အိမ်သို့ ပြန်လာခြင်း
Vol. 11 Ch. 152
ဘင်းမြို့တော်သို့ ရောက်ရှိပြီးနောက် သူတို့သည်လည်း သူတို့၏ နေရာအသီးသီးဆီသို့ ပြန်သွားကြကာ ပါမောက္ခ သုံးယောက်သည် နည်းပညာ တက္ကသိုလ်သို့ အပြေးအလွှားသွားကြသည်။ အခြားသော ပါမောက္ခများက လစ်ဟာနေသည့် အချက်အလက်များ၏ အကွက်များကို ဖြည့်ရန် စောင့်ဆိုင်းနေကြသည်။
ဖုန်းယွီက သူ့သူငယ်ချင်းများကို သူတို့၏ နေအိမ်များသို့ လိုက်ပို့လိုက်သည်။ ကျန်းမူဟွက သူ့သားအားတွေ့သည့် အခါ သူက ဖက်လိုက်ကာ ခေါင်းကို ပွတ်လိုက်သည်။ သူ မမြင်ရသည်မှာ အတော်ကြာပြီ ဖြစ်ကာ ဖုန်းယွီက အရပ်ရှည်လာသည့် ပုံပေါ်၏။
“ရှောင်ယွီ မင်းရဲ့ ယောက်ဖဆီက ကြားတာက မင်းက တရုတ်နိုင်ငံကို ကိုယ်စားပြုပြီး ဆိုဗီယက်ပြည်ထောင်စုက နွေရာသီ စခန်းကို သွားတက်ရတယ်ဆို”
ကျန်းမူဟွ၏ မျက်လုံးများက တောက်ပနေသည်။ ယင်းက ဂုဏ်ယူစရာ ကောင်းသည့် အချက်ပင် ဖြစ်ပေ၏။
ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ
“အဲလိုမျိုး စဉ်းစားလို့ ရကောင်းရနိုင်ပါတယ်”
“မင်းက ဘာပြောလိုက်တာလဲ။ ဒါက သေချာပေါက် ဂုဏ်ယူစရာပဲပေါ့။ မင်းက နိုင်ငံကို ကိုယ်စားပြု သွားခဲ့တာလေ။ ဒါက ကောင်းမွန်တဲ့အရာပဲ။ ချယ်ရီသီးတွေ အရင်စားထား။ အမေ အိမ်နီးချင်းတွေဆီ သွားလိုက်ဦးမယ်”
ကျန်းမူဟွက လက်ပြတ်ဆွယ်တာ အင်္ကျီကို ယူပြီးနောက် ထွက်သွားတော့၏။ ဖုန်းယွီက သူ့မိခင်၏ နောက်ကျောကို ကြည့်ရင်း ပြောစရာ စကား မဲ့သွားတော့သည်။ သူ့အမေသည်လည်း ကြွားဝါးရသည်ကို နှစ်သက်သည်ကို သူအရင်က သတိမပြုမိခဲ့ပေ။
ဖုန်းရှင်းထိုက်သည်လည်း သူ့သားပြန်လာသည်ဆိုသည့် သတင်းကို ရပြီးနောက် အစားအစာထုတ်လုပ်သည့် စက်ရုံမှ အိမ်ကို ပြန်လာတော့သည်။ ဖုန်းရှင်းထိုက်ဆီမှ ပထမဆုံး ထွက်လာသည့် စကားများသည် ဖုန်းယွီကို သတ်တော့မည် အရိပ်အယောင်ပါနေ၏။
“မင်းအစ်မဆီက ငါကြားခဲ့တာက အသုံးမဝင်တဲ့ ဝိဇ္ဇာတွဲကို မင်းရွေးခဲ့တာဆို"
“အဖေ ဉက္ကဋ္ဌမော်ကလည်း ဝိဇ္ဇာဘာသာရပ်ကို သင်ကြားခဲ့တာ။ ဝိဇ္ဇာဘာသာရပ်တွေက ခေါင်းဆောင်တွေ အတွက် သိပ္ပံဘာသာရပ်တွေက အလုပ်သမားတွေ အတွက်”
