သေရမှာမကြောက်သူ
Vol. 3 Ch. 29-က
ဓားစံအိမ်၏ ညကောင်းကင်တွင် ကြယ်များ ထွန်းလင်းနေပြီး တပည့်များသည် ရယ်မောစွာ အောင်ပွဲခံနေကြသည်။ မီးပုံနံဘေးတွင် အထီးကျန်ဆန်သော အင်မော်တယ်လမ်းကြောင်းအစား နွေးထွေးသော မိသားစုတစ်ခု တည်ရှိနေ၏။
"ကမ်းပေ့ ဂိုဏ်းတူညီလေးယွမ်"
"မင်းလိုလေးစားရတဲ့ လူတစ်ယောက်ကို ဒီဘဝမှာ ထပ်မြင်ရမယ်လို့ မထင်ထားဘူး"
"မင်းက ဒီကောင်တွေရှေ့မှောက်မှာ အေးစက်စက်နဲ့ လုပ်ချင်တာ လုပ်ပြလိုက်တာ အရမ်းကောင်းတယ်"
ဓားအိမ်တော်တပည့်များ၏ ရှေ့တွင် ယွမ်ရှောင်သည် ကျောက်စိမ်းရုပ်တုတစ်ခုပမာ ထိုင်နေပြီး မျက်လုံးအတွင်း၌ ကြယ်များပမာ တောက်ပနေကာ ဆံပင်များ ရေတံခွန်ပမာ ဖြာကျနေသည်။ သူ၏ဝတ်ရုံဖြူတွင် သွေးစွန်းနေသော်လည်း သူ၏အပြုံးက နွေးထွေးလှပြီး သေမျိုးကမ္ဘာနှင့် လုံးဝမသက်ဆိုင်သော နတ်ဘုရားပမာ ပေါ့ပါးစွာ ရှိနေခဲ့၏။ ဤလူငယ်လေးသည် လွန်ခဲ့သော နာရီများအတွင်း ရန်သူများ၏အလောင်းကို တက်နင်းကာ ဓားသခင်နှစ်ယောက်ကို အကြပ်ကိုင်ခဲ့သည်အား ပြောမယုံကြုံဖူးမှ သိပေလိမ့်မည်။
"လက်ထဲမှာ ဓားနဲ့သေရည်ရှိနေရင် ဒီလောကကြီးက နေပျော်စရာပဲ"
သူက ရေရွတ်လိုက်ပြီး သေရည်အရှိန်ကြောင့် မျက်နှာမှာ မူးယစ်နေသည်။ သူက သစ်ပင်တစ်ပင်ကိုမှီ၍ ထိုင်နေပြီး ပေါ့ပါးသော အမူအရာဖြင့် ရှိနေခဲ့သည်။
"ညီလေးယွမ်က အင်မော်တယ်လမ်းကြောင်းရဲ့ ဓားဆွေးနွေးပွဲမှာ ဓားတစ်လက်နဲ့ အစွမ်းပြခဲ့တယ်။ ဂိုဏ်းထဲက ဘယ်သူမဆို အသိအမှတ်ပြုရလိမ့်မယ်"
ချိုက်မြောင်က သေရည်ခွက်ကိုမြှောက်၍ ချီးကျူးလိုက်သည်။
"ဒီနေ့လိုမျိုး မပျော်ရတာ သုံးနှစ်တောင် ရှိပြီ။ ညီလေးယွမ်ရဲ့ တိုက်ပွဲကို မြင်လိုက်ရတဲ့အတွက် သေရင်တောင် ထိုက်တန်ပါတယ်"
"မောင်လေးယွမ် သေရည်နဲ့ ချီးမြှင့်ပါရစေ"
"ကောင်းပြီ၊ သောက်ကြစို့"
ယွမ်ရှောင်က ကမ်းပေးလာသမျှ သေရည်ခွက်တိုင်းကို မငြင်းဘဲ သောက်နေသောကြောင့် ချီးကျူးသံများ ဆူညံနေသည်။
"ညီလေးယွမ် မင်းသေရမှာကို ကြောက်သလား"
သေရည်ကုန်သွားသောအခါ တပည့်များအားလုံးသည် သူ၏ဘေးတွင် ဝိုင်းဝန်းထိုင်လိုက်ကြ၏။
"သေရမှာကို ကြောက်နေရင် ဘာကြောင့် ကျင့်ကြံနေမှာလဲ။ အိမ်ကိုပြန်ပြီး လယ်လုပ်နေမှာပေါ့"
ချိုက်မြောင်၏မေးခွန်းကို ယွမ်ရှောင်က တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။
"မောင်လေးယွမ် ဒီလောကမှာ ဆွေမျိုးတွေ ရှိလား"
ချင်တုန်က သိမ်မွေ့စွာ မေးလိုက်၏။
"မရှိတော့ပါဘူးဗျာ"
