အနားယူခြင်း
Vol. 81 Ch. 1129
အချိန် ကြာမြင့်စွာ အနားယူပြီးနောက် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ပြန်လည် လန်းဆန်းလာခဲ့သည်။ သူက မျက်လုံးများကို ဖွင့်ကာ ငွေေရာင် အဆင်း၏ ထည်ဝါမှုကို နောက်တစ်ကြိမ် ထုတ်ဖော် ပြသလိုက်၏။ သူ့ထံမှ တည်ငြိမ်ကာ၊ အေးချမ်းသည့် အော်ရာတစ်ခု ထွက်ပေါ်နေသည်။
လျူစုယင်၏ နှလုံးသားက ဝေ့ဝူယင်ကို ကြည့်ကာ လှုပ်ရှား သွားခဲ့သည်။ မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာတုန်းက သူမ အမြင်တွင် ဝေ့ဝူယင်မှာ ဆောင့်ကြွားကြွားနှင့် ပါရမီ မြင့်မားသည့် လူငယ် တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ အတွေ့အကြုံ ရင့်ကျက်ကာ လောက၏ လျှို့ဝှက်ချက်များစွာကို ဆုပ်ကိုင်ထားနိုင်သည့် ပညာရှိ လူအိုကြီး တစ်ယောက်လိုမျိုး သူမ ခံစားနေရသည်။
အခြားတစ်ဖက်၌ ကျန်းကျဲဝူရှုကတော့ တိတ်ဆိတ် ငြိမ်သက်နေ၏။ သူမ၏ မျက်ဝန်းများက ကြည်လင် အေးချမ်းနေကာ ဘယ်လို အကြောင်းအရာများ တွေးတောနေကြောင်း မည်သူမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပါချေ။
ဝေ့ဝူယင်က ဖြည်းညင်းစွာပင် ပြုံးလိုက်၏။ တဒင်္ဂ အတွင်းမှာပင် သူက နုပျိုမှုနှင့် ပေါ့ပါး သွက်လက်မှုတို့ ပေါင်းစပ်ထားသည့် လူငယ် တစ်ယောက်၏ အသွင်အပြင်ကို ပြန်လည် ရရှိလာသည်။ သူက တက်ကြွသည့် ခြေလှမ်းများနှင့် အတူ မိန်းကလေး သုံးယောက်ထံ ပြန်လည် လမ်းလျှောက်လာခဲ့၏။
“တာအို လမ်းညွှန်သူတွေ အနှောက်အယှက် ကင်းကင်းနဲ့ အနားယူလို့ ရတဲ့ နေရာ ရှိလား”
ဝေ့ဝူယင်က ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်၏။ စိတ်စွမ်းအင် အားဖြည့်ဆေးများ၏ အကူအညီဖြင့် ပြန်လည် လန်းဆန်းလာခဲ့သည် ဆိုသည့်တိုင် ဝေ့ဝူယင်မှာ အနားယူရန် ဆန္ဒ ရှိနေဆဲ ဖြစ်သည်။ မုန်တိုင်း မလာခင် ငြိမ်းချမ်းသော အချိန်တစ်ခုကို သူ ဖန်တီးချင်ပေသည်။
ကျန်းကျဲဝူရှုက ဝေ့ဝူယင်ကို ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
“ရှိပါတယ်... ကျွန်မ ရှင့်ကို လမ်းပြပေးမယ်”
“...”
လျူစုယင်က ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက တည်ငြိမ်မှုကို ပြန်လည် ရရှိခဲ့ပြီး ဖြစ်ကာ ထူးမခြားနားသလို အငွေ့အသက်များနှင့် ပြည့်နှက် နေသည်။
“ငါတို့ အကြာကြီး နေလို့ မရတော့ဘူး”
သူမက အချိန်လေပွေ အကြောင်း ဝေ့ဝူယင်ကို သတိပေးဖို့ ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ လျူယင်လန်း သတ်မှတ်ထားသည့် အချိန်သို့ မေရာက်ခင် သူတို့ထံတွင် လအနည်းငယ်မျှသာ ကျန်ရှိပေတော့သည်။ ဒုတိယမြောက် အခွင့်အေရးကိုသာ ဖြုန်းတီးပစ်လိုက်ပါက အချိန်လေပွေ ကာကွယ်သူမှာ ဝေ့ဝူယင် ဆိုသည့် နာမည်ကို ထာဝရ ပိတ်ပင်ပစ်လိမ့်မည် ဖြစ်သည်။
“...”
