကဲ့သို့ အခိုက်အတန့် တစ်ခုကို ပိုင်ဆိုင်ထားပေသည်။

“တမန်တော်... ကျွန်မတို့ နှစ်ယောက်ကို ခဏ ထားခဲ့လို့ ရမလား... တာအို လမ်းညွှန်သူဝေ့နဲ့ ကျွန်မကြားမှာ နှစ်ကိုယ်ကြား ပြောစရာ ရှိလို့ပါ”

ရုတ်တရက်... နောက်နားမှ ချောင်စွေ့ဖုန်း၏ ညင်သာသည့် အသံ တစ်ခုကို သူကြားလိုက်ရလေသည်။ ထို့နောက်တွင်တော့ လျူုယင်၏ တုံးတိတိ ငြင်းဆိုသံ...။

“မရဘူး...”

“...”

ဝေ့ဝူယင်က နောက်ကို လှည့်ကြည့်လိုက်သည်။ လျူစုယင်မှာ သူ့ကို တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ကြောင်း သူ သိပေသည်။ အထူးသဖြင့် အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီလို လျူယင်လန်း မလွှမ်းမိုးနိုင်သည့် နေရာမျိုး၌ ပို၍ပင် မဖြစ်နိုင်သေးသည်။

“ခင်ဗျား ဘာပြောပြော သူက ထွက်မှာ မဟုတ်ဘူး... ဟဟ...”

ဝေ့ဝူယင်က ညာဘက် အင်္ကျီလက်ကို ပြန်လည် ဆွဲချရင်း ရယ်မောလိုက်၏။

"...”

ချောင်စွေ့ဖုန်းက လျူစုယင် ထွက်သွားပေးမလား စောင့်ဆိုင်း လိုက်သည်။ သို့သော်လည်း... မိနစ် အနည်းငယ် ကြာသည်အထိ တုတ်တုတ်မျှ မလှုပ်သော အခါတွင်တော့ သူမက သက်ပြင်းချ လိုက်၏။ ထို့နောက်တွင်တော့ တုန့်ဆိုင်းခြင်း မရှိတော့ပဲ ဝေ့ဝူယင်ထံ လျှောက်သွားလိုက်တော့သည်။

ချောင်စွေ့ဖုန်းမှာ သွက်လက်လှ၏။ သူမ၏ ပန်းနု‌ေရာင် နှုတ်ခမ်းဖူးဖူးလေးများက ‌ေရကဲ့သို့ ညင်သာလှကာ တဒင်္ဂ အတွင်းမှာပင် ဝေ့ဝူယင်၏ နှုတ်ခမ်းများထံ ကျဆင်း သွားတော့သည်။ ယစ်မူးဖွယ် သင်းရနံ့၊ ကိုယ်ငွေ့၏ သက်တောင့်သက်သာ ရှိမှု၊ အသွေးအသားတို့၏ နူးညံ့မှုတို့ အောက်တွင် ဝေ့ဝူယင်၏ အာရုံ အလုံးစုံမှာ အဆုံးစွန်သော ပန်းတို့နွံအကြား နစ်မြုပ် သွားခဲ့တော့သည်။

“...”

လောကက တိတ်ဆိတ် နေကာ လေထုမှာ ငြိမ်သက် နေ၏။ လျူစုယင်၏ မျက်လုံးများက ဝေ့ဝူယင်တို့ နှစ်ယောက်ကို ကြည့်ကာ ဝိုင်းစက် ပြူးကျယ်နေသည်။

အချိန်က အလွန် တိုတောင်းလှ၏။ သုံးစက္ကန့်လောက်မျှသာ ဖြစ်သော်လည်း မိနစ်ပေါင်းများစွာ၊ နာရီပေါင်းများစွာ ကြာမြင့်နေသယောင် ခံစားရသည်။

နှုတ်ခမ်းချင်း ပြန်လည် ခွာလိုက်သော အခိုက်၌ ချောင်စွေ့ဖုန်း၏ မျက်နှာက နှင်းဆီ တစ်ပွင့်လို ပန်းနု‌ေရာင် သမ်းနေခဲ့သည်။ သူမ၏ လှပသော မျက်ဝန်းများက ဝေ့ဝူယင်ကို မဝံ့မရဲဖြင့် ခိုးကြည့် နေခဲ့၏။