ယွမ်ရှောင်၏ရယ်သံကြောင့် သူမက အားနာစွာဖြင့် ပါးစပ်ပိတ်သွားကာ ပတ်ဝန်းကျင် တိတ်ဆိတ်သွားခဲ့သည်။ သူ၏မိဘများ သေဆုံးပြီးနောက် ဤလောကတွင် ညှိတွယ်စရာ ဆွေမျိုးဟူ၍ တစ်ယောက်မှ မကျန်ရစ်ပေ။
"မစိုးရိမ်ပါနဲ့။ မင်းသာ စိတ်မရှိဘူးဆိုရင် အစ်ကိုမြောင်က တစ်သက်လုံး ဟင်းချက်ကျွေးပါ့မယ်။ အစ်မကျောက်ကိုလည်း မေ့မထားနဲ့နော်။ သူမက ဒီနေ့ မင်းကို ကြက်မကြီး ကလေးလေးကို ကာကွယ်သလိုမျိုး ကာကွယ်ပေးခဲ့တယ်"
ချိုက်မြောင်က ရင်ဘတ်ကို လက်ဖြင့်ပုတ်၍ အာမခံလိုက်သောအခါ ယွမ်ရှောင်မှာ အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
"နင်ပါးစပ် စည်းစောင့်စမ်း"
ချင်တုန်က အေးစက်စွာ သတိပေးလိုက်သည်။ ကျောက်ရန်ရန်၏အမည်ကြောင့် ယွမ်ရှောင်သည် ယိမ်းယိုင်သော ခြေလှမ်းများနှင့် တောင်စောင်းတစ်ခုတွင် ထိုင်နေသည့် အနက်ရောင်ပုံရိပ်ထံ ချဥ်းကပ်သွားခဲ့သည်။ သူမက ဓားအိမ်တော်၏အောင်ပွဲကို ထိုနေရာမှ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ပုံရသည်။
"မြန်မြန်သွား"
ချင်တုန်က အားပေးလိုက်သောကြောင့် ယွမ်ရှောင်က ရဲစိတ်မွေး၍ သူမအနားတွင် ထိုင်ချလိုက်သောအခါ ပခုံးချင်းထိစပ်မတတ် နီးကပ်နေသည်။ လရောင်က မျက်နှာလေးပေါ်တွင် ဖြာကျနေပြီး အလှတရားကို ပေါ်လွင်စေသည်။
"ဘာကြောင့် ကျုပ်တို့နဲ့အတူ သေရည်လာမသောက်တာလဲ အစ်မကျောက်"
"မင်းအတွက်"
ယွမ်ရှောင်၏အမေးကို ကျောက်ရန်ရန်က မဖြေဘဲ သိုလှောင်အိတ်ငယ်အတွင်းမှ အရိုးဖြင့်ပြုလုပ်ထားသော ဓားနှလုံးသားကို ကမ်းပေးလာသည်။
"ဒါက အဘိုးကျောက်ရဲ့ လက်ဆောင်မလား"
သူက ခေါင်းယမ်း၍ ငြင်းဆန်လိုက်သည်။
"ယူလိုက်ပါ"
သူမက တိုက်တွန်းနေသော်လည်း ကျောက်မျိုးနွယ်၏ ချစ်ခြင်းမေတ္တာဖြစ်သည့်အပြင် မျိုးရိုးအမွေဖြစ်သောကြောင့် သူက လက်မခံနိုင်ပေ။
"ဒါက ငါနဲ့အတူရှိနေတာ ၁၆နှစ် ကြာခဲ့ပြီ။ ရတနာရဲ့ ရည်ရွယ်ချက်အတွက် အသုံးချချိန်တန်ပါပြီ"
"၁၆နှစ်တောင်လား"
"အဘိုးက ပြန်လည်ဝင်စားမယ်ဆိုရင် မင်းအသက်လောက် ရှိနေပြီ"
"အထင်မလွဲပါနဲ့ဗျာ။ ကျုပ်က အဘိုးကျောက်ဝင်စားတာ မဟုတ်ပါဘူး"
"ဟာသလုပ်မနေနဲ့ဟယ်"
ယွမ်ရှောင်၏ ပြက်လုံးကြောင့် ကျောက်ရန်ရန်သည် ခပ်ဖွဖွရယ်မောကာ မျက်နှာချင်းဆိုင်လိုက်၏။
"ဒါကို ယူထားလိုက်။ ဘယ်လိုနေနေ ဒီရတနာက သက်တမ်းကုန်တော့မယ်။ အသက်ရှင်ဖို့ကလွဲရင် ဘာမှအရေးမကြီးဘူးဆိုတာ မှတ်ထားနော်"
သူမက မတ်တပ်ရပ်လိုက်ပြီး သူ့ကို လေးနက်စွာစိုက်ကြည့်၍ တင်းတင်းကြပ်ကြပ် မှာကြားလိုက်သည်။