ချောင်စွေ့ဖုန်းကတော့ တစ်ချိန်လုံး တိတ်ဆိတ် နေ၏။ သူမ၏ အတွေးများကို ခန့်မှန်းရန်မှာ ခက်ခဲ လွန်းလှသည်။ ဝေ့ဝူယင် အကယ်ဒမီ အတွင်း စတင် ဝင်ေရာက်ခဲ့သည့် နေ့က စလို့ လက်ရှိ အချိန်အထိ သူမမှာ သူ့ အနားမှ တစ်ဖဝါးမှ မခွာခဲ့သေးချေ။
ဝေ့ဝူယင်က လျူစုယင်ကို လှည့်ကြည့်လိုက်၏။
“ကျုပ် သိပါတယ်... အကယ်ဒမီထဲက ထွက်သွားသင့်ပြီလို့ ခင်ဗျား ထင်တဲ့ အချိန်ကျ ကျုပ် သွားမယ်... ကျုပ်တို့မှာ စတုတ္ထမြောက် ပန်းတိုင်တော့ မရှိဘူး မလား”
ဝေ့ဝူယင် စိတ်ဝင်တစား မေးလိုက်သည်။ အထွတ်အမြတ် စာကြည့်တိုက်မှာ လျူယင်လန်း သူ့အတွက် စီစဉ်ထားသည့် ပထမ ပန်းတိုင်ဖြစ်ကာ အချိန်လေပွေကတော့ ဒုတိယမြောက် ပန်းတိုင် ဖြစ်သည်။ တတိယမြောက် ပန်းတိုင်ကတော့ အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီပင်။ အဆုံးမဲ့ မြို့တော်သခင်မှာ ထိုပန်းတိုင်များကို သက်သေခံကာ အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်ရခြင်း၏ ကောင်းကျိုးများကို ဝေ့ဝူယင်ထံ ပြသဖို့ ကြိုးစားနေခြင်းပင် ဖြစ်သည်။
“နောက်ဆုံး ပန်းတိုင်က အဆုံးမဲ့ မြို့တော်ဆီကို ပြန်ဖို့ပဲ”
“ဘယ်တော့လဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ အခြား မိန်းကလေး နှစ်ယောက်မှာ တိတ်ဆိတ် ငြိမ်သက်နေ၏။ သူတို့၏ မျက်လုံးများက မသိမသာပဲ အဆုံးမဲ့ မြို့တော်ရှိရာဘက်ကို လှမ်းကာ ကြည့်လိုက် မိကြသည်။ သူတို့ စိတ်အတွင်း နေရာယူထားပြီးသား ဖြစ်သည့် မေးခွန်း တစ်ခုက ပိုမို၍ ရုန်းကြွလာ၏။ လျူယင်လန်း တစ်ယောက် ဘာတွေ ကြံစည်နေသနည်း။
“ပြန်ရမယ့် အချိန်ေရာက်ရင် ဂိုဏ်းချုပ် ပြောလိမ့်မယ်”
လျူစုယင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ ဝေ့ဝူယင်က ပခုံးတစ်ချက် တွန့်ကာ လက်ခံ လိုက်၏။ ထိုအရာမှာ လောကရှန့်ထို အဆင့် တစ်ယောက် ပိုင်ဆိုင်နိုင်သည့် သြဇာအာဏာနှင့် စွမ်းအားပင် ဖြစ်သည်။ သူက ဘာတတ်နိုင်မည်နည်း။
“နင် ဘာနဲ့ ကမ်းလှမ်းလိုက်တာလဲ....”
