ခြောက်လှန့်သူ အပိုင်း ၂
Vol. 13 Ch. 187
“မင်းဘာပြောလိုက်တာလဲ ငါ့ရဲ့အဖေလား ရာထူးတိုး ခံရမှာလား။ ”
ကီရီလန်ကို၏အသံက ပြောင်းလဲသွားသည်။
သူသည် ဒုတိယမျိုးဆက် အသိုင်းအဝိုင်းတွင် ကျော်ကြားသည့် လူတစ်ယောက်ဖြစ်သည်။ အကြောင်းမှာ သူသည် ချမ်းသာပြီး တရုတ်နိုင်ငံနှင့် အဆက်အသွယ် ရှိသည့်အတွက်ပင်။ သူသည် တရုတ်နိုင်ငံ၏ ထုတ်ကုန်များကို ရရှိနိုင်သည်။ သို့သော် ကိဗ်ယက်မြို့မှ ဒုတိယမျိုးဆက်နှင့် ယှဉ်ပါက သူတို့ကြားထဲတွင် ကွာခြားချက်ကြီးကြီး ရှိပေသည်။ ကီရီလန်ကိုကို ဒုတိယအဆင့်ဟုသာ စဉ်းစား၍ ရနိုင်ပေသည်။
အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် သူ၏ဖခင်သည် ဗိုလ်ချုပ်တစ်ဦးအဆင့်သာ ရှိနေသည့်အတွက်ပင်။ အကယ်၍ သူ၏ဖခင်သည် ဒုတိယဗိုလ်ချုပ်ကြီး သို့မဟုတ် ဗိုလ်မှူးကြီး သို့မဟုတ် အဆင့်မြင့် ထိပ်တန်းအရာရှိ တစ်ဦးဖြစ်ပါက သူ၏အဆင့်သည် ဒုတိယမျိုးဆက် အသိုင်းအဝိုင်းသည် ထိပ်ဆုံးက ဖြစ်မည်ပင်။
သို့သော်ငြား သူ၏ဖခင်သည် စစ်တပ်တွင် အရေးပါသည့် လူတစ်ယောက် မဟုတ်ပေ။ သူသည် ထောက်ပို့ကိုသာ တာဝန်ယူရသည်။ သူ့အနေဖြင့် ရာထူးတိုးရန်သာ စောင့်ဆိုင်းရုံသာရှိသည်။ သို့သော် သူသည် ထိုအရာက ဖြစ်လာမည့် အရာမဟုတ်ကြောင်း သိပေ၏။
သို့သော် ယခုလက်ရှိတွင် ဖုန်းယွီကသူ့အား ယင်းသည် သူ့ဖခင်ရာထူးတိုးရန်အတွက် အခွင့်အရေးတစ်ခုဟု ပြောခဲ့သည်။ ယင်းအဓိပ္ပာယ်က ကြီးမာသည့် ကိစ္စတစ်ခုခု ဖြစ်တော့မည်လော။
“ဒါအမှန်ပဲ။ အစ်ကိုကီ အရမ်းကြီး စိတ်မလှုပ်ရှားနဲ့။ လစ်သူယေးနီးယားက ဆိုဗီယက် ပြည်ထောင်စုကနေ လွတ်လပ်ရေးကို နောက်ထပ် နှစ်လအတွင်းမှာ ကြေညာလိမ့်မယ်။ ကျွန်တော် ဒီကိစ္စကို အစ်ကို့ကို အာမခံရဲတယ်။ ကျွန်တော်ပြောတာ မှန်နိုင်မလားဆိုတာ အစ်ကိုရဲ့အဖေကို သွားမေးလို့ရတယ်။ ပြီးတော့ နောက်ထပ် တစ်ခြားကိစ္စ ကြီးကြီးတစ်ခုလည်း ဖြစ်လာမှာ။ ဂျာမနီက ပြန်လည် ပေါင်းစည်းတော့မယ်။ ”
“ဘာ မင်းငါ့ကို လာနောက်နေတာလား။ အဲ့ဒါက နိုင်ငံမှ မတူတာ။ သူတို့တွေက ဘယ်လိုလုပ် ပေါင်းစည်းနိုင်မှာလဲ။ ”
ကီရီလန်ကိုက ဖုန်းယွီသည် ပိုပြီးချဲ့ကား ပြောနေသည်ဟု ခံစားလာရသည်။
