ရုံးချုပ်၏ခေါင်းဆောင်
Vol. 18 Ch. 258
ဟိုဟိုက်ထောင်သည် ဒါရိုက်တာချန်းနှင့် ဖုန်းယွီ ဈေးညှိနှိုင်းနေချိန်တွင် သူ့လက်ဖက်ရည်ကို ဖြေးဖြေးချင်း သောက်နေသည်။ ဈေးညှိမှုတွင် သူ့အနေဖြင့် ပါဝင်စွက်ဖက်ရန်အတွက် ဆန္ဒမရှိပေ။ ဖုန်းယွီသည်လည်း သူ့ကို ဝယ်ယူသူနှင့် မိတ်ဆက်ရန်သာ တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။
အမှန်တကယ်တွင် ယွမ်သန်း၃၅၀သည် ဒါရိုက်တာချန်းအတွက်မူ ဈေးချိုပြီးသားဖြစ်သည်။ သို့သော် ဟိုဟိုက်ထောင်က သူ့ကိုပြောထားသည်က ဖုန်းယွီသည် သူ၏ပစ္စည်းများကို အလွန် ဈေးပေါပေါဖြင့် ရောင်းလေ့ရှိသည်ဟု ပြောထား၏။ ထို့ကြောင့်သူသည် ဆက်ပြီး ဈေးညှိရန်အတွက် ဆုံးဖြတ်ချက် ချထားသည်။
ထပ်ပြောရပါက အထက်စီမံခန့်ခွဲရေးသည် ယွမ်သန်း၃၀၀အောက် နည်းပါက ခွင့်ပြုချက် ပေးလိမ့်မည်ဟု သူယုံကြည်သည်။ သို့သော် ဖုန်းယွီသည် ထိုဈေးမှ လျော့ရန်ဆန္ဒရှိပုံမပေါ်ပေ။
“ဒါရိုက်တာချန်း ကျွန်တော်ရဲ့ ကုန်ကျမှုကလည်း ယွမ်သန်း၃၀၀ပဲ။ ပြီးတော့ ဒီလေယာဉ်တွေက ကျွန်တော်ရဲ့ ငွေအရင်းအမြစ်ကို အများကြီး သုံးထားရတယ်။ ဘာကြောင့် ကျွန်တော်ကို နည်းနည်းပဲ ရစေချင်တာလဲ။ ယွမ်သန်း၃၃၀ ဒီဈေးက ကျွန်တော်ခင်ဗျားကို ရောင်းနိုင်တဲ့ အလွန်ဆုံးဈေးပဲ။ ဒါတောင်မှ ကျွန်တော်မှာ အကျိုးအမြတ်က ကျန်တော့တာမဟုတ်ဘူး”
ဒါရိုက်တာချန်းက ဖုန်းယွီကို ကြည့်လိုက်သည်။ ဘယ်သူက အရူးလုပ်ရန် ကြိုးစားနေသနည်း။ ကုန်ကျစရိတ်က ယွမ်သန်း၃၀၀လော။ သူသည် ထိုလေယာဉ်များ၏ အမှန်တကယ် ပေးချေရသည့် တန်ဖိုးကို မသိသော်ငြား ထိုလေယာဉ်များ ထိုမျှဈေးမကြီးမှန်း သူသိပေ၏။
“မန်နေဂျာဖုန်း ယွမ်သန်း၃၀၀ဆိုတာကလည်း ကျွန်တော်တို့ ပေးနိုင်တဲ့ ပမာဏ အများဆုံးပဲ။ ကျွန်တော်တို့ စီချွမ်း လေကြောင်းလှိုင်းက ပိုက်ဆံတွေ အများကြီး ဝင်သေးတာ မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ မြို့ပြလေကြောင်းညွှန်ကြားရေးမှူး ဦးစီဌာနချုပ်ကနေပြီး ရန်ပုံငွေတွေ လျှောက်ဖို့ကလည်း လိုအပ်သေးတယ်။ ဒီမှာ ရုံးချုပ်က ခေါင်းဆောင်တစ်ယောက် ရှိတယ်။ တကယ်လို့ ယွမ်သန်း၃၀၀ သဘောတူမယ်ဆိုရင် ကျွန်တော်တို့တွေ စာရွက်စာတမ်းတွေကို မြန်မြန်လုပ်လို့ ရတာပေါ့”
