အစစ်အမှန် မွေးဖွားခြင်း
Vol. 81 Ch. 1133
ချန်းရှန်းဟယ်...
ချန်းရှန်းဟယ်မှာ ချိပ်ပိတ်နယ်မြေ၊ ချန်းကလန်၏ သာမန် အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ သူက ခရုပတ် အာကာသ သွေးကြောဟု ခေါ်သည့် ပါရမီ တစ်မျိုးဖြင့် မွေးဖွားလာသူ ဖြစ်သည်။ ထိုပါရမီကပင် သူ့ကို ကြယ်တာရာ အမြုတေ အဆင့် မရောက်ခင် အာကာသ ကျင့်စဉ်နှင့် စွမ်းအင်များကို ဖမ်းဆုပ် စေခဲ့သည်။ သူ့ အဆင့်အတန်းက အလွန် မြင့်မားခြင်း မရှိသည့်တိုင် ကလန်က သူ့ကို အရေးပါမှု တစ်ချို့ ပေးအပ်ခဲ့သည်။
တစ်နေ့တွင်တော့ သူ့ဘဝ တစ်ခုလုံး ပြောင်းလဲစေမည့် အချိုးအကွေ့ တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက အဆင့်မြင့် ကမ္ဘာတစ်ခုကို ဝင်ရောက်ကာ လောကဂိုဏ်းကြီး တစ်ခုထံတွင် ကျင့်ကြံခွင့် ဆိုသည့် အခွင့်အရေးပင်။
အာကာသ ဝေဟင်ဂိုဏ်း အတွင်း မဝင်ရောက်ခင် ကြိုဆင် ပြင်ဆင်မှု အဖြစ် ကောင်းကင် ကျောက်စိမ်းသော့ ဆိုသည့် အရာကို ချန်းမျိုးနွယ်ထံမှ သူ လက်ခံ ရရှိခဲ့သည်။ ထို့နောက်... သုံးလွှာ လက်စွပ်ထဲမှ အမွေအနှစ်များနှင့် အတူ သူ၏ ခွန်အားက ပိုမို၍ ကြီးထွားလာခဲ့သည်။ သူ ဆက်၍ ကျင့်ကြံလာခဲ့ကာ ခပ်မြန်မြန်ပင် ကြယ်တာရာ အမြုတေ အဆင့်လေး၊ အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်ရှိလာခဲ့သည်။ ခရုပတ် အာကာသ သွေးကြော၏ အကူအညီနှင့် အတူ သူ ပဲ့တင်သံလှိုင်း ကိုးလှိုင်း အထိ ဖွဲ့စည်း နိုင်ခဲ့သည်။
ထို့နောက်တွင်တော့ ကြီးမာသည့် မျှော်လင့်ချက်များနှင့် အတူ အာကာသ ဝေဟင်ဂိုဏ်းကို သူ ထွက်ခွာ လာခဲ့သည်။ ယုံကြည်ချက်များနှင့် အတူ ကောင်းကင်၏ ကောင်းချီးခံ တစ်ယောက်လိုမျိုး သူ ခံစားခဲ့ရသည်။ ဤသို့နှင့် ချန်းရှန်းဟယ်မှာ အာကာသ ဝေဟင်ဂိုဏ်း၏ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည်။ စမ်းသပ်မှု သုံးခုကို ကျော်လွန်ခဲ့ပြီး နောက်တွင် အရှုံးမပေးခြင်း ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် ဖြစ်လာခဲ့သည်။
အသစ် ရရှိလာသည့် တာဝန်ကို ရင်ဝယ်ပိုက်ရင်း သူ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ဇာတိမြေအား နှောက်ယှက် ဖျက်ဆီးသူများထံမှ ကာကွယ်ရန် ဆိုသည့် တာဝန်ကို ချန်းရှန်းဟယ် အလွန်ပင် သဘောကျသည်။ နှစ်များ တဖြည်းဖြည်း ရွေ့လျား နေသည်နှင့် အမျှ သူ၏ ကျင့်ကြံခြင်း အခြေခံမှာလည်း အရှိန်အဟုန်နှင့် တိုးတက်လာခဲ့သည်။ တစ်နေ့ မြေကြီးရှန့်ထို ဖြစ်လာနိုင်ချေ ရှိသူများထဲတွင် သူက ထိပ်ဆုံးမှ ပါဝင်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက သူ၏ အိပ်မက်လည်း ဖြစ်သည်။
