← Chapters

မင်း ဘာလိုချင်လို့လဲ

Vol. 1-5 Ch. 29

မင်း ဘာလိုချင်လို့လဲ

Vol. 1-5 Ch. 29

အခန်း (၂၉) : မင်း ဘာလိုချင်လို့လဲ

လူယုတ်မာကြီးတဲ့ …

ဝိညာဉ်နတ်မိမယ်လေးက ထိုစကားများကို ပြောလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။

ဘေးပွဲကြည့် ပရိတ်သတ်အားလုံး၏ အာရုံက သူတို့နှစ်ယောက်ဆီ ရောက်ရှိလာပြီး အားလုံးက လေထုထဲမှ အတင်းအဖျင်း အငွေ့အသက်များကို ခံစားမိနေကြသည်။

ရှင်ကိုး တဲ့လား ….

ကျွန်တော်ပဲ တဲ့ …

ရှင်ကြီးက လူယုတ်မာကြီး တဲ့ …

ဝိညာဉ်နတ်မိမယ်လေးနှင့် ဆရာနတ်မင်းတို့ စကားဝိုင်းကို ပြန်စဉ်းစားမိသွားကြသည်။

ထိုစကားအသွားအလာနှင့်အတူ ဝိညာဉ်နတ်မိမယ်လေး၏ မျက်နှာထားအရ …

အိုး …  သူတို့ကြား တစ်ခုခုတော့ ရှိကို ရှိရမယ် ..

ရှန်ထျန်း ဘေးနားရှိ အမျိုးသမီးအားလုံးကလည်း ဖြစ်နိုင်ခြေ ဇာတ်ကြောင်းအားလုံးကို ချက်ချင်း တွေးမိသွားကြသည်။

“ ဝိညာဉ်နတ်မိမယ်လေးနဲ့ ဆရာနတ်မင်းတို့က အရင်ကတည်းက သိကျွမ်းပြီးသားလို့ ဘာလို့ ခံစားမိနေပါ့လိမ့် ”

“ သူတို့က သိကျွမ်းတာထက်ကို ပိုတာ သေချာပါတယ်အေ … သူမရဲ့ မျက်နှာထားကို ကြည့်ပါလား။ သူတို့နှစ်ယောက်ကြားမှာ ဝမ်းနည်းစရာ အချစ်ဇာတ်လမ်းလေး ရှိခဲ့တာ နေမယ် ”

“ ဝိညာဉ်နတ်မိမယ်လေးက ကိုကိုနတ်သားလေးနောက် လိုက်တာကို အငြင်းခံလိုက်ရတာများလား ”

“ ဟီးဟီး ဖြစ်နိုင်တယ် … တို့ ကိုကိုနတ်သားလေးရဲ့ ရုပ်ရည်က ထိပ်တန်းပဲလေ ”

“ ဒါမှမဟုတ် ဝိညာဉ်နတ်မိမယ်လေးက ကိုကိုနတ်သားလေးနဲ့ အတူတူ အိပ်ပြီးတော့ အပစ်ခံလိုက်ရတာများလား … ငါ ဒီကိစ္စအထိ တွေးမိသွားပြီ ”

“ ဒါပေမဲ့ ကိုကိုနတ်သားလေးက အရမ်းချောနေတော့ သူနဲ့ အိပ်ရပြီး အပစ်ခံရရင်တောင် ကိစ္စမရှိပါဘူးလေ ”

…………....

ဝိညာဉ်နတ်မိမယ်လေးက ဘေးစကားကို ကြားသည့်အခါ ပို၍ ဒေါသထွက်လာမိသည်။

သူနဲ့ အိပ်ပြီးတော့ အပစ်ခံလိုက်ရတာတဲ့လား …. ဟဲ့ ငါက သန့်ရှင်းစင်ကြယ်တဲ့ မိန်းကလေးပါနော် …

ဝိညာဉ်နတ်မိမယ်လေးက ထပ်သည်းမခံနိုင်တော့ဘဲ ရှန်ထျန်းပေါ် ခုန်အုပ်တော့မည့်ဆဲဆဲတွင် ဇာမဏီဝိညာဉ်ပြခန်း သူဌေးမယွီက အချိန်ကိုက် ရောက်ရှိလာလေသည်။

