← Chapters

အကြပ်ကိုင်ခြင်း

Vol. 3 Ch. 27

အကြပ်ကိုင်ခြင်း

Vol. 3 Ch. 27

"ငါ့သားကို အသက်သုံးရှိုက်အတွင်း လွှတ်လိုက်စမ်း။ မဟုတ်ရင် နင့်ကို အပိုင်းပိုင်းဖြတ်ပစ်မယ်"

ရောင်မန်ရှယ်သည် မီးဝင်းဝင်းတောက်သော မျက်လုံးအစုံဖြင့် ယွမ်ရှောင်ကို စိုက်ကြည့်နေရင်း အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ဓားသခင်တစ်ယောက်က တပည့်တစ်ယောက်ကို လူပုံအလယ်တွင် ပေါ်တင်ခြိမ်းခြောက်နေသောကြောင့် ကြည့်ရှုနေသူများ တုန်လှုပ်သွားခဲ့၏။

"ညီလေးယွမ် သေချာစဥ်းစားဦး"

ချိုက်မြောင်က သတိပေးလိုက်ပြီး ယွမ်ရှောင်၏လုပ်ရပ်သည် အမှတ်တစ်ဓားတောင်ကို ရန်စလိုက်သကဲ့သို့ အမှတ်ခြောက်ဓားတောင်တစ်ခုလုံး ကိုယ်စားပြုသော ရောင်ကျိကျင်းကို သတ်လိုက်လျှင် သူမ၏ဒေါသကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

"ဟား ဟား ဒီလိုဆိုရင်ရော"

ယွမ်ရှောင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဓားသခင်တစ်ယောက်ကို ကြောက်လန့်ပုံမရှိသည့်အပြင် မျက်လုံးများ ရေခဲပမာ အေးစက်သွားသည်။

"ရွှစ်"

သူ၏လက်က လှုပ်သွားကာ ဓားတစ်ချက်တည်းဖြင့် ရောင်ကျိကျင်း၏ နားနှစ်ဖက်ကို ခုတ်ပစ်လိုက်သောအခါ မြင်ရသူတိုင်းကို ကျောစိမ့်သွားစေသည်။ ရောင်ကျိကျင်းသည် သွေးထွက်နေသော နားနှစ်ဖက်ကို လက်ဖြင့် အုပ်ကိုင်၍ စူးစူးဝါးဝါးအော်ဟစ်နေကာ လူတိုင်း အာရုံစိုက်လာကြ၏။

"ကျောက်ရန်ရန် မျက်ကန်းကြီးချင် ဒီကောင့်ကို ထိန်းစမ်း။ ရောင်ကျိကျင်းက ရောင်မန်ရှယ်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို သိတယ်မလား"

"မသိဘူးလေ"

ဝူဝူက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ယွမ်ရှောင်က ဖြတ်ပြောလိုက်၍ ရောင်ကျိကျင်း၏ရင်ဘတ်ကို လက်သီးဖြင့် ထိုးချလိုက်သောအခါ သွေးများ အန်ထွက်လာသည်။

"နင် ငါ့သားကို နောက်တစ်ကြိမ်ထပ်ထိရဲရင် ဓားအိမ်တော် ကာကွယ်ပေးနေရင်တောင် အ​သေသတ်ပစ်မယ်"

ရောင်မန်ရှယ်က အံကြိတ်၍ နောက်တစ်ကြိမ် ခြိမ်းခြောက်လိုက်သော်လည်း ဓားတစ်ချက်ဖြင့် အဖြေရလိုက်ပြီး ခေါင်းပြတ်တစ်လုံးမှာ သူမထံ တလိမ့်လိမ့် ရောက်လာခဲ့လေသည်။

"ကဲ ငါ သတ်လိုက်ပြီ။ ဘာလုပ်မှာလဲ"

ယွမ်ရှောင်က ဓားကို သွေးအေးစွာခါယမ်းလိုက်ပြီး ရောင်ကျိကျင်း၏ ခေါင်းပြတ်အလောင်းကို ကန်ထုတ်လိုက်သည်။

"ခွေးကောင်"

ရောင်မန်ရှယ်က အသံကုန်အော်ဟစ်လိုက်ပြီး မျက်လုံးအတွင်းမှ မျက်ရည်များ တသွင်သွင် စီးကျလာခဲ့သည်။