ယခု၌ ချန်းရှန်းဟယ်မှာ ကြယ်တာရာ သခင် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အာကာသ ဝေဟင်ဂိုဏ်း အတွက် သူ တာဝန် ထမ်းဆောင်ခဲ့သည်မှာလည်း နှစ်ပေါင်း သုံးရာခန့် ရှိခဲ့လေပြီ။ အမျိုးမျိုးသော ခြိမ်းခြောက်မှု အန္တရာယ်များစွာကို သူ ရင်ဆိုင် ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ မကြာသေးမှီကပင် တာဝန် တစ်ချို့ကို သူ ထမ်းဆောင်ခဲ့ကာ ကာကွယ်သူ မြို့တော်၏ အထွတ်အမြတ် စာကြည့်တိုက်တွင် အသုံးပြုနိုင်သည့် အနန္တ အမှတ် တစ်ချို့ကို ရရှိခဲ့သည်။ သူ့ စွမ်းအားကို အဆင့် တစ်ဆင့်၊ နှစ်ဆင့်လောက် မြှင့်ပေးနိုင်မည့် အစီအရင် တစ်ခု လိုချင်နေခဲ့သည်။
ချန်းရှန်းဟယ် ပိုမို များပြားသည့် အနန္တ အမှတ်များ လိုချင်သည်။ သူ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ချင်နေခဲ့ပြီ ဖြစ်သည်။
အထွတ်အမြတ် စာကြည့်တိုက်မှ ထွက်ခွာလာသော အချိန်၌ သူ့ မျက်နှာထက်တွင် ကျေနပ်သည့် အပြုံး တစ်ခု ပါလာခဲ့သည်။ သူ ပိုင်ဆိုင်ထားခဲ့သည့် ပါရမီကြောင့်သာ မဟုတ်ပါက... လက်ရှိလို အဆင့်မျိုးကို အချိန်တို အတွင်း ရောက်ရှိနိင်လိမ့်မည် မဟုတ်ဟု တွေးတော နေမိခဲ့သည်။ သူ၏ သူငယ်ချင်း၊ မိတ်ဆွေ ကျင့်ကြံသူ ဘယ်လောက်များများမှာ ချန်းမျိုးနွယ် အတွင်း ကျရှုံးခဲ့ကြသနည်း။ မေ့လျော့ခံ ဖြစ်ခဲ့ရသနည်း။
ချန်းရှန်းဟယ် တစ်ယောက် ရွှင်ပြုံးနေသည့် မျက်နှာထားနှင့် အတူ အစီအရင်ကို ကျင့်ကြံဖို့ နေအိမ်ထံ အပြန်တွင်ပင် ရုတ်တရက် ပုံရိပ် တစ်ခုက သူ့ရှေ့၌ ပေါ်လာခဲ့လေသည်။ သူ့စိတ်အတွင်း ပေါ်လာသည့် ပထမဆုံးသော အတွေးက...
“ဒီလူငယ်လေးက ဘယ်သူလဲ...”
ဟူ၍။
ထို့နောက်တွင်တော့ သူ့ အသိစိတ် ပင်လယ် တစ်ခုလုံးမှာ မည်းမှောင် သွားခဲ့တော့သည်။
...
တစ်နာရီခန့် ကြာမြင့်ပြီးနောက်၌...
ဝေ့ဝူယင် ချန်းရှန်းဟယ်ကို သူ့ နေအိမ် အပေါက်ဝ၌ ပြန်လည် နေရာချထား လိုက်သည်။ ထိုရေစက်ကြိုး ပိုင်ရှင် နိုးလာပါက သူ့ ဟင်းလင်းပြင် လက်စွပ် အတွင်း ရောက်ရှိနေသည့် အမျိုးမျိုးသော အဆင့်ကိုး ဆေးလုံးများ၊ ဆေးပြားများ၊ ဆေးတောင့်များ၊ ဆေးရည် ပုလင်းများကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
အလွှာကြားက လောကမှ မထွက်ခွာခင် ဝေ့ဝူယင်မှာ ရေစက်ကြိုး ပိုင်ရှင်များသာ သိခွင့် ရှိသည့် ချိပ်ပိတ် နယ်မြေ၏ လျှို့ဝှက်များကို လေ့လာသွားချင်ခဲ့သည်။ ထိုအတွက် သူက အနည်းငယ် အရေးပါ အရာရောက်သည့် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်ကို ရွေးချယ်ခဲ့သည်။ ထိုတစ်ယောက်ကတော့ ချန်းရှန်းဟယ်ပင် ဖြစ်လေသည်။
မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက်...
