← Chapters

ဟင်းလင်းပြင် စွမ်းအင် (၂)

Vol. 81 Ch. 1132

ဟင်းလင်းပြင် စွမ်းအင် (၂)

Vol. 81 Ch. 1132

"..."

"..."

လျူစုယင်နှင့် ချောင်စွေ့ဖုန်းတို့ အတွက် အဖြစ်အပျက်များက အိပ်မက် ဆန်လွန်းလှကာ လိုက်မှီရန် ခက်ခဲလွန်းလှသည်။ သူတို့၏ မျက်ဝန်းများက ပန်းကန်ပြားများ ကဲ့သို့ ဝိုင်းစက်နေကာ နှလုံးသားမှာ တောင်ထိပ် တစ်ခုပေါ် ပြေးတက်နေရသည့် အလား တဒိန်းဒိန်း တုန်ရီနေသည်။

ပထမဆုံး တုန့်ပြန်လာသူက လျူစုယင်ပင် ဖြစ်လေသည်။ ပြည့်ဝနေဆဲ ဖြစ်သည့် ကျင့်ကြံခြင်း အခြေခံနှင့် အတူ သူမက ဝေ့ဝူယင် ရပ်ခဲ့သည့် နေရာသို့ တိုးဝင် သွားခဲ့၏။ သို့သော်လည်း သူမ ဆုပ်ကိုင်မိသမျှက ဗလာနတ္ထိ လေထုသာ ဖြစ်လေသည်။

မိန်းကလေး၏ လက်ချောင်ကလေးများက အဆက်မပြတ်ပင် လှုပ်ရှားသွားကာ မရေမတွက်နိုင်လှသော အစီအရင်များမှာ ကခုန်ကာ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း... ဘယ်လိုပင် ကြိုးစား ကြိုးစား ဝေ့ဝူယင်ကို သူမ ရှာမတွေ့နိုင်ခဲ့ပါချေ။ ဘာခြေရာမှ မကျန်ခဲ့။

မိန်းကလေး၏ နှုတ်ခမ်းများက တမုဟုတ်ချင်း ခြောက်သွေ့သွားကာ ချောင်းခြောက်များ အဆက်မပြတ် ဆိုးလိုက်ရ၏။ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းနိုင်သော အခါတွင် ငွေရောင်သွေးများမှာ သူမ နှုတ်ခမ်းမှ စီးကျ လာခဲ့လေသည်။ မိန်းကလေး၏ အမူအရာက စက္ကန့်နှင့် အမျှ ပိုမို၍ ဖြူရော် လာခဲ့၏။

“တမန်တော်...”

ချောင်စွေ့ဖုန်မှာ လျူစုယင်၏ သွေးရူးသွေးတန်း စတေးမှုကို ကြည့်ကာ တုန်ရီစွာ ခေါ်လိုက်၏။ သို့သော်လည်း... သူမ ရှေ့ကို အရမ်းကာရော မတိုးဝင်ရဲပါချေ။ ချိပ်ပိတ်ခံထားရသည့် ကျင့်ကြံခြင်း အခြေခံဖြင့် သူမ၏ အသက် အန္တရာယ်က အချိန်မရွေး အန္တရာယ် ရှိပေသည်။

“သူ သေတော့ မသေဘူး...”

ချောင်စွေ့ဖုန်းက အခိုင်အမာ ပြောလိုက်၏။ လျူစုယင် သူမဘက်ကို လှည့်ကြည့်လိုက်သည်။ မိန်းကလေး၏ မျက်ဝ်းများက အဆုံးမဲ့ ရူးသွပ်မှုများနှင့် ပြည့်နှက် နေခဲ့သည်။ ပြင်းထန်သည့် စိတ်ခံစားမှုများကြောင့် သူမ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီနေခဲ့၏။

လျူစုယင်မှာ အမြဲလိုလို အေးစက်စက် နေခဲ့သည့်တိုင် ခံစားချက်များ ရှိသူ ဖြစ်သည်။ ဝေ့ဝူယင်နှင့် တွေ့ဆုံခဲ့ပြီးသည့် နောက်တွင် သူမ၏ နှလုံးသားက ဖြည်းညင်းစွာ ပြောင်းလဲ နေခဲ့ကာ လွန်ခဲ့သည့် ညနက်နက်တုန်းက အလုံးစုံ ပြိုကျခဲ့သည်။ သို့သော်လည်း... သူမက လွယ်ကူသည့် မိန်းကလေး တစ်ယောက်တော့ မဟုတ်ခဲ့။

ဝေ့ဝူယင်...