ရုံးချုပ်ရဲ့ ခေါင်းဆောင်က ဒီမှာရှိနေတာလား။ ဖုန်းယွီက ဟိုဟိုက်ထောင်ကို ကြည့်လိုက်သည်။ ဟိုဟိုက်ထောင်သည် ခေါင်းကိုခါလိုက်သည်။ သူသည်လည်း ယင်းအကြောင်း မသိပေ။
“ဒါရိုက်တာချန်း ဘာလို့ ခင်ဗျားရဲ့ ခေါင်းဆောင်ကို ဒီကိုမခေါ်လိုက်ရတာလဲ။ ကျွန်တော်က သူနဲ့ပြောမယ်ဆိုရင် ခင်ဗျားပြောတဲ့ဈေးကို ကျွန်တော် သဘောတူရင် တူမှာပေါ့”
ကီရီလန်ကို၏ အဆက်အသွယ်အရ လေယာဉ်ငါးစီးထက် ကျော်ပေမည်။ ဖုန်းယွီ လေယာဉ်မည်မျှ ရောင်းချနိုင်သည် ဆိုသည်ပေါ် မူတည်ပေ၏။ စီချွမ်းလေကြောင်းလှိုင်းသာမက အခြားသော လေကြောင်းလှိုင်းများသည်လည်း လေယာဉ်ကြီးများ လိုအပ်ပေသည်။
အကယ်၍ မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးရုံးချုပ်၏ ခေါင်းဆောင်တစ်ယောက်သာ ဖုန်းယွီနှင့် စာချုပ် ချုပ်ဆိုနိုင်ပါက သူသည် သေချာပေါက် ဈေးလျော့ပေးမည်ပင်။
သူ့အနေဖြင့် လေယာဉ်တစ်စီးလျှင် ယွမ်ဆယ်သန်း ရလျှင်တောင် အစီးတစ်ဆယ် ရောင်းရပါက ယွမ်သန်းတစ်ရာ ဖြစ်မည်ပင်။ ထပ်ပြောရပါက ဖုန်းယွီ၏ ကုန်ကျစရိတ်မှာ အလွန်နည်းပြီး သူ၏လေယာဉ်တစ်စီးအတွက် အကျိုးအမြတ်မှာ ယွမ်သန်းတစ်ဆယ်ထက် ကျော်နိုင်မည်လော။
ဒါရိုက်တာချန်းက ခဏရပ်တန့်သွားသည်။ မင်းကဘာကို ဆိုလိုချင်တာလဲ။ ရုံးချုပ်က ခေါင်းဆောင်နဲ့ စကားပြောချင်တာလား။ မင်းကငါ့ကို အထင်အမြင် သေးတာလား။
ဟိုဟိုက်ထောင်က ပြောလိုက်၏။
“ဖုန်းယွီက လေယာဉ်ငါးစီးထက် ပိုပြီးရောင်းနိုင်တယ်။ မင်းတို့ပြောသမျှ အရေအတွက်ကို သူကရအောင် လုပ်ပေးနိုင်တယ်”
ဒါရိုက်တာချန်း၏ မျက်လုံးများ ကျယ်သွားသည်။ သူတို့လိုချင်သည့် ပမာဏလော။ ဒီလူငယ်လေး၏ စီးပွားရေးက မည်မျှတောင် ကြီးနေသနည်း။
“ဒီမှာခဏစောင့်ပြီးတော့ လက်ဖက်ရည် သုံးဆောင်ကြပါအုံး။ ကျွန်တော် မကြာခင်မှာ ပြန်လာပါ့မယ်”
ဆယ်မိနစ်ကြာပြီးနောက် ဒါရိုက်တာချန်းသည် တံခါးကို ဖွင့်လိုက်သည်။ ပြီးနောက် အသက်ငါးဆယ် ခြောက်ဆယ်အရွယ်ရှိ လူတစ်ယောက်သည် ဝင်ခဲ့သည်။ ဟိုဟိုက်ထောင်က ထိုသူကို မြင်သည့်အခါ သူကချက်ချင်းပင် ထရပ်လိုက်ပြီး
“အိုး ဆရာကြီး ဘယ်လိုလုပ် ဆရာကြီး ဖြစ်နေရတာလဲ”
“ရှောင်ဟို ရှောင်ချန်းက မင်းကိုဒီမှာ ရှိနေတယ်လို့ပြောတော့ ငါကဟာသ ပြောနေတယ်လို့ တွေးနေခဲ့တာ။ ဘာကြောင့် ဒီနေ့မင်းဒီမှာ ရောက်နေရတာလဲ”
