အမုန်းပွားနေသည့် ဝိညာဉ်နတ်မိမယ်လေး
Vol. 1-5 Ch. 28
အခန်း (၂၈) : အမုန်းပွားနေသည့် ဝိညာဉ်နတ်မိမယ်လေး
“ ဆရာနတ်မင်းဆိုတာက ဘယ်သူပဲဖြစ်ဖြစ် အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်မှာ ဝိညာဉ်နတ်မိမယ်လေး ရှိပြီးသား …. သူကိုယ်သူ ဆရာနတ်မင်းလို့ ဘယ်လိုများ ခေါ်ရဲတာလဲ။ ဒီလူက ဝိညာဉ်နတ်မိမယ်လေးရဲ့ ကျော်ကြားမှုကို အခွင့်ကောင်းယူပြီး နာမည်ကြီးဖို့ လုပ်နေတာပဲ ဖြစ်ရမယ်။ ဒီလိုတောင် အရှက်မရှိတဲ့ကောင် .. ”
“ ဟုတ်တယ် … အဲလိုကောင်မျိုးကို ကိုကိုနတ်သားလေး ခေါ်နေတာကို တွေးမိရင် သူက ဝိညာဉ်သတ္တုရိုင်းတုံးဆိုင်တွေကနေ အလုပ်ခန့်ထားတဲ့ သရုပ်ပြနေမှာပေါ့ ”
“ သူ့ဆီမှာ သတ္တုရိုင်းတုံး အကဲဖြတ်စွမ်းရည် ရှိရှိ မရှိရှိ သူက ဖျော်ဖြေပွဲ လုပ်ပြနေတာလားဆိုတာ ဘယ်သူ သိမှာလဲ ”
“ ဝိညာဉ်နတ်မိမယ်လေးတောင် တစ်ရက်မှ တစ်တုံးပဲ ဖွင့်နိုင်တာကို ဒီလူက သတ္တုရိုင်းတုံးတွေ ဆက်တိုက် ဖွင့်နေနိုင်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
“ သူက အရမ်းကို လောဘကြီးလွန်းတယ်။ သူက လူလိမ်ပဲ နေမယ် ”
“ ဟုတ်တယ် … ဟုတ်တယ်…”
…………...
“ ကိုကိုနတ်သားလေးကို မကောင်း မပြောနဲ့ ”
“ ဝိညာဉ်နတ်မိမယ်ကို ကိုကိုနတ်သားလေးနဲ့ ဘယ်လိုများ လာယှဉ်ရဲတာတုန်း ”
“ ကိုကိုနတ်သားလေးက သူနဲ့ကံပါသူကိုပဲ ဖွင့်ပေးတာ .. ပြီးတော့ သူက အင်အားအကုန်ခံပြီးတော့ အလကား လုပ်ပေးနေတာဟဲ့ ”
“ သူက ဒီလိုကြင်နာတတ်တာကို ဘာလို့ လာအပုပ်ချနေတာလဲ ”
……………....
ရှန်ထျန်းက သူ မြင်လိုက်သည့် မြင်ကွင်းကြောင့် ကြောင်အမ်းသွားလေသည်။
ဒီလူတွေက ဝိညာဉ်နတ်မိမယ်လေးရဲ့ ပရိတ်သတ်တွေလား … သူတို့က ငါ နာမည်ကြီးလာလို့ ဒေါသထွက်နေတာပေါ့ အဲ့လိုလား…
အရှင်းဆုံးပြောရလျှင် ရှန်ထျန်းက ထိုမိန်းမငယ်လေးများ သူ့အား လက်ညိုးတထိုးထိုး ဖြစ်နေသည်ကို မြင်သောအခါ စိတ်အေးသွားမိ၏။
သူ့အတွက် သူ့အား စွပ်စွဲနေကြသည့် လူများကား ဘာကိုမျှ ရေရေရာရာ မသိသည့် ငတုံးများသာ ဖြစ်ပေသည်။
ယခင်ဘဝ၌ ရှန်ထျန်းသည် ကွန်ပျူတာ ဖန်သားပြင်နောက်ကွယ်၌ ပုန်းကာ အမျိုးမျိုး အပြစ်တင်ဝေဖန် ပြောဆိုနေကြသည့် လူများစွာကို တွေ့ဖူးသည်။ ထိုအချက်ကြောင့် ဖန်များ အရူးအမူး ဖြစ်နေသည့် သူတို့အိုင်ဒေါလ်များပင် ထိုအပြုအမူများက ရူးသွပ်နေကြောင်း ထင်မှတ်ကြသည်။
ထိုလူမျိုးများအတွက် ဒေါသထွက်နေလို့ အကျိုးမရှိပေ။
.................