ထိုလူငယ်လေးကို မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာတည်းက သူမ လေ့လာခဲ့သည်။ အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီကို ရောက်သည် အထိ သူ၏ အရည်အချင်း၊ သူ၏ ပါးနပ်မှု၊ ပါရမီတို့ကို သူမ မြင်ခဲ့ရသည်။ သူက ထူးချွန်သည် ဆိုသည့် ဝေါဟာရထက် အဆများစွာ ပိုမိုသူ တစ်ယောက် ဖြစ်သည်။

စော‌စောလေးကတင် အနာဂတ် အတွက် အစီအစဉ်များစွာကို သူမ တွေးတော နေခဲ့သေးသည်။ ဝေ့ဝူယင်မှာ အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက် ဖြစ်လာပေလိမ့်မည်။ မကြာမီ လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချလိမ့်မည်။ ချိပ်ပိတ်နယ်မြေကို ဂုဏ်သိက္ခာ ကြီးမြင့်စွာဖြင့် ကာကွယ်လိမ့်မည်။ သူတို့ နှစ်ယောက်၏ မင်္ဂလာပွဲကို ခပ်တိုးတိုး တိတ်တိတ်လေး ကျင်းပမည်။ ချိပ်ပိတ်နယ်မြေ၏ ထိပ်ခေါင် ကျင့်ကြံသူကြီးများသာလျှင် သူတို့၏ မင်္ဂလာပွဲကို တက်ရောက်ပေလိမ့်မည်။ ထို့နောက်... သူတို့ နှစ်ယောက်၏ ကလေးငယ်လေးများ မည်ကဲ့သို့ ကြီးပြင်လာမည်ကို အတူတကွ ကြည့်ကြမည်။

သို့သော်လည်း... ထိုအတွေး၊ ထိုမျှော်လင့်ချက် အားလုံးမှာ တမုဟုတ်ချင်း ပြိုကျ သွားခဲ့ပြီ ဖြစ်သည်။ ပြင်းထန်သည့် အရှက်တရားက သူမ၏ အသိစိတ် ပင်လယ် အတွင်း ဆောင့်ကာ တိုးဝင် လာခဲ့၏။ သူမ ဘဝတွင် တစ်စုံတစ်ယောက်ကို ချစ်ဖို့ တစ်ကြိမ်တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။ ကလေးများ ယူဖို့ တစ်ခါမှ မတွေးဖူးခဲ့ချေ။

သို့သော်လည်း... ဝေ့ဝူယင်ဆိုသည့် သေမျိုး လူငယ်လေးထံတွင် သူမ ကျရှုံးခဲ့သည်။ သူ့ထံတွင် အခြား ဇနီးများစွာ ရှိနေခဲ့သည်ကိုပင် သူမ ဂရုမစိုက်ခဲ့။

သို့သော်လည်း...

သို့သော်လည်း...

ဝေ့ဝူယင် ဘယ်ကို ရောက်သွားသနည်း။ ဘာဖြစ်သွားသနည်း။ အဆိုးရွားဆုံးသော ဖြစ်နိုင်ချေကတော့ ဝေ့ဝူယင် သေဆုံးသွားတာ ဖြစ်သည်။ လုပ်ကြံခံရတာ ဖြစ်နိုင်သည်။

လျူစုယင် သွေးတစ်လုတ် အန်ထုတ်ကာ နောက်ထပ် အစီအရင်များစွာကို ထပ်မံ ထုတ်ဖော်လိုက်၏။ ထိုအထဲမှ တစ်ခုက လုပ်ကြံမှု တားဆီးရေး အစီအရင်ပင် ဖြစ်သည်။ အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီထဲတွင် ထိုအရင်ကို မသုံးခဲ့တာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ချောင်စွေ့ဖုန်း ကောင်းကောင်း မျတ်မိပေသည်။

“ဝေ့ဝူယင်...”

လျူစုယင်၏ အော်ဟစ်သံက နှလုံးသား ကွဲကြေမှုများနှင့် ပြည့်နှက်နေ၏။ သူမ၏ လျှို့ဝှက် အော်ရာက အရှိန်အဟုန်နှင့် ပေါက်ကွဲနေသည်။ အစီအရင်များကို ထိုကဲ့သို့ သွေးရူးသွေးတန်းသာ ဆက်ဖော်ထုတ် နေပါက သူမ မသေဆုံးလျှင်ပင် ကျင့်ကြံခြင်း အခြေခံတစ်ခုလုံး ပျက်စီးသွားနိုင်ပေသည်။

ဝမ်... ဝမ်... ဝမ်...

အဆောက်အအုံကြီးထံမှ အန္တရာယ် သတိပေး အချက်ပြသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ဝိညာဉ် အာရုံနှစ်ခုမှာ ထိုးဖောက် ဝင်ရောက်လာကာ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း စစ်ဆေး လိုက်၏။

“နင်တို့ သူ့ကို ဘယ်ခေါ်သွားတာလဲ... နင်တို့ ဘာလိုချင်လို့လဲ...”