ရှောင်ဟို မျောက်လေးဆိုသော အသံထွက်နှင့် အတူတူပင်ဖြစ်သည်။ ဖုန်းယွီက ရယ်လုနီးပါးပင်။ ဟိုဟိုက်ထောင်သည် အသက်ငါးဆယ် အရွယ်ရှိပြီဖြစ်ပြီး သူ့ကိုမျောက်လေးဟု အခေါ်ခံရသေးသည်လော။ အဘယ့်ကြောင့် သူ့အား စွန်းဝူခုံးဟု မခေါ်သနည်း။
“မန်နေဂျာဖုန်း ကျွန်တော်ရဲ့ ဆရာကြီးနဲ့ မိတ်ဆက်ပေးပါရစေ။ အရာရှိချုပ် ချန်တဲ့။ သူကဘင်းမြို့တော် လေယာဉ်ထုတ်လုပ်ရေး စက်ရုံရဲ့ ဒါရိုက်တာ ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်းကျတော့ ဆရာကြီးက မြို့ပြလေကြောင်း စီမံခန့်ခွဲရေး ရုံးချုပ်ကို ဒုတိယညွှန်ကြားရေးမှူး ဆိုတဲ့ရာထူးနဲ့ ပြောင်းရွှေ့ခန့်ထားခံရတယ်”
ဒါဆိုရင် ဟိုဟိုက်ထောင်က သူ့ရဲ့ဝန်ထမ်းဟောင်းပေါ့။ အရာရှိချုပ်ချန်ကို မြင်တဲ့အခါမှာ သူဘယ်လောက် စိတ်အားတက်ကြွနေလဲဆိုတာ မအံ့သြစရာ မရှိပါဘူး။
“အရာရှိချုပ်ချန် ကျွန်တော်ကို ရှောင်ဖုန်းလို့ပဲ ခေါ်နိုင်ပါတယ်”
“ငါမင်းကို မန်နေဂျာဖုန်းလို့ပဲ ခေါ်ရမှာပေါ့။ ငါရှောင်ချန်းဆီကနေ ကြားတာက မင်းကဒီကိုသူနဲ့ အရောင်းအဝယ်ကိစ္စ လာတာဆို။ ဆိုဗီယက် ပြည်ထောင်စု လေယာဉ်တွေကို မင်းကဈေးချိုချိုနဲ့ ရအောင် လုပ်ပေးနိုင်တာတဲ့လား”
အရာရှိချုပ်ချန်သည် ပြုံးကာစကား ဆိုလိုက်၏။
“ကျွန်တော် ဆိုဗီယက် ပြည်ထောင်စုမှာ သူငယ်ချင်း အချို့နဲ့သိတယ်။ ပြီးတော့ ကျွန်တော်ရဲ့ ကုမ္မဏီကလည်း နိုင်ငံတကာ ကုန်သွယ်မှု ပြုလုပ်နေတာလေ။ ကျွန်တော်တို့တွေ ဆိုဗီယက် ပြည်ထောင်စုရဲ့ ထုတ်ကုန်တွေကို တင်ပို့တယ်။ အများကြီး တင်ပို့တယ်။ ဒါရိုက်တာဟိုကလည်း ကျွန်တော်ရဲ့ ကုမ္မဏီနဲ့ အရမ်းရင်းနှီးတယ်လေ။ ကျွန်တော်ရဲ့ ဆိုဗီယက် သူငယ်ချင်းတွေ ပြောတာကတော့ သူတို့ဆီမှာ ရောင်းချဖို့အတွက် လေယာဉ်အမျိုးအစား မော်ဒယ်နှစ်ခု ရှိတယ်လို့ပြောတယ်။ ပြီးတော့ သူတို့တွေက ကျွန်တော်ကို ဝယ်ယူသူတွေ ရှာစေချင်နေကြတာ။ ဒီဈေးနှုန်းကလည်း သင့်တင့်လျောက်ပတ်ရမယ်။ ပြီးတော့ ယခုလက်ရှိ ဈေးကွက်ပေါက်ဈေးထက် နည်းရမယ်ပေါ့”
“တကယ်ကြီးလား။ ဘယ်မော်ဒယ်တွေလဲ”
ဖုန်းယွီသည် ထိုမော်ဒယ်နှစ်ခုကို မိတ်ဆက်ပေးလိုက်သည်။ ပြီးနောက် ဒါရိုက်တာချန်းက အရာရှိချုပ်ချန်ကို ထိုလေယာဉ်များ၏ ဈေးကွက်ပေါက်ဈေး အသီးသီးကို ပြောပြ၏။
“မန်နေဂျာဖုန်း မင်းလေယာဉ် ဘယ်လောက်များများ ရယူနိုင်မလဲ”
“အရာရှိချုပ်ချန် အရာရှိချုပ်အနေနဲ့ လေယာဉ်ဘယ်နှစ်စီး လိုအပ်ပါသလဲ”