ရှန်ထျန်းက ပြုံးကာ တခြားလမ်းမှ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ အသိဉာဏ်အားနည်းသူများနှင့် ဝေးဝေးနေသည်က ပို၍ ကောင်းသည် မဟုတ်ပါလော။
နောက်အခိုက်အတန့်လေး၌ ထိုပရိတ်သတ်များက ရှန်ထျန်းအား သတိပြုမိသွားကြဟန် ပေါ်ကာ အားလုံးက သူ့ရှေ့ ပြေးလာကာ တရားမျှတသည့် လေသံဖြင့် ပြောဆိုနေကြသည်။
“ မင်းက ရှန်အောင်းထျန်းလား … မင်းကိုယ်မင်း ဆရာနတ်မင်းလို့ ခေါ်နေတယ်လို့ ကြားမိတယ်။ မင်းကိုယ်မင်း အဲဒီနာမည်နဲ့ ထိုက်တန်တယ် ထင်နေလား ”
“ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်မှာ ဝိညာဉ်နတ်မိမယ်လေး ရှိပြီးသား… မင်းဘာသာ အဲဒီလို နာမည်ပေးပြီး သူမကို ပစ်မှတ်ထားဖို့ ကြိုးစားနေတာလား ”
“ ရှန်အောင်းထျန်း … မင်းရဲ့ သတ္တုရိုင်းတုံး အကဲဖြတ်စွမ်းရည်က ဝိညာဉ်နတ်မိမယ်လေးထက် သာမယ် ထင်နေလား ”
……….....
ရှန်ထျန်းက ထိုမေးခွန်းများကို ဖြေဖို့ မပြင်ဆင်ထားပေ။ အကြောင်းမှာ သူက ထိုလူများကို အကျိုးသင့်အကြောင်းသင့် ရှင်းပြ၍ အသုံးမဝင်မှန်း သိနေ၍ ဖြစ်သည်။
ငတုံးများကို ကိုင်တွယ်ဖို့ရာ အကောင်းဆုံး နည်းလမ်းမှာ ယဉ်ယဉ်ကျေးကျေး ရင်ဆိုင်လိုက်ခြင်းနှင့် လျစ်လျူရှုလိုက်ပြီး သူတို့ပြောနေသည့်အရာများကို လုံးဝ စိတ်မဝင်စားကြောင်း ပြလိုက်ဖို့သာ ဖြစ်သည်။
“ လမ်းဖယ်ပေးကြပါ … ကျွန်တော်တို့တွေ နောက်တစ်ဆိုင် သွားတော့မလို့ပါ ”
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က ရှန်ထျန်းဘေး ရပ်ကာ အပုပ်ချဖို့ ကြိုးစားနေသူများအား ပိတ်ဆို့ထားလိုက်သည်။
ထိုစဉ် ကံပါသူ အယောက် ၂၀ က လူသားတံတိုင်း လုပ်ပေးထားသောကြောင့် ရှန်ထျန်းအနေနှင့် အေးအေးလူလူ ဖြတ်သွားနိုင်လိုက်သည်။ သူတို့အနေနှင့် ဆရာနတ်မင်းက သူတို့ကြီးပွားချမ်းသာမှု ဆောင်ယူပေးဖို့ရာ မျှော်လင့်နေကြသူများ မဟုတ်ပါလော။
ထိုစဉ် လူအုပ်ကြားမှ တအံ့တဩ အော်သံတစ်သံ ထွက်ပေါ်လာသည်။
“ ဝိညာဉ်နတ်မိမယ်လေး ရောက်လာပြီ ”
“ ဝိုး… နောက်ဆုံးတော့ ဝိညာဉ်နတ်မိမယ်လေး ရောက်လာခဲ့ပြီ။ သူမက မနေ့ကထက်တောင် ပိုလှလာသေးတယ် ”
“ ဝိညာဉ်နတ်မိမယ်လေး… ဒီဆရာနတ်မင်းအတုက ခင်ဗျားရဲ့ ကျော်ကြားမှုကို အသုံးချဖို့ ကြိုးစားနေတယ်။ သူ့ကို ဖော်ထုတ်ပစ်လိုက်ပါ … ”
“ ဝိညာဉ်နတ်မိမယ်လေးနဲ့ ယှဉ်ပြိုင်ရဲလား … မင်း ရှုံးရင် ထွက်သွားလိုက် ”
“ ဟုတ်တယ် … ရှုံးရင် ထွက်သွား ”
………….....