ဝေ့ဝူယင်မှာ ကြောင်အအ ဖြစ်နေခဲ့၏။ အနမ်းမှာ အံ့အားသင့်စရာ ကောင်းလွန်းသော်လည်း ထိုအရာက အဓိက အကြောင်းပြချက်တော့ မဟုတ်ချေ။ နောက်ကွယ်မှ အကြောင်းပြချက်ကို စဉ်းစား၍ မရသောကြောင့်ပင် ဖြစ်သည်။

အမှန်ဝန်ခံရပါက ဝေ့ဝူယင် ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်သည်။ သို့သော်လည်း... အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ရှန့်ထို၏ အမွေအနှစ်ကို သူ ရရှိပြီး‌နောက်မှသာ ဖြစ်သည်။ ဤနေရာ ဤအချိန်၌ မဟုတ်ပါချေ။

ဝေ့ဝူယင် မိန်းကလေးကို စိုက်ကြည့်‌နေခဲ့ကာ သူမ ရှင်းပြအလာကို စောင့်ဆိုင်း နေခဲ့သည်။ သူ့ကို ချစ်ကြိုက်၍ ဟု ယူဆကောင်း ယူဆနိုင်သော်လည်း ထိုမျှ မရိုးရှင်းကြောင်း သူ ကောင်းစွာ ခံစားနိုင်ပေသည်။

ချောင်စွေ့ဖုန်း၏ မျက်နှာမှာ ရှက်သွေး‌ေရာင် သမ်းနေသည့်တိုင်အောင် သူမ၏ စိတ်လှုပ်ရှား အတက်အကျတိုင်းကို သူ ကောင်းစွာ ခံစားနေရသည်။ ထိုအထဲ၌ ချစ်ခြင်း မေတ္တာဆိုသည့် အရိပ်အငွေ့ တစ်စက်တစ်လေပင် မပါပါချေ။

ဝေ့ဝူယင် အထွတ်အမြတ် အလင်းနန်းတော် သခင်မ ကျန်းဖေးလန်ကို ပြန်လည် မြင်ယောင် လိုက်မိသည်။ ချောင်စွေ့ဖုန်းမှာ ကျန်းဖေးလန်နှင့်ပင် ဆင်တူသလို သူ ခံစားလိုက်ရ၏။ သူတို့ နှစ်ယောက်စလုံးမှာ ချစ်ခြင်း မေတ္တာ ဆိုသည်ထက် လက်တွေ့ကျကျ ‌ေရှ့ဆက်တတ်သည့် လူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် သူတို့ လိုချင်သည့် အခွင့်အ‌ေရး အတွက် ဘာကိုမဆို ပေးဆပ်ဖို့ အဆင်သင့် ဖြစ်နေကြသူများ ဖြစ်သည်။

ချောင်စွေ့ဖုန်းက ရှက်ရွံ့စွာဖြင့် ဆံနွယ်စ တစ်ချို့ကို ဆံပင် နောက်သို့ သက်တင်ရင်း သူမ၏ နှုတ်ခမ်းဖူး ကလေးကိုပါ ပွတ်သပ် လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းတို့က ဝေ့ဝူယင်နှင့် အကြည့်ချင်း မဆုံရဲသည့် အလား ‌ေရှာင်တိမ်း နေ၏။ သူမ၏ လှုပ်ရှားမှုတိုင်းက အချစ်နွံ ကြော့ကွင်း အတွင်း ကျ‌ေရာက်နေသည့် မြီးကောင်ပေါက်မ‌လေး တစ်ယောက်လိုပင် ဖြစ်သည်။

“နင့်ကိုနင် ဘာလုပ်နေတယ်လို့ ထင်လဲ...”

မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း နားလည်သွားသည်နှင့် တစ်ပြိုင်နက် လျူစုယင်မှာ အရှိန်အဟုန်နှင့် ပေါက်ကွဲ လာတော့၏။ သူမ၏ ရင်ဘတ်က ပြင်းထန်သော ‌ဒေါသဖြင့် နိမ့်တုန်မြင့်တုန် တုန်ခါနေကာ အချိန်မ‌ေရွး ထ၍ တိုက်ခိုက်တော့မည့်ပုံ ရသည်။ သို့သော်လည်း... အဘယ်‌ကြောင့် ထိုမျှ အထိ ဒေါသထွက် နေရကြောင်း သူမကိုယ် သူမ နားမလည်နိုင်ပါချေ။

အခြားတစ်ဖက်၌ ချောင်စွေ့ဖုန်းကတော့ လျူစုယင်ကို လုံးဝ လျစ်လျူထား၏။ သူမက ဖြည်းညင်းစွာပင် လက်စွပ်ထဲမှ ပုလင်းကလေး တစ်လုံးကို ထုတ်ယူလိုက်သည်။

“ငါလိုချင်တာကို ငါ သိတယ်...”

မိန်းကလေးက ပြောလိုက်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက ပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် ပြည့်နှက် နေသည်။

ဝေ့ဝူယင်က ပုလင်းကို ကြည့်လိုက်၏။ ၎င်းက ထူးခြားပုံ ပေါ်ကာ လျှို့ဝှက် အဆင့် အော်ရာ တစ်ခုဖြင့် လွှမ်းခြုံ နေသည်။ သို့သော်လည်း... ၎င်းမှာ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို သိုလှောင်ထားသည့် ပုလင်း ဖြစ်ကြောင်း ရှင်းပေသည်။ ၎င်းက ဆေးလုံး သို့မဟုတ်... ဆေးတောင့် ဖြစ်နိုင်ပေသည်။

“ကျုပ်က သေမျိုး အဆင့်မှာပဲ ရှိသေးတယ်...”

ဝေ့ဝူယင်က ညင်သာစွာပင် သူမကို သတိပေးလိုက်၏။ သူတို့ နှစ်ယောက်မှာ ‌ေရနှင့်ဆီလို မတူ ကွဲပြားသည့် သက်ရှိများ ဖြစ်ကြပေသည်။ ‌ေရာနှော ဆက်ယှက်၍ မရနိုင်ပါချေ။

ချောင်စွေ့ဖုန်းက နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်၏။

“ကျွန်မရဲ့ မူလယင်က ရှင့်အတွက် မဖြစ်ခဲ့ဘူး... ဒါပေမဲ့...”

သူမက ‌လက်ထဲရှိ ပုလင်း ကလေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ကျင်လည်စွာ လှုပ်ရှားကာ ပုလင်း အဖုံးကို ဖွင့်လိုက်၏။ လျှို့ဝှက် အဆင့် အဂ္ဂိရတ် အော်ရာက ချက်ချင်းပင် အခန်း အတွင်း ပျံ့နှံ့လာသည်။

“လျှို့ဝှက် အဆင့် ဆေးလုံး...”

လျူစုယင်က မျက်မှောင်ကြုတ် လိုက်၏။ သူမက စိတ်ဝင်တစားပင် ဝိညာဉ်အာရုံကို ဆေးပုလင်း အတွင်း ပို့လွှတ် လိုက်သည်။ ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ အမူအရာက အကြီးအကျယ် ‌ပြောင်းလဲ သွားခဲ့တော့သည်။

“ဒါက...”

ထိုဆေးလုံးကို သူမ ကောင်းကောင်း သိပေသည်။ ချောင်စွေ့ဖုန်းက ငွေ‌ေရာင် လပြည့်ဝန်းများနှင့် ဆင်တူသည့် ဝေ့ဝူယင်၏ မျက်လုံးများကို ငေးမောကြည့်နေခဲ့သည်။ သူမ၏ စိတ်က အဆုံးစွန်ထိ တည်ငြိမ်နေကာ ရင်ခုန်သံများမှာ စည်းချက်ညီနေ၏။ မိန်းကလေးမှာ တစ်စုံတစ်ရာကို ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ချောင်စွေ့ဖုန်းက ဖြည်းညင်းစွာပင် ပုလင်းအဝကို နှုတ်ခမ်းနား တည့်ကာ မော့ချလိုက်သည်။ အရာ ဝတ္ထု တစ်ခုမှာ သူမ နှုတ်ခမ်းဖျားမှ တစ်ဆင့် လည်ချောင်း တစ်လျှောက် ကျဆင်း သွားသည်။ မကြာခင်မှာပင် ၎င်းက သူမ၏ အစာအိမ် အတွင်း ‌ေရာက်ရှိ သွားခဲ့၏။

ဝေ့ဝူယင်မှာ ငြိမ်သက်စွာပင် ကြည့်နေခဲ့၏။ ချောင်စွေ့ဖုန်း မြိုချလိုက်သည့် အရာက ဆေးတောင့် တစ်ခု ဖြစ်ကြောင်း သူ ရှင်းလင်းစွာ မြင်နိုင်ပေသည်။

“နင်...”