ဝေ့ဝူယင် အထက်ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်း တစ်ချက် ချလိုက်၏။ ထို့နောက်တွင်တော့ သူ့ မျက်ဝန်းတို့က မီးခိုးရောင် သမ်းလာခဲ့ကာ နေရာမှ ရုတ်ချည်း ပြန်လည် ပျောက်ကွယ် သွားခဲ့တော့သည်။
ဝှစ်... ဝှစ်...
စက္ကန့် အနည်းငယ် အကြာတွင်ပင် ဒါဇင်ဝက်မျှသော ပုံရိပ် တစ်ချို့မှာ ချန်းရှန်းဟယ် သတိလစ်နေသည့် အနားသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့၏ အော်ရာများမှာ ကြောက်မက်ဖွယ် ကောင်းအောင် အရှိန်အဟုန်နှင့် ပေါက်ကွဲ နေကြ၏။ သူတို့က အနိမ့်ဆုံး မြေကြီး ရှန့်ထို အဆင့်ကို ပိုင်ဆိုင်ထားကြတာ ရှင်းလင်းလှသည်။
သို့သော်လည်း... ဝေ့ဝူယင်ကတော့ ဘာခြေရာမှ မချန်ရစ်ပဲ ထွက်ခွာ သွားခဲ့ပြီ ဖြစ်လေသည်။
ဝှစ်...
နောက်တစ်ကြိမ် ပြန်လည် ပေါ်လာသော အခိုက်၌ ဝေ့ဝူယင်မှာ အချိန်လေပွေ ဝင်ပေါက်သို့ ရောက်ရှိသွားခဲ့၏။ ချောက်ကမ်းပါး၏ အစပ်၌ အဆုံးမဲ့ ပျက်စီးမှုများက ကြောက်မက်ဖွယ် ကောင်းအောင် ပြန့်ကျဲနေသည့်တိုင် ဝေ့ဝူယင်ကတော့ မည်သည့် အန္တရာယ်ကိုမှ မခံစားရပါချေ။ သူ၏ အတွေးများက အခြားတစ်နေရာတွင် ရောက်ရှိ နေခဲ့လေ၏။
“အစစ်အမှန် မွေးဖွားခြင်း...”
ခပ်တိုးတိုး ရေရွတ်ရင်း သူ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ ယခုအခါ၌ သူ စစ်ကြေညာခဲ့မိသူ၏ အစစ်အမှန် အတိမ်အနက်ကို ဝေ့ဝူယင် သဘောပေါက် သွားခဲ့ပြီ ဖြစ်လေသည်။
...
ချန်းရှန်းဟယ်၏ မှတ်ဉာဏ်များမှာ ဝေ့ဝူယင် အတွက်တော့ မျက်လုံးကို ဖွင့်ပေးလိုက် သလိုပင်။ အစစ်အမှန် မွေးဖွာခြင်း အကြောင်း အချက်အလက်များမှာ လူသိများခြင်း မရှိလှချေ။ ခရီးသုံးသွယ်ကို ကျော်ဖြတ်ရန် စီနီယာများ၏ သင်ကြားပေးမှုဖြင့် ရေစက်ကြိုး ပိုင်ရှင် အချို့ သာလျှင် သူတို့၏ တည်ရှိမှုများကို နားလည်ကြသည်။
အစစ်အမှန် မွေးဖွားခြင်း ရှာဖွေသည့် တစ်ခုတည်းသော အရာက... ချိပ်ပိတ် အစီအရင်ကို ဖျက်ဆီးခြင်းပင် ဖြစ်လေသည်။
ချန်းရှန်းဟယ်၏ မှတ်ဉာဏ်များ အရ ဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်သောင်းခန့်က ချိပ်ပိတ်ထားခဲ့သော ကောင်းကင် သတ္တဝါကြီးမှာ အလွန်ပင် သွေးဆာသည်ဟု ဆိုသည်။ ၎င်းမှာ ထရီလျံ ထောင်ပေါင်းများစွာသော အသက်များကို သတ်ဖြတ်ခဲ့ကာ မရေမတွက်နိုင်သော ကောင်းကင် ခန္ဓာပေါင်းများစွာကို စားသုံးခဲ့သည်။ လောက၏ အစစ်အမှန် ထိပ်တန်း ပုဂ္ဂိုလ်များနှင့် တိုက်ခိုက်ခဲ့သည်။ ချန်းရှန်းဟယ်၏ စိတ်ထဲ၌ အဆုံးမဲ့ မိစ္ဆာ အငွေ့အသက်များ ပျံ့ကြဲနေသော ထိုသတ္တဝါကြီး၏ မှတ်တမ်း ပုံရိပ် တစ်ချို့ကိုပင် တွေ့မြင်ခဲ့ရသည်။