ဖုန်းယွီ၏ မျက်လုံးများက တောက်ပသွားသည်။ မြို့ပြလေကြောင်း ညွှန်ကြားရေးမှူး ရုံးချုပ်သည် တစ်ပြိုင်နက်ထဲ အများကြီးဝယ်ရန် ဆန္ဒရှိပုံပေါ်၏။
တရုတ်နိုင်ငံတွင် ထိုအချိန်က သူတို့၏ လေကြောင်းခရီးသွား လုပ်ငန်းသည် ဖွံ့ဖြိုးနေသေးဆဲဖြစ်ပြီး လူသယ်ဆောင်နိုင်သည့် လေယာဉ်ကြီးများလည်း ပြတ်တောက်နေသည်။ သို့သော် တရုတ်နိုင်ငံတွင်ရှိသည့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံများသည် လေယာဉ် အသေးလေးများကိုသာ ထုတ်လုပ်နိုင်ပြီး သူတို့တွင် လေယာဉ်ကြီးများ ထုတ်လုပ်ရန်အတွက် နည်းပညာလည်း မရှိပေ။ အနာဂတ်တွင်တောင် တရုတ်နိုင်ငံသည် ထိုလူစီးခရီးသည်တင် လေယာဉ်ကြီးများ ထုတ်လုပ်ရန်အတွက် နည်းပညာမရှိပေ။ သူတို့သည် အခြားသော နိုင်ငံများမှ ဝယ်ယူနေရသေးဆဲဖြစ်၏။
အမှန်တကယ်တွင် တရုတ်နိုင်ငံသည် လေယာဉ်ကြီးများကို သုတေသန ပြုလုပ်ခဲ့ဖူးသည်။ သို့သော် ထိုသုနေသန ပြုချက်များသည် စစ်ဖက်ဆိုင်ရာသုံး သယ်ယူပို့ဆောင်ရေး လေယာဉ်များအတွက်သာ ဖြစ်စေခဲ့သည်။ သူတို့သည် စီးပွားဖြစ် လူစီးလေယာဉ်များအတွက် အာရုံမစိုက်ခဲ့ပေ။
အရာရှိချုပ်ချန်သည် ဖုန်းယွီအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုမှ ခရီးသည်တင် လေယာဉ်ကြီးများ ရရှိနိုင်မည်ဟု ကြားသောအခါ စိတ်လှုပ်ရှားခဲ့သည်။ ဖုန်းယွီအနေဖြင့် လေယာဉ် ဘယ်လောက်များများ ရနိုင်မည်ဆိုသည်ကို သူသိချင်ခဲ့သည်။ သို့သော် ထိုအစား ဖုန်းယွီက သူ့ကိုဘယ်လောက် လိုအပ်သနည်းဟု မေးမြန်းခဲ့သည်။ ယင်းက မည်သို့ အဓိပ္ပာယ် ရောက်စေသနည်း။ လိုချင်သည့် လေယာဉ်ပမာဏ အရေအတွက်အတိုင်း ရနိုင်သည်ကို ဆိုလိုချင်သည်လော။
“မန်နေဂျာဖုန်းက တကယ်ပဲ အပြောကြီးတာပဲ။ ငါကလေယာဉ် အစီးနှစ်ဆယ် လိုချင်တယ်။ ဒီလောက်များများ ရနိုင်မှာလား”
“ကိစ္စမရှိဘူး။ ခင်ဗျားဘယ်အချိန် လိုချင်တာလဲ”
ဖုန်းယွီက အပျော်လွန်သွားသည်။ လေယာဉ်အစီးနှစ်ဆယ် ဒါက အမှာစာ ကြီးကြီးပင်။
အကယ်၍ အရောင်းအဝယ်ကိစ္စသည် ချောမွေ့ပါက ဖုန်းယွီနှင့် ကီရီလန်ကိုသည်လည်း အကျိုးအမြတ် အများအပြား ရမည်ပင်။ ကီရီလန်ကိုသည် ထိုလေယာဉ် ထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ပြောထားသည်က စုစုပေါင်းလေယာဉ် ၂၆စီးဖြစ်ပြီး သူတို့ထဲမှ အနည်းစုသည်သာ ထုတ်လုပ်နေသေးဆဲဖြစ်သည်။ စက်ရုံသည် ကီရီလန်ကိုကို လေယာဉ်ခြောက်စီးသာ ရောင်းချရန် ဆန္ဒရှိသော်လည်း ကီရီလန်ကိုက ဖုန်းယွီကို ထိုဈေးသည် ဈေးမှန်ဖြစ်ကြောင်း ပြောသောအခါ သူ့အနေဖြင့် ၂၆စီးလုံး ရယူလိုသည်။ အချိန်ရှိပါက လေယာဉ်အစီးရေ ၃၀သည်လည်း ပြဿနာမရှိပေ။