အခြားတစ်ဖက်၌ လျူစုယင်ကတော့ ချောင်စွေ့ဖုန်း၏ လုပ်ရပ်ကို ကြည့်ကာ တုန်လှုပ် သွားခဲ့၏။ သူမ၏ တုန့်ပြန်မှုက ထိုဆေးတောင့်၏ သက်‌ေရာက်မှုကို ကောင်းကောင်းသိတာ ရှင်းလင်းလှသည်။

ခရက်...

ဆေးတောင့်မှာ ချောင်စွေ့ဖုန်း၏ အစာအိမ် အတွင်း မြူခိုးများ အဖြစ် ပြောင်းလဲ သွား၏။ ထို့နောက် ၎င်းတို့မှာ မိန်းကလေး၏ လျှို့ဝှက် အမြုတေကို အခြေပြုကာ ခန္ဓာကိုယ် တစ်ခုလုံးထံ စတင် ပျံ့နှံ့ သွားခဲ့တော့သည်။ ၎င်းတို့မှာ ဦးခေါင်း အတွင်းရှိ အသိစိတ် ပင်လယ်ကိုပင် ချွင်းချက် အဖြစ် မထားပဲ တိုးလျှိုးကာ ဝင်‌‌ေရာက် သွားကြ၏။

ဝေ့ဝူယင်၏ ရင်အစုံမှာ စတင်ကာ တဒိတ်ဒိတ် တုန်ရီလာခဲ့၏။ အဘယ်ကြောင့်နည်း။ ချောင်စွေ့ဖုန်း၏ လျှို့ဝှက် အော်ရာက စတင်ကာ ပြောင်းလဲ လာသောကြောင့်ပင်။ မဟုတ်သေး... ပြောင်းလဲသည်ထက် ခမ်းခြောက်သွားသည်ဟု ဆိုလျှင် ပိုမို မှန်လိမ့်မည် ဖြစ်သည်။

တစ်နည်းအားဖြင့် မြူနှင်းများကား မိန်းကလေး၏ တည်ရှိမှု အလုံးစုံကို ဆံချည်တစ်မျှင်မျှ မကျန်အောင် ဝါးမြိုနေသည့် ကပ်ပါးကောင်များလိုပင်။

ဝေ့ဝူယင် မျက်တောင် မခပ် ကြည့်နေသည့် အတောအတွင်းမှာပင် ချောင်စွေ့ဖုန်း၏ လျှို့ဝှက် စွမ်းအင်များမှာ ပျောက်ကွယ်သွား၏။ ထို့နောက် လျှို့ဝှက် ဝိညာဉ်၊ ထို့နောက် မူလယင်...။

မကြာခင်မှာပင် မိန်းကလေးကို လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်စေအောင် ထောက်ပံ့ပေးထားသည့် စွမ်းအင် အားလုံး ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သူမ နှစ်ပေါင်း ထောင်ချီ ကျင့်ကြံထားသမျှ၊ ရင်းနှီးမြုပ်နှံ ထားသမျှ အရာအားလုံးမှာ မြစ်ကမ်းပြိုသလို စုန်းစုန်းမြုပ် သွားခဲ့လေပြီ ဖြစ်လေသည်။

မိန်းကလေး၏ မျက်နှာက စက္ကူ တစ်စလို ဖြူ‌ေရာ်သွား၏။ သိ့သော်လည်း... သူမ၏မျက်လုံးများက ပြတ်သားသော ဆုံးဖြတ်ချက်များနှင့် အတူ တဖျပ်ဖျပ် တောက်ပနေဆဲ ဖြစ်သည်။

ဟူး... ဟူး...

