သခင် ပြန်လည်တွေ့ဆုံပါတယ်
Vol. 71 Ch. 1413
ချက်ချင်းပင် အားဝေ့၊ ချင်းကျို၊ ယောင်ယောင်နှင့် အားဇီတို့သည် ရင်ထဲမှ လှိုင်းဂယက်များကဲ့သို့ ထွက်ပေါ်လာသော ခံစားချက်များကို ခုခံရင်း မျက်ရည်များကျလာကာ ပေထင်းဟွမ်အား တညီတညာတည်းပင် ဦးညွှတ်ကြ လေသည်။ သူတို့စောင့်ဆိုင်းရသည်မှာ ကြာလွန်း၍လားမသိပေ၊ ယနေ့ မြင်ကွင်းမှာ 'ထင်ယောင်ထင်မှား' ဖြစ်စေကာမူ နောက်စက္ကန့်ပိုင်းအတွက် သေရမည်ဆိုလျှင်တောင် နောင်တရစရာမရှိတော့ပေ။
နူးညံ့သောအင်အားတစ်ခု ပျံ့လွှင့်လာပြီး သားရဲ ၅ ကောင်အား ထူပေး လေသည်။ ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ဖန်ချန်းသည် ရွှေရောင်ဆံပင်၊ ရွှေရောင်မျက်အိမ်နှင့် ငယ်ရွယ်ပြီးချောမောသည့်လူငယ်ဖြစ်သည်။ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အားဝေ့သည် အပြာရောင်ဖန်သား မျက်လုံးများဖြင့် ပေထင်းဟွမ်အား မယုံကြည်နိုင်သောမျက်လုံးများဖြင့် ကြည့် နေသည်။
ချင်းကျိုသည် ရှည်လျားသောမြစ်ကဲ့သို့ ငွေရောင်ဆံပင်ရှိပြီး ရှည်လျား သောဆံပင်ကို တစ်ဝက်ချည်နှောင်ထားသည်။ နဖူးတွင် သလင်းကျောက်ပုံစံ မြေခွေးမျက်လုံးရှိပြီး သူမ၏ တတိယမျက်လုံးကဲ့သို့ ထူးဆန်းစွာ တောက်ပနေ သည်။ ထို့နောက် ပေထင်းဟွမ်အား ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်ကာ ငွေရောင်ဝတ်ရုံသည် တမလွန်နန်းတော်တွင် ဖြန့်ကျက်နေ၏။
ရွှေရောင်ဝတ်ရုံ၊ ရွှေရောင်ဆံပင်ရှည်၊ ရွှေရောင်မျက်အိမ်၊ အနီရဲရဲ ဇာမဏီ မျက်လုံးများရှိကာ ထူးခြားသည့်ညှို့ဓာတ်နှင့် ဆွဲဆောင်မှုအနည်းငယ်ရှိပြီး ပေထင်းဟွမ်အား နောက်တစ်ခေါက်ပြန်မကြည့်ရအောင် ထိန်းချုပ်ထားရသည့် ပင်ဖုန်းထက်ပင် ဇာမဏီသွေးသားပါဝင်သော မိန်းကလေးသည် ယောင်ယောင် ဖြစ်သည်။
အားဇီသည် ခရမ်းရောင်ဆံပင်၊ ခရမ်းရောင်မျက်အိမ်နှင့် ခရမ်းရောင် ဝတ်ရုံဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိသည့်အလှတရားရှိသည်။ အားဇီသည် ခြင်္သေ့ဘုရင်လေးကို မွေးဖွားခဲ့သူဖြစ်သည်။