လျူစုယင်က ဝေ့ဝူယင်ကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ မေးလိုက်၏။ ဝေ့ဝူယင်မှာ အနည်းငယ် ကြောင်အ သွားသော်လည်း ချက်ချင်းဆိုသလိုပင် အဂ္ဂိရတ် ကဏ္ဍအား ဝယ်ယူခဲ့ပုံ အကြောင်းကို မေးမြန်းခြင်း ဖြစ်ကြောင်း သိရှိလိုက်သည်။
လျူစုယင်မှာ အခြားလူများနှင့် ခြားနားစွာပင် ဝေ့ဝူယင် အကြောင်း ပိုမို၍ သိရှိသူ ဖြစ်သည်။ ထို့ကြောင့်ပင် လျူယန်လန်းက ဝေ့ဝူယင် အတွက် ဘာဆိုဘာမှ မပေးလိုက်ကြောင်း သူမ သိပေသည်။ ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လျှင်ပင် အဂ္ဂိရတ် ကဏ္ဍ တစ်ခုလုံးကို မည်ကဲ့သို့ ပစ်စလွယ်ခတ် ဝယ်ယူနိုင်မည်နည်း။ သူက ဘယ်လောက် ချမ်းသာနေသနည်း။ နောက်ပြီး သူက ဘာကို ရှာဖွေ နေသနည်း။
“ဒီအတိုင်း ပစ္စည်းတစ်ချို့ကို နည်းနည်း လွှင့်ပစ်လိုက်ရုံပါပဲ”
ဝေ့ဝူယင်က ပြုံးရင်း ဖြေလိုက်၏။ လျူစုယင်၏ အမူအရာက တင်းမာသွားကာ ဝေ့ဝူယင်ကို ချက်ချင်း ရိုက်နှက်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း သူမက စိတ်ကို ပြန်လည် ထိန်းထားလိုက်၏။ ကြည့်ရသည်က... ဝေ့ဝူယင်မှာ အခြားလူများ ကြားဖြတ် နားထောင်နိုင်သည့် အခြေအနေတွင် ဖွင့်ဟ ပြောဆိုရန် ဆန္ဒ မရှိပုံ ပေါ်သည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ တကယ် အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူ၏ အဂ္ဂိရတ် ဖော်စပ်နှုန်းက အလွန်ပင် လျှင်မြန်လှကာ ထုတ်ကုန် အသစ်တစ်ခုကို စမ်းသပ်ဆဲ ကာလများတွင် မကြာခဏ ဆိုသလို အဆင့်နိမ့်၊ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များ ပေါ်ထွက်လာတတ်တာမျိုး ရှိတတ်သည်။ သို့သော်လည်း သူ့ ကြယ်တာရာ ဝိညာဉ်များမှာ သွေးနားထင် ေရာက်ပြီး နောက်ပိုင်း အထွတ်အထိပ် အဆင့် အရည်အသွေးအောက် ထုတ်ကုန်များကို သေရမည် ဆိုလျှင်ပင် မစားကြတော့ချေ။
ထို့ကြောင့်ပင် ဝေ့ဝူယင်ထံတွင် အသုံးမဝင်သည့် အဆင့်နိမ့်နှင့် အဆင့်မြင့် အရည်အသွေးရှိ အဂ္ဂိရတ် ထုတ်ကုန်ပေါင်း တောင်ပုံရာပုံ ရှိပေသည်။ အကယ်၍ သူသာ ဆန္ဒရှိပါက အနန္တ အမှတ် သန်းချီကို နောက်ထပ်တစ်ကြိမ် ထပ်မံ လဲလှယ်၍ ရသေးသည်။
အနန္တ မိုင်ချီ စာကြည့်တိုက်မှ ထွက်ခွာ လာခဲ့ပြီးနောက် တစ်နာရီခန့် အကြာတွင် သူတို့မှာ ဆလင်ဒါပုံ အဆောက်အအုံကြီး တစ်ခု ေရှ့သို့ ေရာက်ရှိလာခဲ့သည်။ ထိုအဆောက်အအုံကြီးတွင် အထပ်ပေါင်း ခုနစ်ဆယ့်ခုနစ်ထပ် အထိ ပါဝင်ကာ ပြတင်းပေါက်များမှာ သတ်ပွဲ ကွင်းပြင်ကျယ်ကြီး၊ အထူးခန်းမများ လိုမျိုး သတ္တုများဖြင့် ပြုလုပ်ထားသည်။ ထို့ကြောင့် အတွင်းဘက်၌ ရှိနေသူများသာလျှင် အပြင်ဘက်ကို မြင်နိုင်ပေသည်။ ပြတင်းပေါက်များမှာ အလွန်ပင် ကြီးမားလှကာ လသာဆောင်များကိုလည်း တွေ့ရှိရသည်။