ဂါဝန်ဝတ်စုံအရှည် ဝတ်ဆင်ထားသည့် ဝိညာဉ်နတ်မိမယ်လေးအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
သူမကတော့ ရှန်ထျန်း သူမကို ပထမဦးဆုံး တွေ့စဉ်ကကဲ့သို့ နတ်သမီးတစ်ပါးလို အရှိန်အဝါမျိုး ထုတ်လွှင့်နေလေ၏။
သို့သော်လည်း ယခုမူ ရှန်ထျန်းက အလွန်တည်ငြိမ်နေပြီ ဖြစ်၏။
အကြောင်းအရင်းက ရိုးရှင်းပေသည်။ သူက ဝိညာဉ်နတ်မိမယ်လေး၏ လုပ်နိုင်စွမ်းကို ရှင်းရှင်းလင်းလင်း သိထား၍ ဖြစ်သည်။ ဤမိန်းကလေးက ထူးခြားစွမ်းအားများရှိသည့် နတ်မိမယ်လေး မဟုတ်ဘဲ ရှန်ထျန်းလောက်ပင် သတ္တုရိုင်းတုံး အကဲဖြတ်နိုင်စွမ်း မရှိသည့် လူလိမ်တစ်ယောက် ဖြစ်နေလေသည်။
အရှင်းဆုံးပြောရလျှင် သူက ဝိညာဉ်နတ်မိမယ်လေးအား ဖော်ထုတ်မိသွားနိုင်သည်။
………….....
ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းရှေ့မှောက်အထိ ယဉ်ကျေးသိမ့်မွေ့စွာ လျှောက်လှမ်းလာလိုက်သည်။
သူမက သူ့အား ခါးခါးသီးသီး ကြည့်လိုက်သည်။
သူမက ရှန်ထျန်းကို မှတ်မိသွား၍ ခါးခါးသီးသီး ကြည့်လိုက်ခြင်း ဖြစ်၏။
ရှန်ထျန်း၏ ရုပ်ရည်ကား တာအိုဝတ်ရုံ လဲဝတ်ကာ နှုတ်ခမ်းမွေးအတု တပ်လိုက်ရုံမျှဖြင့် ရုပ်ဖျက်၍ ရသည့် ရုပ်ရည်မျိုး မဟုတ်ချေ။
ဝိညာဉ်နတ်မိမယ်လေးက အသက်ပြင်းပြင်းရှုကာ နုနုရွရွ မေးလိုက်သည် “ ရှင်ကိုး ”
ရှန်ထျန်းက အတော်လေး အံ့အားသင့်သွားသည်။
သူမက ငါ ရုပ်ဖျက်ထားတာတောင် မှတ်မိတယ်လား … ဒါက အမျိုးသမီးတွေရဲ့ အာရုံခြောက်ပါးထဲက တစ်ခုလား …
ရှန်ထျန်းက သူ့ဇာစ်မြစ်ကို မငြင်းပေ။ သူက ခဏတာ တွေးလိုက်ပြီးနောက် ပြုံးကာ “ ဟုတ်တယ် … ကျွန်တော်ပဲ ”
အရိုးသားဆုံးပြောရလျှင် ရှန်ထျန်းအနေနှင့် ဝိညာဉ်နတ်မိမယ်လေးအပေါ် ဘာခံစားချက်ဆိုးဆိုးရွားရွားမှ မရှိခဲ့ပေ။ ကျင့်ကြံရေးလောက၌ သူမနေရာ ရှာဖို့ ကြိုးစားနေသည့် မိန်းမငယ်လေးတစ်ယောက်အနေနှင့် နေရာတစ်ခုရဖို့ရာ မလွယ်ကူကြောင်း အကျိုးအကြောင့်သင့်ပေသည်။
ဝိညာဉ်နတ်မိမယ်လေးက ဟန်ဆောင်သရုပ်ပြ ဖြစ်နေသော်လည်း သမာသမတ်မရှိသည့် သူဌေးများနှင့် ရင်ဆိုင်ကာ သူမ ကျင့်ဝတ်ကို ထိန်းထားနိုင်ဆဲ ဖြစ်၏။ ဤသည်ကတင် လေးစားဖို့ ကောင်းလှသည်။