ဝေ့ဝူယင် ကြည့်နေစဉ်မှာပင် မြူနှင်းများက မိန်းကလေး၏ ခန္ဓာကိုယ် အတွင်း ပြန်လည် စုစည်းလာကာ လူသဏ္ဌာန် အရာ ဝတ္ထု တစ်ခု အဖြစ် ဖွဲ့စည်းသွား၏။ ၎င်းက မိန်းကလေး တစ်ယောက်နှင့် အလွန်ပင် ဆင်တူကာ ချောင်စွေ့ဖုန်း၏ လက်ရှိ အသွင်အပြင်နှင့် များစွာ ကွာခြားခြင်း မရှိလှချေ။ သို့သော်လည်း... ၎င်း၏ ရင်သားများက ပိုမို ကြီးထွားကာ ကောက်ကြောင်းများကလည်း ပိုမို ထင်ရှားပေသည်။ တစ်နည်းအားဖြင့် ထိုခန္ဓာကိုယ်မှာ ကောင်းကင်မှ ထုဆစ်ထားသည့် ပန်းပုရုပ်တု တစ်ခုလိုပင် ဖြစ်သည်။

နှိုင်းယှဉ်ရပါက ချောင်စွေ့ဖုန်း၏ လက်ရှိ အသွင်အပြင်ပင်လျှင် ထိုပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်ပါးလိမ့်မည် ဖြစ်သည်။ ကံမကောင်းတာ တစ်ခုက ၎င်းထံတွင် မျက်လုံး၊ နား၊ ဆံပင် စသည့် ရုပ်ပိုင်း ဆိုင်ရာ လက္ခဏာများ မရှိခြင်း ဖြစ်လေသည်။

မကြာခင်မှာပင် မိန်းကလေးမှာ သူမ၏ စွမ်းအင်များကို ပြန်လည် ‌ရရှိလာ၏။ သို့သော်လည်း အားလုံးက သေမျိုး အဆင့် စွမ်းအင်များသာ ဖြစ်လေသည်။

သူမ၏ လျှို့ဝှက် စွမ်းအင်ကို ချီက အစားထိုး နေရာယူနေကာ လျှို့ဝှက် ဝိညာဉ် နေရာတွင်လည်း ချီနှလုံးသား တစ်ခုက ဖြစ်တည် နေခဲ့သည်။ နှစ်ထောင်ပေါင်းများစွာ အထိအတွေ့ မရှိ ထိန်းသိမ်းလာခဲ့သော သူမ၏ မူလယင် နေရာတွင်လည်း ရာသီသွေးပျိုးခါစ မြီးကောင်ပေါက် မလေး တစ်ယောက်လို အဖူးအနု ပန်းကလေး တစ်ပွင့်က အစားထိုး နေရာယူ သွားသည်။

“ခင်ဗျား ပြောင်းလဲ သွားတယ်...”

ဝေ့ဝူယင်မှာ ချောင်စွေ့ဖုန်းကို ကြည့်ကာ လုံးဝ ခြားနားသည့် မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ သူမမှာ မိနစ် အနည်းငယ် အတွင်းမှာပင် အစွမ်းထက် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အဖြစ်မှ သေမျိုး တစ်ယောက် အဖြစ် ‌မျက်လှည့်ဆန်ဆန် ပြောင်းလဲ သွားခဲ့ခြင်း ဖြစ်သည်။

“ဟုတ်တယ်...”

ချောင်စွေ့ဖုန်းက စကားပြောလိုက်၏။ သူမ၏ အသံက ယခင်ကထက် ပိုမို၍ အားနည်းနေသည်။ သူမက အလွန်တရာ နုနယ်နေပုံ ပေါ်လေသည်။

“ဘာလို့ အဲဒီလို လုပ်ရတာလဲ...”

လျူစုယင်က မေးလိုက်၏။ သူမ၏ ဒေါသများက လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သူမ ဘယ်လို ဒေါသထွက်နိုင်တော့မည်နည်း။

“နင် ဘာလို့ သေမျိုးပြန်လည် ဆေးတောင့်ကို သောက်ရတာလဲ... အဲဒါက နင့်ရဲ့ ကျင့်ကြံခြင်းကို အနည်းဆုံး သုံးနှစ်လောက် ချိပ်ပိတ် ပစ်လိုက်မှာ... နင် အရာအားလုံးကို ဆုံးရှုံးသွားနိုင်တယ်လေ”