ဖုန်းယွီက မျက်လုံးကို တစ်ချက်မှိတ်ကာ ပြောလိုက်သည်။
“တကယ်ကြီးလား”
ဖုန်းရှင်းထိုက်က သံသယ မကင်း ဖြစ်နေသည်။ သို့သော် သူက အိမ်နီးချင်း ပြည်နယ်မှ မြို့တော်ဝန်တစ်ယောက်သည်လည်း ဘေကျင်းတက္ကသိုလ်တွင် ဝိဇ္ဇာတွဲကို သင်ကြားခဲ့သည်ဟု သူကြားခဲ့ဖူးသည်။
“သေချာတာပေါ့။ အဖေ့ရဲ့သားက နောက်ကျရင် မြင့်မြတ်တဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လာမှာ။ ဒီအတွက်ကြောင့် ကျွန်တော်က ဝိဇ္ဇာတွဲကို ရွေးချယ်လိုက်တာ။အဆိုးဆုံး အခြေအနေမှာ ဆိုရင်တောင် ကျွန်တော်က တော်တဲ့ ပညာရှင် တစ်ယောက်ဖြစ်မှာပေါ့”
ဖုန်းယွီက သူ့အဖေကို ဆက်ဖြီးလိုက်တော့သည်။
“အဓိပ္ပာယ်မရှိ ပြောမနေနဲ့ ဘာပညာရှင်လဲ။ ဘာပဲ ဖြစ်ဖြစ် အခု မင်းအရွယ်ရောက်လာပြီပဲ။ မင်းမှာ ကိုယ်တိုင်တွေးခေါ်နိုင်စွမ်းတွေ ရှိလာပြီ။ ကိုယ့်ရဲ့ အနာဂတ်လမ်းကို သေသေချာချာ ရွေးချယ်။ လမ်းမှား မရောက်စေနဲ့”
ဖုန်းရှင်းထိုက်က ဖုန်းယွီကိုချစ်မြတ်နိုးစွာဖြင့် ကြည့်ကာ ပြောလိုက်သည်။ ဖုန်းရှင်းထိုက် ထိုကဲ့သို့ ပြောသည်မှာ အလွန်ရှားပါးပေသည်။
“ဆိုဗီယက် ပြည်ထောင်စုရဲ့ နွေရာသီ စခန်းကနေ ကျွန်တော် အခုလေးတင် ပြန်လာခဲ့တယ်ဆိုတာ အဖေသိပြီးပြီလား”
ဖုန်းယွီက သူ့အဖေ၏ ချီးကျူးမှုကို စောင့်နေသည်။ သို့သော် အဘယ်ကြောင့် သူ့ဖခင်က အလွန်တည်ငြိမ်နေရသနည်း။
“ငါသိပါတယ်။မင်းရဲ့ အစ်မ ပြောပြီးပြီပဲ။မင်း တိုင်းပြည်ကို အရှက်ရစရာ ကိစ္စတွေကို မသယ်လာဖို့ ငါမျှော်လင့်ရတာပဲ”
ဖုန်းယွီက မျက်မှောင်ကျုံ့သွားသည်။ မိဘတိုင်းက သူတို့၏ သားသမီးများအတွက် အကောင်းဆုံးကိုယ်သာ မျှော်လင့်ချက် ပေးကြသည်။ သို့သော် အဘယ်ကြောင့် သူဖခင်က အရှက်ရစေသည့် အရာများကို ယူဆောင်ရသည်ဟု ခံစားနေရသနည်း။
