← Chapters

မြေမှုန့်များအဖြစ် နေရာချပြီး

Vol. 12 Ch. 166

မြေမှုန့်များအဖြစ် နေရာချပြီး

Vol. 12 Ch. 166

“စုန့်လောင်စီ မင်းခုခံ ချေပနေတာတွေကို ရပ်လိုက်တော့။ ငါတို့တွေက မင်းအမှန်အတိုင်း ရိုးရိုးသားသားနဲ့ ဝန်ခံမယ်ဆိုရင် လျော့ပေါ့သက်ညှာမှုပေးမှာ။ ပြီးတော့ မင်းကဆက်ပြီးတော့ ငြင်းဆန်နေအုံးမယ် ဆိုရင်တော့ ငါတို့က စည်းကမ်းကို ပိုကြပ်မတ်ရမှာပဲ။ ငါ့ကိုယ်ငါ ထပ်မပြောချင်တော့ဘူးနော်။ တိတ်ဆိတ်နေခြင်းကလည်း အသုံးဝင်တာ မဟုတ်ဘူး။ ငါတို့တွေက အချိန်တစ်ခုအထိ သက်သေတွေကိုလည်း စုဆောင်းပြီးသွားပြီ။ အဲ့ဒီစုဆောင်းထားတဲ့ သက်သေတွေက မင်းကိုမလှုပ်နိုင်အောင် ချုပ်ထားလို့ရတယ်။ ”

“ရဲအရာရှိချုပ်ကျန်း တကယ်တော့ ကျွန်တော်က ရဲတွေအတွက် ပုန်းလျိုးကွယ်လျိုးနဲ့ အလုပ်လုပ်ပေးနေတာ။ ကျွန်တော်က ခြေကျိုးဝမ့် အစ်ကိုကီနဲ့ အနောက်တိုင်း ပေါက်စီတို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် သက်သေတွေကို စုဆောင်းပေးနေတယ်။ ”

စုန့်လောင်စီက ရုတ်တရက် ပြောလိုက်သည်။

ရဲအရာရှိချုပ်ကျန်းက မျက်ခုံးပင့်တင်လိုက်ကာ

“မင်းဘာပြောလိုက်တာလဲ။ ”

စုန့်လောင်စီက ရဲတွေအတွက် ပုန်းလျိုးကွယ်လျိုးနဲ့ အလုပ်လုပ်ပေးနေတာလား။ ဘယ်လို ဟာသမျိုးပါလိမ့်။ ဂိုဏ်းချုပ်၏ သူဌေးတစ်ယောက်က ပုန်းလျိုးကွယ်လျိုးနဲ့ လုပ်ပေးတယ်ဆိုတာ မည်သည့်အခါကမှ ရှိခဲ့သည့် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပေ။

“ကျွန်တော် ရဲအရာရှိကို အမှန်အတိုင်း ပြောပြမယ်။ တကယ်လို့ ရဲအရာရှိကျွန်တော်ကို မယုံဘူးဆိုရင်တော့ ကျန်းဘေရဲအရာရှိချုပ် လီချွမ်းလီကို စစ်ကြည့်လို့ရတယ်။ သူက ကျွန်တော် လုပ်ထားတာတွေအတွက် သက်သေခံနိုင်မှာပါ။ ကျွန်တော်က အစ်ကိုကီ၊ ခြေကျိုးဝမ့်တို့ ပြုလုပ်ထားတဲ့ အမှုတွေအတွက် သက်သေတွေ အမြောက်အများရှိတယ်။ သူတို့တင် မကသေးဘူးနော်။ နေကမ်းမှာရှိတဲ့ ဆိုးဝါးတဲ့ ဓားနဲ့ ရရှီးရဲ့ နေကတုံး ကူမြို့တော်ရဲ့ အမည်းကြီး.... ကျွန်တော်က သူတို့တွေရဲ့ သက်သေတွေ အကုန်လုံးကို စုဆောင်းပြီးသွားပြီ။ သူတို့ကို စီရင်ချက် ချမှတ်နိုင်တယ်လို့ အာမခံတယ်။ ”

စုန့်လောင်စီသည် အခြားသော မြို့တော်များနှင့် ပြည်နယ်များမှ ဂိုဏ်းခေါင်းဆောင်များကိုပါ စတင်ဆွဲချလိုက်သည်။ သူက လုံကျန်းပြည်နယ်၏ သူဌေးတစ်ယောက် ဖြစ်သည့်အခါက သူသည် အခြားသော သူဌေးများနှင့် နီးကပ်ခဲ့ပြီး သက်သေများကို စုဆောင်းရန်အတွက် အခွင့်အရေး ရခဲ့ပေသည်။