ပထမက လစ်သူယေးနီးယား နိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်မည်ဟု ပြောခဲ့သည်။ ပြီးနောက် ယခုတွင် သူသည် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ ပြန်ပေါင်းစည်းမည်ဟု ဆိုပြန်သည်။ ယင်းအချက်က မဖြစ်နိုင်ပေ။ ဆိုဗီယက် ပြည်ထောင်စုသည် ကမ္ဘာကြီး၏ ဦးဆောင်နိုင်ငံဖြစ်ကာ သူတို့အနေဖြင့် လစ်သူယေးနီးယား နိုင်ငံကို လွတ်လပ်ခွင့်ပေးကာ အရှေ့ဂျာမနီအား အနောက်ဂျာမနီသို့ မည်သို့ပြန်ပေးနိုင်မည်နည်း။
“အစ်ကိုကီ အစ်ကိုအရမ်း စိတ်လှုပ်ရှားနေတယ်။ ”
ဖုန်းယွီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“အစ်ကိုသေချာ စဉ်းစားကြည့်ပါ။ အရှေ့ဂျာမနီရဲ့ စီးပွားရေးက အရမ်းဆိုးတယ်။ အဲ့ဒီနိုင်ငံမှာရှိတဲ့ လူတွေက သူတို့စားဖို့ သူတို့ခန္ဓာကိုယ်ကို နွေးအောင်လုပ်ဖို့အတွက်တောင် အခွင့်အရေး မရရှိကြဘူး။ အနောက်ဂျာမနီက အရှေ့ဂျာမနီကို စီးပွားရေးအရတော့ ကူညီပေးနေတယ်။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ နှစ်ခုလုံးက အစတုန်းက နိုင်ငံတစ်ခုလေ။ ပြီးတော့ ပြည်သူတွေကလည်း အတူတူပဲ။ အစ်ကိုစဉ်းစားကြည့်လိုက် အရှေ့ဂျာမနီက လူတွေက အနောက်ဂျာမနီရဲ့ လူနေမှု အဆင့်အတန်းကို မလိုချင်ဘဲ နေမလား။ ”
ဖုန်းယွီ၏ အသည်းနှလုံးတွင် ဆိုဗီယက် ပြည်ထောင်စုသည် အလွန်ရိုင်းစိုင်း ယုတ်မာသည်ဟု ခံစားမိသည်။ သူတို့သည် အရှေ့ဂျာမနီမှ စက်မှုလုပ်ငန်းများနဲ့ ပညာတတ်များကို အကုန်လုံး ခေါ်ဆောင်ခဲ့ကာ သူတို့၏ တိုင်းပြည်အတွက် ကူညီရန် တစ်စွန်းတစ်စတောင် ခွင့်ပြုခြင်း မပြုပေ။ အရှေ့ဂျာမနီသည် ကိုလိုနီနယ်ချဲ့ကျူးကျော်ခံရသည့် အလားပင်ဖြစ်သည်။
အကယ်၍ အရှေ့ဂျာမနီတွင် မြောက်ကိုယ်ရီယားနိုင်ငံရှိ ကင်၏မိသားစုလို တစ်စုံတစ်ယောက် ရှိပါက သူတို့သည် သူတို့ပြည်သူပြည်သားများကို ဦးနှောက်ဆေးကြောနိုင်ကာ သူ့ကိုကိုးကွယ်လာအောင် ပြုလုပ်နိုင်သည်။ ပြီးနောက် အိမ်နီးချင်းနိုင်ငံများမှ အကူအညီများ ရယူနိုင်ပေ၏။ ထိုနည်းလမ်းက ဂျာမနီ နှစ်နိုင်ငံစလုံးကို ပြန်ပေါင်းရန်အတွက် အခွင့်အရေး ရှိမည်မဟုတ်ပေ။