ရှန်ထျန်း၏ လက်ရှိ စီးပွားရေးအခြေအနေမှာ သူမကို အတုခိုးခြင်းမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပါလော။
သူက ဝိညာဉ်နတ်မိမယ်လေးအပေါ် အမြင်ကောင်းကောင်း ရှိထားခဲ့သော်လည်း သူမရုပ်ရည်နှင့် သွင်ပြင်တို့ကလည်း ထိုအမြင်ကောင်း၌ နေရာကြီးကြီးမားမား ယူထားလေသည်။
…………....
ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေးအပေါ် အမြင်ကောင်း ရှိထားသော်လည်း သူမအနေနှင့် ထိုကဲ့သို့ မဟုတ်ခဲ့ချေ။
ယမန့်နေ့က ဝိညာဉ်နတ်မိမယ်လေးအနေနှင့် ရှန်ထျန်းတစ်ယောက် သူဌေးလေးစုန့်အား အသေရိုက်ခဲ့သည်ကို မြင်ကာ အထိတ်တလန့် ဖြစ်မိဆဲ ဖြစ်၏။
ရှန်ထျန်းက “ ရှန်အောင်း ” အမည်သုံးကာ သူဌေးလေးစုန့်ကို ခြိမ်းခြောက်ခဲ့သော်လည်း ဝိညာဉ်နတ်မိမယ်လေးက သူ့ဆေးဖိုးဝါးခအဖြစ် ဝိညာဉ်ကျောက်တုံး ငါးဆယ် ပြန်ပေးလိုက်ရသေးသည်။
အကြောင်းမှာ ရှန်ထျန်းက မိန်းမပျိုလေးအား ကယ်တင်ပေးပြီးနောက် ထွက်သွားခဲ့လေရာ သူ ယခင်ပြောခဲ့သော သူမကို ကာကွယ်ပေးလိုသည်က အမှန်ဟုတ် မဟုတ် မည်သူကများ သိမည်နည်း။
ဒီငနဲက အပျော်သဘော လျှောက်ပြောကာ သူမကို ကာကွယ်ပေးလိုစိတ် လုံးဝ ရှိမနေခဲ့ရင် ဘယ်လိုလုပ်မလဲ …
သူမကသာ စုန့်မိသားစုကို ရန်စမိသူ ဖြစ်မသွားလေဘူးလား …. သူမအနေနှင့် ဘယ်လိုများ အသက်ရှင်နေထိုင်ရတော့မည်နည်း။
သည်အဖြစ်အပျက်ကြောင့် ဝိညာဉ်နတ်မိမယ်လေးက ကောင်းကောင်းပင် မအိပ်နိုင်ခဲ့ချေ။
ယနေ့ သူမ ရောက်လာသည့်အခါ ဦးဆုံးကြားလိုက်ရသည်က သူမ ပရိတ်သတ်များနှင့် တခြားလူများ ရန်ပွဲသတင်း ဖြစ်နေသည့် သတင်းကို ဖြစ်သည်။
အစပိုင်းတွင် ဝိညာဉ်နတ်မိမယ်လေးက ကိစ္စများကို ဝင်ရောက် ဖြန်ဖြေလိုခဲ့၏။
သို့သော်လည်း သူမ ဇာမဏီဝိညာဉ်ပြခန်းဆီသို့ ရောက်လာသည့်အခါ ဆရာနတ်မင်း ဆိုသူအား မြင်တွေ့လိုက်ရသည်။ ရှန်ထျန်းက တာအိုဝတ်ရုံ ဝတ်ဆင်ထားကာ အတုအယောင်နှင့် တူနေသော်လည်း ဘေးပတ်လည်တွင် မိန်းကလေးများစွာ ဝန်းရံနေလေ၏။ ဤကိစ္စကို ဝိညာဉ်နတ်မိမယ်လေး အခဲမကြေခြင်း ဖြစ်၏။
…………...