အဆောက်အအုံကြီး ေရှ့သို့ ေရာက်ရှိပြီးနောက် ကျန်းကျဲဝူရှုက ချောင်စွေ့ဖုန်းကို ကြည့်လိုက်၏။
“တာအို လက်ထောက်ချောင်... ရှင်ပဲ ဆက်ပြီး ကူညီလိုက်ပါ... ကျွန်မ ပြန်တော့မယ်”
ထိုကဲ့သို့ ပြောပြီးနောက် သူမက ဝေ့ဝူယင်ကို တစ်ချက်ကြည့်ကာ နှုတ်ဆက် စကားပင် မဆိုတော့ပဲ ပြန်လည် ထွက်ခွာ သွားတော့သည်။
သို့သော်လည်း... သူမ ပြန်လည် ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် နောက်နားမှ ကျယ်လောင်သည့် အသံ တစ်ခုကို သူမ ကြားလိုက်ရသည်။
“ကျုပ်တို့ ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်”
မိန်းကလေး၏ ခြေလှမ်းများက အနည်းငယ် နှောင့်နှေးသွား၏။ ထို့နောက် သူမက တောက်ပသည့် အပြုံးတစ်ခုကို ဖော်ဆောင်လိုက်သည်။
“ပြန်တွေ့မှာပါ”
ကျန်းကျဲဝူရှုက သေချာနေသည့် လေသံမျိုးဖြင့် ဆိုလိုက်၏။ ထို့နောက်တွင်တော့ သူမမှာ ထွက်ခွာသွားကာ လမ်းမကြီး အတိုင်း တဖြည်းဖြည်း သေးငယ် ပျောက်ကွယ် သွားခဲ့တော့သည်။
သူတို့ နှစ်ယောက် နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံစဉ် အခါတွင်တော့ ဝေ့ဝူယင်မှာ သူ၏ လုပ်ရပ်များက မည်မျှ အထိ စစ်မှန်စွာ ထင်ရှားလှကြောင်း နားလည် လာလိမ့်မည် ဖြစ်လေတော့သည်။
...
တာအို လမ်းညွှန်သူ ရာထူးနှင့် အတူ ဝေ့ဝူယင်မှာ တည်းခိုခန်း အဆောက်အအုံကြီး အတွင်း၌ အထူးခန်း တစ်ခန်းကို အလွယ်လေး ရယူနိုင်ခဲ့သည်။ ၎င်းက ခုနစ်ဆယ့် ခုနစ်ထပ်မြောက်တွင် တည်ရှိကာ များလှစွာသော ဇိမ်ခံပစ္စည်းများနှင့် ပြည့်နှက် နေသည်။ ကုန်ကျစရိတ် အားလုံးက ဗလာဖြစ်ကာ တာအို လမ်းညွှန်သူ တစ်ယောက် ခံစားခွင့် ရှိသည့် အကျိုးအမြတ် တစ်ခုလည်း ဖြစ်သည်။
သို့သော်လည်း ထိုဝန်ဆောင်မှုက နေ့စွဲ အကန့်အသတ် ရှိကာ ဆယ်စုနှစ် အနည်းငယ် လောက်သာ အလကား တည်းခိုခွင့် ရှိလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်တော့... နေ့စဉ်ကုန်ကျစရိတ်ကို အခြားလူများ အတိုင်း ရှင်းလင်းရမည် ဖြစ်ပေသည်။
မန်နေဂျာ၏ အဆိုအရ... တစ်နေ့တာ အတွက် သတ်မှတ် နှုန်းထားမှာ အနန္တ အမှတ် ၀.၀၅ ဖြစ်ပေသည်။ အဆင့်ကိုး၊ အဆင့်နိမ့်၊ အရည်အသွေးနိမ့် ဆေးလုံး တစ်လုံးမှာ ရက်နှစ်ဆယ်စာ တည်းခိုနိုင်ဖို့သာ ဖူလုံလိမ့်မည် ဖြစ်သည်။
အခန်း အတွင်းသို့ ေရာက်ရှိပြီးနောက် ဝေ့ဝူယင်က ပြတင်းပေါက်နားသို့ သွားကာ အောက်ကို ငုံ့ကြည့် လိုက်သည်။ မေရမတွက်နိုင်သော ပုံရိပ်ကလေးများမှာ လမ်းမများထက်တွင် ပုရွက်ဆိတ်ငယ်လေးများလို ပျားပန်းခပ် သွားလာ နေကြပေသည်။ သူတို့က လူသားမျိုးနွယ်၊ ကောင်းကင်မျိုးနွယ် စသည်ဖြင့် မျိုးနွယ် စုံလင်လှသလို ကျောင်းတော်သား၊ လမ်းညွှန်သူ၊ ကျင့်ကြံသူ စသဖြင့်လည်း အမျိုးအစား စုံလင်လှသည်။
ဝေ့ဝူယင် ဖြည်းညင်းစွာပင် ညာဘက် အင်္ကျီလက်ကို မတင်ကာ ငုံ့ကြည့်လိုက်၏။
***