"အစ်မကျောက်အတွက် ဘယ်လိုလုပ်ရမလဲ"
"ငါ့ကို ကာကွယ်ဖို့ အဖေ ရှိပါသေးတယ်"
"သူက ပြန်ကောင်းလာတော့မှာလား"
"အဖေက ငါ့ကို တစ်ခါပြောဖူးတယ်။ သူက တရားခံတွေ အသက်ရှင်နေသရွေ့ ပြန်လည်ဝင်စားခြင်းစက်ဝိုင်းထဲကို ဝင်မှာ မဟုတ်ဘူး"
"ကောင်းပါပြီ"
ကျောက်ရန်ရန်၏ မျက်လုံးများက လရောင်အောက်တွင် တောက်ပနေပြီး ယွမ်ရှောင်မှာ လေးစားစွာ ခေါင်းညိတ်ပြလိုက်၏။
"မနက်ဖြန် မဟာတိုက်ပွဲကို မသွားပါဘူးလို့ ငါ့ကို ကတိပေး"
ကျောက်ရန်ရန်က ငြင်းခွင့်မရှိသော လေသံမျိုးနှင့် မှာကြားလိုက်သော်လည်း ယွမ်ရှောင်က တိတ်တဆိတ် လှည့်ထွက်သွားကာ အမှောင်ထုအတွင်း ဦးတည်လိုက်သည်။
"နင်က ဘယ်သွားမလို့လဲ"
ကျောက်ရန်ရန်က စိုးရိမ်စွာ မေးလိုက်သည်။
"ကျင့်ကြံဖို့"
"ငါ့မြင်ကွင်းအောက်မှာ နင်မရှိရင် အသက်ရှင်နိုင်ဖို့ မလွယ်ဘူး"
သူမက အဆိုးဆုံးအခြေအနေကို တွေးဆ၍ သတိပေးလိုက်သော်လည်း ယွမ်ရှောင်က ဓားနှလုံးသားကို မြှောက်ပြလိုက်ပြီး ခြေလှမ်းများ ရပ်တန့်မသွားခဲ့ပေ။ ရယ်သံတစ်ခုက ညအမှောင်အတွင်း သူပျောက်ကွယ်မသွားခင် ထွက်ပေါ်လာပြီး သူမ၏မျက်ကွယ်ရာသို့ ရောက်သောအခါ မူးယစ်နေသော မျက်နှာသည် ရုတ်တရက် အေးစက်တင်းမာသွားခဲ့သည်။ သူ၏ခြေသံတရှပ်ရှပ်သည် ညအချိန်အတွင်း စည်းချက်ကျစွာ ထွက်ပေါ်လာပြီး သားရဲလေး၏ခေါင်းက ရင်ဘတ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ငါတို့ နီးလာပြီ"
"ရန်သူက ဘယ်သူလဲ"
ကြယ်ပြာ၏စကားသံ ထွက်ပေါ်လာသောအခါ ယွမ်ရှောင်က လေးနက်စွာ မေးခွန်းထုတ်လိုက်သည်။
"အသူရာဓားဂိုဏ်းရဲ့ တပည့် မဟုတ်ဘူး"
ယွမ်ရှောင်သည် ဓားအိမ်တော်အဖွဲ့ဝင်များကို အသိမပေးဘဲ ထွက်ခွာလာခြင်းက တစ်ဖက်လူ၏ ဓားဝိညာဥ်ကို ဝါးမျိုလိုသောကြောင့် ဖြစ်သော်လည်း နောက်ယောင်ခံလိုက်လာသူမှာ အသူရာဓားဂိုဏ်းဝင် ဖြစ်မနေခဲ့ပေ။ ဓားနှလုံးသားကို ဓားသမားမဟုတ်သူတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် အသုံးပြုမိလျှင် ဖြုန်းတီးရာ ကျပေလိမ့်မည်။
"ငါ နည်းလမ်းတစ်ခု စဥ်းစားထားတယ်။ ရန်သူကို အခေါင်းထဲကိုမျှားခေါ်ပြီး အားနည်းသွားအောင် လုပ်မယ်။ ဒါဆိုရင် မင်းက တစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မယ်"
"ကောင်းပြီ"
ကြယ်ပြာအပေါ် လုံးဝယုံကြည်သော ယွမ်ရှောင်က ထိုအကြံကို ချက်ချင်းသဘောတူလိုက်ပြီး ညအမှောင်အတွင်း တိတ်ဆိတ်သော တစ်နေရာတွင် သားရဲလေးသည် အခေါင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။