← Chapters

ဝူဝူ၏ဇာတ်သိမ်း

Vol. 3 Ch. 30-ခ

ဝူဝူ၏ဇာတ်သိမ်း

Vol. 3 Ch. 30-ခ

အသူရာဓားဂိုဏ်းတွင် ရဲတန်းစီပြီးလျှင် အာဏာအရှိဆုံးဖြစ်သော အမှတ်သုံးဓားသခင်သည် အနီရောင် ဓားတစ်လက်ကို တင်းကြပ်စွာကိုင်ထားရင်း မျက်လုံးများ မီးဝင်းဝင်းတောက်၍ မတ်တပ်ရပ်နေခဲ့သည်။ ယွမ်ရှောင်သည် ဓားနှလုံးသား၏ အားဖြည့်ပေးမှုကြောင့် ကောင်းကင်သင်္ချိုင်းဓား ဤမျှအစွမ်းထက်လာမည်ဟု သိထားလျှင် ရဲတန်းစီကို တိုက်ရိုက်သွားသတ်ပေလိမ့်မည်။ သို့သော် ဝူမျိုးနွယ်၏အဖြစ်ဆိုးကို သိသွားလျှင် ဖြစ်ပျက်သွားမည့် ရဲတန်းစီ၏မျက်နှာထားကို ​ကြည့်ရသည်မှာ ပို၍ပျော်စရာကောင်းနိုင်သည်။

"မင်း သေချာပေါက် သေရမယ်"

ဝူဝူ၏ရင်ဘတ်က ဒေါသကြောင့် နိမ့်တုံမြင့်တုံ လှုပ်ရှားနေသည်။

"ငါ့အစား ဝူမျိုးနွယ်တစ်ခုလုံး သေနေပြီမလား"

ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး အရာရာကို ထိန်းချုပ်ထားနိုင်ဟန်ရှိနေကာ ဝူဝူက ဓားမြှောင်နှင့် တိုက်ခိုက်လိုက်သော်လည်း ဓားမုန်တိုင်းကို မကျော်ဖြတ်နိုင်ခဲ့ပေ။ သူက ဝူဝူကို နောက်ဆုံးချန်ထားရစ်ခြင်းမှာ မိသားစုဝင်များ အသတ်ခံလိုက်ရသော နာကျင်မှုကို ခံစားရစေရန်ဖြစ်သည်။ ဝူဝူသည်လည်း စိတ်ထဲတွင် ဓားနှလုံးသား၏စွမ်းအား အကန့်အသတ်သို့ ရောက်သွားလျှင် အခွင့်ကောင်းယူရန် တွေးနေခဲ့သည်။ သူ၏ဓားဝိညာဥ်က ကြယ်အလယ်အဆင့်ဖြစ်ပြီး ဓားအော်ရာ၁၉ခု ပိုင်ဆိုင်ထားကာ ဓားသခင်များကြားတွင် နံပတ်သုံးချိတ်၏။

"သေစမ်း"

သူက ဓားရှည်ဖြင့် ပြေးဝင်လာကာ ယွမ်ရှောင်အား ခုန်အုပ်လိုက်သော်လည်း ဓားနှလုံးသား၏အစွမ်း ရာနှုန်းပြည့်နှင့် ရင်ဆိုင်လိုက်ရသည်။ ၎င်းက ပိုင်ဆိုင်သူ၏စွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်းရှိသည့်အပြင် ဂိုဏ်းချုပ်တစ်ယောက်၏ နောက်ဆုံးအင်အားကို ထိန်းသိမ်းထားသောကြောင့် ဖောက်ခွဲလိုက်လျှင် အလွန်ကြမ်းတမ်းပေသည်။ ၎င်းသည် ကောင်းကင်သင်္ချိုင်းဓားကို ကြားခံအဖြစ် အသုံးပြု၍ အနက်ရောင် ချီစွမ်းအင်များအား ထုတ်ဖော်နေခဲ့သည်။ အနက်ရောင်ချီမုန်တိုင်းက ရန်သူကို ဘုန်းခနဲ ထိမှန်သွားကာ အဘိုးအိုတစ်ယောက်၏ပုံရိပ် ခပ်ရေးရေး ထွက်ပေါ်လာ၏။

"ဟား ဟား"