သူမ၏ မကျေနပ်ချက်များကို ရုတ်သိမ်းကာ သူဌေးမယွီအား ဆွဲ၍ အသံတိုးတိုးဖြင့် မေးလိုက်သည်  “ အစ်မယွီ… ကျွန်မတို့ အလုပ်အတူတူလုပ်ဖို့ သဘောတူထားတာ မဟုတ်ဘူးလား ”

သူဌေးမယွီက ဦးနှောက်ခြောက်ဟန်ဖြင့်  “ ဟုတ်တယ်လေ ”

“ အဲဒါဆို ဒီကောင်စုတ်ကိုရော ဘာလို့ ခေါ်ထားတာလဲ … ကျွန်မရဲ့ ထမင်းအိုးကို ခွဲဖို့များ စိတ်ကူးနေတာလားရှင် ”

သူဌေးမယွီက ငိုရမည်လား ရယ်ရမည်လား မသိတော့ပေ  “ ဆရာနတ်မင်းလား … သူ့ကို မဖိတ်ထားပါဘူး ”

ဝိညာဉ်နတ်မိမယ်လေးက မဲ့ရွဲ့သွားကာ  “ ဆရာနတ်မင်းတဲ့လား … အစ်မယွီကတောင် သူ့ကို ဆရာနတ်မင်းလို့ ခေါ်နေပြီလား ”

သူဌေးယွီက ခေါင်းညိတ်ပြလိုက်သည်။ သူမ ရှန်ထျန်းကို လှမ်းကြည့်လိုက်သည့် အကြည့်တွင် လေးစားမှုများ ကိန်းအောင်းနေလေ၏   “ ဟုတ်တယ်လေ … ဆရာရှန်က တကယ်ကို ဆရာနတ်မင်းပဲ ”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

“ ဘာလို့ မဖြစ်နိုင်ရမှာလဲ … ဒါနဲ့ နှစ်ယောက်သား  ကောင်းကောင်း သိနေကြတာလား ”

သူဌေးယွီက သိချင်စိတ်ကို ထိန်းမရတော့ဘဲ မေးလိုက်သည်  “ ဒီအစ်မကြီးကိုလည်း ဇာတ်ကြောင်းလေး ပြောပြပါဦး ”

“ ကျွန်မတို့ကြားမှာ ဘာမှမရှိဘူး ” ဝိညာဉ်နတ်မိမယ်လေးက အံကြိတ်ကာ  “ ကျွန်မ သူနဲ့တွေ့တိုင်း အမြဲတမ်း ကံဆိုးနေရတာပဲ ”

သူဌေးမယွီက ပြုံးကာ   “ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … အားလုံးက ဆရာနတ်မင်းနဲ့ ကံပါဖို့ မျှော်လင့်နေကြတာ ”

ထို့နောက် သူမက ဝိညာဉ်နတ်မိမယ်လေးအား ယခင်နှစ်ရက်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။

………………

ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းအကြောင်း ကြားလိုက်ရသည့်အခါ သူမတစ်ဘဝလုံးကား ပြက်လုံးတစ်ခုလားဟု မစဉ်းစားမိဘဲ မနေနိုင်တော့ချေ။

အရင်ဦးစွာ ရှန်ထျန်းက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ သခင်မလေး လီလျန်အာကို ဝိညာဉ်ကျောက်တုံး ငါးသိန်းဖြင့် ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ ရဖို့ ကူညီပေးခဲ့သည်။

နောက်တစ်ခေါက် သူက ကံပါသူ ခုနှစ်ယောက်အား သတ္တုရိုင်း ကူရွေးပေးခဲ့သည်။ အားလုံးက ဆယ်ဆမက အကျိုးမြတ် ရလိုက်ကြပြီး အကျိုးမြတ်အများဆုံးသူမှာ အဆတစ်ရာမက ရရှိသွားလေသည်။

ယခု သူက ၁၃ ယောက်မြောက် ကံပါသူအတွက် သတ္တုရိုင်းတုံး ရွေးပေးရန် ရောက်လာခြင်း ဖြစ်၏။

ဒီလူက သတ္တုရိုင်းတုံး ဘယ်လိုအကဲဖြတ်ရမယ်ဆိုတာကို သိနေတာလား …

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … တကယ် အကဲဖြတ်ဆရာတွေတောင် တစ်ရက်တည်းနဲ့ လူ ၂၀စာ ကြည့်မပေးနိုင်ကြဘူးမလား ….

