အောက်တန်းကျသူများ
Vol. 3 Ch. 28-က
"ဆုလာဘ်တွေက မနက်ဖြန် ဓားရှစ်လက်ပွဲတော်ပြီးမှ ပေးမှာ ဖြစ်တယ်"
ဝူဝူက ငြင်းဆန်လိုက်ပြီး လေသံထဲတွင် ထိန်းချုပ်မျိုသိပ်ထားရသော ဒေါသများ ပေါ်လွင်နေသည်။ ယနေ့တွင် ဓားဆွေးနွေးပွဲကျင်းပပြီး နောက်တစ်ရက်တွင် မဟာတိုက်ပွဲကျင်းပမည်ဖြစ်ကာ အသူရာဆေးအိုးကဲ့သို့ အဖိုးတန်အရင်းအမြစ်များ ပါဝင်နေ၏။ ၎င်းကိုပိုင်ဆိုင်နိုင်လျှင် ဓားအိမ်တော်အတွက် လွန်စွာအကျိုးရှိပြီး လွန်ခဲ့သောနှစ်များတွင် ပြန်လည်ရယူရန် မျှော်လင့်ချက် မရှိခဲ့ပေ။
"ဒီနေ့ ပေးလို့ မရဘူးလား"
"လုံးဝမဖြစ်နိုင်ဘူး"
ယွမ်ရှောင်က အကြပ်ကိုင်ချင်သော်လည်း ဝူဝူက ခေါင်းမာစွာ တုံ့ပြန်လာခဲ့သည်။ သူက ဆုလာဘ်များကို အသုံးပြု၍ မဟာတိုက်ပွဲအတွက် ကျင့်ကြံရန် ကြံစည်ထားသော်လည်း ဂိုဏ်းစည်းကမ်းကြောင့် ကံဆိုးသွားခဲ့သည်။ သူ့အနေဖြင့် ရောင်ကျိကျင်းထက် ပို၍သန်မာသော တပည့်ခေါင်းဆောင်များကို ရင်ဆိုင်ရန် လိုအပ်သော်လည်း စည်းကမ်းကို ဖောက်ဖျက်မရနိုင်ပေ။
"မင်းမှာ ဘာပြောစရာရှိလဲ"
သူက ကျန်းရယ်၏မျက်နှာကို စေ့စေ့စိုက်ကြည့်ကာ ခပ်တင်းတင်း မေးလိုက်သည်။
"မ...မရှိပါဘူး"
သူမက ကြောက်လန့်တကြား ခေါင်းယမ်းပြလိုက်သည်။
"မင်းမျက်လုံးထဲမှာ ငါ့ကို အမှိုက်တစ်စလို့ ထင်နေတယ်မလား"
"မထင်ရဲပါဘူး"
ကျန်းရယ်သည် သူမကိုယ်သူမ ပြိုင်ဘက်ကင်းပါရမီရှင်ဟု မှတ်ထင်ထားသော်လည်း သေခြင်းတရား နီးကပ်နေသောအခါ လည်ချောင်းဝ၌ စကားလုံးများ တစ်ဆို့ကုန်သည်။
"ဘဘယ်လိုဖြစ်ဖြစ် မင်းရဲ့မာနကြောင့် အကျနာမှာ သေချာတယ်"
"မနက်ဖြန်ကျရင် မင်းက ခွေးတစ်ကောင်ထက် ပိုမှာမဟုတ်ဘူး။ မင်းကို ရဲကုရင်သေတဲ့နေ့အထိ အသက်ရှင်ရက် ထားဦးမယ်"
ယွမ်ရှောင်က သူမကို ခပ်ကြမ်းကြမ်း ကန်ထုတ်လိုက်သောကြောင့် စင်အောက်သို့ ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသွားခဲ့သည်။ သူ၏စိတ်ထဲတွင် ကြုံးဝါးလိုက်ပြီး သူမကို အသေဆိုးဖြင့် မသတ်နိုင်လျှင် သေရွာပြန်လာခြင်းက အဓိပ္ပါယ်မရှိပေ။ သူစိုးရိမ်နေသည်မှာ ရဲကုရင် ပြန်ရောက်လာချိန် နောက်ကျနေလျှင် သူမ၏ခေါင်းပြတ် ပုပ်သိုးနေမည်ကိုဖြစ်သည်။ သူမက စင်အောက်သို့ ရောက်သောအခါ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကာ ရဲတန်းစီထံ အကူအညီတောင်းရန်ဖြစ်သည်။ သူက တစ်ချက်သာ ကြည့်လိုက်ပြီး ဓားအိမ်တော်အုပ်စုထံ ပြန်လှည့်သွားခဲ့သည်။