ပထမက သူတို့အား သူ မထိန်းချုပ်နိုင်မည်ကို ကြောက်ရွံ့ခဲ့ပြီး သူက သက်သေများကို စုဆောင်းပြီးနောက် သူ့အောက်ဝင်လာအောင် လုပ်နိုင်ခဲ့သည်။ သူ့အနေဖြင့် ထိုအရာများက သူ့ကိုယ်သူ ပြစ်မှုမှလွတ်ရန်အတွက် အသုံးချနိုင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။

ပုန်းလျိုးကွယ်လျိုး ပုံပြင်က လွန်ခဲ့သည့် အချိန်များစွာကတည်းက သူကိုယ်တိုင် စိတ်ကူးထားသည့် ကြိုတင်ကာကွယ်မှု တစ်ရပ်ပင် ဖြစ်ပေသည်။ လီချွမ်းလီသည် ဟိုးအရင်ကတည်းက သူလာဘ်ထိုးခဲ့သည့် ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပေသည်။ သူလာဘ်ထိုးနိုင်သည့် အဆင့်အမြင့်ဆုံး ရဲအရာရှိတစ်ယောက်လည်း ဖြစ်ပေ၏။ အစပိုင်းက သူသည် သူ့ပေါ်တွင် လာဘ်အလွန်အကျူး ထိုးခဲ့သည်ဟု ခံစားခဲ့ရပြီး သူလက်ရှိတွင် ထိုသုံးစွဲသည့်ငွေများက တန်သည်ဟု ခံစားနေရသည်။

လီချွမ်းလီက စုန့်လောင်စီသူ့အတွက် ပုန်းလျိုးကွယ်လျိုးဖြင့် အလုပ်လုပ်သည်ဟု သတ်မှတ်ခဲ့သည်။ စုန့်လောင်စီသည် ရဲများကို အခြားသောဂိုဏ်းများ၏ သက်သေများကို စုဆောင်းရန်အတွက် ကူညီနိုင်ပေသည်။

အကယ်၍ ထိုပြစ်မှုစီရင်ချက်ကို အသုံးပြုနိုင်ခဲ့ပါက သူ့အနေဖြင့် စီရင်ချက် ချခံရတော့မည် မဟုတ်ဘဲ သန့်ရှင်းသည့် ပြစ်မှုကင်းရှင်းသည့် အချက်ကိုတောင် ရနိုင်ပေသည်။ သူ၏ ပိုင်ဆိုင်မှုများကို ရဲများက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူလျှင်တောင် ထိုအရာက အဆင်ပြေပေသည်။ သူသည် သူ၏ပိုင်ဆိုင်မှုများ အားလုံးကို စုန့်ရှောင်ဖုန်းဆီသို့ အရင်ကတည်းက လွှဲပြောင်းပြီးဖြစ်ပြီး စုန့်ရှောင်ဖုန်းသည် လက်ရှိတွင် ဟောင်ကောင်တွင် နေထိုင်ကာ ထိုနေရာတွင်လည်း အလုပ်တော်တော် ဖြစ်နေ၏။ အကယ်၍ ရဲများက သူ့အားလွှတ်ပါက သူသည် ချက်ချင်းပင် ဟောင်ကောင်သို့ ထွက်သွားမည်ပင် ဖြစ်သည်။

ထိုအစီအစဉ်ကို စုန့်ရှောင်ဖုန်းက အကြံပေးခဲ့တာဖြစ်ပြီး စုန့်လောင်စီသည် ထိုကိစ္စကို အချိန်အကြာကြီး စဉ်းစားပြီးနောက် လက်ခံယုံကြည်ခဲ့သည်။ ထိုလျို့ဝှက် ကူညီမှုသည် အခြားသော လွတ်မြောက်သည့် အစီအစဉ်များထက် ပိုကောင်းမွန်ပြီး ယင်းကို နောက်ဆုံး ရှင်သန်ပေါက်အဖြစ်လည်း အသုံးပြုနိုင်ပေ၏။