မည်သို့ပင် ရွေးချယ်စရာမရှိ။ ဖုန်းရှင်းထိုက်က ဖုန်းယွီ၏ တွေးခေါ်မှုများသည် အလွန် ထူးဆန်းကာ လူအများကို ထိတ်လန့်အောင် အမြဲပြုလုပ်သည်ဟု အမြဲတမ်း ခံစားနေရသည်။ သူက သူ့သားအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုတွင် ဒုက္ခတစ်ခုခု တွေ့မည်ကို ဆိုးရိမ်သည်။ သူတို့နောက်ဆုံးအရင်တစ်ခေါက်က သူတို့ သောက်ခဲ့သည်ကို အမှတ်ရလိုက်သေးသည်။ ထိုစဉ်က ဖုန်းယွီက ဆိုဗီယက် ပြည်ထောင်စုသည် နှစ်နှစ်အတွင်း ပြိုကွဲတော့မည်။ နောက်ကျ ဆိုဗီယက် ပြည်ထောင်စု ရှိတော့မည် မဟုတ်ဟု အော်ခဲ့သည်။
ထိုအချိန်က ဖုန်းယွီ၏ စကားများသည် အလွန်တုန်လှုပ်စရာ ကောင်းသည်။ အဘယ်ကြောင့် ဆိုဗီယက် ပြည်ထောင်စုက ပျိုကွဲနိုင်မည်နည်း။ ဆိုဗီယက် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး ပိုင်ဆိုင်ထားသည်။ သူတို့သည် စက်မှုလုပ်ငန်းများနှင့် စက်ဖက်ဆိုင်ရာ စံနှုန်းများသည် အကောင်းဖြစ်ကာ အမေရိကန် ပြည်ထောင်စုနှင့် ရင်ဘောင်တန်းနိုင်သည်။ ထိုကဲ့သို့သော ဩဇာရှိသည့် နိုင်ငံက ဘယ်လိုလုပ်ပြိုကွဲနိုင်မည်နည်း။
ဖုန်းရှင်းထိုက်က ဖုန်းယွီကို ထိုအရာများအား အပြင်သို့ မပြောရန် သတိပေးလိုက်သည့် အကယ်၍ အခြားသူများ ကြားခဲ့လျှင် သူ့အနေဖြင့် ဒုက္ခလှလှတွေ့မည် ဖြစ်သည်။ ဖုန်းရှင်းထိုက် အတွေးတွင် ဖုန်းယွီက အမှန်တရားကို ပြောနေခြင်း ဖြစ်နိုင်ပေသည်။ အကြောင်းမှာ ဖုန်းယွီက ဆိုဗီယက်များနှင့် စီးပွားရေး လုပ်ကိုင်နေကာ သူတို့ထံမှ အတွင်းသတင်းများ ရခြင်းပင် ဖြစ်နိုင်ပေသည်။
သို့သော် မည်သို့ပင် ဖြစ်စေကာမူ ထိုကိစ္စရပ်များက တခြားသူများကို ထုတ်ဖော် မပြောသင့်သည့် ကိစ္စများပင် ဖြစ်ပေသည်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲကွဲ မကွဲကွဲ ထိုအရာများက တိုင်းပြည်ခေါင်းဆောင်များ၏ ပြဿနာများ ဖြစ်သည်။ သူတို့ကဲ့သို့ သာမန် အရပ်သားများက ဆွေးနွေးရန် မလိုအပ်ပေ။
“အဖေ ကျွန်တော် ဒီတစ်ခေါက် အဖေကို ဂုဏ်တက်စရာ ဖြစ်အောင် လုပ်ခဲ့တယ် မလား”
“ဟုတ်လား။ ဂုဏ်တက်အောင် ရေခဲငါးဖမ်းရင်းနဲ့ ရေခဲပေါက်ထဲကို ကျသွားတယ်ဆိုတော့ အရူးတစ်ယောက် အကြောင်းတော့ ဒေသတစ်ခုလုံး သိကြတယ်”
ဖုန်းရှင်းထိုက်က သူ့မျက်လုံးကို လျစ်လိုက်တော့သည်။
ဖုန်းယွီက
“....”