"နေဦး မဟာတိုက်ပွဲအတွက် မင်းကိုယ်မင်း ပြင်ဆင်ထား။ အသူရာဆေးအိုးက ဓားအိမ်တော်ရဲ့ရတနာဆိုတော့ ပြန်ပြီးရယူနိုင်ရင် ဂုဏ်တက်စေလိမ့်မယ်"
ဝူဝူက အောက်တန်းကျသော ရည်ရွယ်ချက်မျိုးဖြင့် ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။
"ဘေးဖယ်စမ်း။ ဓားအိမ်တော်က မဟာတိုက်ပွဲမှာ ဝင်မပါဘူး"
ကျောက်ရန်ရန်က အေးစက်စက် ဖြတ်ပြောလိုက်သည်။
"အရင်နှစ်က အရှုံးကြောင့် မင်းတို့က ကြောက်နေတာလား။ ဓားအိမ်တော်ကကောင်တွေမှာ မာနလေးတောင် မကျန်ဘူးလား"
ဝူဝူသည် နားဝင်ဆိုးလှသော အသံမျိုးဖြင့် လှောင်ပြောင်လိုက်၏။
"ဒါဆိုရင် တပည့်အယောက်တစ်ရာကျော်ကို နင်တစ်ယောက်တည်း တိုက်ခိုက်ကြည့်ပါလား"
"လူငယ်လေး လူတော်တစ်ယောက်က ဘယ်အချိန် နောက်ပြန်လှည့်ရမယ်ဆိုတာကို သိရမယ်။ ထောင်ချောက်ထဲ မရောက်သွားစေနဲ့။ ဒီနေ့ကိစ္စကြောင့် မဟာတိုက်ပွဲမှာ အမှတ်တစ်ဓားတောင်တစ်ခုလုံးက မင်းကို ပစ်မှတ်ထားကြလိမ့်မယ်။ မင်းသာ တစ်ခုခုဖြစ်သွားရင် ဓားဆွေးနွေးပွဲရဲ့ ဆုလာဘ်က ဒုတိယနေရာရတဲ့ ရဲတန်းယွမ်ဆီ ရောက်သွားလိမ့်မယ်"
အဘိုးချင်က ယွမ်ရှောင်ကို ဆွဲခေါ်သွားပြီး တီးတိုးသတိပေးလိုက်၏။ မဟာတိုက်ပွဲတွင် တောင်ရှစ်လုံးက အုပ်စုလိုက်တိုက်ခိုက်ရမည်ဖြစ်ပြီး ဓားအိမ်တော်၌ တပည့်ရှစ်ယောက်သာ ကျန်ရစ်သောကြောင့် အရေအတွက်ချင်း ကွာခြားလွန်းနေသည်။
"ရဲတန်းယွမ်က ဘယ်သူလဲ"
"ရဲတန်းစီရဲ့ ငါးယောက်မြောက်တပည့်ဖြစ်သလို သူ့သားလည်း ဖြစ်တယ်။ သူက အမှတ်တစ်ဓားတောင်ရဲ့ တပည့်ခေါင်းဆောင်ဖြစ်ပြီး နတ်ပင်လယ်အလယ်အဆင့်ကို ရောက်နေပြီ။ ဒီနေ့ဓားဆွေးနွေးပွဲမှာ မင်းပြီးရင် သူက အမှတ်အများဆုံးပဲ"
အဘိုးချင်က အသေးစိတ် ရှင်းပြလိုက်သောအခါ ယွမ်ရှောင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ အဘိုးချင်သည် ဆွေးနွေးပွဲတောင်ထိပ်၏ အလယ်တွင် ရှိနေသော အသူရာဆေးအိုးကို ဝမ်းနည်းစွာစိုက်ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ ၎င်းက ရတနာတစ်ခုထက် သာလွန်ပြီး ဓားအိမ်တော်၏ အောင်မြင်မှုများစွာအတွက် မရေမတွက်နိုင်သော မှတ်တမ်းများ ထင်ဟပ်နေသည့် အရာ ဖြစ်သည်။ ၎င်းကို ဆုံးရှုံးသွားရခြင်းသည် ဓားအိမ်တော်အတွက် မေ့ဖျောက်မရနိုင်သော ဒဏ်ရာတစ်ခုဖြစ်ကာ သူ၏ရည်မှန်းချက်ဖြစ်သော်လည်း ယနေ့တွင် အရှက်ရစရာတစ်ခုအဖြစ် တည်ရှိနေသည်။
"ကလေး အသက်ရှင်ဖို့က ပိုပြီးအရေးကြီးတယ်။ မင်းတစ်ယောက်တည်း ဓားအိမ်တော်ရဲ့တာဝန်တွေကို ထမ်းထားစရာ မလိုပါဘူး။ မင်းကိုယ်မင်းအတွက်ပဲ စဥ်းစားပါ"