လျူစုယင်၏ အသံက ရေခဲကဲ့သို့ အေးစက်နေကာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေ၏။

ချောင်စွေ့ဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လက်ရှိ ဖြစ်ပျက်သွားခဲ့သော အရာများမှာ အလွန်တရာ လျှို့ဝှက် ဆန်းကြယ်လှကာ စဉ်းစားဖို့ ခက်ခဲလွန်းလှသည်။ ဝေ့ဝူယင် မည်သည့် နေရာကို သွားသနည်း။ ဝေ့ဝူယင် မည်ကဲ့သို့ ပျောက်ကွယ်သွားခဲ့သနည်း။

...

ဝှစ်...

ဝေ့ဝူယင်မှာ လေထု အတွင်းမှ တိုးထွက်ကာ ထျန်း‌ရှောင်လော့၏ နေအိမ်ရှေ့တွင် ပြန်လည် ပေါ်လာခဲ့၏။ သူ၏ ငွေရောင် မျက်ဝန်းတို့က အာကာသ အင်အားတို့၏ ရိုက်ခတ်မှု အောက်တွင် မီးခိုးရောင် သမ်းနေခဲ့သည်။

သူ အဝေးရှိ ခုနစ်ဆယ့် ခုနစ်ထပ် မြင့်မားသော အဆောက်အအုံကြီးကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် ခံစားချက် ပေါင်းစုံဖြင့် သက်ပြင်း တစ်ချက် ချလိုက်မိ၏။ သို့သော်လည်း... ချက်ချင်းပင် သူ၏ အမူအရာက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက် သွားသည်။ ကိစ္စ တစ်ခုကို ဆုံးဖြတ်ပြီးပါက နောင်တရတတ်သော လူမျိုးထဲ၌ သူ မပါချေ။

မဟုတ်ပါက... ပထမဆုံးသော အချစ်ဦးနှင့် မွေးဖွား မလာခဲ့သည့် ကလေးငယ်လေး သေဆုံးသွားခဲ့ချိန်တည်းက ပြင်းထန်သော ခံစားချက်များထဲတွင် သူ ပျောက်ဆုံး နေလောက်ပြီး ဖြစ်သည်။

“သခင်...”

ခုနစ်ရောင်ခြယ် အလင်းတန်း တစ်ခုမှာ ထျန်းရှောင်လော့၏ နေအိမ်ထဲမှ ထွက်လာခဲ့၏။ သူမ၏ သေမျိုး တိုင်းပြည်၏ မင်းသမီးငယ်လေး တစ်ပါးနှင့် ဆင်တူကာ မျက်ဝန်းများက စွမ်းအင် အလင်းတန်းများဖြင့် တလက်လက် တောက်ပ နေခဲ့သည်။ သူမကတော့ ပိုင်ရှုပင် ဖြစ်လေသည်။

ပိုင်ရှုမှာ သူမနှင့် အတူ ချူးစို့သာ မှော်သန့်စင် ဆေးအိုးကို အတူတူ ယူဆောင်လာကာ နှုတ်ခမ်းသားထက်တွင် ဘေးတိုက် ထိုင်လိုက်လာ၏။

"ကျွန်မ တာဝန် ပြီးသွားပြီ... အမွေခံ ဉာဏ်ပညာ သင်္ကေတကို အဲဒီ အလှလေးတွေဆီ ပေးခဲ့ပြီးပြီ... ဒါပေမဲ့ တစ်စိတ်တစ်ပိုင်းလောက် ဆုပ်ကိုင်နိုင်ဖို့ ဆိုရင်တောင် သူတို့ အတွက် လနည်းနည်းလောက် ကြာမယ် ထင်ပါရဲ့”

ပိုင်ရှု သူမ လုပ်သင့် လုပ်ထိုက်တာ၊ လုပ်နိုင်တာ အားလုံး လုပ်ပေးခဲ့ပြီး ဖြစ်သည်။ ယင်ယန် အရိုးကို ဖွဲ့စည်း ပေးခဲ့ပြီး ဖြစ်သလို ဖြစ်စဉ် တစ်ခုလုံးကိုလည်း နေရာချထားပေးခဲ့ပြီး ဖြစ်သည်။ ဘယ်လောက် ရအောင် ယူနိုင်မလဲ ဆိုတာကတော့ မိန်းကလေး နှစ်ယောက် အပေါ်တွင်သာ မူတည်ပေသည်။

ဝေ့ဝူယင် ထျန်းရှောင်လော့တို့ ရှိရာ အရပ်ကို လှမ်းကြည့်လိုက်၏။ မိန်းကလေးမှာ ကောင်းချီးခံ တစ်ယောက် ဖြစ်သည်။ ထူးဆန်းသည့် အင်အား တစ်ခုကြောင့် ကောင်းချီးခံများနှင့် အပြစ်သားများ အကြားတွင် ပဋိပက္ခတစ်ခုက အမြဲ ရှိနေလို သူ ခံစားလိုက်ရသည်။ လက်ရှိ၌ ပိုင်ရှု၏ တည်ရှိုမှုနှင့် အတူ ထျန်းရှောင်လော့၏ ကံကြမ္မာကို သူ ချိပ်ပိတ် ပစ်နိုင်ပေသည်။