သို့သော်ငြား အရှေ့ဂျာမနီတွင် ကင်နှင့်တူသည့် တစ်စုံတစ်ယောက် ရှိမနေပေ။ ဆိုဗီယက် ပြည်ထောင်စုသည်လည်း သူတို့ကို စိတ်ထဲမထားပေ။ ဂျာမန်လူမျိုးများအနေဖြင့် မတူကွဲပြားသည့် လူနေမှု အဆင့်အတန်းနှစ်ခုနှင့် နေရမည်လော။ အထူးသဖြင့် နိုင်ငံနှစ်ခု၏ လူနေမှု အဆင့်အတန်းသည် အလွန်ကွာဝေးနေသည့် အချိန်ပင်ဖြစ်သည်။ အရှေ့ဂျာမန်လူမျိုးအများစုသည် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်ရသည်။ အကြောင်းမှာ သူတို့အတွက် လုံလောက်သည့် အရင်းအမြစ်များ မရှိသည့်အတွက်ပင်။
ကီရီလန်ကိုက ငြိမ်သက်နေသည်။ သူက ဖုန်းယွီပြောသည့် အကြောင်းအရာကို စဉ်းစားနေ၏။ ဖုန်းယွီပြောပုံက မှန်ပုံရသည်။ အတိတ်က သူတို့သည် နိုင်ငံတစ်ခုထဲမှ ဂျာမန်လူမျိုးများ ဖြစ်ကြပေသည်။ အကယ်၍ အတိတ်က ဂျာမနီနိုင်ငံသည် ကွဲသွားလျှင်တောင် အနာဂတ်တွင် ဂျာမနီ နှစ်နိုင်ငံစလုံး ပြန်လည်ပေါင်းစည်းဖို့က ဖြစ်နိုင်သည့်အရာပင် ဖြစ်သည်။
“အစ်ကိုကီ ယမန်နှစ်က ဧပြီနဲ့ မေလကအကြောင်းတွေကို မစဉ်းစားမိဘူးလား။ အရှေ့ဂျာမနီက ဂျာမနီနိုင်ငံသား အများစုက အနောက်ဂျာမနီကို လွတ်မြောက်သွားကြတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာတုန်းကလည်း အရှေ့ဂျာမနီရဲ့ မြို့ကြီးတော်တော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ သူတို့နိုင်ငံရဲ့ သမ္မတက ဖြိုခွင်းနိုင်ခဲ့တယ်။ ယမန်နှစ်က ဘာလင်တံတိုင်းကလည်း ပြန်ပွင့်လာခဲ့တယ်။ နောင်လာမဲ့ လအနည်းငယ် အတွင်းမှာပဲ ကျွန်တော်ယုံကြည်တယ်။ ဘာလင်တံတိုင်းက ပြိုလဲသွားပြီး ဂျာမနီနှစ်နိုင်ငံစလုံးက ပေါင်းစည်းသွားလိမ့်မယ်။ ”
ဖုန်းယွီက ပြောလိုက်သည်။
ကီရီလန်ကိုက ပြောစရာစကား မဲ့နေသည်။ သူသည် ဖုန်းယွီဘာပြောချင်မှန်းကို သိပေ၏။ ဆိုဗီယက် ပြည်ထောင်စုမှ အချို့သော သိပ္ပံပညာရှင်များသည် အရှေ့ဂျာမနီသို့ ပြန်သွားချင်ကြသည်။ အစက သူသည် ထိုသိပ္ပံပညာရှင်များကို ရယ်ခဲ့သည်။ အရှေ့ဂျာမနီ၏ စီးပွားရေး အခြေအနေသည် ဆိုဗီယက် ပြည်ထောင်စုထက်ပင် ဆိုးပေသည်။ ပြီးနောက် အရူးများသာ အရှေ့ဂျာမနီသို့ ပြန်ချင်ကြတာပဲဖြစ်သည်။ သို့သော် အဘယ့်ကြောင့် ထိုလူများသည် အရှေ့ဂျာမနီသို့ ပြန်သွားချင်သနည်း။ အကြောင်းမှာ သူတို့သည် အနောက်ဂျာမနီ သို့မဟုတ် သူတို့သည် အရှေ့ဂျာမနီနှင့် ပူးပေါင်းကာ ဂျာမနီပူးပေါင်းသွားသည်ကို လိုလားနေသည်လော။