အရာရှိချုပ်ချန်သည် မှင်သက်သွားမှုကြောင့် မတ်တပ်ထရပ်လိုက်တော့သည်။ ဖုန်းယွီက လေယာဉ်အစီး၂၀ ရနိုင်တာလား။ သူ့အနေဖြင့် ဖုန်းယွီကို အများဆုံး လေယာဉ်ဆယ်စီးသာ ရယူနိုင်မည်ဟု တွေးခဲ့ပြီး သူသည် ဖုန်းယွီကို သင်ခန်းစာတစ်ခု ပေးချင်သည်။ လူငယ်လေး တစ်ယောက်အနေဖြင့် လေကြီးလေကျယ် မပြောသင့်ပေ။ သို့သော် လေယာဉ်အစီး၂၀သည် အမှန်တကယ်တွင် ဖုန်းယွီအတွက် ပြဿနာတောင် ဖြစ်ပုံမပေါ်ပေ။
ကြီးမြတ်သည့် ခေါင်းဆောင်က ပြောကြားခဲ့သည်က အရင်က တရုတ်နိုင်ငံသည် မြို့ပြလေကြောင်းတွင် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ ပြီးနောက် မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးချုပ်သည် ထိုသို့ ပြောကြားပြီးနောက် လေယာဉ်ကုမ္မဏီ ခြောက်ခုကို ထူထောင်ခဲ့သည်။ ထိုလေကြောင်းလှိုင်း ခြောက်ခုသည် စီချွမ်းလေကြောင်းလှိုင်း၊ တရုတ်အရှေ့ပိုင်း လေကြောင်းလှိုင်း၊ တရုတ်လေကြောင်းလှိုင်း၊ ရှန်ဟိုင်း လေကြောင်းလှိုင်၊ တရုတ်တောင်ပိုင်း လေကြောင်းလှိုင်းနှင့် ဟိုင်နန် လေကြောင်းလှိုင်းတို့ ဖြစ်ကြသည်။ ထိုလေကြောင်းလှိုင်း ကုမ္မဏီများ အားလုံးသည် နိုင်ငံတကာ ခရီးစဉ်များ ရှိပေသည်။ ပြီးနောက် ထိုလေကြောင်းလှိုင်းများအားလုံး ခရီးသည်တင် လေယာဉ်ကြီးများ လိုအပ်ပေသည်။
ထိုလေကြောင်းလှိုင်း ကုမ္မဏီများသည် ပုဂ္ဂလိကပိုင် ကုမ္မဏီများ ဖြစ်ကြသည်။ သို့သော်ငြား သူတို့အားလုံးသည် တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးချုပ်၏ စီမံခန့်ခွဲရေးမှူးအောက်တွင် ရှိနေသေးဆဲဖြစ်သည်။ ထိုလေကြောင်းလှိုင်းများသည် လေယာဉ်အသစ် ဝယ်ရန်အတွက် ရန်ပုံငွေ လုံလောက်မှုမရှိပေ။ ပြီးနောက် သူတို့သည် ရုံးချုပ်မှသာ ရန်ပုံငွေများကို ရယူရသည်။
အကယ်၍ ထိုမန်နေဂျာဖုန်းသာ ခရီးသည်တင် လေယာဉ်ကြီးများကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါက ထိုလေကြောင်းလှိုင်း ကုမ္မဏီများသည်လည်း ဥရောပနှင့် အမေရိကန် ပြည်ထောင်စု၏ လေကြောင်းလှိုင်း အမှာစာများ ဈေးနှုန်းညှိနှိုင်းမှုကို ရပ်တန့်မည်ဖြစ်ပေသည်။ ထိုဈေးသင့်လျော်ပြီး ကောင်းမွန်သည့် လေကြောင်းများနှင့်ဆိုလျှင် အခြားသော ဈေးကြီးသည်ဟာအစား အဘယ့်ကြောင့် ပိုက်ဆံများ ဖြုန်းတီးမည်နည်း။