"အမှားအမှန်တွေ ဘာညာအပိုတွေ မပြောချင်ဘူး။ ဒီလူသတ်နိုင်တဲ့ စည်းကမ်းကို မင်းတို့ သတ်မှတ်ထားတာပဲ။ မင်းတို့က ငါ့လူတစ်ယောက်ကို သတ်ရင် မင်းတို့ကို အကုန်ပြန်သတ်မယ်"

ယွမ်ရှောင်သာ ဝင်ရောက်လှုပ်ရှားခြင်းမရှိလျှင် ချိုက်မြောင် အသတ်ခံရရန် သေချာသည့်အပြင် ဓားအိမ်တော်မှ လူငယ်များစွာ သေဆုံးခဲ့ရသည်။ သူ၏အသံက သေမင်းအမိန့်ပမာ ခက်ထန်စွာ ထွက်ပေါ်လာသောအခါ ရောင်မန်ရှယ်သည် သတ်ဖြတ်ရန် ချဥ်းကပ်လာခဲ့ပြီး ကျောက်ရန်ရန်က ပြတ်သားစွာ တားမြစ်ခဲ့သည်။

"ဘေးဖယ်စမ်း"

"ဓားအိမ်တော်တပည့်တွေ အသတ်ခံနေရတုန်းက နင်ဝင်ပါတာ မမြင်မိပါလား"

"ပါးစပ်ပိတ်ထားစမ်း ကျောက်ရန်ရန်။ ဒီပြဿနာကောင်ကြောင့် ဓားအိမ်တော် ဖျက်ဆီးခံရလိမ့်မယ်"

ရောင်မန်ရှယ်က ဒေါသမထိန်းနိုင် ဖြစ်နေသည်။

"ဒီလောကကြီးမှာ ဓားအိမ်တော်က သေရမှာ ကြောက်မနေဘူး။ မောင်လေးယွမ်က ဓားရှစ်လက်ပွဲတော်ရဲ့ စည်းကမ်းအတိုင်း အနိုင်ယူခဲ့တယ်။ နင်က သူ့ကို ထိချင်တယ်ဆိုရင် ဓားအိမ်တော်က အဆုံးအထိလိုက်ပါပေးမယ်။ အသူရာဓားဂိုဏ်းရဲ့ အဓိကတောင်ထွတ်က နင့်ရဲ့ နံပတ်ခြောက်ဓားတောင်ကို ကြောက်မယ် ထင်နေတာလား"

"မှန်တယ်။ ဓားအိမ်တော်ရဲ့တပည့် ယွမ်ရှောင်က မှန်မှန်ကန်ကန် တိုက်ခိုက်ခဲ့တယ်။ မင်းကများ စော်ကားရဲသလား"

ကျောက်ရန်ရန်နှင့် အဘိုးချင်က ရဲတင်းစွာ တုံ့ပြန်လိုက်ကြသည်။ ရောင်မန်ရှယ်က တရကြမ်း ဝင်ရောက်တိုက်ခိုက်ချင်သော်လည်း ကျန်းရယ်၏ဆံပင်ကို ဆွဲမကာ ဓားဖြင့် ထောက်ထားသော ယွမ်ရှောင်၏ပုံရိပ်အား မြင်လိုက်ရသည်။

"လာစမ်းပါ"

သူက တစ်ချက်ပြုံးလိုက်ပြီး ကျန်းရယ်ခေါင်းကို ဖြတ်ပစ်ရန် အသင့်ပြင်ထားသည်။ ဓားသခင်တစ်ယောက်ဖြစ်သော တစ်ဖက်လူမှာ ဒေါသပေါက်ကွဲချင်သော်လည်း မျိုသိပ်နေရသဖြင့် လွန်စွာအရှက်ရနေသည်။ ထိုအချိန်၌ အသူရာဆေးအိုးထံမှ ဒေါင်ခနဲ မြည်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသောအခါ ပရိသတ်များကို မင်သက်သွားစေသည်။ ဤအသံမှာ ဓားဝိညာဥ်တစ်ခု ပေါက်ကွဲသော အသံမျိုး မဟုတ်သောကြောင့် ဓားဆွေးနွေးပွဲ ပြီးဆုံးကြောင်း အချက်ပြလိုက်သော အသံ ဖြစ်နေခဲ့သည်။ ဤနာရီဝက်အတွင်း အသက်ရှူမှားလောက်သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ဤအချိန်အတွင်း ဝူကျန်းရန်၊ လန်ရှောင်း၊ ယွမ်တန်းရီနှင့် ရောင်ကျိကျင်းတို့ အသတ်ခံခဲ့ရပြီး အမှတ်တစ်၊ သုံးနှင့် ခြောက် ဓားတောင်များမှ တပည့်များအားလုံး အရှက်ကွဲခဲ့ရသည်။