စုန့်လောင်စီသည် သူ့နယ်တွင်ရှိသည့် ဂိုဏ်းများထံမှ စက်ကြေးများကို စုဆောင်းပြီးနောက် အနားယူချင်ခဲ့သည်။ သူက ဟောင်ကောင်သို့သွားရန် စီစဉ်ခဲ့ပြီး ထိုနေရာတွင် နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ဝယ်ယူမည်ဖြစ်သည်။ သူ့အနေဖြင့် နောက်ပိုင်းတွင် ဘင်းမြို့တော်သို့ ပြန်လာရန် ရည်ရွယ်ချက် မရှိပေ။ သို့သော် ရဲများကသူ၏တံခါးကို အရင်ခေါက်လိုက်သည်။

ကံကောင်းသည်မှာ စုန့်လောင်စီ ပြင်ဆင်ထားသည့် အချို့သော လွတ်မြောက်ရေး နည်းလမ်းများသည် တိုးတက်မှုများစွာ ရှိလာခဲ့ပေသည်။ သူ့အနေဖြင့် အနည်းဆုံး သူ၏အစီအစဉ်တစ်ခု အောင်မြင်မည်ဟု ခံစားမိသည်။ သူ့အနေဖြင့် အခြားသော သူဌေးများကို ကတိဖျက်ရင်လည်း သူ့အနေဖြင့် စိုးရိမ်ပူပန်စရာ အကြောင်းမရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ သူသည် ဘင်းမြို့တော်မှ ထွက်ခွာမည်ဖြစ်ကာ ဘယ်တော့မှ လုံကျန်းပြည်နယ်၏ သူဌေးတစ်ယောက် ဖြစ်တော့မည် မဟုတ်ပေ။

ရဲအရာရှိချုပ်ကျန်းသည် စုန့်လောင်စီ ပြောသည်ကို ကြားသည့်အခါ အလွန်ထိတ်လန့်သွားသည်။ စုန့်လောင်စီက အခြားသော ဂိုဏ်းသူဌေးများကို ဆန့်ကျင်ကာ သက်သေများကို စုဆောင်းခဲ့သည်လော။ မဖြစ်နိုင်ပေ။ ထိုလီချွမ်းလီသည် လက်ထောက်အရာရှိချုပ် ခွဲမှူးသာဖြစ်ပြီး သူ့အနေဖြင့် စုန့်လောင်စီကို သက်သေများ စုဆောင်းရန် ဘယ်လိုလုပ် တောင်းဆိုနိုင်မည်နည်း။

ရဲအရာရှိချုပ်ကျန်းသည် လီချွမ်းလီအကြောင်းကို တဖန် ပြန်စဉ်းစားလိုက်သည်။ သူက ထိုနာမည်ကို အရင်က ကြားဖူးပေသည်။ သူသည် သူ့ကို ပြည်နယ်ဒုရဲအလုပ်အမှုဆောင်က လက်သပ်မွေးထားတဲ့လူ ဖြစ်သည်။ စုန့်လောင်စီသည် ဒုအလုပ်အမှုဆောင်နှင့် ဆက်စပ်မှု ရှိနေသည်လော။

ထိုစုန့်လောင်စီက တကယ်ရဲများအတွက် ပုန်းလျိုးကွယ်လျိုးဖြင့် အလုပ်လုပ်နေသည်လော။

ရဲအရာရှိချုပ် ကျန်းသည် သူ့လူများကို လီချွမ်းလီနှင့် ဆက်သွယ်ရန် ပြောလိုက်ပြီး တစ်ချိန်ထဲတွင် စုန့်လောင်စီထံမှ သက်သေများကို ပိုဆွဲထုတ်ရန် ကြိုးပမ်းလိုက်သည်။ စုန့်လောင်စီသည် တကယ်ပင် ရဲများအတွက် ပုန်းလျိုးကွယ်လျိုး အလုပ်လုပ်ပေးတဲ့လူ ဖြစ်နေလျှင်တောင် ယင်းက ကိစ္စမရှိပေ။ သက်သေများက ပိုပြီးအရေးပါပေ၏။

ထိုသက်သေများနှင့်ဆိုလျှင် တစ်ပြည်နယ်လုံး၏ လုံခြုံရေးသည် အဆင့်တစ်ခုထိ ရောက်အောင်ကို တိုးတက်သွားနိုင်ပေသည်။ ထိုအရာသည် သူ၏ဆန္ဒသာမက သူ့အတွက် ကြီးမားသည့် နိုင်ငံရေးအရ အောင်မြင်မှုဟုလည်း စဉ်းစား၍ ရနိုင်ပေသည်။ သူ့အနေဖြင့် ထိုကိစ္စကြောင့် ရာထူးတောင် အတိုးခံရနိုင်ပေ၏။