၎င်းအား ကြုံတွေ့ခဲ့ချိန်၌... ချန်းရှန်းဟယ် တစ်ယောက် ဘယ်လောက်အထိ တုန်လှုပ်၊ ကြောက်ရွံ့ခဲ့ကြောင်း ဝေ့ဝူယင် ခံစားနိုင်ခဲ့သည်။ ထိုခံစားချက်က သူ့ထံကိုပင် ရိုက်ခတ်ခဲ့သည်။ သို့သော်လည်း... ချန်းရှန်းဟယ်နှင့် ခြားနားစွာပင် ဝေ့ဝူယင်၏ စိတ်မှာ ပိုမို၍ အမြင်ကျယ်ပေသည်။ သူ၏ ဗဟုသုတများမှာလည်း ပိုမို၍ ကျယ်ပြန့်သည်။ သူ့စိတ်စွမ်းအားမှာ ငရဲ၏ ကပ်ဘေးများကို ရင်ဆိုင် ကျော်ဖြတ်ရင်း ထုဆစ်ခဲ့ရသည့် ရလဒ် တစ်ခု ဖြစ်သည်။
သို့သော်လည်း... သတ္တဝါကြီးက မည်ကဲ့သို့ ပုံသဏ္ဌာန် ဖြစ်ကြောင်း တိတိကျကျ ပြောရန်တော့ ခက်ခဲလှသည်။ ၎င်းက မည်သည့် သားရဲ သက်ရှိမျိုး မဆို ဖြစ်နိုင်ပေသည်။ ထန်ဂူလို သတ္တဝါ တစ်ကောင် ဖြစ်နိုင်သလို အန်နုလို နဂါးတစ်ကောင်လည်းဖြစ်နိုင်ပေသည်။ ဝေ့ဝယင် မပြောနိုင်ချေ။ ချန်းရှန်းဟယ်လည်း ပြောနိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင်... ချန်းရှန်းဟယ်၏ မှတ်ဉာဏ်များ အတွင်း၌ ချိပ်ပိတ် အစီအရင်က အဘယ်ကြောင့် လောက အပေါ် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်စေသလဲ ဆိုသည့် တိတိကျကျ ရှင်းပြချက်မျိုး မတွေ့ရချေ။ ထိုအရာက သံသယ ဖြစ်စရာ ကောင်းလွန်းလှသည်။
မည်သို့ပင် ဆိုစေ... အစစ်အမှန် မွေးဖွားခြင်းကတော့ စစ်မှန်သည့် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။ သူတို့မှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ရွက်ဆက်များကို ကြိုကြား ကြိုကြား ဆိုသလို တိုက်ခိုက် နေခဲ့ကြသည်။ ထို့အပြင် သူတို့မှာ ချိပ်ပိတ် အစီအရင်ကို အားသာချက် တစ်ရပ် အဖြစ် အသုံးပြုနေလေရာ ချိပ်ပိတ် နယ်မြေ အတွင်းကို အမြဲတမ်း လုံလုံခြုံခြုံဖြင့် ပြန်လည် ဆုတ်ခွာ နိုင်ခဲ့သည်။ အဆုံး ဟင်းလင်းပြင် ကြေးမုံ၏ ထိန်းချုပ်သူ သုံးယောက် ပူးပေါင်းကာ အစစ်အမှန် ခွန်အားကို မထုတ်ဖော် သရွေ့ အစစ်အမှန် မွေးဖွားခြင်းဂိုဏ်း ချိပ်ပိတ် နယ်မြေ အတွင်း ပြန်လည် ဆုတ်ခွာခြင်းကို မည်သူမှ မတားဆီးနိုင်ခဲ့ချေ။
ချိပ်ပိတ်နယ်မြေနှင့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံတို့မှာ ပြင်ပ ကျင့်ကြံသူများကို အထဲသို့ မဝင်နိုင်အောင် တားဆီးထားသည်။ သို့သော်လည်း... ချိပ်ပိတ်နယ်မြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးသား လူများကိုတော့ ကန့်သတ်ထားခြင်း မရှိချေ။ ပထမံ မွေးဖွားခြင်း ကျင့်ကြံသူများလိုပင် သူတို့မှာ စိတ်ကြိုက် လွတ်လပ်စွာ သွားလာနိုင်ကြပေသည်။