သူမ၏ အသံက ပြင်းထန်သည့် ခံစားချက်များနှင့် ပြည့်နှက် နေ၏။ ကျင့်ကြံသူများမှာ စွမ်းအား အတွက် ကျင့်ကြံကြသည်။ သက်တမ်းအတွက် ကျင့်ကြံကြသည်။ သူတို့၏ အသက်များကို ထိန်းချုပ်နိုင်သည့် စွမ်းအား အတွက် ကျင့်ကြံကြသည်။ သို့သော်လည်း... ချောင်စွေ့ဖုန်းကတော့ ထိုအရာ အားလုံး၏ ဆန့်ကျင်ဘက်ကို ‌ေရွးချယ်ခဲ့သည်။

မိန်းကလေးမှာ တစ်သက်တာ ကြိုးစားခဲ့သမျှ အရာအားလုံးကို သူမ၏ ခန္ဓာကိုယ် အတွင်းရှိ လူသား သဏ္ဌာန် ပုံရိပ်လေး အဖြစ် ပျစ်ခဲ ပစ်ခဲ့သည်။ ချီပျစ်ခဲခြင်း အဆင့် တစ်ယောက်ပင်လျှင် ထိုအရာလေးကို ဝိညာဉ်အာရုံဖြင့် မြင်တွေ့နိုင်စွမ်း ရှိပေသည်။ ၎င်းကို အတင်းအကြပ် ထုတ်ယူ၍ စားသုံးပစ်ပါက တဒင်္ဂ အတွင်းမှာပင် သူမ၏ ကျင့်ကြံခြင်း အခြေခံကို သူတို့ ရနိုင်လိမ့်မည် ဖြစ်သည်။

ချောင်စွေ့ဖုန်း၏ အမူအရာကတော့ မပြောင်းမလဲ ရှိနေသေးဆဲ ဖြစ်သည်။ သူမက ဝေ့ဝူယင်နှင့် ခန္ဓာကိုယ်ချင်း ထိသွားသည် အထိ ‌ေရှ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။ ထို့နောက် ဝေ့ဝူယင်၏ ချောမောသော မျက်နှာကို မော့ကြည့်လိုက်၏။

ထို့နောက် ခြေဖျားကို ထောက်လိုက်ရင်း...

“အိုး...”

ရုတ်တရက် သန်မာသည့် လက်တစ်ဖက်က ခါးကို သိုင်းဖက်လိုက်ရာ ချောင်စွေ့ဖုန်းမှာ ရင်တစ်ခုလုံး တသိမ့်သိမ့်တုန်သွားသလို ခံစားလိုက်ရသည်။

ယောက်ျားတစ်ယောက်၏ ယစ်မူးဖွယ် ကိုယ်သင်းနံ့နှင့် အတူ နှုတ်ခမ်း တစ်စုံက သူမ၏ နှုတ်ခမ်းသားများပေါ် ပြိုကျလာသည်။ ထို့နောက်.... ပြင်းထန် လေးနက်သည့် အထိအတွေ့များတွင် မိန်းကလေး၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပျော့ခွေသွားတော့သည်။

ချောင်စွေ့ဖုန်း မည်သည့် အရာများ တွေးတောနေကြောင်း၊ မည်သည့် နောက်ဆက်တွဲ အစီအစဉ်များ ချမှတ်နေကြောင်း ဝေ့ဝူယင် မသိပါချေ။ သို့သော်လည်း သေမျိုးပြန်လည် ဆေးတောင့် အကြောင်းကိုတော့ သူ ကောင်းကောင်းကြီး ကြားဖူးပေသည်။ သို့ဖြစ်လေရာ သူမ၏ လတ်တလော ရည်ရွယ်ထားသည့် အရာကိုတော့ သူ ရိပ်စားမိခဲ့ပြီး ဖြစ်သည်။ ‌ေရှ့၌ ငါးကြော် ပန်းကန် တစ်ခုက သူ့ကို အဆင်သင့် စောင့်နေချေသည်။ ထိုအရာကိုမှ မနှိုက်လျှင် သူ ကြောင်မိုက် ဖြစ်သွားချေတော့မည်။

ချောင်စွေ့ဖုန်း...

မင်း ငါ့ဆီက ဘာလိုချင်တာလဲ။ စောင့်ကြည့်ရသေးတာပေါ့လေ။

***

All Chapters