ကီရီလန်ကိုသည် နိုင်ငံရေး မလုပ်သော်ငြား သူ၏မိသားစုသည် နိုင်ငံရေးတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေပေသည်။ သူသည် ဘာဖြစ်နိုင်သည် ဆိုသည့်အချက်ကို သိသည်။ ဘာလင်တံတိုင်း ဖွင့်လှစ်ခြင်းသည် အချက်ပြချက် တစ်ချက်ပင် ဖြစ်ပေသည်။ ထိုအချက်ပြချက်သည် ဂျာမနီ နှစ်နိုင်ငံလုံး ပြန်လည်ပေါင်းစည်း သွားမည်ပင်။
သို့သော် ဂျာမနီနှစ်နိုင်ငံ ပေါင်းစည်းသွားခြင်းဖြင့် သူ၏မိသားစုက ဘာရလာမည်နည်း။ သူ၏အဖေသည် မော်စကိုတွင် အခြေချသည်ဖြစ်ကာ ထိုမြို့သည် အရှေ့ဂျာမနီနှင့် အလွန်ဝေးပေသည်။ အဘယ့်အတွက် သူ့ဖခင်အနေဖြင့် ရာထူးတိုးရန် အခွင့်အရေး တစ်ခုအဖြစ် အသုံးချရနိုင်မှာလော။
“ဖုန်း မင်းငါ့ကို ကိစ္စတစ်ခု ပြောခဲ့တယ်။ တကယ်လို့ ဂျာမနီနှစ်နိုင်ငံလုံး ပေါင်းစည်းသွားမှာက မှန်တယ်ဆိုရင်တောင် အဲ့ဒီကိစ္စက ငါ့ရဲ့မိသားစုနဲ့ ငါ့အဖေနဲ့ ဘယ်နေရာမှာ သက်ဆိုင်နေလို့လဲ။ ”
ကီရီလန်ကိုတွင် ကြောက်စရာ ရှိသည်။ ဆိုဗီယက် ပြည်ထောင်စုသည် သူ၏စစ်အင်အားကိုသုံးကာ အရှေ့ဂျာမနီကို ထိုသို့ပြုလုပ်ခြင်းမှ ရပ်တန့်အောင် လုပ်နိုင်မည်လော။ ဖုန်းယွီသည် ကီရီလန်ကို၏ဖခင်ကို ရှေ့တန်းသို့သွားရန် တောင်းဆိုပြီး ရာထူးရစေချင်သည်လော။
ယင်းက ရူးနှမ်းသည့် လုပ်ရပ်ပင် ဖြစ်ပေသည်။ ဆိုဗီယက် ပြည်ထောင်စုသည် အရှေ့ဂျာမနီ၏ ဘာလင်တံတိုင်း ဖွင့်လှစ်ခြင်းကို မတားနိုင်ခဲ့ပေ။ ယင်းအဓိပ္ပာယ်က ဆိုဗီယက် ပြည်ထောင်စုသည် အရှေ့ဂျာမနီကို လက်လျော့ပြီး ဖြစ်ပေသည်။ အဘယ့်အတွက် သူတို့သည် အရှေ့ဂျာမနီကို စစ်ကြေညာရန် ဖြစ်နိုင်မည်နည်း။ ထပ်ပြောရပါက အကယ်၍ စစ်ဖြစ်ခဲ့လျှင် သူ၏ဖခင်သည် ထောက်ပို့အရာရှိသာဖြစ်ကာ သူဘာလုပ်နိုင်မည်နည်း။ အကယ်၍ သူ၏ဖခင်သည် ရှေ့တန်းကို မသွားရပါက သူ့အနေဖြင့် ဆုတံဆိပ်နှင့် ပရိုမိုးရှင်းများကို ဘယ်လိုလုပ် ရနိုင်မည်နည်း။