တကယ်တော့ သတ္တုရိုင်းတုံး အကဲဖြတ်ခြင်းက စွမ်းအား အမြောက်အမြား လိုအပ်သောအရာ ဖြစ်သည်။

ထို့အပြင် ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းအား အရင်က တွေ့ခဲ့ဖူးလေရာ သတ္တုရိုင်းတုံး အကဲဖြတ်သည့်အကြောင်း နကန်းတစ်လုံးမှ မသိကြောင်း သေချာနေ၏။

ထိုသို့မဟုတ်ပါက သူမအား ထိုအချိန်ကတည်းက ဖော်ထုတ်ပြီးလောက်လေပြီ။ သူ့အနေနှင့် သူမအား နောက်ထပ် မေးခွန်းများ ထပ်မေးနေရန် မလိုတော့ပေ။

ဒီငနဲက ငါ့ကို လာလှောင်နေတာလား … သူက အကဲဖြတ်ပညာရှင် တကယ် ဖြစ်နေတာလား …

ဝိညာဉ်နတ်မိမယ်လေးက ထိုအကြောင်း တွေးမိသွားသည့်အခါ ပို၍ ဒေါသထွက်လာသည်။

ဂုဏ်သရေရှိ သတ္တုရိုင်းတုံး အကဲဖြတ်သူအနေနဲ့  ငါ့လို မိန်းကလေးကို လာလှောင်နေတာ မရှက်ဘူးလား…

………….....

သူမက သူ့ရှေ့၌ သူမဘာသာ အရူးလုပ်မိသည်ကို ပြန်တွေးမိကာ ဝိညာဉ်နတ်မိမယ်လေးက တစ်ကိုယ်လုံး မီးတောက် တောက်လောင်လာသလို ခံစားလိုက်ရသည်။

ရှန်ထျန်း၏ အပြုံးကြီးကို မြင်လိုက်ရသည့်အခါ ပို၍ စိတ်အခြေအနေ ဆိုးရွားလာသည်။

လာလှောင်နေတာလား … ရတယ်လေ … အခုကစပြီး  ရှင်နဲ့ ကျွန်မ ကမ္ဘာမကြေ ရန်သူတွေပဲ …

ဝိညာဉ်နတ်မိမယ်လေးအတွက် ရှန်ထျန်းအပြုံးက မီးတောက်ထဲ ဆီ လောင်းချလိုက်သလို ဖြစ်နေလေ၏။

သူမက နတ်မိမယ်လေး ပုံရိပ်ကို အချိန်များစွာ တည်ဆောက်ထားရခြင်းကြောင့်သာ မဟုတ်လျှင် သူမက ရှန်ထျန်းနှင့် တစ်ယောက်ချင်း သေသည့်အထိ ယှဉ်တိုက်ပြီးလောက်လေပြီ။

“ အစ်မယွီ …. ကျွန်မ ဒီနေ့တော့ နေလို့ မကောင်းလို့ သတ္တုရိုင်းတုံး မရွေးတော့ဘူး။ နောက်တစ်ခါမှ ရွေးကြတာပေါ့ ”

သူဌေးမယွီက ခေါင်းခါကာ  “ အင်း ကောင်းပြီလေ … ဆရာနတ်မင်း ရောက်လာပြီဆိုတော့ ဆိုင်က လာစည်ကားလာမဲ့ပုံပဲ ”

ဝိညာဉ်နတ်မိမယ်လေး :   “ …. ”

ဝိညာဉ်နတ်မိမယ်လေးက စီးပွားရေးအတွက် ဒေါသကို ချိုးနှိမ်ထားကာ အတင်းပြုံးပြလိုက်ရသည်။

“ ဒီနေ့ လင်းအာ နေလို့မကောင်းတော့ သွားလိုက်ပါဦးမယ် … ခွင့်ပြုပါဦးရှင် ”

ထို့နောက် သူမက လှည့်ထွက်သွားလိုက်သည်။ သို့သော်လည်း ဘေးပရိတ်သတ်များအတွက် သူမသည် တစ်စုံတစ်ခုမှ ထွက်ပြေးနေဟန် ပေါ်နေလေ၏။