ယွမ်ရှောင်သည် ငရဲမှ လွတ်မြောက်လာသည့်ပမာ ရယ်မောလိုက်ပြီး ကြောက်မက်ဖွယ် ဓားဝိညာဥ်၏စွမ်းအားအောက်တွင် တစ်လောကလုံး ပျက်စီးနိုင်သဖြင့် ဝူဝူ၏ဓားဝိညာဥ် ပျက်စီးသွားခဲ့သည်။ မီးတောက်ဓားက ခပ်ကြမ်းကြမ်း ဖိနှိပ်ခံလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်း ပစ်မှတ်သည် အရိုးစုဖြစ်သွားကာ မြေပြင်၌ စုပုံသွားသည်။ ဝူဝူသည် နောက်ဆုံးတွင် ယွမ်ရှောင်၏လက်ထဲတွင် ဆိုးရွားစွာ အဆုံးသတ်သွားကာ အမှတ်သုံးဓားသခင်က မဟာတိုက်ပွဲသို့ မတက်ရောက်နိုင်တော့ပေ။ မသေခင် အရှက်ခွဲခံခဲ့ရပြီး ကြောက်လန့်သွားရသောကြောင့် ငြိမ်းချမ်းမှုကို နောက်ဘဝတွင်ပင် ရှာမတွေ့လောက်ချေ။ သူ၏ဒေါသက စတင်လျော့ကျလာသော်လည်း ရတနာများကို ရှာမတွေ့လျှင် အကျိုးမရှိသော လုပ်ရပ် ဖြစ်ပေလိမ့်မည်။

ယွမ်ရှောင်သည် ဓားဝိညာဥ်ကို ပြန်လည်ဆင့်ခေါ်လိုက်ပြီး ဓားနှလုံးသား၏စွမ်းအင် ကုန်ခမ်းသွားသောအခါ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၍ ပွင့်လန်းနေသော ကြာပန်းသဏ္ဍာန်မှာလည်း မှေးမှိန်နေပြီဖြစ်၏။ ကောင်းကင်ထောက်တိုင်နှင့် ရှေးဟောင်းခေါင်းတလား ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော ကောင်းကင်သင်္ချိုင်းဓားသည် အဆုံးမဲ့ဖြစ်နိုင်ချေများ ပိုင်ဆိုင်ထားသောကြောင့် သာမန်ကျင့်ကြံသူတစ်ယောက် ယှဥ်နိုင်စရာ မရှိချေ။ ရန်သူက သူ့ကိုသတ်ရန် လုပ်ကြံသူ စေလွှတ်ခဲ့သောကြောင့် ကျင့်ကြံရန် အချိန်မရှိသဖြင့် လက်စားချေပြီးနောက် ဓားဝိညာဥ်များကို အကြွေးပြန်ယူရပေလိမ့်မည်။ ဝူမျိုးနွယ်ဝင်များ၏ အရိုးစုများအတွင်း သူက ဓားဝိညာဥ်ကို ထိုးစိုက်၍ တစ်ခုပြီးတစ်ခု ဝါးမျိုပစ်လိုက်၏။ ၎င်းက လောဘကြီးသော သားရဲတစ်ကောင်ပမာ ဓားဝိညာဥ်များကို စားသောက်နေပြီး ဝူမျိုးနွယ်ဝင်တစ်ယောက်မှ မလွတ်မြောက်ခဲ့ပေ။ ဤနည်းလမ်းသည် အညစ်အကြေးများကို သန့်စင်ပြီး စုပ်ယူခြင်းဖြစ်သောကြောင့် နောက်ဆုံးတွင် ၎င်း၌ ဓားအော်ရာ၁၅ခုအထိ ကျေနပ်ဖွယ် ပိုင်ဆိုင်လာခဲ့၏။ အသူရာဓားဂိုဏ်းတစ်ခုလုံးရှိ တပည့်များတွင် ရဲကုရင်နှင့် ကျောက်ရန်ရန်သာ ဤအရေအတွက်ထက် သာလွန်သော်လည်း သူက ရက်အနည်းငယ်အတွင်း လိုက်မီလာပေလိမ့်မည်။

ယွမ်ရှောင်က ဓားဝိညာဥ်များကို ဝါးမျိုနေစဥ် သားရဲလေးက သေလုမျောပါးအားနည်းနေသဖြင့် ပျော့ခွေနေရာ သနားစရာကောင်းလှ၏။ သူက ချော်ရည်နီအိမ်တော်အတွင်း လိုက်လံရှာဖွေလိုက်ပြီး ဝူဝူ၏သိုလှောင်အိတ်အတွင်းမှ စိတ်ကျောက်တုံးသောင်းချီကို တွေ့လိုက်သည်။ သူက ၎င်းတို့ကို သားရဲလေးအား ကျွေးလိုက်ပြီး အားနည်းနေရာမှ နောက်ဆုံးတွင် သက်သာစပြုလာ၏။