“Tubolev TU154 နဲ့ Iiyushin II76 အတွက် အနိမ့်ဆုံးဈေးက ဘယ်လောက်လဲ”
အရာရှိချုပ်ချန်က မေးလိုက်၏။
“အရာရှိတို့အနေနဲ့ ဆယ်စီးနဲ့အထက် ယူမယ်ဆိုရင်တော့ Tubolev TU154 က တစ်စီးကို ယွမ်၄၅သန်း ဖြစ်မယ်။ ပြီးတော့ Iiyushin II76 ကတော့ တစ်စီးကို ယွမ်သန်း၈၀ ဖြစ်မယ်။ Tubolev TU154 ရဲ့ ဝင်ဆန့်နိုင်တဲ့ ပမာဏက ခုံ(၁၅၀)ကနေပြီးတော့ (၁၈၀)ထိဆန့်တယ်။ Iiyushin II76 ကတော့ ခုံ(၂၀၀)ထိဆန့်တယ်။ ဒါမှမဟုတ်ဘူးဆိုရင် အဲ့ဒီလေယာဉ်မှာ ကုန်ပစ္စည်းတင်တဲ့ ကာကိုလီအဖြစ်လည်း အသုံးပြုနိုင်တယ်”
ဖုန်းယွီသည် စိတ်ထဲတွင် ကျိန်ဆဲနေသည်။ မြန်မြန် သဘောတူလိုက်ပါတော့။ ဒီဈေးက သုံးဆယ်ရာခိုင်နှုန်းထက်တောင် နည်းတယ်။ ခင်ဗျားအခုပဲ ဆုံးဖြတ်ဖို့ လိုတယ်။
စီချွမ်းလေကြောင်းလှိုင်း၏ ဒါရိုက်တာချန်းသည် အပျော်လွန်နေသည်။ ဖုန်းယွီ ယခုပြောလိုက်သည့် ဈေးနှုန်းက စောစောက ပြောခဲ့သည်ထက်ပင် နည်းလွန်းနေသည်။
“ဈေးကအနည်းငယ် များသေးတယ်။ ဒီလိုဆိုရင်ရော မန်နေဂျာဖုန်း ကျွန်တော် ခေါင်းဆောင်တွေနဲ့ ပြောပြီးမှ ရက်အနည်းငယ်အတွင်း ခင်ဗျားကို ပြန်ပြီးအကြောင်းပြန်မယ်လေ”
အရာရှိချုပ်ချန်က ပြောလိုက်၏။ သူသည် ဒါရိုက်တာချန်းကဲ့သို့ အပေးအယူကို သဘောမတူကြောင်း မပြောပေ။
“ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မြန်မြန်တော့ လုပ်မှရမယ်နော်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ ယခုလက်ရှိ အခြေအနေက အရမ်းကို ရှုပ်ထွေးနေတယ်။ ပြီးတော့ ကျွန်တော်ရဲ့ သူငယ်ချင်းကလည်း ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဒီလေယာဉ်တွေကို ယူနေရတာ။ ဒီဈေးနဲ့ မရနိုင်တော့မှာကို ကျွန်တော် စိုးရိမ်မိတယ်”
ဖုန်းယွီသည် အရာရှိချုပ်ချန်ကို စတင်ဖိအား ပေးလိုက်၏။
ဖုန်းယွီသည် စီချွမ်းလေကြောင်းလှိုင်းနှင့် ယနေ့အရောင်းအဝယ်ကို အပြီးမသတ်နိုင်ခဲ့သော်ငြား သူသည် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးချုပ်ရုံးမှ အမှာစာမှာ လက်ခံရရှိခဲ့သည်။ ဖုန်းယွီသည် ပိုချမ်းသာတော့မည်ပင်။