ရဲအရာရှိချုပ်ကျန်းကို ငယ်ရွယ်သည်ဟု စဉ်းစား၍ ရနိုင်ပြီး သူသည်လည်း ရာထူးတိုး ခံချင်ဆဲဖြစ်သည်။

စုန့်လောင်စီက ရဲအရာရှိချုပ်ကျန်းသည် ငါးမျှားချိတ်ကို ကိုက်လိုက်သည်ကို မြင်သည့်အခါ သူ့ရင်ထဲတွင် အသည်းပေါက်ကွဲလုမတက် ပျော်ရွှင်နေခဲ့သည်။ ရဲအရာရှိချုပ်ကျန်းက သူ့အား နှုတ်အားဖြင့် သူ့ကိုလုံခြုံမည်ဟု ကတိပေးလိုက်သည့်အခါ သူသည် အခြားသော သူဌေးများ၏ သက်သေများအကြောင်းကို ပြောတော့သည်။ ခြေကျိုးဝမ့် ကိစ္စမှ စပြောခြင်းဖြစ်ပေ၏။

အကယ်၍ ခြေကျိုးဝမ့်ကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် လောင်ကျန်းပြည်နယ တစ်ခုလုံးကို ယမန်နှစ်ကတည်းက ထိန်းချုပ်နိုင်မည်ဖြစ်ကာ သူဒုက္ခတွေ့မည်လည်း မဟုတ်ပေ။ သူသည် များစွာသော အမြတ်အစွန်းများကိုလည်း ဆုံးရှုံးခဲ့ပြီး အကယ်၍သူက ထိုအမြတ်များကို မဆုံးရှုံးလျှင်တောင် သူသည် နွေရာသီတွင် ဟောင်ကောင်သို့ သွားမည်ဖြစ်ပေသည်။ သူ့အနေဖြင့် လက်ရှိတွင် ဟောင်ကောင်နိုင်ငံသား တစ်ယောက်တောင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ခြေကျိုးဝမ့်သည်လည်း ခုခံရန် ကြိုးစားနေဆဲ ဖြစ်သည်။ ရဲများက သူ့အား ဆန့်ကျင်သည့် သက်သေများကို ရရှိသော်ငြား သူ့အနေဖြင့် သူ့လူများကို သူ့ကို သစ္စာဖောက်လိမ့်မည် မဟုတ်ဟု ယုံကြည်ကာ သူတို့သည်လည်း အကျိုးကျေးဇူးကို ရသည့်အတွက်ပင်။ အလွန်ဆုံး ပြစ်မှုပြစ်ဒဏ်မှာ နှစ်ပေါင်းများစွာသာ ထောင်ထဲတွင် နေရမည်ဖြစ်ကာ သူလွတ်လာသည်နှင့် သူ၏ဂိုဏ်းကို ပြန်လည် စုဖွဲ့နိုင်ပေ၏။

သူ့အား စီစစ်မေးမြန်းသူကို နှစ်ထောင်းအားရနှင့် ကြည့်နေသည့်အခါတွင် ရဲအရာရှိချုပ် ကျန်းသည် စစ်ဆေးသည့် အခန်းထဲ ဝင်လာပြီးနောက် ခြေကျိုးဝမ့်ကို မေးခွန်းသုံးခု အကြောင်းအရင်း တရားအရ မေးလိုက်တော့သည်။

ခြေကျိုးဝမ့်၏မျက်နှာက ချက်ချင်းပင် အရောင်ပြောင်းသွားတော့သည်။ မဖြစ်နိုင်ပေ။ ထိုကိစ္စကို လူတော်တော်များများ သိကြသည်မဟုတ်။ အဘယ့်ကြောင့် ရဲများက ရှာတွေ့သွားသနည်း။ ထိုအကြောင်းကို သိသည့်သူမှာလည်း သူ၏ရင်းနှီးသော နောက်လိုက်များသာ ဖြစ်သည်။ ပြီးနောက် သူတို့အနေဖြင့်သူ့အား ဘယ်တော့မှ သစ္စာဖောက်မည် မဟုတ်ပေ။ သူ့အား နောက်ကွယ်မှ ဓားထိုးသူ တစ်ယောက်ယောက် ရှိနေသည်လော။