"ငါ အားပြန်ပြည့်လာပြီ"

ကြယ်ပြာက ဤသို့ကြုံးဝါးနေစဥ် လနီသည် ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ အဆုံးမရှိသော တွင်းနက်ကြီးအလား စားသောက်ဖွယ်ရာများအပြင် ကျောက်စိမ်းစားပွဲနှင့် အလှဆင်ကျောက်မျက်များပင်မချန် စားသောက်နေခဲ့သည်။

"ငါတို့က ဝူမျိုးနွယ်ကိုသတ်ဖို့ ဒီလောက်အဝေးကြီးလာခဲ့ရတာဆိုတော့ မင်း စားချင်သလောက်စားကွာ"

ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး လနီစိတ်ကြိုက် စားသောက်နိုင်စေရန် ကူညီပေးခဲ့သည်။ ညအမှောင်အောက်တွင် မူလက ကြီးကျယ်ခမ်းနားသော အိမ်တော်ကြီး၏ အတွင်းပိုင်းသည် အချိန်ခဏအတွင်း အမှိုက်ပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူက သားရဲလေးကို ပွေ့ချီ၍ ထွက်ပေါက်ထံ ဦးတည်လိုက်ကာ အမှတ်သုံးဓားတောင်မှ ထွက်ခွာရန် ပြင်ဆင်လိုက်၏။

"ဒါကြီးတွေကို တိမ်တိုင်းပြည်ဝင်ပေါက်မှာ ထားလိုက်ရင် အတော်ကြီးကျယ်ခမ်းနားလိမ့်မယ်"

ယွမ်ရှောင်၏ အကြည့်သည် အိမ်တော်ဝင်ပေါက်တွင် ထွင်းထုထားသော တလက်လက်တောက်ပနေသည့် ရွှေခြင်္သေ့ရုပ်ကြီးနှစ်ခုထံ ကျရောက်သွားကာ ဤသို့တွေးလိုက်မိသည်။

"ကြယ်ပြာ ငါက မနက်ဖြန်တိုက်ပွဲအတွက် ကျင့်ကြံရမှာပေမယ့် ဝူဝူကြောင့် ဒီနေရာကို ရောက်လာရတယ်။ ဒီအရုပ်ကြီးတွေကို မသွားရင်လည်း မလွန်ဘူးမလား"

"ငါစိတ်တိုင်းကျသာဆိုရင် ဒီတောင်ကြီးတစ်ခုလုံးကို ဆွဲထုတ်သွားရင်တောင် မလွန်ပါဘူး"

ယွမ်ရှောင်က ကြယ်ပြာနှင့် တိုင်ပင်လိုက်ပြီး လူနှင့်သားရဲ အတိုင်အဖောက်ညီနေခဲ့ကြသည်။ ထိုအချိန်တွင် နားလည်မှုလွဲသွားသော လနီက ယွမ်ရှောင် မတုံ့ပြန်နိုင်ခင်မှာပင် ခြင်္သေ့ရုပ်ကြီးထံ ပြေးဝင်သွားကာ ကိုက်ချလိုက်သောကြောင့် အပေါက်ကြီးတစ် ခုဖြစ်လာသည်။

"ငါပြောချင်တာက ဒါမျိုး မဟုတ်ဘူးလေ။ ထားလိုက်ပါတော့ကွာ။ မင်းစိတ်တိုင်းကျ စားပြီးရင် ငါ့အတွက် ရွှေခြင်္သေ့အရသာနဲ့ ကောင်းကင်တာအိုဆေးလုံးတွေ အန်ပေးပေါ့"

ယွမ်ရှောင်က မင်သက်သွားသော်လည်း မျက်တောင်တစ်ခတ်အတွင်း အရုပ်ကြီးများ၏ ခမ်းနားမှုတို့ ပျောက်ကွယ်ကုန်သဖြင့် သက်ပြင်းချကာ လနီအား ခွင့်ပြုပေးလိုက်သည်။

"ငါ့အသက်ကို အန္တရာယ်ပေးချင်ရင် ဒီလောက်တော့ ပေးဆပ်ရမှာပေါ့"

ယွမ်ရှောင်က စိတ်လက်ပေါ့ပါးစွာဖြင့် အိမ်တော်အပြင်သို့ လှမ်းလိုက်သော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင် ရုတ်တရက် ရပ်တန့်သွားသည်။

"ဘာလုပ်မလို့လဲ"