သို့သော်ငြား ရှေ့တန်းသို့ သွားခြင်းက သူ့အဖေအတွက် အလွန်အန္တရာယ် များပေသည်။ သူသည် ဆိုဗီယက် ပြည်ထောင်စုအနေဖြင့် စစ်ကိုအလွယ်တကူ နိုင်မည်ဟု ခံစားမိသော်ငြား သူ၏ဖခင် ရှေ့တန်းသို့သွားခြင်းက အလွန်အန္တရာယ်များသည့် ကိစ္စပင် ဖြစ်ပေသည်။ ဆိုဗီယက် ပြည်ထောင်စု၏ စစ်တပ်အင်အားသည် အရှေ့ဂျာမနီထက် အဆပေါင်းများစွာ များပေသည်။
စစ်အတွင်း ဘာမဆို ဖြစ်ပွားနိုင်ပေသည်။ အကယ်၍ သူ့အဖေ ဒဏ်ရာရခြင်း သို့မဟုတ် အသတ်ခံရခြင်းတောင် ဖြစ်နိုင်ပေသည်။ ထိုအခါ သူ၏မိသားစုသည်လည်း ပြီးဆုံးသွားမည် ဖြစ်ပေသည်။ သူ့အစ်ကို၏ အဆင့်သည်လည်း သူ့မိသားစုကို ကာကွယ်ရန်အတွက် လုံလောက်မှုမရှိကာ ထိုသို့ဖြစ်ခဲ့ပါက သူ့အနေဖြင့် ယခုလက်ရှိ လူမှုနေထိုင်မှုဘဝတွင် ဘယ်လိုလုပ် ပျော်ရွှင်နိုင်တော့ မည်နည်း။
“အစ်ကိုကီ ကျွန်တော်က အရှေ့ဂျာမနီက အနောက်ဂျာမနီကို ပြန်သွားမဲ့အရေးကို သွားတားဖို့ တောင်းဆိုနေတာ မဟုတ်ဘူး။ ကျွန်တော်က အစ်ကို့ကို ဂျာမနီနိုင်ငံမှာ ဘာဖြစ်မယ်ဆိုတာကို ခန့်မှန်းပြတာနဲ့ ဆိုဗီယက် ပြည်ထောင်စုမှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ကျွန်တော် သက်သေပြရုံပဲ။ ”
“ဆိုဗီယက် ပြည်ထောင်စုနဲ့ ပတ်သတ်ပြီးတော့လည်း တစ်ခုခုဖြစ်မှာလား။ မင်းက လစ်သူယေးနီးယား နိုင်ငံက ဆိုဗီယက် ပြည်ထောင်စုကနေ ကွဲထွက်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အဲ့ဒါက ကိစ္စကြီးမှ မဟုတ်တာ။ ဆိုဗီယက် ပြည်ထောင်စုက အဲ့လိုမျိုး နိုင်ငံသေးသေးလေးကို လိုအပ်တဲ့အချိန်တိုင်း ပြန်လည်ရယူနိုင်တဲ့ အစွမ်းရှိတယ်။ ”
ကီရီလန်ကိုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
လစ်သူယေးနီးယားသည် လူဦးရေ သိန်းချီသာရှိကာ သူတို့တွင် စစ်သားလည်း အနည်းငယ်သာ ရှိပေသည်။ ဆိုဗီယက် ပြည်ထောင်စုမှ မည်သည့်စစ်တပ်မဆို သူတို့ကို လွယ်လွယ်ကူကူဖြင့် ချေမှုန်းနိုင်ပေသည်။ ထပ်ပြောရပါက ဆိုဗီယက် ပြည်ထောင်စုသည် ပေါင်းချင်သလိုပေါင်း ခွဲထွက်ချင်သလို ခွဲထွက်လို့ရသည့် ဇရပ်မဟုတ်ပေ။ စစ်မဖြစ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။ ဆိုဗီယက် ပြည်ထောင်စု၏ အခြားသော နိုင်ငံများသည် လစ်သူယေးနီးယား နိုင်ငံကို ဖိအားပေးပါက လစ်သူယေးနီးယားနိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စုအောက်ကို ပြန်လည်ဝင်ရောက် လာနိုင်သည်။