“မင်းအမေက ဘယ်မှာလဲ။ သူက ဟင်းမချက်သေးဘူးလား”
“အမေက အိမ်နီးချင်းတွေဆီ သွားနေတယ်။ ကျွန်တော် အထင် အမေက ပြန်လာဦးမှာ မဟုတ်သေးဘူး။ ဒါကြောင့် စက်ရုံကို နေ့လည်စာ သွားစားရအောင်။ ဪ ဟုတ်သား။ အဖေက စက်ရုံအနေနဲ့ ပဲပိစပ်ဆီ ထုတ်လုပ်တဲ့ အတွက် စက်တွေ ထပ်လိုတယ်လို့ ပြောခဲ့တယ်။ မဟုတ်လား။ ကျွန်တော် နောက်ထပ် ပဲပိစပ်ဆီ ထုတ်လုပ်တဲ့ လမ်းကြောင်းကို ဆိုဗီယက် ပြည်ထောင်စုကနေ ဝယ်ခဲ့တယ်။ အဲ့လမ်းကြောင်းက နောက်လကျ ရောက်လိမ့်မယ်”
ဖုန်းရှင်းထိုက်က အပျော်လွန်သွားသည်။ သူက ပဲပိစပ်ဆီ ထုတ်လုပ်ခြင်းကို မြင့်တင်ရန် စောင့်ခဲ့ရသည်မှာ ကာလကြာရှည်ပြီ ဖြစ်သည်။ သူဆီများသည် အခြားသော ဆီများထက် ပိုဈေးကြီးသော်ငြား လိုအပ်ချက်ကို ပြည့်မှီအောင် မဖြည့်စည်းသေးနိုင်သေးပေ။ ယင်းက အကျိုးအမြတ်ရသည့် စီးပွားရေး ဖြစ်သည့် အတွက် သူဘယ်လိုလုပ် လက်လွတ်ခံနိုင်မည်နည်း။ လူများက သူတို့ အနေဖြင့် ထိုက်ဟွ အဆင့်မြင် ဟင်းချက်ဆီ မဝယ်လိုက်နိုင်ဟုကြားတိုင်း ဖုန်းရှင်းထိုက်သည် သူ့ပိုက်ဆံများ အခြားသူ၏ အိပ်ကပ်ထဲကို ရောက်သွားသည်ဟု ခံစားရသည်။
ဖုန်းယွီက ယင်းထုတ်လုပ်သည့် လမ်းကြောင်းကို အသေးစားစက်မှုလုပ်ငန်းများကို ဈေးဝယ်ထွက်စဉ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သူသည် သူ၏ ဖခင်ကို အလုပ် မပင်ပန်းစေလိုပေ။ ယခုနှစ်နှောင်းပိုင်းတွင် လစာများများပေးကာ စီမံခန့်ခွဲရေး ဝန်ထမ်းများကို ခန့်အပ်ရန် ဆန္ဒရှိသည်။ သူ့မိဘများအား အေးအေးလူလူဖြင့် အနားယူစေချင်၏။
သူတို့၏ ထျန်ဖုန်းဝက်ခြံသည် ယခုနှစ်တွင် ဝက်အကောင်ရေ နှစ်ထောင် ထုတ်လုပ်နိုင်မည် ဖြစ်ကာ တောဝက်များလည်း အနည်းငယ်ရှိသေး၏။ ဝက်ပေါက်လေးများကိုလည်း လတိုင်း ထုတ်လုပ်နေကကာ ယခုလတွင် အကောင်ရေ နှစ်ထောင်ကျော် ရှိသည်။ ပထမ အသုတ်ဝက်များသည်လည်း ရောင်းချပြီးဖြစ်သည်။ ဖုန်းရှင်းထိုက်က သူ့ဝက်များကို ရောင်းချရန်အတွက် ဝယ်ယူသူများကို ရှာဖွေနေသည်။
ဖုန်းယွီက အရောင်းကိစ္စနှင့် ပတ်သတ်ပြီး မစိုးရိမ်ဖို့ ဖုန်းရှင်းထိုက်အား ပြောထားသည်။ ဘင်းမြို့တော်တွင်တောင် အနည်းဆုံး ဝက်အကောင်ရေ တစ်ထောင်ရောင်းရမည် ဖြစ်သည်။ မြို့အစွန်အဖျာများတွင်တောင် နေထိုင်သည့်သူ ဆယ်သန်းရှိပေသည်။ သူ့အနေဖြင့် ဝက်သားရောင်းချခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်း မရှိပေ။