"ဓားဆွေးနွေးပွဲပြီးပြီဆိုတော့ ဘယ်သူပထမရတယ်ဆိုတာ ကြေညာသင့်ပြီ မထင်ဘူးလား။ ဂိုဏ်းစည်းကမ်းတွေအရ ဓားသခင်တစ်ယောက်က ငါ့ကို သတ်ခွင့်ရှိလို့လား"

ယွမ်ရှောင်သည် ရောင်ကျိကျင်း၏ ခေါင်းပြတ်ကြီးအပေါ် ခြေထောက်ဖြင့် တက်နင်းထားကာ လှောင်ပြောင်လိုက်သဖြင့် ပတ်ဝန်းကျင်လေထုမှာ တိတ်ဆိတ်သွားသည်။ နှစ်တစ်ထောင် နတ်ဆိုးခေါင်းခွံနှင့် နဂါးနွေဦးဆေးလုံးနှစ်ဆယ်မှာ ကျန်းရယ်အတွက် ပြင်ဆင်ထားခြင်းဖြစ်သော်လည်း ကောင်းကင်လမ်းကြောင်းမှ နှစ်ငါးရာနတ်ဆိုးအရိုးလမ်းစဥ် လိုက်သွားခဲ့သည်။ ယွမ်ရှောင်က အမှန်တကယ် ပြတ်သားပြီး ပြိုင်ဘက်များ၏အလောင်းကို တက်နင်းကာ ဓားအမှတ်ခြောက်ဆယ်ကျော် ပိုင်ဆိုင်ထား၏။

"ဂုဏ်သတင်း တိုက်ခိုက်ရေးအင်အားမှာ အစ်မကျောက်နဲ့ ယွမ်ရှောင်က ဓားတောင်သုံးခုကို တစ်ဦးချင်းတိုက်ပွဲမှာ အနိုင်ယူခဲ့ပြီ"

"ဒါက သေချာပေါက် အရှက်ရစရာပဲ"

"ငါသာ ရောင်မန်ရှယ်ဆိုရင် ရှက်လွန်းလို့ လဲသေလိုက်တယ်"

အသူရာဓားဂိုဏ်း၏ ဓားတောင်ခုနစ်ခုလုံးကို အမှတ်တစ်ဓားတောင်က အုပ်စိုးမထားနိုင်သောကြောင့် ရန်ငြှိုးများ တည်ရှိသည်။ ဤနှစ်များအတွင်း သူတို့၏အနိုင်ကျင့်မှုကြောင့် ထိခိုက်ခဲ့သူများသည် အခွင့်အရေးရသောအခါ မျိုသိပ်ထားရသည်များကို ဖွင့်ထုတ်၍ လှောင်ပြောင်လိုက်ကြသည်။ နာရီဝက်ဆိုသော အချိန်အတွင်း၌ ယွမ်ရှောင်သည် ဂိုဏ်းတစ်ခုလုံး ကျော်ကြားသော ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူက လူငယ်တစ်​ယောက်အစား သွားထိရန် မသင့်တော်သော ကျားရဲတစ်ကောင်နှင့် ဆင်တူကာ ကြမ်းတမ်းသော သတ်ဖြတ်ပုံကြောင့် လူပေါင်းများစွာကို အာရုံစိုက်လာစေသည်။ များပြားလှသော မိန်းကလေးတပည့်များသည်လည်း သူ၏ရုပ်ရည်ကြောင့် အစွမ်းကုန် အားပေးနေကြသည်။ ဤလောကကြီးတွင် ရုပ်ရည်ချောမောသူများစွာ ရှိသော်လည်း တစ်ဦးတည်းရှိသော ဖန်ဆင်းရှင်အင်မော်တယ်၏ ရုပ်ရည်က ပြည့်စုံနေသည် မဟုတ်ပါလော။