ဖုန်းယွီက သက်ပြင်းချလိုက်သည်။ ကီရီလန်ကိုသည် အလွန်ဂုဏ်ယူကာ မာနကြီးပေသည်။ ဆိုဗီယက် ပြည်ထောင်စုသည် သူတို့၏ မိတ်ဘက်နိုင်ငံများကို စစ်ဖက်ဆိုင်ရာ စစ်ဆင်ရေးမျိုး မပြုလုပ်နိုင်ပေ။ အကယ်၍ သူတို့ပြုလုပ်ပါက မည်သည့်နိုင်ငံက စစ်ကိုစတင်မည်နည်း။ ဆိုဗီယက် ပြည်ထောင်စု၏ စီးပွားရေး အခြေအနေသည် ဆိုးရွားသည့် အခြေအနေတွင် ရှိနေပြီဖြစ်ကာ သမ္မတသည်လည်း စစ်ဖက်နှင့် နိုင်ငံရေး လွန်ဆွဲနေရသည်။ စစ်တပ်သည် နိုင်ငံ၏ ကဏ္ဍအစိတ်အပိုင်းများကို ခွဲယူထားသည်။ ဘယ်သူက စစ်ကိုစချင်မည်နည်း။
“အစ်ကိုကီ ဆိုဗီယက် ပြည်ထောင်စုရဲ့ စီးပွားရေးက အောက်ကိုကျနေတယ်လို့ ခံစားမိလား။ ”
ကီရီလန်ကိုက တဖန်ငြိမ်သက်သွားပြန်သည်။ အကယ်၍ သူဝန်မခံလျှင်တောင် ယင်းက ဖြစ်နေသည့် ကိစ္စတစ်ရပ်ဖြစ်သည်။ ထိုခေတ်အခါက ဆိုဗီယက် ပြည်ထောင်စု၏ ဝင်ငွေသည် ဂျပန်ထက်တောင် နည်းပေ၏။
“အဲ့ဒါက ဘာကိုသက်သေ ပြနိုင်မှာလဲ။ ”
ကီရီလန်ကိုက မေးလိုက်သည်။
“ဒီဟာက ကျွန်တော် နောက်ပြောမဲ့အရာကို သက်သေပြနိုင်တယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ စီးပွားရေးက ကျဆင်းနေပြီ။ အစ်ကိုတို့ရဲ့ သမ္မတအနေနဲ့ အဲ့ဒီကိစ္စအတွက် တာဝန်ယူရမယ်။ ယခုလက်ရှိမှာ သူကပြည်သူတွေကို ထောက်ပံ့မပေးဘူး။ များစွာသော ဒေသတွင်း အစိုးရတွေ မဟာမိတ်နိုင်ငံတွေနဲ့ စစ်တပ်က သူ့ကိုဆက်ပြီး ထောက်ခံမှု မပေးဘူး။ ”
“အဲ့ဒါက ကိစ္စကြီးမှ မဟုတ်တာ။ အဲ့လိုတွေဖြစ်ခဲ့ရင် ငါတို့တွေက သမ္မတအသစ်ကို ပြောင်းလဲနိုင်တာပဲ။ ”
“အစ်ကိုကီ အစ်ကိုအနေနဲ့ ပြည်သူတွေက အဲ့လိုဖြစ်တာကို စောင့်မယ်လို့ တွေးနေတာလား။ မဟာမိတ် နိုင်ငံတွေက အဲ့လိုဖြစ်တာကို စောင့်မှာတဲ့လား။ စစ်ဖက်ဆိုင်ရာ အရေးပါတဲ့ ကောင်တွေကရော အဲ့ဒီက အရေးပါတဲ့အချိန်ကို စောင့်မှာတဲ့လား။ ”
“မင်းကဘာကို ပြောချင်တာလဲ။ ”
ကီရီလန်ကိုသည် ရုတ်တရက် မကောင်းသည့် အတိတ်နိမိတ်ကို ခံစားလိုက်ရသည်။ သူကဖုန်းယွီအနေဖြင့် အလွန်ကို ထိတ်လန့်စရာကောင်းသည့် အရာတစ်ခုခု ပြောမည်ဟု ခံစားနေရသည်။
“အစ်ကိုကီ ဆိုဗီယက် ပြည်ထောင်စုက ပြိုကွဲတော့မယ်။ ”