သို့သော်လည်း... ထိုအတွေးက ခပ်မြန်မြန်ပင် ပျောက်ကွယ်သွား၏။ ထိုပြဿနာကို နောက်မှ ဖြေရှင်းရန် သူ ဆုံးဖြတ်လိုက်သောကြောင့်ပင်။

“ငါတို့ ဒီက ထွက်ကြမယ်...”

ဝေ့ဝူယင်က ပြောလိုက်၏။ ပိုင်ရှု၏ အပြုံးက ပိုမို၍ တောက်ပလာကာ ဝေ့ဝူယင်၏ ရှန့်ထို လက်စွပ် အတွင်း ခုန်ဝင် ပျောက်ကွယ် သွားခဲသည်။

“ဟုတ်ကဲ့ သခင်... ကျွန်မ ခန္ဓာကိုယ် အသစ်ကို ယူလိုက်တော့မယ်နော်”

ပိုင်ရှုမှာ ဒြပ်စင် ဥဿုံ မှော်သန့်စင် ဆေးအိုးကို ခန္ဓာကိုယ် အသစ် အဖြစ် သိမ်းပိုက်ရန် မစောင့်နိုင်တော့ပုံ ရလေသည်။ ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်ရင်း ဟင်းလင်းပြင် အင်အားကို နောက်တစ်ကြိမ် ထုတ်ဖော် လိုက်၏။

ခရက်...

အလွှာကြားက လောက၏ အတားအဆီးများက နောက်တစ်ကြိမ် ကွဲပျက်သွားကာ သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ် သွားခဲ့ပြန်၏။

ဝေ့ဝူယင် ပျောက်ကွယ်သွားပြီး တစ်စက္ကန့် အကြာတွင်ပင် ပုံရိပ် တစ်ခုက ထိုနေရာသို့ ရောက်ရှိ လာခဲ့သည်။ တမုဟုတ်ချင်းပင် ပုံရိပ်က ကြည်လင်သွားကာ ကျန်းကျဲဝူရှု၏ ရုပ်သွင် ထွက်ပေါ်လာ၏။ သူမက မျက်မှောင်ကြုတ်ကာ ဝေ့ဝူယင် ပျောက်ကွယ်သွားသည့် နေရာကို စစ်ဆေး လိုက်သည်။ လူငယ် ဘယ်ကို ထွက်ခွာသွားကြောင်း သူမ သဲလွန်စ မရပါချေ။

ပြိုင်စံရှား လောကရှန့်ထို တစ်ယောက် ဖြစ်သည့်တိုင် သူမ၏ ဝိညာဉ်အာရုံမှာ ဝေ့ဝူယင်ကို နောက်ယောင်ခံရန် အတွက်တော့ ကျရှုံးခဲ့ပေသည်။

“ဟင်းလင်းပြင် စွမ်းအင်နဲ့ အာကာသ ရွှေ့ပြောင်းခြင်...”

ဝေ့ဝူယင်မှာ လျူယင်လန်း ပြုစု ပျိုးထောင်ထားပုံရသည့် အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက် ဖြစ်ကြောင်း ပြန်လည် တွေးတောလိုက်ရင်း သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားသည်။ သူက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ စွမ်းအားကို ထိတွေ့ထားနိုင်သလော။ သို့ပေမဲ့ မည်ကဲ့သို့နည်း။

ဝေ့ဝူယင်ထံတွင် ထိုကဲ့သို့ သွေးမျိုးဆက် မရှိချေ။ ပိုမို၍ အရေးကြီးသည့် အရာက သူက လောကသခင် အဆင့် သေမျိုး တစ်ယောက်သာ ဖြစ်သည်။ လောကီ မျက်လုံးကိုပင် ဖွဲ့စည်းရသေးသူ မဟုတ်ချေ။ ထိုအရာက လုံးဝ မဖြစ်နိုင်ချေ။

ကျန်းကျဲဝူရှုမှာ အလွန်တရာ ကြွယ်ဝလှသည့် ဗဟုသုတများကို ပိုင်ဆိုင်ထားသည့်တိုင် သူမ၏ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ခန့်မှန်းရန် ကျရှုံးကာ လမ်းပျောက်ခဲ့ပေသည်။ သူမ အဝေးကို လှမ်းကာ ငေးမော ကြည့်လိုက်၏။ ဤတစ်ကြိမ် ဦးတည်ရာကတော့ အဆုံးမဲ့ မြို့တော်ပင်။

***

All Chapters