အရင်တုန်းကတော့... အစစ်အမှန် မွေးဖွားခြင်းနောက်ကို လိုက်ရန် အစွမ်းထက် ရေစက်ကြိုး ပိုင်ရှင်များ ချိပ်ပိတ် နယ်မြေ အတွင်း ဝင်ခဲ့ဖူးသည့် အကြိမ်များ ရှိခဲ့ဖူးသည်။ သို့သော်လည်း... ထိုအရာက သူတို့ စောင့်ရှောက်နေသည့် ရွက်ဆစ်များ အပေါ် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်မှ စ၍ ရေစက်ကြိုး ပိုင်ရှင်များမှာ သူတို့၏ ရွက်ဆစ်များကို စွန့်ခွာကာ သူတို့နောက်ကို ဘယ်တော့မှ မလိုက်ခဲ့တော့ချေ။ သို့သော်လည်း... ချိပ်ပိတ် နယ်မြေ အတွင်းရှိ အစစ်အမှန် မွေးဖွားခြင်းဂိုဏ်းနောက်ကို လိုက်လံ သတ်ဖြတ်ရန် အတွက်တော့ သူတို့က အထူးအဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းခဲ့ပေသည်။ သူတို့ကို မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင်တော့ အာကာသ ဝေဟင်ဂိုဏ်း အဖြစ် လူသိများကြသည်။
ချန်းရှန်းဟယ် သိထားသလောက် ဆိုလျှင် ချိပ်ပိတ် အစီအရင်ကို အသက်ဝင်အောင် ထိန်းသိမ်းထားသည့် ရွက်ဆစ်များစွာ မရှိလှချေ။ ရှစ်ခုသာလျှင် ရှိကာ ထိုအထဲမှ သုံးခုမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ မြို့တော် သုံးခု အတွင်း တည်ရှိသည်။
အရှုံးမပေးခြင်း ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် အနေဖြင့် ချန်းရှန်းဟယ်မှာ ရွက်ဆစ် ရှစ်ခုထဲမှ နှစ်ခုထံတွင် တာဝန် ထမ်းဆောင်ဖူးပေသည်။ ထိုနှစ်ခုစလုံးမှာ ချိပ်ပိတ် နယ်မြေ အတွင်း တည်ရှိကာ အပျက်အစီး အာကာသ စွမ်းအား၏ လွှမ်းခြုံမှု အောက်၌ ရှိနေပေသည်။ ၎င်းတိုကို ကျူးကျော်ဖို့ အလွန်ပင် ခက်ခဲလွန်းလှသည်။ အာကာသ အမျိုးအစား လျှို့ဝှက် သင်္ကေတကို နားလည် မထားပါက မြေကြီး ရှန့်ထိုများ ပင်လျှင် အပျက်အစီး အာကာသနယ်ကို ဖမ်းဆုပ်ဖို့ ခက်ခဲလှသည်။ သို့သော်လည်း... ခက်ခဲသည် ဆိုသော ဝေါဟာရက လုံးဝ မဖြစ်နိုင်ဟု ဆိုလိုခြင်းတော့ မဟုတ်ချေ။
ချန်းရှန်းဟယ် ကြားခဲ့ရသော သတင်းများ အရ ဆိုလျှင် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်တုန်းက ရွက်ဆစ်များထဲမှ တစ်ခုမှာ ထာဝရ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။ ကျပန်း သီအိုရီများမှ အပ မှန်ကန် တိကျသည့် အကြောင်းပြချက်ကိုတော့ ချန်းရှန်းဟယ်လည်း မသိပါချေ။
“အချိန်ကိုက်ပဲ...”
ဝေ့ဝူယင်၏ အမူအရာက လေးနက်နေ၏။ အချိန် စီးဆင်းမှုကို ချိန်ထိုးကြည့်ရပါက ထိုရွက်ဆစ် ပျက်စီးသွားချိန်မှာ ထာဝရ ကြယ်တာရာ နယ်မြေ ပျက်စီးသွားခဲ့သည့် အချိန် အတိအကျပင် ဖြစ်သည်။ ထိုအကြားတွင် မည်သည့် ဆက်စပ်မှုများ ရှိနေသနည်း။
***