အကယ်၍ သူ့အနေဖြင့် သူနေထိုင်သည့် ပြည်နယ်တွင်မရောင်းချနိုင်လျှင်တောင် လင်းပြည်နယ်တွင် ရောင်းချနိုင်ပေ၏။ လင်းပြည်နယ်သည် ဘင်းမြို့တော်၏ အနီးတွင် ရှိကာ သယ်ယူပို့ဆောင်ရေး စရိတ်သည်လည်း များများစားစား မရှိပေ။ ထိုက်ဟွ အစားအသောက် ထုတ်လုပ်သည့် စက်ရုံ၏ တိရစ္ဆာန်အစာများကို လင်းပြည်နယ်တွင် ရောင်းချပြီး ဖြစ်ကာ ထိုရောင်းချမှုက သူတို့ ထုတ်လုပ်မှု၏ သုံးဆယ်ရာခိုင်နှုန်းကျော် ဖြစ်သည်။ တိရစ္ဆာန်အစာ ရောင်းချရာမှ အမြတ်သည် ပဲပိစပ်ဆီ ရောင်းချသည်ထက်ပင် များလေသည်။
ထိုက်ဟွ အစားအစာထုတ်လုပ်သည့် စက်ရုံသည် ကောင်းကောင်းဖွံ့ဖြိုးနေကာ စက်ရုံတွင် ရင်းနှီး မမြှပ်နှံလိုက်ရသည့် လူများသည်လည်း နောင်တကြီးစွာ ရနေကြသည်။ သူတို့ထဲမှ အများစုက ဖုန်းရှင်းထိုက်ဆီသို့ ရှယ်ယာများကို ဝယ်ယူရန် ဖုန်းရှင်းထိုက်ဆီသို့ ချည်းကပ်သည်။ သို့သော် သူတို့ အားလုံး အငြင်းခံလိုက်ရ၏။
လက်ရှိတွင် ထိုက်ဟွ စက်ရုံအနေဖြင့် ရံပုံငွေ ပြတ်တောက်ခြင်းမျိုးမရှိပေ။ ယခင်နှစ်အတွက် ခွဲတမ်းများ ပေးအပ်ခြင်းက သက်သေပြခြင်းပင် ဖြစ်သည်။
အစောပိုင်းက ရင်းနှီးမြှပ်နှံ့သည့် သူတစ်ဦးသည် ခွဲတမ်းဖြင့်ပင်လျှင် သူတို့ လယ်စိုက်သည့် အကျိုးအမြတ်နှင့် အတူတူပင် ဖြစ်သည်။ ထိုလူများသည် သက်တောင့်သက်သာဖြင့် အနားယူနိုင်တော့မည် ဖြစ်သည်။
သေချာသည်မှာ သူတို့၏ ရင်းနှီးမြှပ်နှံမှုကို နှုတ်ထွက်လိုက်သည့် လူအချို့လည်း ရှိပေသည်။ ဝမ်တုန့်ကျွင်း၏ ဖခင်သည် သူတို့ထဲမှ တစ်ယောက် ဖြစ်ပေ၏။ သူက လက်ထောက်စိုက်ပျိုးရေး အရာရှိ အဖြစ် ရာထူးတိုးခံရပြီးနောက် ရင်းနှီးမြှပ်နှံမှုမှ နှုတ်ထွက်ရန်အတွက် ဖိအားပေးခြင်း ခံခဲ့ရသည်။ သို့သော် ဝမ်မိသားစုသည် အမြတ်ကြီးကြီးမားများ ရခဲ့ပြီ ဖြစ်သည်။
ထိုက်ဟွ စက်ရုံတွင် နေ့လည်စာစားပြီးနောက် ဖုန်းယွီက ဝမ်တုန့်ကျွင်းအိမ်ကို သွားခဲ့သည်။ သူ ဝမ်တုန့်ကျွင်း အိမ်သို့ ရောက်သည်နှင့် သူက ဝမ်တုန့်ကျွင်း၏ ကြွားလုံးများကို ကြားလိုက်ရသည်။
“နွေရာသီစခန်းမှာ ရှိတဲ့ ကျောင်းသား တစ်ယောက်မှ မထရဲကြဘူး။ ဒါပေမဲ့ ငါက ထလိုက်တယ်။ ငါ့ရဲ့ အသံကောင်းကောင်းနဲ့ သီချင်းတစ်ပုဒ်ကို ဆိုလိုက်တယ်။ နောက်ထပ် ဆိုဖို့ တောင်းဆိုကြတယ်။ နိုင်ငံခြားက ကျောင်းသားတွေက အလွန် အံ့ဩနေတယ်။ မင်းသိလား အဲဒီ အချိန်ကလေ....”