နှစ်ပေါင်းထောင်ချီကြာအောင် တမလွန်နန်းတော်ကျိန်စာ၏ စွမ်းအား လုယူမှု၊ မြူခိုးမည်း၏တိုက်စားခြင်းကိုခံရသဖြင့် မင်းသမီးဟွမ်ကျို့၏ တစ်ချိန်က အားကောင်းခဲ့သော သားရဲအဖွဲ့သည် ယခုအခါ လက်တစ်ဆုပ်စာ ၅ ကောင်သာ ကျန်တော့လေသည်။
ထိုအခိုက်အတန့်တွင် သူမများစွာ သည်းခံလျှင်တောင် သူမ၏အရင် လက်တွဲဖော်သားရဲများသည် လူသားမဟုတ် တစ္ဆေမဟုတ် အနေအထားနှင့် ယခုချိန်ထိ အားတင်းတောင့်ခံနေရသည်ကိုကြည့်ပြီး ပေထင်းဟွမ်သည် ရင်ထဲမှ ခံစားချက်ကို ချုပ်တည်းရန် ခက်ခဲလှသည်။
ယခုအချိန်သည် ရင်ဖွင့်နေရမည့်အချိန်မဟုတ်ပေ။ သူမသည် ဒေါသကို ထုတ်ပြရန် အရည်အချင်းမပြည့်မှီပေ။ သူမကိုယ်သူမ ထိန်းချုပ်ရမည်ဖြစ်ကာ ဝိညာဉ်နတ်ဘုရားများနှင့် ရင်ဆိုင်ရချိန်တွင် ဒေါသကို ချုပ်တည်းခဲ့ရသည်။
အားကောင်းမှုသည် ထိုနည်းလမ်းအတိုင်း ယူသင့်သည်။
ပေထင်းဟွမ်၏မျက်လုံးများသည် သားရဲ ၅ ကောင်ဆီသို့ရောက်နေပြီး တစ်ကောင်ချင်းစီကိုကြည့်ပြီးနောက် လက်မြှောက်ကာ အသွင်ပြောင်းထား သည့် သားရဲများ၏လက်ကိုယူကာ ဆုပ်ကိုင်လိုက်သည်။ တစ်ကောင်ချင်းစီနှင့် အကြည့်ချင်းဆုံပြီးနောက် နောက်ဆုံးတွင် ခိုင်မာသောအတွေးနှင့်ပြောလိုက် သည် “မင်းတို့က တစ်ချိန်က ငါ့သားရဲတွေဖြစ်ခဲ့ကြတယ်၊ အခု ငါ့သားရဲဖြစ်ချင် ကြလား အနာဂတ်ထိ ထိန်းသိမ်းသွားကြမယ်”
ပေထင်းဟွမ်သည် သူတို့ကို စွန့်ပစ်သွားလိမ့်မည်၊ ငြင်းဆန်ကာ တခြားသူ နှင့် စာချုပ်တည်ထောင်ခိုင်းလိမ့််မည်ဟု သားရဲ ၅ ကောင် တွေးထားခြင်းမရှိ ပေ။ သို့သော် ဤအခိုက်အတန့်တွင် ပေထင်းဟွမ်သည် သူတို့၏ကံတရားနှင့် ချိတ်ဆက်သည့် သစ္စာကဲ့သို့ စကားကိုကြားလိုက်ရသဖြင့် တစ်ဦးတည်းသော သားရဲအထီးဖြစ်သည့် ဖန်ချန်းအပါအဝင် သားရဲ ၅ ကောင်တို့သည် မျက်ရည် ကျမိကြလေသည်။
“သခင် ငါတို့မင်းကို ဘယ်လောက်လွမ်းနေရလဲဆိုတာ သိရဲ့လား”
အားဝေ့သည် မအောင့်နိုင်တော့ဘဲ ပေထင်းဟွမ်၏ လက်ကိုလွှတ်ကာ ပွေ့ဖက်လေသည်။ ယောင်ယောင်နှင့်တခြား သားရဲအမတို့သည်လည်း ခံစား ချက်ကို မဖိနိုင်တော့ဘဲ ပွေ့ဖက်လေသည်။ တိတ်ဆိတ်ခြောက်သွေ့သော ဤ တမလွန်နန်းတော်တွင် ငိုရှိုက်သံများသည် ပေထင်းဟွမ်၏ မျက်လုံးကို မျက်ရည် များဖြင့် ပြည့်သွားစေသည်။