ရဲအရာရှိချုပ်ကျန်းက သူ့အား အဖြေပြန်ပေးလိုက်သည်။ သူ့ကို ကတိဖျက်ခဲ့သည့်သူက စုန့်လောင်စီဖြစ်သည်။ စုန့်လောင်စီပေးသော သက်သေများက ရဲများထက်ပိုပြီး အသေးစိတ် ကျပေသည်။ ထိုအရာများက ခြေကျိုးဝမ့်၏ ဖြောင့်ချက်ကို မလိုအပ်တော့ပေ။ ပြီးနောက် သူ့အနေဖြင့် ပြစ်ဒဏ်ချရန်သာ ရှိတော့ပေသည်။

ခြေကျိုးဝမ့်က လောင်ကျန်းပြည်နယ်၏ တစ်ကိုယ်ကောင်းဆန်သည့် သူဌေးတစ်ယောက်အနေဖြင့် သူ့အား သစ္စာဖောက်ကာ မြေအောက်လောက၏ စည်းမျဉ်းများကို အလေးထားမည် မဟုတ်ဟု သူမည်သည့်အခါမှ ထင်ခဲ့ခြင်း မရှိပေ။ စုန့်လောင်စီက စည်းမျဉ်းစည်းကမ်းများကို ပထမဆုံး ချိုးဖောက်ကတည်းက သူ့အနေဖြင့်လည်း ထိုစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် မလိုအပ်တော့ပေ။ သူ့တွင်လည်း စုန့်လောင်စီ ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့် ပတ်သတ်ပြီး သက်သေ အမြောက်အများ ရှိပေသည်။

ထိုကဲ့သို့ သူဌေးနှစ်ယောက်လုံးက အချင်းချင်း ရဲအရာရှိချုပ်ကျန်းကို သက်သေများ ပေးလိုက်ကာ အချိန်ခဏအတွင်း တိကျရှင်းလင်း ပြတ်သားသည့် သက်သေ အမြောက်အများကို အချိန်ခဏအတွင်း စုဆောင်းနိုင်ခဲ့ပေသည်။ ရဲများစုဆောင်းထားသည့် သက်သေနှင့်ဆိုပါက တရားရုံးအနေဖြင့် အနည်းဆုံးဂိုဏ်းသူဌေး အယောက်နှစ်ဆယ်ကို သေဒဏ်တောင် ချမှတ်နိုင်ပေသည်။

ရဲအရာရှိချုပ်ကျန်းက သက်ပြင်းချလိုက်သည်။ ယင်းက သူ့အတွက် ကြီးမားသည့် နိုင်ငံရေးအရ အောင်မြင်မှု ဖြစ်သော်ငြား ထိုအချက်သည် လွန်ခဲ့သည့် နှစ်များစွာက ရဲများသည် သူတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ရာ ရောက်သည်ဟုလည်း ပြောနိုင်ပေသည်။ များစွာသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပြီး ပြစ်မှုကျူးလွန်သည့် လက်သည်များသည်လည်း ယခုလက်ရှိ အချိန်အထိ လွတ်မြောက်နေဆဲ ဖြစ်သည်။ သို့သော် အနည်းငယ်သော လက်သည်များကို ယခုဖမ်းမိသော်ငြား ရဲများအနေဖြင့် အများပြည်သူကို ပြန်လည်ဖြေကြားခြင်း မပြုနိုင်သေးပေ။

....

လီချွမ်းလီက ရဲစခန်းသို့ ရောက်လာပြီး ရဲအရာရှိချုပ်ကျန်းက သူ့အား စုန့်လောင်စီနှင့် တွေ့ဆုံခွင့် မပေးပေ။ ရဲအရာရှိချုပ်ကျန်းက လီချွမ်းလီကို မေးခွန်းမမေးခင် သူသည် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားသည်။ လီချွမ်းလီသည် အရက်သောက်ခဲ့ခြင်း ဖြစ်သည်။ သူမှတ်မိသည်က သူ၏လူများကို လီချွမ်းလီ၏ ရုံးကို ဖုန်းခေါ်ဆိုသည့် အချိန်က အတွင်းရေးမှူးက လီချွမ်းလီသည် တာဝန်တစ်ခုတွင် ရှိနေသည်ဟု ပြောခဲ့သည်။

ထိုလီချွမ်းလီနှင့် ပတ်သတ်ပြီး တစ်စုံတစ်ခု မှားယွင်းနေပေသည်။ တစ်ညကြာပြီးနောက် သူ့အား ရုတ်ချည်း စစ်ဆေးကြည့်လိုက်သည့်အခါ လီချွမ်းလီသည် သူ၏နာမည်အောက်တွင် ယွမ်တစ်သန်းကျော် ပိုင်ဆိုင်မှု ရှိနေသည်ကို ရှာဖွေတွေ့ရှိသွားပေသည်။ အကယ်၍ သူ့အနေဖြင့် သူ့အရာရှိလစာကို တစ်ပြားမှ သုံးစွဲလျှင်တောင် သူ့လစာဖြင့် ထိုပမာဏကို မည်သည့်အခါမှ ရမည်မဟုတ်ပေ။ ထိုငွေများက ဘယ်နေရာမှ လာခဲ့သနည်း။

....