"ယွမ်ရှောင်က ဘယ်စည်းကမ်းကိုမှ မချိုးဖျက်ခဲ့ဘူး"

"သူ့လုပ်ရပ်တွေက ကြမ်းတမ်းတယ်ဆိုပေမယ့် ဓားအိမ်တော်ကလည်း ဒီနှစ်တွေမှာ အရှက်ခွဲခံခဲ့ရတယ်မလား"

တီတိုးလှောင်ပြောင်သံများအကြားတွင် ကျန်းရယ်၏အသက် ခြိမ်းခြောက်ခံနေရသောကြောင့် ရောင်မန်ရှယ်နှင့် ဝူဝူမှာ စွမ်းအားကင်းမဲ့နေသည်။ ယွမ်ရှောင်၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု တည်ရှိနေပြီး ဓားရှစ်လက်ပွဲတော်မှာ သူ၏ကစားကွင်းအဖြစ် ပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် ရဲတန်းစီ၊ ရောင်မန်ရှယ်နှင့် ဝူဝူက ပွဲတော်ကျင်းပရေးအတွက် တာဝန်ယူထားကြသည်။

"ဒီခွေးမက ဓားဆွေးနွေးပွဲရဲ့ အောင်နိုင်သူကို အရမ်းသိချင်နေတယ်။ ကျယ်ကျယ်လေး ပြောပေးစမ်းပါ"

ယွမ်ရှောင်၏လက်အတွင်း ဆံပင်များပင် ကျွတ်ပါလာသည်အထိ ကျန်းရယ်၏ဦးခေါင်းမှာ ရက်ရက်စက်စက် ဆွဲဆောင့်ခံလိုက်ရ၏။

"ကျယ်ကျယ်ပြောလိုက်စမ်းပါ"

သူမက နာကျင်စွာဖြင့် ဝူဝူနှင့် ရောင်မန်ရှယ်ထံ အကူအညီတောင်းလိုက်သည်။ ကျောက်ရန်ရန်၏လက်ထဲတွင် ဓားနှလုံးသားရှိနေပြီး ယွမ်ရှောင်၏လက်ထဲတွင် ကျန်းရယ်ရှိနေသောအခါ ဝူဝူနှင့် ရောင်မန်ရှယ်က အကြည့်ချင်း ဖလှယ်လိုက်သည်။ ရောင်မန်ရှယ်သည် သားဖြစ်သူ အသတ်ခံလိုက်ရသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော်လည်း လက်စားမချေနိုင်သောကြောင့် ငိုပွဲဆင်နေခဲ့သည်။ ဝူဝူသည်လည်း ရှက်လွန်းသဖြင့် ပျောက်ကွယ်သွားချင်စိတ်ပေါက်နေသော်လည်း ရွေးချယ်စရာ မရှိပေ။ နှစ်ယောက်လုံးမှာ အရွယ်ကောင်း မျိုးဆက်များ အသတ်ခံလိုက်ရသော်လည်း လက်သည်၏အောင်ပွဲကို ကြေညာရန်အတွက် ကိုယ့်ကိုကိုယ် နှိမ့်ချလိုက်ရသည်။

"ဓားဆွေးနွေးပွဲရဲ့ အောင်နိုင်သူက ဓားအိမ်တော်ရဲ့ ယွမ်ရှောင် ဖြစ်ပါတယ်"

ဝူဝူသည် သူ၏အသံကို အကျယ်လောင်ဆုံးဖြစ်အောင် အော်ဟစ်၍ ကြေညာလိုက်ပြီး ဒေါသထွက်လွန်းသဖြင့် ရင်ထဲတွင် မုန်တိုင်းတိုက်နေသည့်ပမာ ဗြောင်းဆန်နေသည်။

"ဒီနှစ်အတွက် ဆုလာဘ်က နှစ်တစ်ထောင်နတ်ဆိုးဧကရာဇ်ရဲ့ ခေါင်းခွံလို့ ကြားတယ်။ အဲ့တာက ဘယ်ရောက်နေတာလဲ။ သွားယူလာစမ်း"

ယွမ်ရှောင်သည် ကျန်းရယ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ဝူဝူဘက်လှည့်ကာ ရဲတင်းစွာ အမိန့်ပေးလိုက်လေသည်။

All Chapters