ဒီလူက စကားပြောဖို့တောင် စက်ဆုပ်ဖို့ ကောင်းတယ် …
သူဌေးလေးစုန့်ကို ထုရိုက်ခဲ့တာက သူ… ဒါပေမဲ့ ငါက တစ်လစာ ဝင်ငွေကို ဆေးဖိုးဝါးခအဖြစ် ပြန်ပေးလိုက်ရတယ် …
အဲ့ဒါကထားပါ… ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ …
ဒါပေမဲ့ သူ့ကို အကုန်ဖွင့်ဟဝန်ခံလိုက်ပြီးတဲ့နောက်မှာ ငါ့စီးပွားရေးအတိုင်း လိုက်တုပ လုပ်နေတယ်ပေါ့လေ … ဒါက မလွန်လွန်းဘူးလား … သူက ရုပ်ချောနေရင်တောင် လုံးဝ ခွင့်မလွတ်နိုင်စရာပဲ …
………….....
တကယ်တော့ ….
ရှန်ထျန်းတစ်ယောက် ဝိညာဉ်ပြခန်းများနှင့် အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ်လိုက်သည့် ကိစ္စအား ဝိညာဉ်နတ်မိမယ်လေးအနေနှင့် များများစားစား ကန့်ကွက်မှု မရှိပေ။
အကြောင်းကား သူမ၏ အဓိကပစ်မှတ်မှာ အမျိုးသား ဈေးဝယ်သူများ ဖြစ်ပြီး ရှန်ထျန်း၏ ပရိတ်သတ်များကား အမျိုးသမီးအများစု ဖြစ်နေ၍ ဖြစ်သည်။
သူတို့နှစ်ယောက်ကား ပစ်မှတ် မတူကြ၍ ဤနယ်ပယ်၌ တစ်ယောက်နှင့် တစ်ယောက် အနှောင့်အယှက်မရှိ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း အလုပ်တွဲလုပ်နိုင်ပေမည်။
တစ်ယောက်ချင်းစီကလည်း တခြားတစ်ယောက်အကြောင်း သိ၏။ ထို့ကြောင့် နှစ်ဦးနှစ်ဖက် မရှင်သန်နိုင်သည့်အထိ ရုတ်ရုတ်သဲသဲ ဖြစ်စရာ မလိုပေ။
ပြဿနာကား ရှန်ထျန်းက ဝင်ငွေရှာလိုလျှင်ပင် တခြားဆိုင်များကို ရွေးချယ်ပါ့တော့လား …. ဇာမဏီဝိညာဉ်ပြခန်းက ငါနဲ့ အလုပ်တွဲလုပ်နေတာလေ ….
ဇာမဏီဝိညာဉ်ဆိုင်က သူဌေးမနဲ့ အလုပ်တွဲလုပ်ဖို့ သဘောတူထားပြီးပြီလေ …. အဲကြောင့် ဒီနေ့ ရောက်လာတာကို … အခုတော့ ရှင်က ဒီနေရာကို ရောက်လာတော့ ကျွန်မက ဘာဖြစ်သွားမလဲ …
ကျွေးတဲ့လက်ကို ပြန်မကိုက်ရဘူးလေ …
ထိုသို့တွေးကာ ဝိညာဉ်နတ်မိမယ်လေး၏ မျက်နှာက ဒေါသဖြင့် နီရဲလာလေသည်။ သူမအကြည့်ကား ယောကျ်ားတစ်ယောက် အပစ်ခံလိုက်ရသည့် သနားစဖွယ် မိန်းကလေးတစ်ယောက်နှယ် ဖြစ်နေသည်။
“ ရှင်ကြီးက လူယုတ်မာကြီးပဲ ”