သူက နွေးထွေးစွာ အကြံပေးလိုက်သောကြောင့် ယွမ်ရှောင်က လေးစားစွာ ခေါင်းညိတ်ပြလိုက်၏။
"အိမ်ပြန်ကြရအောင်"
"ဂိုဏ်းတူအစ်မကျောက် သေရည်ရှိလား"
"ဟမ့်"
ကျောက်ရန်ရန်သည် စကားအဆုံးတွင် ယွမ်ရှောင်၏မေးခွန်းကြောင့် မျက်စောင်းတစ်ချက်ထိုးကာ လှည့်ထွက်သွားခဲ့သည်။ ဓားအိမ်တော် ထွက်ခွာသွားချိန်တွင် ရန်ကြွေးထားနေသော ရောင်မန်ရှယ်နှင့် ဝူဝူက နားလည်မှုရှိစွာ တွေ့ဆုံခဲ့ကြသည်။
"သူတို့က မဟာတိုက်ပွဲမှာ ဝင်မပြိုင်ဘဲ တစ်ရက်လောက် ပုန်းနေမယ်ဆိုရင် ဒီခွေးကောင်က ဆုရသွားလိမ့်မယ်"
ရောင်မန်ရှယ်က အေးစက်စွာ ထောက်ပြလိုက်သည်။
"ဒီကောင့်ကို နောက်ရက်အထိ အသက်ရှင်ခွင့် မပေးနိုင်ဘူး"
ဝူဝူက ကောက်ကျစ်စွာ ပြုံးလိုက်၏။
"နင့်မှာ နည်းလမ်းတစ်ခု ရှိလို့လား"
"ငါက သဲလွန်စမကျန်အောင် လူသတ်နိုင်တဲ့ နတ်ဆိုးလုပ်ကြံသူတစ်ယောက်ကို သိထားတယ်။ လုံလောက်အောင် ပေးနိုင်ရင် ဘယ်အလုပ်မှ မငြင်းဘူး"
"သူက ဘယ်မှာလဲ"
"အသူရာတောင်တန်းမှာပဲ"
"ဒီနေ့ည စီစဥ်ပေးနိုင်မလား"
"ရတယ်"
"ဒါဆိုရင် အစ်ကိုရဲနဲ့ တိုင်ပင်လိုက်မယ်။ မင်းရဲ့လုပ်ကြံသူကို သေချာပြောလိုက်။ ပစ်မှတ်ကို အသေဆိုးနဲ့သေအောင် မသတ်နိုင်ရင် တစ်ပြားမှရမယ် မထင်နဲ့"
ရောင်မန်ရှယ်သည် ရောင်ကျိကျင်း၏ အသက်မဲ့အလောင်းကို စိုက်ကြည့်ကာ သတ်ဖြတ်လိုစိတ်အပြည့်နှင့် မှာကြားလိုက်သည်။ ဝူဝူက ရက်စက်စွာ ခေါင်းညိတ်ပြလိုက်ပြီး ပွဲကြည့်စင်မှ ပရိသတ်များသည် ဓားအိမ်တော် အစွမ်းပြသွားသောကြောင့် တိတ်ဆိတ်နေ၏။
"ဒီကောင်လေးက သူ့အကန့်အသတ်ကို မသိဘူး။ ဓားအိမ်တော်ကလည်း နှိမ့်နှိမ့်ချချနေပြီး သနားဖို့ တောင်းပန်မယ်ဆိုရင် အသက်ရှင်မှာကို ဘာတွေလျှောက်လုပ်နေတာလဲ"
သူရဲဘောကြောင်သော ယုရှန်ကျောက်က ဤသို့မှတ်ချက်ပေးလိုက်သည်။
"အရူးကောင် မင်းလုပ်ရပ်အတွက် လက်ဆောင်တွေပြင်ဆင်ပြီး ရောင်ချင်းချန်ကို ချက်ချင်းသွားတွေ့စမ်း။ မင်းနဲ့ ဒီကလေးနဲ့ ဘာမှမပတ်သက်ဘူးဆိုတာ သေချာရှင်းပြလိုက်။ တကယ်လို့ ဓားသခင်ရဲသာ ငါတို့ကို သံသယဝင်မယ်ဆိုရင် မနက်ဖြန်ကျရင် အမှတ်ခုနစ်ဓားတောင်ရဲ့ တပည့်တွေ ပြဿနာတက်သွားနိုင်တယ်"
ကျန်းကျန့်က ဒေါသတကြီး အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့။ ကျုပ် အခုချက်ချင်း ရောင်ချင်းချန်ကို သွားတွေ့လိုက်ပါမယ်"
ယုရှန်ကျောက်က ချက်ချင်းခေါင်းညိတ်၍ အမြှီးကုပ်ထွက်ခွာသွားကာ ယွမ်ရှောင်ကို ကာကွယ်ပေးခဲ့သဖြင့် နောင်တရနေခဲ့လေသည်။