“စုန့်လောင်စီ မင်းဆက်ပြီး စောင့်ဆိုင်းစရာ မလိုတော့ဘူး။ လီချွမ်းလီက မင်းကို ပုန်းလျိုးကွယ်လျိုးဖြင့် အလုပ်လုပ်တဲ့လူလို့ သက်သေမပြနိုင်ခဲ့ဘူး။ သူ့ကိုမင်းက လာဒ်ထိုးခဲ့တာလား။ ငါတင်မကသေးဘူး တရားသူကြီးတွေနဲ့ ပြည်သူတွေကတောင် မင်းကရဲတွေအတွက် ပုန်းလျိုးကွယ်လျိုးနဲ့ အလုပ်လုပ်ပေးတယ်ဆိုတာ ဘယ်တော့မှ မယုံကြည်ခဲ့ဘူး။ မင်းပြီးဆုံးသွားခဲ့ပြီ။ ”

စုန့်လောင်စီသည် ပြိုကွဲသွားခဲ့ပြီဖြစ်သည်။ လီချွမ်းလီက သူ၏ရိုးသားမှုကို ထုတ်ဖော်ပြကာ သူ့အနေဖြင့် ရဲစခန်းမှ လွတ်မြောက်မည်ဟု မျှော်လင့်ချက် ကြီးမားစွာ ထားခဲ့သည်။ သူ့အနေဖြင့် လောင်ကျန်းပြည်နယ်မှ သူဌေးတစ်ယောက် ဖြစ်တော့သည့်တိုင် သူ၏ပြိုင်ဘက်များ အားလုံးက သေဆုံးမည်ဖြစ်ကာ သူ့အနေဖြင့် ကျန်ရှိသည့်ဘဝကို ဟောင်ကောင်သို့ ပြောင်းရွေ့ပြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့် ထိုစဉ်းစားခဲ့သည်များက ဤသို့ဖြစ်ပွားခဲ့ရသနည်း။ သူ၏ လွတ်မြောက်ရန် နည်းလမ်းများက အသုံးမဝင်တော့သည်လော။

“မဖြစ်နိုင်တာ။ ရဲအရာရှိချုပ်ကျန်း ကျွန်တော် ဘင်းမြို့တော်အတွက် လုပ်ခဲ့တဲ့ အရာတွေအားလုံးကို စဉ်းစားကြည့်ပေးပါအုံး။ တကယ်လို့ ကျွန်တော်သာ မရှိဘူးဆိုရင် မြို့ဟောင်းရဲ့ ပြန်လည်တိုးတက်မှုက အရမ်းကို အောင်မြင်ပါ့မလား။ ကျွန်တော် ဥပဒေအရ နှင်ထုတ်တဲ့ လျော်ကြေးငွေတွေကိုလည်း အစိုးရအတွက် ဘယ်လောက်ထိ ချွေတာနိုင်ခဲ့တယ်ဆိုတာ သိလား။ ပြီးတော့ ပြည်နယ်အတွင်းမှာရှိတဲ့ မှုခင်းတွေကလည်း ယမန်နှစ်တွေတုန်းက နည်းလာတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အမဲလိုက်သေနတ်တွေကို ဖမ်းသိမ်းယူနိုင်ခဲ့လို့။ ပြီးတော့.... ”

စုန့်လောင်စီက အော်နေဆဲဖြစ်သည်။ သို့သော် ရဲအရာရှိချုပ်ကျန်းသည် လှည့်ကာထွက်သွားတော့သည်။ ရဲအရာရှိချုပ် ကျန်းအတွက်မူ စုန့်လောင်စီသည် သေပြီးသားလူတစ်ယောက် ဖြစ်ပေသည်။ ရဲအရာရှိချုပ်ကျန်းသည် သူ့၏လူများကို ဦးဆောင်ကာ ပြည်နယ်အတွင်းရှိ ကျန်ရှိသည့် ဂိုဏ်းချုပ်သူဌေးများကိုလည်း အချိန်တိုအတွင်း ဖမ်းရန်အတွက် ဦးဆောင်ရပေမည်။

All Chapters