ထိုစဉ် ဝိညာဉ်နတ်မိမယ်လေး၏ ထွက်သွားမှုက သူမနှင့် ရှန်ထျန်းတို့ကြားက ဆက်ဆံရေးကို ပို၍ အာရုံစိုက်စရာ ဖြစ်သွားစေသည်။

“ ဘာလား … ဝိညာဉ်နတ်မိမယ်လေးက ထွက်ပြေးသွားတယ်လို့ ဘာလို့ ခံစားမိနေပါ့လိမ့် ”

“ ငါလည်း အစတုန်းက မတွေးလိုက်မိဘူး။ အခုတော့ ဝိညာဉ်နတ်မိမယ်လေးနဲ့ ကိုကိုရှန်တို့က လူမသိတဲ့ ဇာတ်လမ်း ရှိနေတဲ့ပုံပဲ ”

“ ကွာစေ့ ရမယ်နော် … တစ်ယောက်ယောက် အဖြစ်အပျက်အစုံကို ပြောပေးနိုင်ကြမလားဗျို့။ သူတို့ဇာတ်ကြောင်းကို အရမ်းသိချင်နေလို့ပါ ”

“ ဟား ဟား  ရယ်ရတယ်။ သူတို့ကို ကြည့်ပါဦး … သူတို့ကသာ ဝိညာဉ်နတ်မိမယ်လေးကို ကြည့်နေကြတာ။ ဝိညာဉ်နတ်မိမယ်လေးကဖြင့် ကိုကိုနတ်သားလေးကို ကြိတ်ကြွေနေတာကိုး …. ကြည့်ရတာ သူမဘက်က တစ်ဖက်သတ်ထင်ပါတယ်အေ ”

“ ကိုကိုနတ်သားလေး… ဝိညာဉ်နတ်မိမယ်လေးကို လက်ခံလိုက်လို့ မဖြစ်ဘူးလား။ သူမနဲ့ အတူတူ အေးအေးချမ်းချမ်း နေပေးမယ်လေနော် … တို့က သဝန်မတိုတတ်ပါဘူး ”

……………...

ရှန်ထျန်း၏ အမျိုးသမီး အမာခံပရိတ်သတ်များက စိတ်အားတက်ကြွစွာ ဆွေးနွေးကုန်ကြသည်။

ထိုစဉ် ဝိညာဉ်နတ်မိမယ်လေ၏ အမျိုးသား ပရိတ်သတ်များက ခရမ်းသီးပုပ်အလား ညိုးနွမ်းနေကြသည်။ ဝိညာဉ်နတ်မိမယ်လေးက ထွက်သွားပြီ ဖြစ်ရာ သူတို့က မည်သို့ စကားပြိုင် ပြောရတော့မည်နည်း။

ရှန်ထျန်းက တစ်လျှောက်လုံး စိတ်နှင့်ကိုယ်နှင့် မကပ်သလို ဖြစ်နေလေ၏။

ငါက ဘယ်သူလဲ … ဒါက ဘယ်နေရာလဲ … ဘာဖြစ်သွားလိုက်တာလဲ

ရှန်ထျန်းအတွက် ဝိညာဉ်နတ်မိမယ်လေးအား “ ဟုတ်တယ် ကျွန်တော်ပဲ” လို့ နှုတ်ဆက်လိုက်ရုံမျှ ဖြစ်၏။ ဤသည်မှာ ပုံမှန်နှုတ်ဆက်မှုမျိုး မဟုတ်ပါလော။

ထိုအမျိုးသမီးက သူ့အား လူယုတ်မာကြီးဟု စွပ်စွဲကာ ထွက်ပြေးသွားလေသည်။

ဟေး… ထွက်မသွားခင် ဘာလို့ အော်ငေါက်ခဲ့သေးတာတုန်း …. ပြီးတော့ အကျိုးအကြောင်းလည်း မသင့်ဘူး …. မိန်းကလေးတွေက ဒီလိုပဲလား …

ရှန်ထျန်းက စိတ်အနှောင့်အယှက် ဖြစ်လာကာ ထိုအမျိုးသမီးအပေါ် အကောင်းမြင်စိတ်များ လျော့ကျသွားတော့သည်။

(- ၁)

(- ၁)

(- ၁)

.................

မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်နတ်မိမယ်လေးသည် ယာယီပြဿနာတစ်ခုမျှသာ ဖြစ်၏။

ကျန်ရှိနေသည့် နေ့တစ်ဝက်တာအတွက် ရှန်ထျန်းက ကံပါသူများအား သတ္တုရိုင်းတုံးများ ဖြည်းဖြည်းချင်း ဆက်လက် ကူရွေးပေးလိုက်သည်။

ကံပါသူ တစ်ယောက်ချင်းစီ၏ ရောင်ဝါက ဝိညာဉ်ကျောက်တုံးများ ရရှိပြီးနောက် တိုးတက်လာကြသည်။

တစ်ချိန်တည်းတွင် ရှန်ထျန်းခေါင်းအထက်ရှိ အနက်ရောင် ရောင်ဝါသည်လည်း ဖျော့လာကာ အဖြူကွက်များက နေရာကျယ်ပြန့်လာသည်။

ထိုအချက်မှလွဲ၍  “ ကံဆက်ပါစေဖို့ ပိုက်ဆံပေးခြင်း” ဆိုသည့် အစဉ်အလာသည်လည်း ကျယ်ပြန့်လာလေသည်။ တကယ်တော့ ကံပါသူအဖွဲ့က “နတ်မင်းအသင်းဝင်များ” အဖွဲ့ပင် ဖွဲ့စည်းထားပြီး အဖွဲ့၏ တစ်ခုတည်းသော စည်းမျဉ်းမှာ “ မည်သည့် အကျိုးအမြတ်ရရ၊ ဆရာနတ်မင်းအား ၅၀ ရာခိုင်နှုန်း ပေးအပ်ရန်” ဖြစ်၏။

ရှန်ထျန်းက ထိုအရာကို အလေးမထားသော်လည်း မထိရောက်သော သူ့ကန့်ကွက်ချက်မှာ လျစ်လျူရှုထားခံလိုက်ရပြီး အကျိုးအမြတ်ရလာသူများက သူတို့ဂိုဏ်းချုပ်မှာ ရှန်ထျန်း ဖြစ်ကြောင်းသာ ပြောနေကြသည်။

အရိုးသားဆုံးပြောရလျှင် သည်ဟာက ရိုးရာအစဉ်အလာ တချို့ကဲ့သို့ကို ဖြစ်နေလေပြီ။

အဆုံးသတ်၌ ရှန်ထျန်းက ကံပါသူများ ပေးလာသည့် ဝိညာဉ်ကျောက်တုံး တစ်သိန်းလေးသောင်းကို လက်ခံလိုက်ရုံသာ တတ်နိုင်တော့သည်။

မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက အရာအားလုံးမှာ ပိုကောင်းဖို့အတွက် ဖြစ်လာကြောင်း ခံစားမိ၏။

သူက လူအယောက် ၂၀ အား ကူညီပေးပြီးနောက် သတ္တုရိုင်းတုံး မရွေးတော့ဖို့ စိတ်ကူးထားသည်။ မှောင်နေပြီ ဖြစ်၍ သူသာ ဆက်ရွေးနေလျှင် ဝိညာဉ်ပြခန်း ပိုင်ရှင်များ၏ မျက်ရည်ပင်လယ်၌ လက်ပစ်ကူးရပေတော့မည်။

…………...

ရှန်ထျန်းက ပင်ပန်းစွာဖြင့် တည်းခိုဆောင်သို့ ပြန်လာလိုက်သည်။

သူက တံခါးဖွင့်လိုက်သည့်အခါ ရင်းနှီးပြီးသား လူတစ်ယောက်ကို မြင်လိုက်ရမည်ဟု မထင်ထားပေ။

ဝိညာဉ်နတ်မိမယ်လေး မျက်နှာထက်၌ အပြုံးများ ဝေဆာနေပြီး လက်ဖက်ရည်ကြမ်းခွက်ကို ကိုင်လာကာ ပျူပျူဌာဌာ နှုတ်ဆက်လိုက်လေသည် “ အစ်ကိုရှန်… အရမ်းပင်ပန်းလာမှာပဲနော်။ လင်းအာလေးက လက်ဖက်ရည်ကြမ်း ပြင်ဆင်ပေးထားတယ် သိလား… ရေငတ်ပြေအောင် သောက်လိုက်ပါဦး ”

ထိုမိန်းကလေးကို ကြည့်ကာ ရှန်ထျန်းက ရယ်ချင်လာမိသည်  “ မင်း ဘာလိုချင်လို့လဲ ”

All Chapters