"ဒီခွေးကောင်တွေက ငါ့ကို တစ်နေကုန် နှောင့်ယှက်နေကြတယ်။ ဒီလောက်နဲ့ အားမရသေးဘူး"

ကြယ်ပြာ၏အမေးကို ယွမ်ရှောင်က ပြန်ဖြေလိုက်ပြီး စိတ်ပျက်စရာကောင်းသော ဝူဝူ၏ရုပ်သွင်ကို မြင်ယောင်နေခဲ့သည်။

"အစ်ကိုကြီး မင်းက သူ့မိသားစုတစ်ခုလုံးကို သတ်ပြီး တစ်အိမ်လုံးကို ဓားပြတိုက်လာတယ်လေ။ ဘာတွေ မကျေမနပ် ဖြစ်နေတာလဲဟ"

"မလုံလောက်သေးဘူး။ ငါက စိတ်ကျေနပ်အောင် လက်စားမချေရရင် ကျင့်ကြံနိုင်မှာ မဟုတ်ဘူး"

ဤသို့ဖြင့် ယွမ်ရှောင်သည် ချော်ရည်နီအိမ်တော်အတွင်း ဝင်ရောက်သွားပြီး မီးအိမ်များကို ဖျက်ဆီးလိုက်သောအခါ မီးများ ဖြည်းညှင်းစွာ လောင်ကျွမ်းလာသည်။ ညအမှောင်ထဲတွင် အိမ်တော်တစ်ခုလုံး တောက်လောင်သွားပြီး အရာရာပျက်စီးသွားသော မြင်ကွင်းကြောင့် သူက ကျေနပ်စွာ ပြုံးလိုက်၏။ အသူရာဓားဂိုဏ်း၏ မဟာတိုက်ပွဲတွင် အမှတ်သုံးဓားသခင်၏ အိမ်တော် မီးလောင်သွားသော သတင်းက အုတ်အော်သောင်းတင်း ဖြစ်သွားပေလိမ့်မည်။ မည်သူမှ သူ့ကို တရားခံအဖြစ် သံသယဝင်မည်မဟုတ်ဘဲ ဓားနှလုံးသားက မည်မျှသန်မာပါစေ၊ ပစ်မှတ်တစ်ခုတည်းကိုသာ သတ်နိုင်စွမ်းရှိသောကြောင့်ပင်။

"မင်းစိတ်တိုင်းကျ ဖျက်ဆီးပြီးပြီဆိုတော့ ကျေနပ်ပြီလား။ နောက်တစ်ခါကျရင် လူသတ်ဓားပြတိုက်တာအပြင် နောက်ထပ်ကိစ္စတွေ ရှိလာနိုင်သေးလား"

ကြယ်ပြာက ခပ်ညစ်ညစ်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။

"မလုပ်ဘူး။ လူသတ်ဓားပြတိုက်တာက အဆင်ပြေပေမယ့် မကျော်သင့်တဲ့ စည်းတွေ ရှိတယ်"

ယွမ်ရှောင်က လေးနက်စွာ ငြင်းဆန်လိုက်သော်လည်း လူသတ်ဓားပြတိုက်သော ကိစ္စများမှာ လုပ်သင့်သည်ဟူသော အတွေးမျိုး ကြယ်ပြာနှင့် လနီ၌ ပိုင်ဆိုင်သွားကြ၏။

"ဒီကောင်တွေ ရောက်လာကြပြီ"

သူက အမှောင်ထုအတွင်း အပြေးဝင်ရောက်သွားကာ တောင်ခြေသို့ အရောက်တွင် ဓားပျံများ တောင်ထိပ်သို့ ဦးတည်လာနေကြောင်း မြင်လိုက်ရ၏။ သူ့ကို ရန်ရှာလာသူတိုင်းကို လက်စားချေ၍သတ်ဖြတ်ခြင်းက ကိုယ်ပိုင်အင်မော်တယ်လမ်းစဥ် ဖြစ်လာခဲ့သည်။

"ပြန်ကြစို့။ မဟာတိုက်ပွဲမတိုင်ခင် ဂိုဏ်းတူအစ်မကျောက်နဲ့ သေရည်လေး တစ်ခွက်တဖလား ချရဦးမယ်"

ဤသို့ဖြင့် ယွမ်ရှောင်သည် ဆူညံပွက်လောရိုက်နေသော အမှတ်သုံးဓားတောင်ကို ချန်ထားရစ်ကာ ထွက်ခွာလာခဲ့လေသည်။

All Chapters