အဟွတ်
ဖုန်းယွီက သူ့လည်ချောင်းကို ရှင်းလိုက်သည်။ စခန်းတွင် ထိုကဲ့သို့ အပြုအမူမျိုး လုပ်ခဲ့သည်ကို သူအဘယ်ကြောင့် မသိရသနည်း။ သီချင်းဆိုခဲ့တာလား။ သူတို့ အခြားနိုင်ငံမှ ကျောင်းသားများနှင့် သီချင်းအတူတူ ဆိုစဉ်ကတောင် သူ အသံ တစ်သံမှ မထွက်လာခဲ့ပေ။
သူက ဖုန်းယွီအထဲဝင်လာသည်တိုင် သူ့ကြွားလုံးက မရပ်တန့်သွားပေ။ သူက ဖုန်းယွီကို လက်ညှိုးထိုးလိုက်ပြီး
“ငါပြောတာ မယုံဘူးဆိုရင် ဖုန်းယွီကို မေးလို့ရတယ်။ သူက ငါပြောတာကို သက်သေပြလို့ရတယ်”
ထိုသို့ပြောပြီးနောက် ဖုန်းယွီကို မျက်တောင် ခတ်ပြလိုက်တော့သည်။
‘ဟာ ဘယ်လောက်တောင် အရှက်မရှိတာလဲ။ ငါက မင်းရဲ့ ကြွားလုံးကိုတောင် ကူညီပေးရဦးမှာလား။’
“သူပြောတာက အမှန်ပဲ။ ဝမ်တုန့်ကျွင်း အဲ့မှာ ရှိနေလို့ပေါ့ မဟုတ်ရင် ငါတို့တွေ အရှက်ရစရာတွေ ဖြစ်တော့မှာ။ တုန့်ကျွင်း ငါတို့တွေ ပင်ပေါင်ကစားမယ်လို့ ပြောခဲ့တယ်လေ။ ငါတို့တွေ မသွားသေးဘူးလား”
ဝမ်တုန့်ကျွင်းက အနည်းငယ် စိတ်နောက်သွားသည်။ ဘယ်အချိန်က သူပင်ပေါင်ကစားချင်သည်ဟု တွေးခဲ့သနည်း။ အိမ်နီးချင်းများ အားလုံးက သူအိမ်တွင် စုဝေးနေပြီး သူ့ဇာတ်လမ်းများကို နားထောင်နေသည်ကို ဖုန်းယွီ မမြင်ဘဲ နေမည်လော။
“ငါမသွားတော့ဘူး။ မင်းပဲ သွားလိုက်တော့။ နှုတ်ဆက်ပွဲ အကြောင်းပြောဖို့ ကျန်သေးတယ်”
ဖုန်းယွီက
“....”
ဖုန်းယွီအနေဖြင့် ငါးမျှားထွက်နိုင်သေးသည်။ သူ့အဖေသည်လည်း သေချာပေါက် လိုက်မည် ဖြစ်သည်။